Thursday, December 31, 2009

သက်ရင့်အိမ်မက်များနှင့် အတူ


အဟောင်းတန်းမှာ ဈေးကွက်ကောင်းနေတဲ့
နှစ်ချို့ အိပ်မက်တွေရဲ့ သက်တမ်းကတော့
ရင့်ပြီးရင်း ရင့်ရင်းပါပဲ။

မက်ပြီးသား အိပ်မက်တွေကို
ထပ်ပြန်တလဲလဲ မက်ခွင့်ရဖို့
နောက်တစ်နှစ် ရောက်လာပြန်ပါပြီ။

ကလင်ဒါအဟောင်းနေရာမှာ
အစားဝင်လာတဲ့ ရက်စွဲတွေကတော့
အရင်နှစ်နဲ့ သိပ်မခြားနားလှပါဘူး။

မပြောင်းလဲတဲ့ ရက်တွေ လတွေပါပဲ
အဲ---ပြောင်းသွားတာကတော့ နှစ်
သူ့ကြောင့် အိမ်မက်တွေ သက်တန်းရင့်ကုန်တာပေါ့။

ဘယ်လိုလဲ
သက်ရင့်အိပ်မက်တွေကို ကျောပိုးရင်း ဆက်လျှောက်မလား
ဒါမှ မဟုတ်??????

မင်္ဂလာ နှစ်သစ်ပါ


အဟောင်းကြွေ အသစ်ဝေရိုးပါတဲ့
ဖြစ်ထွေတဲ့ သည်ထုံးစံ
အမျိုးမှန် အဖိုးတန်တဲ့ ဟန်နဲ့
ရောက်လာပြန်ကပဲ
နှစ်ဟောင်းငယ် ကုန်လို့
နှစ်သစ်ကြို မင်္ဂလာယူ
မြင်သူတကာ ကြည်ရွှင်နူးစေဖို့
ထူးပေငဲ့ အသံ
အပြုံး တရွှင်ရွှင်နဲ့
နှုတ်ခွန်းဆို ချိုချိုညွှန်းကာ
နှစ်သစ်ကြို ရာသီပွဲကို
ပြုံးပျော်လို့ နွှဲ။





Tuesday, December 22, 2009

မှန်လှပါ ဘုန်းတော်ကြောင့်


တစ်နေ့သ၌ ဘိုးတော်ဘုရင်မင်းတြားကြီးသည် တောင်သမန်အင်းစောင်းကို နန်းတော်ပေါ်မှ ငေးကြည့်ရင်း အနားရှိ ငယ်ကျွန်တော် ပညာရှိအမတ်မင်း ပေါ်ဦးကို အောက်ပါအတိုင်း အမိန့်ရှိလိုက်လေ၏။
“ဟဲ့ ငပေါ်ဦး၊ ဒီနှစ်ကျင်းပမည့် လှေလှော်ပြိုင်ပွဲမှာ ငါကိုယ်တော်မြတ်လည်း ပါဝင်ယှဉ်ပြိုင်ချင်သကွဲ့၊ အဲဒါမောင်မင်း ဖြစ်မြောက်အောင် စီစဉ်စေဗျား၊ ငါကိုယ်တော်ပြိုင်ပွဲဝင် လှော်ခတ်မည့်လှေကို အပေါ့ပါးဆုံးနဲ့ အမြန်ဆုံးပြေးနိုင်အောင် စီစဉ်ပေတော့၊ ငါကိုယ်တော်မြတ် အနိုင်ရမှ ဖြစ်မယ်နော် မောင်မင်း”

အမတ်ကြီးလည်း မင်းတြားကြီးအမိန့်ကို ကြားရသည်တွင် ပြုံးချင်ချင်စိတ်ကို ချိုးနှိမ်ကာ “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားအလိုကျ အကောင်းဆုံးပြိုင်လှေတော်ကြီးကို ကျွန်တော်မျိုးငပေါ် စီစဉ်မည်ဖြစ်ကြောင်းပါဘုရား” ဟု လျှောက်ထားလိုက်လေ၏။ ယင်းသို့လျှောက်ထားပြီးသကာလ အမတ်ကြီးသည် “ဤဘုရင်သည် လှေမပြောလေနှင့်၊ ပေါက်ပေါက်တောင် မည်သို့လှော်ရမည်ကို မသိလေဘဲ လှေပြိုင်ပွဲဝင်ပြီး အနိုင်ရလိုချေသေး၏၊ သို့သော်လည်း ငါသည် မင်းတြားအိမ်နိပ်စံဘ၀ကပင် အတူပါ ငယ်ကျွန်ကြီးဖြစ်သည့်အလျောက် မင်းတြား၏ အကျိုးစီးပွါးကို ကောင်းစွာဆောင်ရွက်ခဲ့ပေပြီ၊ အခုလည်း ဤပြိုင်ပွဲတွင် မည်သည့်နည်းနှင့်မဆို မင်းတြား အနိုင်ရအောင် ကြံဆောင်အံ့” ဟု တွေးမိလေ၏။

ယင်းသို့တွေးမိပြီး ဘုရင်မင်းတြားနှင့် အမတ်ကြီးတို့နှစ်ဦး ကောင်းစွာထိုင်နိုင်လောက်သော ထူးဆန်းသောပြိုင်လှေတစ်စီးကို ပြိုင်ပွဲကာလအမီ တည်ဆောက်ပေးရန် လှေလုပ်သမားများထံ ညွှန်ကြားချက်များနှင့်အတူ အခကြေးငွေပေးကာ အပ်နှံလိုက်လေ၏။ ၎င်းလှေမှာ စကောဝိုင်းပုံသဏ္ဌာန်ရှိပြီး လှော်ခတ်မည့် တက်များမှာလည်း တက်ပြားမဟုတ်ပဲ ၀ါးလုံးနှစ်လုံးသာ ဖြစ်လေ၏။ သို့ဖြင့် ပြိုင်ပွဲကာလသည်လည်း ရောက်လာလေတော့၏။

