Monday, March 1, 2010

မြန်မာပြည် ဘုရားကြွခဲ့သလား?


မူလတန်းကျောင်းဆရာလေး ကိုသောကြာတစ်ယောက် ရွာဦးကျောင်းထိပ်ရှိ ဘုရားကုန်းတော်ပေါ်သို့ ရောက်သွားချိန်မှာ ညနေ လေးနာရီထိုးပြီးခါစဖြစ်သည်။ အရှေ့ကျွန်းမှ ထွက်လာသော နေမင်းသည်ပင် တစ်နေ့တာ တာဝန်ပြီးလုပြီမို့ အနောက်ဂေါယာသို့ ယွန်းလုလုအချိန်။ သို့သော်လည်း နေ့တာရှည်ယာသီစက်မို့ နေရောင်မှာ တောင်ပကောင်းတုန်းပင်ရှိသေးသည်။ ကုန်းတော်ပေါ်သို့ရောက်သွားချိန်တွင် အဘိုးနှစ်ယောက် စကားတပြောပြောနှင့် တံမျက်လှည်းရင်း ဘုရားပရိဝုဏ်အတွင်း သန့်ရှင်းရေး လုပ်နေကြသည်ကို ကြည်နူးဖွယ် တွေ့လိုက်ရသည်။ ကိုသောကြာ ၀မ်းသာသွားသည်။

သောကြာ။ ။အဘိုးတို့ နေကောင်းကြလား?

ဦးရှင်။ ။ကောင်းတာပေါ့ မြေးလေးရ၊ ကောင်းလို့ပဲ ဒီလာပြီး ဘုရားဝေယာဝေစ္စတွေ လုပ်နေနိုင်တာပေါ့။

ဦးတင်။ ။ဒါနဲ့ မောင်သောကြာရေ၊ မနေ့က မင်းအမေ အညာဘုရားဖူးရာက ပြန်လာဆိုကွာ့၊ အဘိုးတို့အတွက် ပုန်းရည်ကြီးလေး ပဲလှော်လေးများ ပါဘူးလားကွာ့?

သောကြာ။ ။ပါ ပါပြီကော အဘိုးရာ၊ အဲဒါလာပို့ရင်း အခုလာခဲ့တာပဲလေ။ ဆရာတော်ကျောင်းအတွက်လည်း လှူခိုင်းလိုက်တယ်။ အမေကတောင် မှာလိုက်သေးတယ်။ အမေပြုခဲ့တဲ့ ကောင်းမှုမှန်သမျှ အဘိုးတို့ကိုလည်း ပေးဝေကြောင်း ပြောလိုက်ပါတဲ့။

ဦးရှင်။ ။သာဓုပါဗျာ၊ သာဓုပါ သာဓုပါ။ ကောင်းမှုကုသိုလ်ဆိုတာ ကိုယ်တိုင်ပြုပြီးရင် သူများကိုလည်း ပေးဝေရတယ်ကွဲ့၊ အဲဒါမှ ပိုပြီး အကျိုးကြီးတာကလား။

ဦးတင်။ ။နေပါဦးမောင်သောကြာရဲ့၊ မောင်ရင့်အမေက အညာတစ်ခွင် ဘယ်ဘုရားတွေများဖူးခဲ့တာလဲ၊ ပြောစမ်းပါဦး။

သောကြာ။ ။အစုံပေါ့၊ အဘိုးရ၊ ပုဂံ၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း၊ ဟိုးမကွေးက ရွှေစက်တော်တောင် ပါသေးတယ်။

ဦးရှင်။ ။ဟာ့ ရွှေစက်တော်ဆိုလို၊ ငါ့စိတ်ထဲ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သိချင်နေတာလေးတွေရှိတယ်ကွာ့၊ မောင်တင်ရ အဲဒီရွှေစက်တော်အကြောင်း မင်းသိသလောက် ပြောစမ်းပါဦး။

