Friday, May 21, 2010

သစ္စာအစွမ်းကြောင့်လေလော?


ယူကေမှာ ကျောင်းသားဗီဇာနဲ့ နေရတဲ့ဘ၀က သက်သာတာတော့မဟုတ်၊ ပေးထားတဲ့ ဗီဇာသက်တမ်းတစ်ခါကုန်တိုင်း တစ်ခါသွားသွားတိုးနေရတာက ငွေကုန်တာထက် လုပ်ပေါက်ကိုင်ပေါက်အဆင်မပြေရင် အစက ပြန်စနေရတတ်သေးသမို့။ နောက်ပြီး နှစ်စဉ်ပြောင်းလဲနေတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုတာကြီးက တစ်မှောက်။ တော်ကြာတစ်မျိုး အခုတစ်မျိုးဆိုတာလိုပဲ ဒီဗြိတိသျှတွေက ပြောင်းလဲတဲ့နေရာမှာတော့ တတ်လည်းတတ်နိုင်ကြပါပေ့။ ပြီးခဲ့တဲ့နှစ်တွေက ဗီဇာဖေါင်မှာ လိုတာတွေ ဖြည့်စွက်ပြီး ကိုယ့်စာရွက်စာတမ်းတွေကို စာတိုက်ကတစ်ဆင့်ပို့ပြီး စောင့်နေလိုက်ရုံပါပဲ။ အချိန်တန်တော့ ကိုယ့်လက်ထက် ဗီဇာရောက်လာ၊ ကျောင်း အေးအေးဆေးဆေးပြန်တက်။ အခုတော့ ဒီလိုမဟုတ်ပြန်။ လက်ဗွေပါ သွားနှိပ်နေရသဗျား။

ကိုယ်ကလဲ လုပ်လိုက်မှဖြင့် အရာရာနဲ့ အကြောင်းကြောင်းဆိုတဲ့အထဲကပဲနဲ့ တူပါရဲ့။ ချောချောမောမော တစ်ခါတည်းနဲ့ ပြီးရမည့်ကိစ္စက နှစ်ခါနှစ်ခါ ပြန်ပြန်လုပ်နေရတယ်။ အဲဒီတော့ ကိုယ်ကြုံရတာလေးတွေ သူများသိအောင် ထပ်ပြီးဖေါက်သည် ချရသေးသပေါ့။

ဗီဇာတိုးမယ်ဆိုတော့ ထုံးစံအတိုင်း Passport ဓာတ်ပုံတွေ ဘာတွေ ရိုက်ရပေတာကိုး။ အဲ---ဒီနှစ်တော့ နဂိုရှိထားပြီးသားဓာတ်ပုံတွေကို ကပ်ပြီးတင်လိုက်မိပါတယ်။ နောက်တစ်လလောက်ကြာတော့၊ လားလား။ ပို့လိုက်တဲ့ စာရွက်စာတမ်းတွေ အကုန်ပြန်ရောက်လာသဗျား။ ဓာတ်ပုံမှာ ဘောင်ခပ်ထားလို့ အသစ်ပြန်ရိုက်ပြီး (၂၈) ရက်အတွင်း ပြန်တင်ပါတဲ့။ Passport ဓာတ်ပုံမှာ ဘောင်ခပ်ထားရင် UK Standard မဟုတ်ဘူး ဆိုပဲ။ ဒါနဲ့ နီးစပ်ရာဆိုင်မှာ အပြေးအလွှား ဓာတ်ပုံအမြန်သွားရိုက်ပြီး ထပ်တင်လိုက်ရတယ်။ အဲဒါပြီးတော့ စောင့်လိုက်ရတာဗျား။ သုံးလေးလလောက်တောင် ကြာတယ်။ ကိုယ့်နောက်မှလုပ်တဲ့လူတွေလက်ထဲတောင် ဗီဇာပြန်ကျပြီး အလုပ်တွေဘာတွေ စိတ်အေးလက်အေး ပြန်လုပ်နေကြပြီ။ ကိုယ့်ခမျာတော့ ရင်တမမနဲ့ စောင့်နေလိုက်ရတာဗျာ။ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကမှ လက်ဗွေနှိပ်ဖို့ ခေါ်တဲ့စာရောက်တယ်။ ရောက်လာတယ်ဆိုတော့လည်း ပျော်ရတာပေါ့ဗျား။ ဒီစာရောက်လာရင် ထက်ဝက်သေချာနေပြီကိုး။