တောင်သမန်အင်းစောင်းတွင်ကား ထူးထူးခြားခြား မင်းတြားကိုယ်တိုင်လှေလှော်ပြီး ပြိုင်ပွဲဝင်မည်ဆိုသောကြောင့် ပွဲကြည့်ပရိသတ်မှာ ကြက်ပျံမကျ လွန်စွာစည်းကားလျက်ရှိချေ၏။ ရှေးဦးစွာ ပြိုင်ပွဲဝင်မည့်လှေများကို တာအထွက်တွင် စီကာစဉ်ကာထားသည်ဖြစ်ရာ မင်းတြားနှင့် အမတ်ကြီးတို့ လှော်ခတ်မည့်လှေတော်ကို အစွန်ဆုံးတွင်ထားရန် မတ်ကြီးက မှာကြားထားလေ၏။ အစစအရာရာ စီစဉ်ပြီးသောအခါ အမတ်ကြီးက ပြိုင်ပွဲစတင်တော့မည်ဖြစ်ကြောင်း မင်းတရားအား သွားရောက်လျောက်ထားလေ၏။

မင်းတြားက “အမတ်မင်းငပေါ်ရဲ့၊ ငါကိုယ်တော်လှော်မည့်လှေကို ကောင်းစွာပြင်ဆင်ထားရဲ့လားကွဲ့” ဟု အမိန့်တော်ရှိလေရာ “မှန်လှပါ ဘုန်းတော်ကြောင့် ကောင်းစွာပြင်ဆင်ထားကြောင်းပါ၊ ထို့ပြင် မင်းတြားလှော်မည့် လှေတော်မှာ မလှော်ခင်ကပင် ပြေးချင်ချင်ဖြစ်နေပါသောကြောင့် ကမ်းစပ်တွင် ကြိုးခိုင်ခိုင်ဖြင့် တုတ်နှောင်ထားရကြောင်းပါဘုရား” ဟု လျောက်ထားလိုက်သည်။ မင်းတြားလည်း ခေါင်းတညိပ်ညိပ်လုပ်ကာ ပြုံးတော်မူပြီး “အိမ်း ကောင်းသကွဲ့၊ ဒီအတိုင်းဆို ငါကိုယ်တော် အနိုင်ရဖို့ အသေအချာပေါ့ အမတ်မင်းရဲ့” ဟု အမိန့်ရှိလိုက်ရာ အမတ်ကြီးကလည်း “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားပင် အနိုင်ရမည်ဖြစ်ကြောင်းပါဘုရား” ဟု လျောက်ထားလိုက်လေ၏။

မင်းတြားကြွလာပြီး ပြိုင်ပွဲဝင်လှေများကို လိုက်လံကြည့်ရှုလေရာ အစွန်ဆုံးတွင် ကြိုးများဖြင့်တုတ်နှောင်ထားသော စကောဝိုင်းကြီးတစ်ခုကို မြင်တော်မူပြီး အံ့သြစွာဖြင့် “ဟဲ့ ငပေါ်ရဲ့၊ ဒီစကောဝိုင်းကြီးက ဘဇာကြောင့်များ ပြိုင်လှေတွေနဲ့အတူ ဒီနေရာမှာ ရှိနေရတာလဲကွဲ့” ဟုမေးရာ အမတ်မင်းက “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားလှေတော်ကြီးဖြစ်ကြောင်းပါဘုရား” လျောက်ထားလေရာ မင်းတြားက “ဒီစကောဝိုင်းကြီးနဲ့ ငါကိုယ်တော်မြတ် အနိုင်ရအောင် ဘယ်လှော်ခတ်နိုင်မလဲ ငပေါ်ရဲ့” ဟု ခပ်ငေါက်ငေါက် မိန့်တော်မူလေ၏။ အမတ်ကြီးကလည်း “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားပင် ဧကန်မုချ အနိုင်ရမည်ဖြစ်ကြောင်းပါဘုရား” လျောက်ထားလိုက်သည်။ “မောင်မင်း ငါကိုယ်တော် အရှက်ကွဲအောင်တော့ မလုပ်နဲ့နော်” မိန့်တော်မူရာ ပေါ်ဦးက “မှန်လှပါ ဘုန်းတော်ကြောင့် အနိုင်ရမှာ သေချာကြောင်းပါဘုရား” ဟု ထပ်မံ၍ အာမခံလိုက်လေ၏။

မင်းတြားနှင့် အမတ်ကြီးတို့ စကောဝိုင်းပုံသဏ္ဌာန်ရှိ လှေဝိုင်းကြီးအပေါ်သို့ တက်ရောက်နေရာယူပြီးသောအခါ ပြိုင်ပွဲတာဝန်ရှိ အမတ်တစ်ယောက်က စတင်တာထွက်ရန်အချက်ပြလိုက်ရာ ပြိုင်ပွဲဝင်လှေအသီးသီးတို့ လျင်မြန်စွာ တရွှီးရွှီးအသံမည်သည့်တိုင် ရေပေါ်တွင် ပြေးသွားကြလေ၏။ သို့သော်လည်း မင်းတြားတို့လှေတော်မှာမူ အ၀ိုင်းဖြစ်သည့်အပြင် လှော်သည့်တက်များမှာလည်း ၀ါးလုံးများသာဖြစ်လေရာ ရှေ့အနည်းငယ်သာတိုး၍ ရေပေါ်တွင် ချာချာလည်လျှက်ရှိချေတော့သည်။ တခြားပြိုင်လှေများ ဟိုဘက်ကမ်းစပ်ရှိ ပန်းတိုင်သို့ အသီးသီးဝင်ရောက်သွားသည့်တိုင် ဘုရင့်ပြိုင်လှေတော်ကြီးမှာ ရေလယ်ခေါင်မျှသာရောက်နေသေးရာ မင်းတြားက “ဟဲ့ ငပေါ်ဦးရဲ့၊ မင်းလုပ်တာနဲ့ ဒီတစ်ခါတော့ ငါကိုယ်တော် တကယ်အရှက်ကွဲရပြီ၊ နေနှင့်ဦး ကမ်းပေါ်ရောက်မှ မောင်မင်းကို ငါကိုယ်တော် ထောင်းဦးမယ်ကွဲ့” ဟု ကြိမ်းလိုက်ရာ ပေါ်ဦးက “မှန်လှပါ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးတို့လှေတော်ကြီး မုချဧကန် အနိုင်ရမည်ဖြစ်ကြောင်းပါဘုရား” ဟု လျောက်ထားလိုက်ပြန်၏။