ဦးတင်။ ။ဟာဗျာ၊ အကိုကြီးကလည်း၊ ရွှေစက်တော်အကြောင်း ကျုပ်က ဘာများသူများထက် ပိုသိနေရဦးမှာတုန်း၊ အများသူငါ မှတ်ထားသလို ခရစ်မပေါ်မီ ဘီစီ ခြောက်ရာစုလောက်က မြန်မာပြည်ကို ဘုရားကြွလာတယ်၊ နောက်ပါ ရဟန္တာငါးရာနဲ့အတူ ကျောင်းတော်ရာမှာ သီတင်းသုံးတယ်၊ အဲဒီနောက် နမ္မဒါမြစ်ထဲက နဂါးတောင်းပန်လို့ မြစ်ကမ်းပါးမှာ အောက်ခြေတော်ရာနဲ့၊ တောင်ထိပ်က သစ္စဗန္ဓရဟန်းတော်တောင်းပန်လို့ အထက်ခြေတော်ရာဆိုပြီး ခြေတော်ရာနှစ်ဆူ ချန်ရစ်ခဲ့တယ်။ အဲဒါပဲသိတာပေါ့ဗျာ့။

ဦးရှင်။ ။အဲဒါတော့ ငါလည်း သိပြီးပါပေါ့ ညီမောင်ရ။ ငါသိချင်တာက ဘုရားတကယ်ကြွလာလို့လား? ဘုရားတကယ်ကြွလာတယ်ဆိုတဲ့အကြောင်း စာပေအထောက်အထား ရှိလို့လား? အဲဒါသိချင်တာ။

ဦးတင်။ ။အဲဒါတော့ ကျုပ်လည်း သိဘူးဗျို့။ ဒါပေမဲ့ စာပေမှတ်တမ်းတွေအရပြောရရင်တော့၊ နှစ်ခုစလုံးဖြစ်နိုင်နေတာပဲ။

ဦးရှင်။ ။အဲလိုတော့ ၀ါးမချနဲ့လေ။ ကြွရင်ကြွတယ်၊ မကြွရင် မကြွဘူးပေါ့။ ဘာဖြစ်လို့ နှစ်ခုစလုံးဖြစ်နိုင်ရမှာတုန်း။

ဦးတင်။ ။အော်---ဖြစ်နိုင်တယ်ဆိုတာ ကြွတယ်၊ မကြွဘူးဆိုတာကို ပြောတာမဟုတ်ဘူးလေ။ ကြွတဲ့ဘက်မှာလည်း ပါးစပ်ရာဇ၀င်တွေ အထောက်အထားတွေ ရှိသလို၊ မကြွတဲ့ဘက်မှာလည်း အကြောင်းပြချက်တွေ ရှိနေတာပဲ။ သေချာတာကတော့ ဘယ်သူမှ တိတိကျကျမသိဘူး။ ကြည်ညိုတဲ့စိတ်နဲ့၊ ဒါမှမဟုတ် ဝေဘန်လိုတဲ့စိတ်နဲ့ အငြင်းအခုံဖြစ်နေကြတာ မဟုတ်လား?

ဦးရှင်။ ။အငြင်းအခုံလို့ ပြောချင်လည်း ပြောပေါ့လေ၊ ဒါနဲ့ စာပေအထောက်အထားတွေ ပါးစပ်ရာဇ၀င်တွေဆိုတာတွေက ဘာတွေတဲ့တုန်း၊ ပြောစမ်းပါဦး။


ဦးတင်။ ။ပါးစပ်ရာဇင်တွေကတော့ မြန်မာမှာတင်မဟုတ်၊ ကျုပ်တို့ ထေရ၀ါဒနိုင်ငံတွေမှာရော၊ ဟိုး မဟာယာနနိုင်ငံတွေမှာပါ ရှိနေတာပဲ။ကျုပ်အထင်ပြောရရင် ထေရ၀ါဒဖြစ်ဖြစ်၊ မဟာယာနဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာ သူတို့နိုင်ငံကို ဘုရားကြွခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီတော့ အနည်းဆုံးရှိနေတာပဲ။ ဘုရားက ကျုပ်တို့တိုင်းပြည်တင်မကဘူး၊ တိဘက်ရော၊ ထိုင်းရော၊ လာအိုရော၊ သီရိလင်္ကာရော အကုန်ရောက်တယ်ဗျား။ သီရိလင်္ကာဆို သုံးခေါက်တောင် ကြွတယ်လို့ သူတို့သမိုင်းတွေက ရေးထားသေးဗျား။