အဲဒီစာရောက်လာတော့ Online မှာ သူတို့ချပေးတဲ့ Website ထဲဝင်ပြီး Register လုပ်ရတယ်။ အဲဒါပြီးမှ သူတို့ဆီက ချက်ချင်းဆိုသလိုပဲ ကိုယ့် Email address ထဲကို ID နဲ့ Password တွေကိုပို့ပေးတယ်။ သူတို့ပေးတဲ့ ID & Passward ကိုသုံးပြီး ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ရတာပေါ့။ တော်တော်လေးကြာတော့မှ BRN (Booking Reference Number) ကို နောက်ဆုံးမှ ပို့ပေးတယ်။ အဲဒီနံပတ်ရပြီးရင် သူတို့ချိန်းတဲ့ရက်မှာ ချိန်းတဲ့နေရာကို မိနစ် (၃၀) ကြိုတင်ပြီးအရောက်သွားရတယ်။

ကိုယ့်အတွက်ချိန်းတဲ့ရက်က ပြီးခဲ့တဲ့ (၁၉) ရက်၊ ညနေ ၃း ၅၀ မှာ။ နေရာသုံးခုချပေးတယ်။ အနီးဆုံးနေရာကို ရွေးလိုက်တော့ Croydon မှာ။ နေရာက Lunar House တဲ့။ လန်ဒန်နဲ့ တော်တော်အလှမ်းဝေးသေးတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာမို့ အရင်ရောက်ဖူးတဲ့ သူငယ်ချင်း (ကိုကိုမောင်) ကို အကူအညီတောင်းရတယ်။ သူလည်း မအားတဲ့ကြားထဲက လျှောလျှောလျှူလျှူနဲ့ လိုက်ပို့ပေးရှာပါတယ်။ နေ့လည် (၁) နာရီကစပြီး အဆောင်ကထွက်၊ ကားသုံးဆင့်စီးပြီးသွားရတယ်။ ကားတွေက လမ်းမှာ Traffic Jam ခဏခဏဖြစ်တော့ ရောက်ရမည့်အချိန်မရောက်တော့ဘူး။ ကားပေါ်မှာတင် သုံးနာရီကျော်ကျော် ကြာသွားတယ်။ ဟိုရောက်တော့ အပြေးအလွှားပေါ့။ ဆုံလည်မှန်တံခါးကြီး တွန်းဖွင့်ပြီး အတွင်းဘက်ဝင်သွားတာ ဘယ်သွားရမှန်းမသိပဲ အောင်ကြူကြူဖြစ်နေတဲ့အချိန် ကောင်တာမှာ ထိုင်နေတဲ့ အင်္ဂလိပ်ဝန်ထမ်းတစ်ယောက်က သူတို့ထုံးစံအတိုင်း ဘာအကူအညီပေးရမလဲမေးလို့ လာရင်းကိစ္စကို ပြောပြတော့ လေးနာရီထိုးလို့မို့ ပိတ်သွားပြီတဲ့။ ဟာ--------။

ဒီလောက်တောင်ပင်ပင်ပန်းပန်းနဲ့ ကားအတန်တန်စီးပြီးလာလိုက်ရတာ ဒီရောက်ပြီးကာမှ ပိတ်သွားပြီဆိုတော့ ရင်ဝ ဆောင့်ကန်လိုက်သလိုခံစားလိုက်ရတယ်။ ဘာမှမလုပ်ချင်တော့သလို ဘာမှလည်း မပြောချင်တော့။ သူက ပိတ်သွားပြီလို့ ရိုးရိုးပြောပေမဲ့ ကိုယ့်အတွက်က အစကနေ ပြန်စရမည့်ကိန်းဆိုက်သွားပြီ။ ဒါနဲ့ Public Information Centre ဆီသွားပြန်တော့ သူတို့ကလည်း ပိတ်သွားပြီလို့ ဆီးပြောပြန်ရော။ မောလိုက်တာဗျား။ အဲဒီမှာ တာဝန်ကျတဲ့ ၀န်ထမ်းတစ်ဦးက စေတနာနဲ့ ပြောပြရှာပါတယ်။ “ပြန်ပြီးတော့ Apply လုပ်ရမယ်။ သက်ဆိုင်ရာဖုန်းကို ဆက်ပြီး Appointment ထပ်လုပ်ပါ။ အဲဒါပြီးတော့မှ သူတို့ပေးတဲ့နေ့ထပ်လာပေါ့။ နောက်တော့ မကျစေနဲ့” လို့ သတိပေးလိုက်ပေးတယ်။