သို့နှင့် တရွေ့ရွေ့လှော်ခတ်ခဲ့ရာ အချိန်အတော်ကြမှ ဟိုဘက်ကမ်းစပ်သို့ ရောက်သွားလေ၏။ ကမ်းစပ်သို့ရောက်ရောက်ချင်း အမတ်ကြီးက “မင်းတြားကြီး နိုင်ပြီ” ဟု အားရပါးရ အော်လိုက်ရာ ကြည့်ရှုအားပေးနေသော ပရိသတ်ကြီးမှာ များစွာ အံ့သြသွားပြီး မင်းတြားနှင့်ဦးပေါ်ဦးကို ပြုံးစိစိဖြင့် ကြည့်ရှုကြလေ၏။ မင်းတြားလည်း “ဟဲ့ ငပေါ်ရဲ့၊ နောက်ဆုံးမှ ငါတို့က ဒီဘက်ကမ်းရောက်လာနိုင်ခဲ့တာ အများလည်းသိလျှက်သားနဲ့ ဘဇာကြောင့် ငါနိုင်တယ်လို့ အော်ရသတုံး၊ မောင်မင်း ရူးများနေသလား” ကြိမ်းလိုက်ရာ “မှန်လှပါ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးတို့ ပက်ပက်စက်စက်ကြီးကို အနိုင်ရရှိကြောင်းပါဘုရား” ဟုပြန်လည်လျှောက်ထားလေ၏။ ယင်းသို့လျှောက်ထားပြီး ပေါ်ဦးက မင်းတြားကို အောက်ပါ မေးခွန်းတစ်ခုကို သေသေချာချာ စဉ်းစားဖြေရန် မေးလိုက်လေ၏။

“အရှင်မင်းတြား စဉ်းစဉ်းစားစား တွေးတွေးဆဆ ဖြေတော်မူပါ၊ နွားနှစ်ကောင် ဦးချိုဖြင့် ထိုးဝှေ့ခတ်ကြတဲ့အခါ ရှေ့ကပြေးသောနွားသည် အနိုင်ရပါသလော၊ နောက်မှ လိုက်သော နွားသည် အနိုင်ရပါသလော?”

မင်းတြားလည်း ခေတ္တတွေးတောပြီး ပြုံးစိစိလုပ်ကာ “ငါကိုယ်တော် နိုင်တယ် ငပေါ်ဦးရဲ့” ဟု အမိန့်ရှိကာ ရှက်ရှက်ဖြင့် နန်းတော်သို့ ပြန်ကြွသွားလေတော့သတည်း။

ကျနော်တို့တိုင်းပြည်ရှိ လူကြီးမင်းများသည် ဤသို့ဤနှယ်ပင် နောက်မှ နေရပါလျှက် ကမ္ဘာ့နိုင်ငံကြီးများနှင့် ယှဉ်၍ ယှဉ်၍---------------------။

တွေးတောကြပါကုန်။

Thursday, December 17, 2009

သမိုင်းကျန်အောင်


ခပ်သိမ်းသူငါ၊ သတ္တ၀ါတို့၊
သင်္ခါရနယ်၊ မြှုံးပင်လယ်တွင်၊
ငုတ်ကွယ်ပျောက်လိုက်၊ ပေါ်လာလိုက်နှင့်၊
ပျော်လိုက်ပါးလိုက်၊ ငိုရှိုက်လိုက်နှင့်၊
အကြိုက်ဆန္ဒ၊ ဟူသမျှလည်း၊
ကိုယ်ကလိုတိုင်း၊ မရခိုင်းဘူး။

သမိုင်းတွင်ကျယ်၊ ကမ္ဘာ့နယ်တွင်၊
လူ့ဝယ်ထင်ရှား၊ အသိများဖို့၊
မှတ်သားဘွယ်ရာ၊ သုတစာနှင့်၊
သူငါကောင်းကျိုး၊ အမှုမျိုးသာ၊
မရိုးမအီ၊ အစဉ်တည်လိမ့်။

သေသည်နောက်ကြောင်း၊ သမိုင်းကောင်းဖို့၊
စုဆောင်းကြိုးကုတ်၊ အားသွန်ထုတ်က၊
ပစ္စုပ်ခုခါ၊ စွန့်၍ခွါသော်၊
သူငါအများ၊ လူတို့ကြား၌၊
နှုတ်ဖျားရေပန်း၊ ပွင့်ကာလန်း၍၊
အလွမ်းသသ၊ ကျန်ရစ်ရမည်၊
မှတ်ကြကွယ်ရို့၊ နောက်လူတို့။

(အသက် (၇၂) နှစ်အရွယ်တွင် ကွယ်လွန်သွားရှာသော စာရေးဆရာ၊ ကဗျာဆရာကြီး အီကြာကွေးအား ဤကဗျာဖြင့် ဂါရ၀ပြုပါသည်)