ဦးရှင်။ ။ဟုတ်လား? ကျုပ်မှတ်ထားဖူးတာတော့ ဘုရားက ယူဇနာ (၉၀၀) ရာအတွင်းပဲ ကြွတယ်၊ အဲဒီအပြင်ဘက် မထွက်ဘူးလို့ မှတ်ထားဖူးတယ်။ မင်းပြောတဲ့ ဒဏ္ဍာရီတွေ အရဆိုရင် ယူဇနာကိုးရာအတွင်း ဘယ်ကမလဲ။

ဦးတင်။ ။အဲဒီယူဇနာကိုးရာပြဿနာကတော့ တော်တော်ကြီးတယ်ဗျို့၊ ကြီးပုံကြီးနည်းက ကျုပ်သိသလောက် ပြောရရင် နှစ်မျိုးရှိတယ်။ တစ်က အတိုင်းအတာအရလည်း ပြဿနာဖြစ်နေသလို၊ နှစ်က ဘုရားရှင်ရဲ့ မဟာကရုဏာတော်အရလည်း ပြဿနာပဲ။

ဦးရှင်။ ။မင်းပြောတော့ စိတ်ဝင်စားစရာပါလားဟာ့၊ ဘာတဲ့တုန်း လင်းစမ်းပါဦး။

ဦးတင်။ ။ ဒီလိုလေ အကိုကြီးရ၊ ယူဇနာဆိုတဲ့ အသုံးအနှုံးရဲ့ အတိုင်းအတာပေါ့။ ၀ါဒတွေ အနည်းဆုံး သုံးမျိုးလောက် ကွဲလွဲနေတယ်။ တစ်ယူဇနာရဲ့ အတိုင်းအတာကို အချို့က ၁၂-မိုင်၊ အချို့က ၈-မိုင်၊ အချို့က ၇-မိုင် တဲ့။ အဲဒါမခက်ဘူးလား?၊ အနောက်တိုင်းက ဗုဒ္ဓစာပေဆိုင်ရာ ပါရဂူကြီးတွေကတော့ တစ်ယူဇနာကို ၇-မိုင်နဲ့ လက်ခံထားကြတယ်။

ဦးရှင်။ ။အင်း၊ အဲဒါတော့ ငါလည်း ဘ၀င်မကျတဲ့ ကိစ္စပဲ။ ဒါပေမဲ့ ဟိုးနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်မှာ သုံးခဲ့တဲ့ အတိုင်းအတာဆိုင်ရာ အသုံးအနူံးတစ်ခုကို ဒီခေတ်အမြင်နဲ့ တွက်ကြည့်ရင်တော့ ကွဲလွဲချက်က အနည်းအများဆိုသလို ရှိနေမှာပါပဲ။ တစ်ယူဇနာကို ၁၂-မိုင်နှုံးနဲ့ တွက်ရင်တောင် ယူဇနာကိုးရာဆိုတော့ မိုင်ပေါင်း တစ်သောင်းရှစ်ရာပဲရှိသေးတယ်။ ဘုရားရှင်က အဲဒီအတွင်းပဲ နေတယ် လို့ဆိုလိုရာ ရောက်နေတာပေါ့။