ကြိုးစားခဲ့သမျှ သဲထဲရေသွန်လို့ ယူဆရပေမဲ့ ပေးလိုက်တဲ့ သင်္ခန်းစာကတော့ ခေါင်းထဲ စွဲသွားတော့တာပါပဲ။ “ဘာပဲလုပ်လုပ် နောက်မကျစေနဲ့၊ ကြိုတင်မှုရှိပါစေ” ဆိုတဲ့သင်္ခန်းစာ။ ဒီလိုနဲ့ နှစ်ယောက်သား စိတ်လေလေနဲ့ လာလမ်း ကားပြန်စီးခဲ့ကြရတယ်။ ကိုယ်လည်း စိတ်ညစ်တာနဲ့ ဘာစကားမှ မပြောဖြစ်သလို သူငယ်ချင်းလည်း ကိုယ့်အတွက် စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ နှစ်ယောက်သားအတူထိုင်ပြီး ရေငုံထားကြသလိုပါပဲ။ တစ်လမ်းလုံးစကားမပြောဖြစ်ကြဘူး။ စိတ်က တော်တော်ကြီးကို ညစ်နေတာ။ ဘယ်လောက်တောင်ညစ်လည်းဆိုရင် ချစ်သူက နိုင်ငံခြားကနေ ဖုန်းလှမ်းဆက်တာကိုတောင် ပြန်မပြောချင်တာနဲ့ မဆက်နဲ့လို့ ခပ်ဆတ်ဆတ်ပြောပြီး ပိတ်ပစ်လိုက်မိတယ်။ အခုထိတောင် ပြန်မဆက်ရသေးဘူး။ သူလည်း စိတ်လေနေမှာတော့ သေချာတယ်။ ကားပေါ်မှာထိုင်လိုက်လာရင်း လမ်းဘေးမှာ မြင်နေရတဲ့ စိမ်းစိမ်းစိုစို သစ်ရိပ်ဝါးရိပ်တွေက လာတုန်းကလို မသာယာတော့ဘူးလို့တောင် ထင်မိတယ်။ ဒါပေမဲ့ စိတ်ညစ်နေလို့လည်း အပိုပါပဲလေလို့ တွေးပြီး ရသမျှ သီချင်းတွေ လျှောက်ဆိုနေလိုက်တယ်။

လိုင်းကားတွေလည်း တစ်စီးပြီးတစ်စီးတက်စီးပြီး ဘယ်ကဘယ်ကို ရောက်နေမှန်းတောင် သတိမထားမိဘူး။ သူငယ်ချင်းဦးဆောင်ရာနောက်ပဲ လိုက်နေမိတယ်။ လုပ်ပြီးသားအလုပ်တစ်ခုကို အစကနေပြန်လုပ်ရမယ်ဆိုတဲ့ အသိက အဲဒီအချိန်တွေမှာကိုယ်ရမည့် အားလပ်ရက်တွေကို လုယူခံလိုက်ရသလို ခံစားနေမိတယ်။ ဒီလိုနဲ့ အဆောင်ပြန်ရောက်တော့ ခပ်မှောင်မှောင်ဖြစ်နေပြီ။ အခန်းထဲဝင်ပြီး စိတ်ညစ်ညစ်နဲ့ အိပ်ဖို့ကြိုးစားကြည့်တယ်။ အိပ်လို့လည်း မရပြန်ဘူး။ စိတ်ကလည်း တိုပြီးရင်း တိုရင်းနဲ့ ဘယ်သူ့ကို ယိုးစွပ်ရမှန်းလည်း မသိဘူး။ အနားက စာအုပ်တစ်အုပ်ကို ဆွဲယူပြီးဖတ်ကြည့်တော့လည်း စာလုံးတွေကို မမြင်ရဘူး။

ဒါနဲ့ East London မှာနေတဲ့ သူငယ်ချင်း December ကို စိတ်ညစ်တဲ့အကြောင်းလှမ်းပြောပြမိတယ်။ သူနဲ့တွေ့မှ စိတ်သက်သာမှုတစ်ခုရသွားတယ်။ သူကဘာပြောလဲဆိုတော့ သူ့သူငယ်ချင်းတစ်ယောက်လည်း အဲလိုပဲ နောက်ကျလို့ ထပ်ချိန်းတဲ့အကြောင်း။ သုံးရက်လောက်ခွါပြီးမှ လက်ဗွေသွားနှိပ်ရတဲ့အကြောင်း ပြောတော့မှ စိတ်ထဲ ပေါ့သွားသလိုခံစားရတယ်။ ဒီနေရာမှာ လူ့သဘာဝတစ်ခုက ဘာလဲဆိုရင် ကိုယ်ကြုံနေရတဲ့ ဒုက္ခမျိုးကို တစ်ခြားလူတွေလည်း ကြုံနေကြရတယ်လို့ အသိဝင်သွားရင် လက်ရှိဒုက္ခဟာ ဒုက္ခလို့တောင် အထင်မခံရတော့ဘူး။ ဒါဆိုရင် စိတ်ချမ်းသာခွင့်ရဖို့ လမ်းစပဲ။ ဒီသဘာဝကို တွေးကြည့်ရင် လူသားရဲ့ အတ္တဆန်မှုဟာ ထင်းထင်းကြီးပေါ်လွင်လာတယ်။ ဒါပေမဲ့ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သဘာဝတစ်ခုဖြစ်နေတော့ ဒီအတိုင်းပဲ ဖြေသိမ့်နေကြရတာပဲပေါ့။