Tuesday, December 15, 2009

အတွေးအခေါ်သမိုင်းမှာ တာဝန်ကျေလိုသူ


လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေဟာ
ဘယ်လောက်ပဲ ပညာတတ်နေသူဖြစ်ပါစေ
သူ့နောက်ခံရဲ့ လွှမ်းမိုးမှုတွေကို လွန်ဆန်နိုင်ဖို့ခဲရင်းလှတယ်
နိုင်ငံရေးအတွေအခေါ် ဘာသာရေးအတွေးအခေါ်
စတဲ့ ဘက်ပေါင်းစုံအတွေးအခေါ်တွေကို
သတ္တုချကြည့်တဲ့အခါ
တွေးခေါ်သူရဲ့နောက်ခံသမိုင်းမှန်ပြင်ဟာ
ပီပီပြင်ပြင်တစ်မျိုး မှုံမှုံဝါးဝါးတစ်ဖုံနဲ့
ပြန်လည်လွှမ်းမိုးနေတတ်ကြတယ်
ဒါကြောင့် အတွေးအခေါ်တွေကို အမှန်/အမှားအားဖြင့်
ဆုံးဖြတ်လို့ မရနိုင်ဘူး လို့ဆိုကြတယ်
အမှန်လို့အဆုံးအဖြတ်ပေးခံရတဲ့ အတွေးအခေါ်တစ်ခုဟာလဲ
ဆုံးဖြတ်သူရဲ့နောက်ခံသမိုင်းနဲ့
တစ်နည်းမဟုတ် တစ်နည်းဆိုသလို တူညီပတ်သက်နေတတ်တယ်
ဒါကြောင့်
ခေါက်ရိုးကျိုးနေတဲ့ ကိုယ့်အတွေးအခေါ်တွေကို
နောက်ခံသမိုင်း မလွှမ်းမိုးအောင်
မီးပူပြန်ထိုးနေရတယ်
တစ်ခုတော့ ကြောက်မိပါရဲ့
ခေါက်ရိုးပျောက်သွားတဲ့ အခါ
ကိုယ့်ပတ်ဝန်းကျင်က
“တော်လှန်သူ”
သို့မဟုတ်
“လူ့ဂွစာ”
လို့သတ်မှတ်ကြမှာကိုပါပဲ
အဲဒီလို ကြောက်နေခြင်းသည်ပင်
ခေါက်ရိုးတစ်မျိုးဆိုရင်တော့
ကိုယ်ဟာ ဘယ်တော့မှ
ခေါက်ရိုးပျောက်မည့် အတွေးအခေါ်သမားတစ်ယောက်
ဖြစ်လာနိုင်မှာမဟုတ်ပေဘူး
ဒီလိုဆိုရင်တော့
ကိုယ်ဟာ အတွေးအခေါ်သမိုင်းမှာ
တာဝန်မကျေသူ တစ်ယောက်ဖြစ်သွားလိမ့်မယ်

Saturday, December 12, 2009

လွတ်လပ်မှုရဲ့ အရသာ


တောင်ပံဖြန့်ကား
ဟိုး တိမ်တိုက်တွေ အကြားမှာ
ဝဲပျံပြေးလွှား
ဆော့ကစားရတဲ့ ဘ၀နဲ့
ငါ ပျော်မွေ့ခဲ့

အချုပ်အနှောင်ကင်းမဲ့
ရက်စက်တဲ့ လူတွေနဲ့ဝေးရာ
အေးချမ်းတဲ့ ကမ္ဘာတစ်ခုမှာ
လွတ်လပ်မှုရဲ့ အရသာ
ငါရှာတွေ့ခဲ့

လှောင်အိမ်ထဲကငှက်
ငါ့ရဲ့လွတ်လပ်မှုကို အားကျ
ငါ့ဘ၀နဲ့ နှိုင်းယှဉ်ရင်း
သူ့ရင်တွေ ပူနေရော့မယ်
ငါ တွေးမိခဲ့

လွတ်လပ်မှုရဲ့ အဓိပ္ပါယ်
ငါနားလည်ခဲ့စဉ်က
ငါလည်းပဲ လှောင်အိမ်ထဲက ငှက်တစ်ကောင်
မလွတ်လပ်မှုကြောင့်
လွတ်လပ်မှုရဲ့ အဓိပ္ပါယ်
ငါ နားလည်ခဲ့

ဒို့တတွေ အားလုံး
အမြတ်နိုးဆုံး အရာတစ်ခု
တန်ဖိုးအားလုံးရဲ့ တန်ဖိုး
ဟောဒီကမ္ဘာမြေပေါ်မှာ
တူးဆွရှာဖွေစဉ်မှာ
လွတ်လပ်မှုဆိုတာ
ငါ သိခဲ့ပြီ

ငါ့ကို လှောင်အိမ်ထဲ ထည့်မွေးတဲ့လူ
ငါ့သခင်လို့ မယူဆ
သူ့အတ္တအတွက်
ငါ့ရဲ့လွတ်လပ်မှုကို စတေးခဲ့ရ
အေးမြတဲ့ လေကိုတောင်
လွတ်လပ်စွာ ရှုရိုက်ခွင့်မရတဲ့ဘ၀မျိုး
ဘာတန်ဖိုး ရှိမလဲ

အခုတော့ ငါ့ဘဝ
လှပတဲ့ တိမ်တိုက်တွေ အကြားမှာ
ပြေးလွှားပျံသန်းရင်း
လွတ်လပ်ခြင်း တေးကိုသီ
အေးမြတဲ့ ရေကြည်သောက်
နွေးထွေးတဲ့ နေချည်အောက်မှာ
ပထ၀ီကို ငုံ့ကြည့်
အော်
မလွတ်လပ်သူများကို
ကိုယ်ချင်းစာမိလေခြင်း။

အတွေးကြောင်


မြင်နေရတယ်
ဒါပေမဲ့ ကြည့်နေလို့တော့ မဟုတ်
အဖြစ်အပျက်က ငါ့မျက်စိတူရှု
ကြားနေရတယ်
ဒါပေမဲ့ နားထောင်နေလို့တော့ မဟုတ်
ခပ်လှမ်းလှမ်းက အဖြစ်အပျက်တစ်ခု
အမြင်နဲ့ အကြားကို ပိတ်ထားချင်တယ်
ဒါပေမဲ့ ပိတ်ထားသော မျက်စိက မြင်နေရဆဲ
ပိတ်ထားသော နားက ကြားနေရဆဲ
အမြင်အကြားက တစ်ဆင့်တက်တော့
အဖြစ်အပျက်က အတွေးဖြစ်ခိုက်
ငါသွားရာနောက် အစဉ်လိုက်
ငါကိုယ်တိုင် အတွေးရဲ့ သားကောင်
အတွေးတစ်ခု အကြောင်းပြု
နောက်အတွေးတစ်ခု ထပ်တိုး
အတွေးမျိုးစုံဝင်
ငါ အတွေးဘုရင်တစ်ဆူ
အတွေးတွေနဲ့ မင်းမူ
အတွေးနဲ့ ငါ
ငါနဲ့ အတွေး
လုံးထွေးရစ်ပတ်
မပြတ်တဲ့ အတွေးကြောင့်
ငါ့ဦးဏှောက် ခြောက်ခမ်း
မဖြောင့်တမ်းတဲ့ လမ်းမှာ
အတွေးကြောင်တဲ့ လူဖြစ်ပြန်
ဒီလိုနဲ့ ငါတစ်ယောက်တည်း
အတွေးသားကောင် တဖြစ်လဲ
အတွေးဘုရင်လဲ ဖြစ်ပြန်
အတွေးဘုရင်ရှောင်တော့
အတွေးကြောင်သူပေါ့