ဦးတင်။ ။ဒါပေါ့ အကိုကြီးရ၊ ကျုပ်ကတော့ အဲဒီကိစ္စကို နည်းနည်းမှ ဘ၀င်မကျဘူး။ ကြည့်လေဗျာ “ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ” သတ္တ၀ါ အားလုံး ကောင်းစားဖို့ ဘုရားပွင့်လာတာ ဖြစ်တယ် လို့လည်း ဆိုသေးရဲ့။ ဒီယူဇနာကိုးရာအတွင်းပဲ ဘုရားနေတယ်၊ အပြင်ဘက်မထွက်ဘူးဆိုတော့ အဓိပ္ပါယ်က ယူဇနာကိုးရာ အပြင်ဘက်က သက်ရှိတွေကို သတ္တ၀ါစာရင်း မသွင်းတဲ့ သဘော မသက်ရောက်ဘူးလား၊ ဒီထက် ပိုပြောရရင် လူရာမသွင်းတဲ့ ကိစ္စပေါ့ဗျာ့။ ဘုရားရှင်သက်တော်ထင်ရှားရှိတဲ့အခိုက်မှာ တရားသိနိုင်တဲ့လူတွေ မြန်မာပြည်မှာ မရှိလို့ဆိုတဲ့ အကြောင်းမျိုးတော့ လာမပြနဲ့၊ သမိုင်းကြောင်းအရ ဘုရားရှင်မရှိတဲ့နောက် သာသနာရောက်လာပြီးနောက်ပိုင်းမှာကိုပဲ တရားကျင့်လို့ ရဟန္တာဖြစ်သွားတယ်ဆိုတဲ့ အထောက်အထားတွေ မြန်မာစာပေမှာ အများကြီးရှိနေတာပဲ။

ဦးရှင်။ ။အင်း ဟုတ်တယ်ကွာ့၊ အဲဒီလိုတွေးကြည့်တော့လည်း ရှေ့နောက် တော်တော်မညီတဲ့ ကိစ္စပဲ။ ဒါနဲ့ မင့်သဘောက ဘယ်လို ရှိလဲ၊ ပြောပါဦး?

ဦးတင်။ ။ယူဇနာကိုးရာအတွင်း ဘာညာဆိုတဲ့ စကားတွေက ဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်လောက်ကြာမှ ပေါ်လာတဲ့ စကားတွေဗျာ့၊ အဲဒီအဆိုမျိုးတွေ အဖွင့်ကျမ်းတွေကို ကြည့်ရင် နေရာတော်တော်များများမှာ တွေ့နိုင်တယ်။ အဖွင့်ကျမ်းတွေကို ဝေဘန်ရလောက်အောင် ကျုပ် ဉာဏ်မမီပါဘူး၊ ဒါပေမဲ့ ဒီကိစ္စကိုတော့ လက်မခံနိုင်တာ အမှန်ပဲ။ ဒါ နောက်ပေါ် အင်ဒိယသားတွေက ဘုရားကို သူတို့ပိုင် မနိုပိုလီ လုပ်ချင်တဲ့ သဘောပဲလို့ ကျုပ်ယူဆတယ်။ ဒီထက်ပိုပြောရရင် သူတို့နိုင်ငံအပြင်ဘက်က လူတွေကို လူရာမသွင်းချင်တဲ့ သဘောလို့ ကျုပ်တော့ မြင်တယ်ဗျား။

ဦးရှင်။ ။ဟာ့ ပြင်းထန်လှပါလား၊ နည်းနည်း လျှော့ပါဦး ညီလေးရ၊ တော်ကြာ ရွာဦးကျောင်းဆရာတော်ရဲ့ လေးခွစာမိနေပါဦးမယ်။

ဦးတင်။ ။လျှော့လို့မရဘူး အကိုကြီး၊ ဒီကိစ္စတော့ ဘယ်သူနဲ့ ပြောရပြောရ ကျုပ်ကတော့ ဘုရားရှင်ရဲ့ မဟာကရုဏာတော်ဘက်က ရပ်တည်ရမှာပဲ။

ဦးရှင်။ ။ဘယ်လိုရပ်တည်မှာတုန်း ပြောစမ်းပါဦး၊ ငါတော့ ဒီကိစ္စ အခုမှလေးနက်မှန်း သဘောပေါက်တယ်။ မင့်မှာလည်း အထောက်အထားတော့ ရှိပုံရတယ်။