စိတ်ထဲမှာ ပေါ့ပါးသလိုလို ဖြစ်လာပြီးမှ နေ့လည်က တစ်နေကုန်သွားလာထားတာတွေကြောင့် ပင်ပန်းပြီး အိပ်ပျော်သွားလေရဲ့။ မနက်မိုးလင်းတော့ ခါတိုင်းနိုးနေကျထက် ပိုပြီး စောစောနိုးနေမိတယ်။ ဘာလို့လဲဆိုတော့ Home Office ကို ဖုန်းဆက်ပြီး Appointment ပြန်ယူရမည့်ကိစ္စက ရှိနေတာကိုး။ စိတ်က စောနေ လောနေတုန်းပါပဲ။ မနက် (၈) နာရီဖွင့်တယ်ဆိုလို့ အဲဒီအချိန်ဆက်လိုက်ပါတယ်။ (၉) နာရီမှဖွင့်မယ်လို့ Auto-operator ကလှမ်းပြောတာနဲ့ (၉) နာရီထိုးဖို့စောင့်နေရပြန်ရော။ (၉)နာရိရောက်တဲ့အခါကျတော့ ထပ်ဆက်ကြည့်တယ်။ ကိုယ်လုပ်တာပဲ အချိုးမပြေတာလား မပြောတတ်ဘူး၊ (ဖြစ်ဖို့များတယ်)။ Auto-operator ကနေ ဘယ် Website သွားဘာညာနဲ့ ဟိုညွှန်းဒီညွှန်းလုပ်နေတာနဲ့၊ “အာ---ရှုပ်ပါတယ်ကွာ၊ ဘယ် Website မှ မသွားတော့ဘူး၊ ဖြစ်ချင်တာဖြစ်၊ လူကိုယ်တိုင် မနေ့ကနေရာ (Croydon) ပြန်သွားမယ်”လို့ စိတ်ဆုံးဖြတ်ပြီး မနက်စာစား။ သွားလေးဘာလေးတိုက်ပြီး အဆောင်က ထွက်ခဲ့ပြန်တယ်။

မနက် (၁၀) နာရီထိုးကစပြီး ကား တစ်ဆင့်ပြီး တစ်ဆင့် စီးလိုက်တာ Croydon ရောက်တော့ နေ့လည် (၁) နာရီထိုးနေပြီ။ ဒါတောင်မနေ့ကနဲ့ စာရင် လမ်းမှာ ကားရှင်းတယ်ပြောရမယ်။ ဒီတစ်ခါတော့ ကားပေါ်မှာ တစ်ယောက်တည်းပဲ။ သူငယ်ချင်းကိုလည်း အားနာတာနဲ့ မခေါ်ဖြစ်တော့ဘူး။ ရသမျှဘုရားစာတွေလည်း ရွတ်ရသေးတယ်။ ဒီတစ်ခါ ထူးထူးခြားခြားတစ်ခု လုပ်ဖြစ်တယ်။ အဲဒါက ဘာလဲဆိုတော့ သစ္စာဆိုဖြစ်တယ်။ ဆိုတဲ့ သစ္စာက “ငါသည် တစ်ဖက်သား အကျိုးစီးပွါးပျက်စီးစေနိုင်တဲ့ အပြောအဆိုမျိုးကိုလည်း မပြောခဲ့ဖူးပါ၊ အပြုအမူမျိုးကိုလည်း မပြုခဲ့ဖူးပါ၊ ဤစကားသည် အမှန်ပင် ဖြစ်ပါသည်။ ဤမှန်သောသစ္စာစကားကြောင့် အခုလုပ်နေရတဲ့ ကိစ္စဟာ ဒီနေ့မှာပင် ပြီးပြတ်အောင်မြင်ပါစေသား” လို့ ဆိုလိုက်တယ်။