Sunday, December 6, 2009

မိုက်တွင်းရယ် နက်ပါဘိ


ကိုမြင့်တစ်ယောက် ညည အိပ်မပျော်တဲ့ ရက်တွေ များခဲ့ပေပြီ။ ရင်ထဲမှာ အရှိန်အဟုန် ပျင်းထန်စွာ တောက်လောင်နေတဲ့ ရာဂမီးကို ငြိမ်းပစ်ချင်သည်။ သို့သော် ဘယ်လို ငြိမ်းရပါ့။ အိမ်သူ သက်ထားနဲ့ အိပ်ယာတစ်ခုတည်း အတူအိပ်နေရပါလျှက် သူမက သူ့ဆန္ဒကို နည်းနည်းမှ လိုက်လျောခြင်းမရှိ။ ကိုမြင့်ခမျှာ ထကြွသောင်းကြမ်းနေတဲ့ ဆန္ဒနဲ့အတူ အိပ်ယာထဲ လူလဲအိပ်ရင်း နေမြင့်လေ အရူးရင့်လေ ဖြစ်နေရှာသည်။ နဖူးပေါ်လက်တင်ရင်း အတိတ်ကို ပြန်လည်စဉ်းစားနေမိသည်။ အိမ်ထောင်သက်တမ်း ခုနှစ်နှစ်သို့ပင် ချီခဲ့လေပြီ။ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်လည်း ထွန်းကားခဲ့ပြီ။

ခင်ခင်ကို စတွေ့စဉ်တုန်းကတည်းက ကိုမြင့် စွဲစွဲလမ်းလမ်း ချစ်ခဲ့သည်။ ရနိုင်တဲ့နည်းလမ်းမျိုးစုံဖြင့် ခင်ခင့်အချစ်ကို ရဖို့အရေး သူကျိုးစားခဲ့ရရှာသည်။ ခင်ခင့်မိဘတို့က ချမ်းသာကြသူများတော့ မဟုတ်ကြ။ သာမန်စားနိုင် သောက်နိုင် အဆင့်ရှိရုံပင်။ သို့သော် သမီးလေးခင်ခင့်နောင်ရေး လှပဖို့အတွက် မိဘတို့ ၀တ္တရားရှိသည့်အလျောက် ခင်ခင်ဆယ်တန်းအောင်ပြီးသောအခါ တက္ကသိုလ်တက်နိုင်သည့်တိုင် တာဝန်ကျေကျေ ဆောင်ရွက်ပေးခဲ့ကြသည်။ ဘ၀ကို နားလည်သော ခင်ခင်တစ်ယောက် စာကိုသာ ဖိကျိုးစားဖို့ ဆုံးဖြတ်ထားသည်။ သူ့အတွက် အချစ်သည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုမဟုတ်သည်ကိုလည်း နားလည်ခဲ့သည်။ ထို့ကြောင့် ရည်းစားစကားလိုက်ပြောသူ၊ စာလိုက်ပေးသူ ကျောင်းသားတွေကို အလိမ်မာနည်းသုံးကာ တုန့်ပြန်ခဲ့ရသည်။ သို့သော် ဇွဲကောင်းသော ကိုမြင့်ကိုမူ သူမလက်လျော့ခဲ့ရတော့သည်။ ယင်းသို့အားဖြင့် ခင်ခင်နဲ့ ကိုမြင့်တို့နှစ်ယောက် အများနည်းတူ တက္ကသိုလ်ရဲ့ စုံတွဲလေးတစ်တွဲ ဖြစ်လာခဲ့သည်။

ကိုမြင့်မိဘများက ချမ်းသာသူများပီပီ ကိုမြင့်ကို သူတို့နည်းတူ ချမ်းသာသော မိန်းကလေးတစ်ယောက်နဲ့ နေရာချပေးလိုသည်။ ကိုမြင့်ကိုလည်း အမျိုးမျိုးနားချကြသည်။ သို့သော် ကိုမြင့်ရင်ထဲဝယ် ခင်ခင်သာ အစဉ်ကြီးစိုးလျှက်ရှိရာ မိဘတို့၏ စကားသည် ဘက်ဖက်နားဝက ၀င်လာပြီး ညာဖက်နားဝမှ ထွက်သွားရတော့သည်။ ခင်ခင့်မိဘများကမူ သူ့တို့သမီးကို သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရမည် ဆိုတဲ့ သဘောမျိုးနဲ့ ဘာမှ ထူးထူးခြားခြားမပြောကြ။ ကျောင်းပီးအောင် လုပ်ဖို့သာ အတန်တန်မှာကြားသည်။ ဘွဲ့ရပညာတတ်တစ်ယောက်အဖြစ် သမီးကို မြင်လိုကြသည်။ အိမ်ထောင်ရေးသည် သမီး၏ ကံပေါ်မူတည်သည်ဟုလည်း လက်ခံထားကြသည်။