ဦးတင်။ ။အထောက်အထားရယ်တော့ ဘယ်ဟုတ်ပါ့မလဲဗျာ၊ ဒါပေမဲ့ ယုတ္တိကို စဉ်းစားကြည့်ရတာပေါ့။ သတ္တ၀ါများကောင်းစားဖို့ ဘုရားပွင့်လာတာကို လက်ခံရင် ဘုရားကို ယူဇနာကိုးရာအတွင်း သိမ်းထားလို့ ဘယ်ဖြစ်ပါ့မလဲ၊ အပြင်ပေးထွက်ရမှာပေါ့။ အဲဒီကုလားဆိုတဲ့ လူမျိုးက အတ္တအဆန်ပြိုင်ရင် ဘယ်သူနဲ့ ပြိုင်ပြိုင် အနိုင်ပြိုင်မည့် လူစားမျိုးတွေ၊ စာပေတွေက သူတို့ဆီက ဖြစ်လာတာဆိုတော့ သူတို့ရေးချင်သလို ရေးတာလည်း မနည်းဘူးနေမှာ။

ဦးရှင်။ ။ဟာ့ ဟာ့၊ မင့်ပြောတာ နည်းနည်းတော့ ပြင်းထန်နေတယ်ကွာ့၊ တော်ကြာ ဂိုဏ်းခိုက်နေပါဦးမယ် ညီလေးရ။

ဦးတင်။ ။ခိုက်စရာမရှိပါဘူးဗျာ၊ ကျုပ်က အမှန်ကို ပြောနေတာပဲဟာ၊ အကိုကြီးပဲ စဉ်းစားကြည့်လေ၊ ယူဇနာကိုးရာ အပြင်မထွက်ဘူးဆိုရင် ဘာဖြစ်လို့ နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကျတော့ ကြွတယ်လို့ ဆိုသလဲ? အဲဒါတွေက ယူဇနာ ကိုးရာအတွင်း မို့လို့လား? အဲဒီရှေ့နောက် မညီတဲ့ စကားတွေကြောင့် ခေတ်ပညာရှင်တွေ၊ အထူးသဖြင့် အနောက်တိုင်းက လူတွေရဲ့ ဝေဘန်အပြစ်တင်စရာဖြစ်နေတာ။

ဦးရှင်။ ။ခေတ်ကာလ ဒီလောက်ကြာလာတော့လည်း ချို့ယွင်းချက်တွေက ရှိကောင်း ရှိနေမှာပေါ့လေ၊ မင်းပြောတာတွေလည်း ယုတ္တိသဘောအရ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီယူဇနာကိုးရာပြဿနာကိုလည်း အဖွင့်ကျမ်းရေးတဲ့ ဆရာတွေက အလွတ်ရေးတာတော့ မဟုတ်လောက်ပါဘူး၊ အထောက်အထားနဲ့ ရေးတာနေမှာပေါ့ မောင်ရင်ရ။

ဦးတင်။ ။အဲဒီအထောက်အထားတွေကိုက ရှေ့နောက် မညီတာ အကိုကြီးရေ့၊ ဘုရားစာတွေကို ဖတ်လိုက်၊ အထူးသဖြင့် သုတ္တန်တွေကို ဖတ်ကြည့်ရင် ဘာနဲ့ စလည်း၊ “ဧ၀ံ မေ သုတံ” နဲ့ စတာပဲ မဟုတ်လား၊ အဲဒီစကားကို အရှင်အာနန္ဒာက ပထမသင်္ဂါယနာတင်ချိန်မှာ ဘုရားရှင်ဆီက သူဒီလို မှတ်သားခဲ့ဖူးပါတယ် လို့ ဆိုလိုတာမဟုတ်လား။

ဦးရှင်။ ။ ဟုတ်တယ်လေ၊ သူက ဘုရားရှင်ရဲ့ အနီးနေအလုပ်အကျွေးတစ်ပါးပဲ။ နောက်ပြီး ဘုရားဟောသမျှတွေကို အကုန်မှတ်မိနိုင်တဲ့ ဉာဏ်မျိုးလည်း သူ့မှာရှိတယ်လို့ ဆိုတယ်မဟုတ်လား။