ဟိုရောက်တော့ ချက်ချင်းပဲ မနေ့ကသွားခဲ့တဲ့နေရာကို သွားလိုက်တယ်။ မနေ့ကတွေ့ခဲ့တဲ့ အစောင့်လူကြီးတွေနဲ့ပဲ ထပ်တွေ့တယ်။ ကျုပ်ကို ထပ်တွေ့တော့ သူတို့အားလုံးက “ဟာ့ မင်းပြန်လာပြန်ပလား” တဲ့။ “ဟုတ်တယ်၊ ဖုန်းဆက်မရလို့ ပြန်လာတာ” လို့ ပြန်ပြောရတယ်။ “မင်းလာရမှာက ဒီဘက်မဟုတ်ဘူးကွာ့၊ နေရာမှားနေတယ်။ သူ့နောက်လိုက်သွားလိုက်” ဆိုပြီး Public Information Centre မှာ အစောင့်တာဝန်ကျတဲ့ လူကြီးနောက်ကို ထည့်ပေးလိုက်တယ်။ အဲဒီလူကိုပဲ ကိုယ့်အခက်အခဲကို ပြောပြရတယ်။ Centre ထဲရောက်တော့ ကိုယ့်လို ပြဿနာဖြစ်တဲ့လူတွေကို တန်းစီပြီးထိုင်ခိုင်းထားတယ်။ ကိုယ်လည်း သူတို့နောက်မှာ ၀င်ထိုင်ရတာပေါ့။ ကိုယ့်အလှည့်ရောက်ဖို့ တော်တော်စောင့်ရတယ်။ စောင့်ရင်းနဲ့ လေးနာရီထိုးသွားပြန်ရင်လည်း ဘာမှမလုပ်လိုက်ရပဲ လာရာလမ်းလှည့်ပြန်ခဲ့ရမှာပဲ။

ကိုယ့်အလှည့်လည်း ရောက်လို့ မန်နေဂျာနဲ့တွေ့၊ ကိုယ့်ပြဿနာကို ပြောပြတော့ “မင်းပြဿနာက ငါဖြေရှင်းပေးလို့မရဘူး၊ ဟိုအစောင့်ပြောသလို ကြိုတင်ဖုန်းဆက်၊ Appointment ယူ၊ အဲဒါပြီးမှလာ၊ ဒါပဲ” တဲ့။ ဂွတော့ ကျနေပြီ။ ဒီတစ်ခါလည်း လှည့်ပြန်ရတော့မည့်ကိန်းတော့ ကျလာပြန်ပြီ။ ဒါနဲ့ အစောင့်ကို ပြန်သွားပြောတယ်။ ငါမနက်က ဖုန်းဆက်တယ်။ ဆက်လို့မရဘူး။ သူတို့ပေးတဲ့ ဖုန်းနံပတ်ဆက်တာပဲ။ အော်ပရေတာနဲ့ပဲ တွေ့ရတယ်။ ဘာညာပေါ့။ အဲဒီတော့မှ အနားက အစောင့်တစ်ယောက် “မင်းစာရွက်စာတမ်းတွေ ငါ့ပေး” တဲ့။ သူပြောတဲ့အတိုင်းပေးလိုက်တော့ “ဒီမှာ ခဏထိုင်နေ” လို့ ပြောပြီး ကိုယ့်စာရွက်တွေ ယူပြီး အတွင်းဘက်ဝင်သွားတယ်။

စိတ်ထဲမှာ လှုပ်ရှားမှုတွေ တော်တော်ဖြစ်နေပြီ။ အနေအထားကတော့ ဒီအတိုင်းဆို ကိုယ့်ဖက်နည်းနည်းပါလာတဲ့ သဘောပေါ့။ ခဏနေတော့ အဲဒီအစောင့်ပြန်ထွက်လာတယ်။ “အထဲဝင်ထိုင်နေ၊ ခေါ်တဲ့အခါမှ ၀င်သွား၊ မင်းစာရွက်တွေကို ကောင်တာ (၄)မှာ အပ်ထားခဲ့တယ်၊ အဲဒီကို သွား” တဲ့။ ဟား---သိပ်ပျော်သွားတယ်။ တစ်ခါတည်းနဲ့ ပြီးမယ်နဲ့တူတယ်ပေါ့။ အထဲရောက်တော့ အခြားအစောင့်တစ်ယောက်က “လက်ဗွေနှိပ်မည့်လူလား” တဲ့။ ကိုယ့်လည်း ဘုမသိဘသိနဲ့ “ဟုတ်တယ်”လို့ ဖြေလိုက်တော့ “အထဲဝင်ခဲ့” တဲ့။ ဒီအတိုင်းဆိုတော့ ဟုတ်နေပြီ။ အထဲရောက်တော့ လေဆိပ်ထဲမှာ ပစ္စည်းစစ်သလိုပဲ ကိုယ့်ပါလာသမျှတွေကို စက်ထဲထည့်ပြီး Scan ရိုက်တယ်။ လက်နက်တစ်စုံတစ်ရာပါမှာကြောက်လို့ထင်တယ်။