ကိုမြင့်မှာမူ ခင်ခင်နဲ့ ဝေးမှာ စိုးလှသည်။ မြန်မြန်လက်ထပ်ချင်ပြီ။ တူနှစ်ကိုယ်တဲအိုပျက်မှာ နေပြီး ထမင်းရေပဲ လျက်ရလျက်ရ၊ ခင်ခင်နဲ့ဆို ခယောင်းလမ်းကိုပင် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေသည်။ ကျောင်းပြီးသည်အထိပင် မစောင့်ချင်တော့။ သူငယ်ချင်းများနှင့် တိုင်ပင်ကာ ခင်ခင့်ကို ခိုးပြေးချင်နေသည်။ သို့သော် ခင်ခင့်ဆန္ဒကိုလည်း လိုက်လျောချင်သေးသည်။ ခင်ခင်ကျောင်းပြီးတဲ့ အထိ အောင့်အီးကာ စောင့်စားခဲ့သည်။ ကျောင်းပြီးသောအခါ ကိုမြင့်တစ်ယောက် မိဘတို့၏ အစီအမံကိုမျက်ကွယ်ပြုပြီး ချစ်သူခင်ခင့်ကို ခိုးပြေးခဲ့သည်။ ခင်ခင်ကလည်း ကိုမြင့်ကို ချစ်ပါသည်။ သိပ်ချစ်သည်ဟုပင် ဆိုရမည်။ ချမ်းသာသော မိဘအသိုင်းအ၀ိုင်းကို စွန့်ခွါပြီး သူလိုမိန်းကလေးတစ်ယောက်ကို ယူဝံ့သော ကိုမြင့်အချစ်ကိုလည်း တန်ဖိုးထားသည်။

ကိုမြင့်တစ်ယောက် ခင်ခင်နဲ့ လက်ထပ်ပြီးသောအခါ မယ်မယ်ရရ အလုပ်မရှိ။ အလုပ်တစ်ခုခု ထလုပ်ဖို့ ဆုံးဖြတ်သည်။ ခေတ်ကာလမကောင်းသဖြင့် လမ်းစလမ်းန သိပ်မမြင်။ ထို့ကြောင့် သူငယ်ချင်း၏ ကားဝပ်ရှော့တွင် အလုပ်တောင်းပြီး သူငယ်ချင်းနဲ့တူ အလုပ်လုပ်သည်။ ကိုမြင့်ကျိုးစားပါသည်။ ခင်ခင်အတွက် သူကျိုးစားနေခြင်းဖြစ်သည်။ သူငယ်ချင်းကလည်း သူ့အပေါ် အင်မတန်ကောင်းသောသူမို့ ကိုမြင့် ကံကောင်းသည်ဟု ဆိုနိုင်သည်။ ကိုမြင့်အလုပ်ခဖြင့် အိမ်ငှါးခကို ပေးနိုင်သည်။ ခင်ခင်အတွက် အ၀တ်အစားလှလှပပ ဆင်ပေးနိုင်သည်။ ယင်းသို့ ချစ်သူနှစ်ဦး ဘ၀ကို မောတစ်လှည့် ပြေတစ်ခါဖြင့် ဖြတ်သန်းရင်း သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားခဲ့ချေပြီ။

ကံကြမ္မာသည် ကိုမြင့်တို့ အိပ်ထောင်ရေးဘ၀လေးကို မျက်နှာသာပေးနေသည်။ ကိုယ်ပိုင် ကားဝပ်ရှော့တစ်ခု ထူထောင်နိုင်သည်အထိ ကိုမြင့်တို့ အခြေတင့်ခဲ့သည်။ ကျိုးစားနိုင်ခဲ့သည်။ ကိုယ်ပိုင်စီးပွါးရေးကို လုပ်ကိုင်နေရသော ကိုမြင့်လက်ထဲတွင် ရောက်လာသမျှ ပိုက်ဆံသည် ကိုမြင့် အပိုင်ချည်းသာဖြစ်သည်။ ငွေရွှင်ပြီး စီးပွါးဖြောင့်လာသောအခါ အပေါင်းအသင်းများလာသလို အသောက်အစားလည်း ဖက်လာတော့သည်။ လူမျိုးစုံနဲ့ ပေါင်းသင်းရုံသာမက မယ်မျိုးစုံနဲ့ပါ ပျော်တတ်လာသည်။ ခင်ခင်ကို သူမေ့ချင်ချင်ဖြစ်လာသည် အထိပင်။ ခင်ခင်ကတော့ ကလေးနှစ်ယောက်မိခင်ပီပီ ကလေးများအတွက် မိခင်မေတ္တာနှင့် တာဝန်ဝတ္တတရားကို ကျေပွန်သည်။ သူ့မိဘနှစ်ပါးလည်း သူ့အပေါ် ကျေပွန်ခဲ့ကြသည်ပဲလေ။

တစ်နေ့ ကိုမြင့်တစ်ယောက် အပြင်းဖျားသည်။ တုန်သည်။ ချမ်းသည်။ ငှက်ဖျားဟု ထင်သည်။ သို့သော် ငှက်ဖျားဖြစ်ရအောင်ကလည်း ကိုမြင့် ဘယ်မှတော့ သွားသည်မဟုတ်။ အထူးကုဆေးခန်းတစ်ခုသို့ သွားကာ ဆေးကုသည်။ သွေးစစ်သည်။ ဆရာဝန်ပြောသော အဖြေကို ခင်ခင်သိရသော အခါ မူးမေ့မတတ်ဖြစ်ခဲ့ရတော့သည်။ ကိုမြင့်မှာ HIV ပိုးရှိနေပြီ တဲ့။ ကိုမြင့်အတွက် စိုးရိပ်သလို သူ့ကိုယ်သူအတွက်ရော ကလေးနှစ်ယောက်အတွက်ပါ စိတ်ပူမိသည်။ ထို့ကြောင့် ဆရာဝန်ကို ကြောက်ကြောက်နှင့်ပင် ပြောရသည်။ သူ့ကိုလည်း သွေးစစ်ပေးဖို့။ ဆရာဝန်ကလည်း စစ်သင့်ကြောင်း အကြံပြုသည်။ ကလေးနှစ်ယောက်ကိုပါ စစ်သည်။ ကံကောင်းထောက်မသဖြင့် ခင်ခင်ရော ကလေးနှစ်ယောက်ပါ ကူးစက်မှုတစ်စုံတစ်ရာ မတွေ့ရသေး။ ထိုအချိန်မှ စပြီး ခင်ခင်ဆုံးဖြတ်ချက် တစ်ခု ပြတ်ပြတ်သားသား ချလိုက်သည်။ ကိုမြင့်နဲ့ လိင်မဆက်ဆံတော့-ဟု။ သို့သော် ကလေးနှစ်ယောက် မျက်နှာကို ထောက်ထားပြီး အတူနေထိုင်သည်။ အတူအိပ်သည်။ ကိုမြင့်ဆန္ဒကိုမူ စိုးစဉ်းမျှပင် လိုက်လျောခြင်း မပြုတော့။