ဦးတင်။ ။ အဲဒါတော့ ကျုပ်မငြင်းပါဘူး၊ ဒါပေမဲ့ သူဘယ်အချိန်မှာ ဘုရားရှင်ရဲ့ အမြဲနေအလုပ်အကျွေးဖြစ်လာသလဲ ကြည့်လိုက်၊ ဘုရားရှင်ဝါတော်နှစ်ဆယ်ရောက်မှ ဖြစ်လာတာ မဟုတ်လား၊ ဒီတော့ ၀ါတော် နှစ်ဆယ်ရဲ့အရင်တုန်းက ဟောထားခဲ့တဲ့တရားတွေကို ဘုရားရှင်က အကုန်လုံး မချွင်းမချန် သူ့ကို ပြန်ဟောခဲ့တယ်လို့ ဘယ်ဆိုနိုင်မလဲ၊ နောက်ပြီး အရှင်အာနန္ဒာတောင်းတဲ့ ပယ်ဆုလေးမျိုးနဲ့ ယူဆုလေးမျိုးကို ကြည့်လိုက်မယ်ဆိုရင်လည်း ယူဆုလေးမျိုးထဲမှာ အရှင်အာနန္ဒာက “သူမပါပဲ တစ်နေရာရာမှာ တရားဟောရင် အဲဒီတရားကို သူ့ကို ပြန်ဟောပေးရမယ်”လို့ပဲ ပါတယ်။ အဲဒီစကားကိုလည်း အနာဂတ်ကာလနဲ့ လျှောက်ခဲ့တာပဲ၊ အရင်က ဟာတွေ မပါဘူး။ အရင်တုန်းက ဟောခဲ့တဲ့တရားတွေ အကုန်လုံးသူ့ကို ပြန်ဟောရပေးရမယ်လို့ မပါဘူး။ ဒီတော့ ၀ါတော်နှစ်ဆယ်အရင်တုန်းကနဲ့ ဘုရားဖြစ်စမှာ ဟိုဟိုဒီဒီကြွခဲ့တာတွေ အမြောက်အများရှိနိုင်ပေမဲ့ မှတ်တမ်းမကျန်တာတွေ၊ သစ္စာလေးပါးကို သိဖို့ကိစ္စမှာ အရေးမကြီးလှတာတွေကြောင့် ပြန်မပြောပဲ ထားတာလည်း အများကြီးရှိမှာပေါ့ဗျား။

ဦးရှင်။ ။အေးကွာ၊ မင်းပြောမှ ငါလည်း တရေးရေး သဘောပေါက်လာတယ်၊ ဒါဆို ငါတို့တိုင်းပြည်ကို ဘုရားကြွတယ်လို့ လက်ခံရတော့မှာပေါ့နော်။