ပစ္စည်းတွေ စစ်ပြီးတော့မှ ကောင်တာတွေဆီမသွားခင် ကြားထဲမှာ ၀န်ထမ်းတစ်ယောက်ကို ထားပေးထားတယ်။ သူ့တာဝန်က လက်ဗွေနှိပ်မည့်လူတွေကို သက်ဆိုင်ရာကောင်တာတွေဆီသွားဖို့ ညွှန်ပြပေးရတယ်။ ကိုယ့်ရှေ့ ကိုယ့်နောက်ကလူတွေအားလုံးရဲ့လက်ထဲမှာ စာရွက်ကိုယ်စီနဲ့၊ ကိုယ့်မှာတော့ လက်ထဲဗလာပဲ။ သူနဲ့တွေ့တော့ “မင်းစာရွက်က ဘယ်မှာလဲ” တဲ့။ “ကောင်တာ (၄)မှာရောက်နေပြီ” လို့ပြောတော့ ပြုံးတယ်။ ပြီးတော့မှ “သွား” ဆိုပဲ။ ကောင်တာ (၄) ရောက်တော့ ဟဲလိုဘာညာနဲ့ ထုံးစံမပျက်လုပ်ပြီးတော့ အထဲမှာ တာဝန်ကျနေတဲ့ဝန်ထမ်းက အမျိုးသမီးခပ်ငယ်ငယ်။ စစချင်း ဘာမေးလဲ ဆိုတော့ “မင်းအင်္ဂလိပ်စကားနားလည်လား”တဲ့။ “ဟုတ်ကဲ နားလည်ပါတယ်” လို့ပဲ ခပ်တည်တည်နဲ့ ပြောရတယ်။ သူက “မင်း Appointment က လွန်သွားပြီဆိုတော့ အသစ်ထပ်လုပ်ရမယ်၊ ဒီတစ်ခါလုပ်ရင် အရင်လုပ်တဲ့ site မှာမလုပ်နဲ့တော့၊ ဒီ site မှာလုပ်ဆိုပြီး နေရာပြပေးတယ်။ “ဟုတ်ကဲ့” လို့ပြောရပြန်ရော့။ စိတ်ထဲမှာတော့ ပြန်ပြီးလေးလာပြီ။ “ဘယ့်နှယ်၊ ဒီအဆင့်ရောက်လာပြီးမှ ပြန်ပြီးလုပ်ခိုင်းနေတယ်၊ ရက်ချိန်းထပ်ယူရင် နောက်ကျတော့မှာပဲ” တွေးပြီး စိတ်ပူရပြန်ရော။

ဒါနဲ့ ကားပေါ်မှာ ဆိုခဲ့တဲ့ သစ္စာကို ပြန်အာရုံပြုကြည့်တယ်။ ပြီးတော့မှ “Appointment ကို ကိုယ့်နေရာပြန်ရောက်မှ လုပ်မည့်အစားခင်ဗျားဆီမှာပဲ တစ်ခါတည်းလုပ်သွားလို့မရဘူးလား” လို့မေးကြည့်လိုက်တယ်။ သူက “ရပါတယ်” တဲ့။ အဟား----၀မ်းသာသွားရပြန်ပြီ။ ကိုယ်ဆိုလိုတာက ကိုယ့်အဆောင်ပြန်ရောက်မှ ဖုန်းဆက်ဘာဆက်နဲ့ မလုပ်တော့ဘူး၊ ဒီမှာပဲ လုပ်ပြီး
ချိန်းတဲ့နေ့ပြန်လာမယ်လို့ဆိုလိုတာ။ သူဘယ်လို နားလည်သွားလည်းတော့ မသိဘူး။ သူ့ကွန်ပျူတာမှာ ငါးမိနစ်လောက်ဟိုဟိုဒီဒီ Click ပြီးတော့ ကိုယ့်စာရွက်ပေါ်မှာ စာရွက်လေးတစ်ရွက်ကပ်ပေးပြီး 276/Second Flour လို့ ရေးပေးလိုက်တယ်။ အဓိပ္ပါယ်က Appointment ထပ်မလုပ်ရတော့ပဲ တစ်ခါတည်း အပြီးလုပ်သွားလို့ရပြီ ဆိုတဲ့သဘော။ အရမ်းပျော်သွားတယ်။