ကိုမြင့်တစ်ယောက် နဖူးပေါ်တင်ထားသော လက်ကို ရုတ်သိမ်းပြီး သက်ပြင်းအရှည်ကြီး တစ်ခုကို ချလိုက်သည်။ ယင်းသက်ပြင်းနဲ့အတူ ဆုံးဖြတ်ချက်တစ်ခုကိုပါ ချလိုက်သည်။ ဆုံးဖြတ်ချက်ကား ရောဂါပိုးကူးစက်နေသော သူ့ကိုယ်ထဲက သွေးကို ခင်ခင့်ကိုယ်ထဲ ထည့်ပေးဖို့။ တဏှာ၏ သွေးဆာမှုကြောင့် ကိုမြင့်တစ်ယောက် မလုပ်သင့်သည်ကို လုပ်ဖို့ မှားယွင်းစွာ ဆုံးဖြတ်မိလေပြီ။ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ အတွက် ကိုမြင့်ခမျှာ အချိန်ရှိသရွေ့ အကြံထုတ်နေသည်။ သူ့အကြံအောင်ပါက ခင်ခင်သူ့ဆန္ဒကို အရင်အတိုင်း လိုက်လျောလာလိမ့်မည်ဟုလည်း ယုံကြည်နေသည်။ ခင်ခင်မရိပ်မိအောင် မင်သေသေနဲ့ နေသည်။ အကြံထုတ်သည်။ အရင်ဆုံး ဆေးထိုးအပ်တစ်ချောင်း ရအောင်ရှာထားသည်။ ယင်းအတွက် ဘာအခက်အခဲမှ မရှိ။ အိပ်ဆေးတစ်မျိုးကိုလည်း ရှာသည်။ သူ့အတွက် အလွယ်တကူပင်။ အိပ်ယာဝင်ခါနီး ခင်ခင်သောက်မည့် ဖျော်ရည်ထဲ အိပ်ဆေးမှုတ်အနည်းငယ် ရောထည့်ထားလိုက်သည်။ အမှတ်တမဲ့နေသော ခင်ခင့်ခမျှာ ယောက်ျားလုပ်သူ၏ အကြံပက်စက်ပုံကို မရိပ်မိသဖြင့် ခါတိုင်းလိုပင် သောက်ပြီး အိပ်ယာဝင်လိုက်သည်။

ခင်ခင်တစ်ယောက် တစ်နေကုန် အိမ်တာဝန်၊ ကလေးနှစ်ယောက်၏ တာဝန်များကြောင့် ပင်ပန်းသည့်အပြင် ကိုမြင့်၏ အိပ်ဆေးအရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ အကြံသမား ကိုမြင့်ကလည်း ခင်ခင့်အိပ်အပျော်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့သည်။ သူ့လက်မောင်းမှ သွေးအနည်းငယ်ကို ဆေးထိုးအပ်ဖြင့် စုတ်ယူလိုက်ပြီး ခင်ခင့်ပေါင်ထဲသို့ အသာထိုးစိုက်ချလိုက်သည်။ အိပ်ပျော်နေသော ခင်ခင်ခမျှာတော့ အိပ်မက်တွေများ မက်နေသည်လား မပြောတတ်။ ကိုမြင့် ဆေးထိုးအပ်ကို ဆွဲနှုတ်ပြီး ပြီးချင်း ခင်ခင်တစ်ယောက် အလန့်တကြား နိုးထလာသည်။ အိပ်မက်ထဲ အလွန်အဆိပ်ပျင်းသော မြွေဆိုးတစ်ကောင် သူ့ကို လာကိုက်သည်ဟု မြင်မက်ကြောင်း အမောတကော ပြောသည်။ ကိုမြင့်ခမျှာလည်း မူမမှန်ဖြစ်နေသည်။ ဆေးထိုးအပ်ကို ရုတ်တရက်ဆွဲနှုတ်လွှင့်ပစ်လိုက်သဖြင့် သွေးစက်များ အိပ်ယာပေါ်ပေကျံခဲ့သည်။ ကိုမြင့်ကို ကြည့်ပြီး ခင်ခင် မသင်ကာဖြစ်လာသည်။ မီးထဖွင့်လိုက်သည်။ သူ့ပေါင်အနည်းငယ် နာကျင်နေသည်ကိုလည်း သတိပြုမိသည်။ မြင်ရလေပြီ အိပ်ယာပေါ်ရှိသွေးစက်အချို့။

ခင်ခင် အလန့်တကြား အော်လိုက်မိသည်။ ကိုမြင့် ဖုံးကွယ်ဖို့ ကျိုးစားသေးသည်။ သို့သော် နောက်ကျသွားချေပြီ။ အခြေအနေအရပ်ရပ်ကို ခင်ခင် သဘောပေါက်လိုက်သည်။ သူ့ကိုယ်ထဲမှာ ကိုမြင့်၏ HIV ရောဂါပိုးပါသော သွေးများ နေရာယူသွားချေပြီ။ ရှိုက်ကြီးတငင် ငိုသည်။ မနားတမ်း ငိုသည်။ ပြောစရာစကားလုံးတွေလည်း ဗလုံးမထွေးဖြစ်ပြီး တစ်ခုမှ မပီသတော့။ ၀မ်းနည်းသည်။ အရမ်းဝမ်းနည်းသည်။ မည်သည့်စကားလုံးဖြင့် ကိုမြင့်ကို တုန့်ပြန်ပြောဆိုရမည်နည်း သူမသိတော့။ ဤမျှမိုက်မဲသော၊ ဤမျှရက်စက်သော ယောက်ျားမျိုးနဲ့ နေရသည်ကို သူ့ဝဋ်ကြွေးကြောင့်ဟု ယူဆကာ ကရုဏာမဲ့လှသော ကံကြမ္မာကို ပက်ပက်စက်စက် အပြစ်တင်လိုက်သည်။ ဇနီးသည်၏ ယူကျုံးမရအဖြစ်ကို ကြည့်ကာ ကိုမြင့် သနားလာသည်။ မှားကြောင်း တောင်းပန်သည်။ သို့သော် အရာရာသည် နောက်ကျသွားခဲ့ချေပြီ။ အခုမှ နောင်တရနေလို့လည်း အကျိုးထူးတော့မည် မဟုတ်။