ဦးတင်။ ။လက်ခံဖို့ ပြောနေတာမဟုတ်ပါဘူး။ လက်ခံဖို့ လက်မခံဖို့က အရေးမကြီးပါဘူး။ အရေးကြီးတာက ဘုရားရှင်ဟာ သတ္တ၀ါအားလုံးအပေါ်မှာ သနားစိတ်ကြီးတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်ပါလျှက်နဲ့ နောက်ပေါ်အဖွင့်ကျမ်းတွေက သူတို့ အင်ဒိယပြည်ရဲ့အပြင်မထွက်ဘူးဆိုပြီးရေးထားတာကို မကြိုက်တာပါ။ ဘုရားရှင်ကိုယ်တော်တိုင်ပဲ မဟာပရိနိဗ္ဗာန်မပြုခင်မှာ အရှင်အာနန္ဒာကို ဟောခဲ့သေးတာပဲ။ ပရိသတ် (၈)မျိုးကို ဟောရင်းနဲ့ပေါ့။ ဘာတဲ့ “မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရသေ့၊ စတုမဟာရာဇ်၊ တာဝတိံသာ၊ မာနတ် နဲ့ ဗြဟ္မာပရိသတ်အမျိုးမျိုးတို့ဆီ အကြိမ်ကြိမ်ကြွပြီးတော့ သူတို့နဲ့ တရားစကားဆွေးနွေးခဲ့ဘူးတယ်” တဲ့၊ နောက်ပြီး “အဲဒီပရိသတ်တွေက ဘုရားကို ဘုရားမှန်းဘယ်သူမှ မသိကြဘူး” တဲ့။ အဲဒီစကားတွေကိုထောက်ရင် ဘုရားယူဇနာကိုးရာအတွင်းပဲ နေတယ်ဆိုတာ ဘယ်ဖြစ်နိုင်မလဲ၊ ဒါ့အပြင် အဖွင့်ကျမ်းမှာလည်း ရေးထားသေးတယ်။ အဲဒီပရိသတ်ဆိုတာ တစ်ခြားစကြာဝဠာက ဟာတွေကိုပါ ပြောတာ တဲ့။ အကိုကြီးပဲ စဉ်းစားကြည့်လေ၊ တစ်ခြားစကြာဝဠာကိုတော့ ကြွပြီးတော့ အနီးအပါးက မြန်မာပြည်လောက်ကို မကြွဘူးဆိုတဲ့ စကားက ယုတ္တိမဲ့ရာ မကျလွန်းဘူးလား။ ဒီခေတ်မှာဆို မြန်မာပြည်ကနေ အင်ဒိယကို ခြေကျင်တောင် သွားနေကြတာ၊ ဘုရားလိုတန်းခိုးကြီးတဲ့ ပုဂ္ဂိုလ်မျိုးက ဒီလောက်အနာဂတ်မှာ သာသနာထွန်းကားမည့် တိုင်းပြည်ကို မကြွဘူးဆိုတာ ဘယ်နည်းနဲ့မှာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျုပ်တော့ အဲဒီယူဇနာကိုးရာကိစ္စကို နည်းနည်းမှ လက်မခံနိုင်ဘူး။

ဦးရှင်။ ။အေးကွာ၊ မင်းပြောတော့ ငါလည်း ကြွတဲ့ဘက်က ရပ်တည်ရတော့မပေါ့။ ဒါဆို ရွှေစက်တော်က ခြေတော်ရာတွေဆိုတာ အစစ်အမှန်တွေလို့ လက်ခံရမှာပေါ့။ နောက်ပြီး ကျောင်းတော်ရာနေရာလည်း အစစ်လို့မှတ်လိုက်မယ်။ ခက်နေတာက ခြေတော်ရာ အတိုင်းအတာပဲ။ ခြေတော်ရာက တော်တော်ကြီးတယ်ကွာ့။ ပကတိလူ့သားတွေရဲ့ ခြေရာထက် အဆပေါင်းများစွာကြီးတယ်လို့ ငါထင်တယ်။ အဲဒါမင်း ဘယ်လိုမြင်လဲ?

ဦးတင်။ ။အဲဒါတော့ နောက်တစ်ခါ ကြုံမှ ဆွေးနွေးရအောင်ဗျာ၊ အခုဗိုက်ဆာပြီ။ အိမ်ပြန်ကြစို့၊ မောင်သောကြာယူလာတဲ့ ပုဂံက ပုံးရည်ကြီးကို ပုဇွန်ခြောက်များများ၊ ကြက်သွန်ဖြူနိုင်နိုင်၊ ဆီအိုင်အိုင်ဆန်းပြီး ညစာထမင်း ကောင်းကောင်းသွားလွှေးလိုက်ဦးမယ်။

2 comments:

သုခုမလေဒီ said...

မောင်လေးရေ. ဆွေးနွေးခန်းလေးဖတ်သွားတယ်။ ဘုရားရှင်နဲ့သက်ဆိုင်တဲ့အကြောင်းလေးမို့ သိသင့်သိထိုက် တယ်လို့ယူဆပါတယ်။ ဆက်ရန်လည်းမျှော်နေပါ့မယ်။
အဆင်ပြေပျော်ရွှင်ပါစေ။

Anonymous said...

သိပ်ကောင်းတာပဲဦးမင်းထက်
ဒီဆွေးနွေခန်းလေးဖတ်ရတာ ဇင်သိချင်တာလေး ပိုပီးရှင်းရှင်းလင်းလင်းသိရလို့ ကျေးဇူးတင်တယ်နော်