စာရွက်လေးကိုင်ပြီး ညွှန်းတဲ့အတိုင်း ဒုတိယထပ်ရောက်တော့ သိပ်မစောင့်လိုက်ရဘူး။ အမှတ် ၂၇၆ ပိုင်ရှင် အခန်းနံပတ် (၃၀) သို့လာပါ လို့ခေါ်တာနဲ့ ၀င်သွားတော့ လက်ဗွေနှိပ်တဲ့အခန်းဖြစ်နေတယ်။ ဒီမှာတင် ကိစ္စကပြီးသွားပြီ။ လက်ဗွေနှိပ်ပြီးတော့ ချက်ချင်းမပြန်ရသေးဘူး။ အပြင်မှာ ခဏထိုင်စောင့်နေရသေးတယ်။ ၁၅ မိနစ်လောက်စောင့်ပြီးတော့မှ နောက်ထပ်ကောင်တာတစ်ခုက ခေါ်လို့ထပ်သွားရတယ်။ အဲဒီနောက်ဆုံး ကောင်တာမှာက ဘာမှ မလုပ်ရတော့ဘူး။ ကိုယ့်အချက်အလက်တွေ ပြည့်စုံကြောင်း သူတို့စစ်ဆေးပြီးတဲ့အကြောင်း ပြောတာ။ အဲဒါပြီးတော့မှ အခု မင်းစိတ်အေးလက်အေးပြန်နိုင်ပါပြီလို့ ပြောသဗျား။ ဟူး.................အခုမှပဲ စိတ်ဒုန်းဒုန်းချ ပျော်ရတော့တယ်။ ဗီဇာအလာကိုပဲ စောင့်ရတော့မယ်။ ကျန်တဲ့ကိစ္စတွေတော့ ပြီးပြီ။ တိုက်ဆိုင်မှုလား၊ ဆိုတဲ့သစ္စာပဲ စွမ်းသွားသလားတော့ မသိဘူး၊ ကြာရမည့်ကိစ္စ မကြာတော့ပဲ ချက်ချင်းပြီးသွားတယ်။ အဲဒါ ကိုယ်ကြုံခဲ့ရတာလေးပါ။ ဒါကြောင့် အရေးအကြောင်းဆိုရင် သစ္စာဆိုပြီးလုပ်ကြည့်။ မှန်အောင်တော့ ဆိုပေါ့။ မှန်ရင် သစ္စာဖြစ်တယ်။ မှန်မှ သစ္စာစွမ်းတယ်။

6 comments:

kiki said...

အယ် ..ဒုက္ခပါပဲ..
ဖွားကိမှာ သစ္စာဆိုစရာ ဘာမှ မရှိ ..
မေတ္တာတွေ ပိုနေတာတော့ အများကြီးပဲ ...
ဘယ်လိုလုပ်ရပါ့ ..အလိုက်ပေးပြီး လဲ လို့ ရမလား မသိ ။း))

ဟုတ်မယ် ..ဒါကြောင့် လူတွေ သစ္စာ ဆိုကြတာပေါ့ ။“ ဤမှန်ကန်သော သစ္စာ စကားကြောင့် ....ဘာညာကွိကွ ဖြစ်ရ ပါလို၏” ..ဆိုတာလေ ။
မြန်မာပြည်ကြီးအတွက် သစ္စာ ဆို ပြီး အားလုံးညီညာ တခုတည်းသော ဆု ကို တောင်းလိုက်ကြရင် ရ မလား မသိ နော် ။း)

what is good things said...

မောင်လေးရေ..သစ္စာဆိုတာလည်း ရတနာသုံးပါးကိုအမြဲ ရိုသေကိုင်းရှိုင်းပြီး သီလမြဲမှ မှန်ကန်တဲ့စကားကို သစ္စာပြု နိုင်တာပါ။ မောင်လေးလည်း အဲဒီလိုလူမျိုးဖြစ်လို့ သစ္စာပြုနိုင်ပြီး အဆင်ပြေတယ်ဆိုတာ ယုံပါတယ်။ ဗီဇာကိစ္စ ကျောင်းတက်ရတဲ့ကိစ္စများအားလုံး အဆင်ပြေနိုင်
ပါစေ...။

သူကြီးမင်း (တုံးဖလား) said...

ဟား ဟား။
ခုတော့ ဒီတောင်ကို ကျော်နိုင်တော့မှာပါ။ မောတော့ မောစရာကြီး။
ဘယ်လိုဘဲ ဖြစ်ဖြစ် အကျိုးအမြတ်ကတော့ ပို့စ်ကောင်းကောင်း တစ်ပုဒ်ဖြစ်သွားသဗျား။ ကောင်းလှပေ၏။းဝ)

Anonymous said...