ခင်ခင့်ရင်ထဲတွင် တမြေ့မြေ့ခံစားနေရသည်။ ယင်းသို့ဖြစ်တိုင်း ကလေးငယ်နှစ်ယောက်၏ မျက်နှာသည်သာ သူ့မအာရုံတွင် ပေါ်ပေါ်လာသည်။ စဉ်းစားလေလေ ယောက်ျား၏ လုပ်ရပ်အပေါ် သည်းမခံနိုင်လေလေ ဖြစ်လာသည်။ ခွင့်လွှတ်ရမည့် ကိစ္စမဟုတ်ကြောင်းလည်း သူမ နားလည်လိုက်သည်။ ထို့ကြောင့် ယင်းအဖြစ်အပျက်ကို တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ကာ တရားရုံးသို့ အကြောင်းစုံလျှောက်ထားလိုက်သည်။ တရားရုံးက ဤမျှမိုက်မဲလှသော ကိုမြင့်ကို ထောင်ဒဏ် (၁၄) နှစ်တိတိ ကျခံစေဖို့ ချမှတ်လိုက်သည်။ ကိုမြင့်တစ်ယောက် မှန်းချက်နှင့် နှမ်းထွက်မကိုက်တော့။ သူ့ရည်ရွယ်ချက်မှာ ခင်ခင့်မှာလည်း သူ့နှယ်ရောဂါပိုးရှိနေပါက ရောဂါပိုးရှိသူအချင်းချင်းမို့ သူ့ဆန္ဒကို လိုက်လျောလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။ အခုတော့ သူ့စိတ်ကူးအိပ်မက်တွေကို ထောင်ထဲမှာပင် ကုန်ဆုံးစေရတော့မည်။ အော်----မိုက်မဲလေစွ---မိုက်မဲလေစွ----

မှတ်ချက်။ ။ သတင်းအမှန်ကို အခြေခံရေးထားပါသည်။ မူရင်းသတင်းကို ဖတ်လို့ပါက အောက်ပါ လင့်ခ်ကို နှိပ်ပြီး ဖတ်ကြပါရန်။
http://uk.news.yahoo.com/5/20091206/twl-hiv-man-injects-sleeping-wife-with-o-3fd0ae9.html

Tuesday, December 1, 2009

စိတ်ညစ်ရတဲ့ ခေတ်ကြီး


ဒို့ပြည်ရွာ အဖြစ်ပျက်
နှစ်သက်ဖို့ သိပ်မလွယ်
ဖတ်သမျှ သတင်းအစုံရယ်
စိတ်ကုန်တယ် တအား
မတရားမှု အခြေနေရယ်
ဒီရေလို တိုးနေပေါ့လား

ဆေးဆရာ အကျင့်ပျက်
လူ့အသက် မညှာတာ
သူ့အတွက် အသပြာသာ
အရေးပါတဲ့ အတွေး
စစ်ဆေးမှု အလေးချော်တယ်
အရေးပေါ် ကုသခဲ့သေး

အသက်ဆုံးမှ သတင်းပေါ်
အတင်းနော် ပြည်သူဟစ်မှ
စစ်ဆေးဖို့ အဖွဲ့ပြင်ဆင်
ဟန်ရေးကယ် ထွင်
မြန်မနှေးကွယ် လူလယ်လုပ်ကာ
တရုတ်ရွာ ပုန်းရှောင်ပေါ့လေး။

နောက်တစ်ဖန် သတင်းတစ်ပုဒ်
အတင်းမဟုတ် အမှန်ကန်
ထမင်းလုပ် နပ်မမှန်အောင်
စားနေရတဲ့ ဘဝ
ပလပ်စတစ် ကောက်လို့သာရယ်
တဲကုတ်မှာ မွဲလို့ပြာကျ
အခါမလှတဲ့ ဒီခေတ်မှာ
လူဖြစ်လာ သမျှ
ကျားမပါ မ-သာများပေသမို့
ခါးနာရ မတော်
မုဒိန်းကောင် အလစ်ကို ချောင်းပါလို့
နှံပြည်စုတ် အမြောက်နဲ့ သူဆော်
သို့သော်ကွဲ့ အမှုရယ်ဆိုင်
ခုမနိုင် နောင်ရှုံး
ဒို့မြန်ပြည် ဒီအဖြစ်ရယ်
ဒီခေတ်မယ် ပြောလို့မဆုံး

ပြည်ချစ်ကယ် မြန်သူတို့
ကံတူလို့ အကျိုးကွယ်
ရန်သူသို့ အဖြစ်ရယ်
ဒို့ပြည်နယ် အဖြစ်များ
နအဖ သင်းအဖွဲ့တွေရယ်
မင်းတို့နှယ် သိပ်ခက်ပါလား

သိပ်ရက်စက် ဆိုတာတောင်
ပြောစရာ စကား
ငါ့ခမျှာ ရှိကို ရှိပါဘု
စိတ်မှာခု ဘူးကွယ်
ဆူးသဘွယ် စူးကာနစ်ပါလို့
မင်းတို့ခေတ် စိတ်ညစ်ပါတယ်
သိပ်ချစ်တဲ့ ဒို့ပြည်သူတွေ
စုတ်ချာကာ နေ
ဟုတ်တာတွေ ငါမပြောချင်တော့
ငါ့ရင်တွေ ပူလွန်းလို့လေး။