ဒါအမှန်ပါပဲ။ ကျွန်တော်လဲ သေရေးရှင်ရေး အကျပ်အတည်းတွေမှာ သစ္စာနဲ့ အောင်မြင်လာတာတွေ ကိုယ်တွေ့ပဲ။
သစ္စာဆိုရင် အောင်မြင်တာ အမှန်ပါ။ လုံးဝ မဖြစ်နိုင်တဲ့ သေပြီးသားအလောင်း ပြန်ရှင်ပါစေ သစ္စာဆိုတာမျိုးဆိုရင်တော့ မအောင်မြင်ဘူးပေါ့။ အသည်း ကျွမ်းခြောက်နေတာကို အစားထိုး ပြန်ကုနိုင်ပါစေ ဆုမတောင်းပဲ ခြောက်ပြီးသားအသည်း နဂိုပြန်ဖြစ်ပါစေ သစ္စာဆိုတာမျိုး၊ အသက် ၈၀ က ၁၆ နှစ်သမီး ပြန်ဖြစ်ပါစေ သစ္စာဆိုတာမျိုး ဆိုရင်တော့ မအောင်ဘူးပေါ့။

မေဓာဝီ said...

ကိုမင်းထက်ရေးတာ ဖတ်ပြီး ရင်မောလိုက်တာ။ ကျမတုန်းကတော့ အဲဒီလောက် မခက်ဘူး ကိုမင်းထက်ရဲ့။ ပုံစံဖြည့်တာ အသေးစိတ်ကအစ ကျောင်းက အကုန်လုပ်ပေးတယ်။ ဓာတ်ပုံက အဲဒီလို ပြဿနာတက်တတ်လို့ ကျောင်းက သေချာ ပေတံကြီးနဲ့တိုင်းပေးတယ်။ ၁ စင်တီမီတာလျော့လို့ ပြန်ရောက်လာတဲ့ သာဓကတွေ ရှိတယ်ဆိုပဲ။ ကျမကလည်း ၆ ပုံလောက် ရိုက်ထားတာမို့ တော်ပါသေးတယ်။ တချို့ပုံက ဖြတ်တုန်းက အတိမ်းအစောင်း ဖြစ်တော့ နည်းနည်းလျော့သွားတယ်။
လက်ဗွေနှိပ်တာကိုတော့ ကျမက ဘာမင်ဂန်မှာ လုပ်တယ်။ ချိန်းတဲ့အချိန်က နေ့လည် ၁ နာရီထင်တယ်၊ ကျမက စိတ်စောပြီး နေ့လည် ၁၂ နာရီ မထိုးခင် (၁၁ နာရီခွဲသာသာ) ကတည်းက ရောက်သွားတယ်။ ဒါတောင် နေရာမသိလို့ ရဲမေတယောက်ကို မေးမြန်းပြီး သွားရတာ။ ဟိုရောက်တော့ အစောင့်ကလဲ သဘောကောင်းတယ်။ အထဲက ၀န်ထမ်းတွေကလဲ အကုန်သဘောကောင်းကြတယ်။ ကျမကို ချိန်းတဲ့အချိန် မရောက်သေးပေမဲ့ လူရှင်းနေလို့ ချက်ချင်း ခေါ်လိုက်တာပဲ။ ၅ မိနစ်လောက်ပဲ စောင့်လိုက်ရတယ်။ နောက် တလလောက်ကြာတော့ ကဒ်ပြားလေး တခုနဲ့ ပတ်စ်ပို့စ်စာအုပ် ပြန်ရပါတယ်။
သစ္စာတန်ခိုးနဲ့ အစစ အဆင်ပြေပါစေရှင်။

ကြယ်ပြာ said...

ဟုတ်တယ် ...မှန်တာမှန်သမျှသစ္စာဆိုလို့ရတယ် .... ကောင်းတာဖြစ်ဖြစ် မကောင်းတာဖြစ်ဖြစ် မှန်တာဆို သစ္စာဆိုလို့ရတယ် .... ကောင်းတာကို သစ္စာဆိုရင်တော့ ၁၀၀% အဆင်ပြေချင်ပြေမယ် ...မကောင်းတာကို သစ္စာဆိုရင်တော့ အကျိုးပြုတာ ၅၀% လောက်ပဲတဲ့ .... ကြယ်ပြာလဲ သိပ်ခက်ခဲလာရင် သစ္စာဆိုတယ် ...း)