“ဒါ လုံးဝမတရားဘူး၊ လုံးဝမတရားဘူး” ခေါင်းတွင်ဦးချိုနှစ်ချောင်းစီပါပြီး ကျွဲမျက်နှာနှင့်တူသော ငရဲသားနှစ်ကောင် လက်ထဲတွင် ယက်ကန်ယက်ကန်ပါသွားရင်း မောင်သုတ အားရှိသမျှ ညှစ်အော်ပစ်လိုက်သည်။ တစ်နေရာရောက်သောအခါ မျက်လုံးတစ်ဖက်တည်းသာရှိပြီး အခန်းစောင့်ဖြစ်ဟန်တူသော ငရဲသားတစ်ကောင်က သူ့ခါးကြားမှ သော့ကိုဖြုတ်၍ အခန်းတံခါးဖွင့်ကာ မောင်သုတကို မှောင်မည်းနေသော အခန်းတွင်းသို့ တွန်းထည့်လိုက်သည်။ ယင်းသည့်နောက် လာပို့သော ငရဲသားများ ဘာမှမပြောပဲ လှည့်ပြန်သွားကြသည်။ အခန်းထဲတွင် မောင်သုတတစ်ယောက်တည်း မောဟိုက် ပျော့ခွေကာ ခေတ္တ ငြိမ်နေလိုက်ရသည်။ စိတ်ဆိုးသည်၊ ဒေါသဖြစ်သည်၊ ငရဲမင်းဆိုသူ၏ စီရင်ချက်ကို မကျေနပ်။ မတရားသော စီရင်ချက်ဟု မောင်သုတ မှတ်ယူသည်။
အပြင်ဘက်တွင် အလင်းရောင်ဖျော့ဖျော့ကို မြင်နေရသည်။ တံခါးဝအနားကပ်ပြီး ကြည့်လိုက်သောအခါ အခန်းသော့ဖွင့်ပေးသော မျက်လုံးတစ်ဖက်လပ်ငရဲကောင်ကို မြင်နေရသည်။ မောင်သုတ စကားပြောမည်ဟု ကြံကာ “ဗျို့” ဟု လှမ်းအော်ကြည့်သည်။ ငရဲကောင်က ဘာမှပြန်မထူး။ ငရဲရောက်လာတဲ့လူတစ်ယောက်ဆီက မတရားသိမ်းယူထားသော ဆေးပြင်းလိပ်တစ်လိပ်ကို အားရပါရရှိုက်ဖွါရင်း ခွေးခြေတစ်ခုပေါ်ထိုင်ကာ ဇိမ်ယူနေသည်။ “ဗျို့----ဗျို့----ဟို မျက်လုံးတစ်ဖက်နဲ့ အကောင်ကြီး” ဒုတိယအကြိမ် လှမ်းအော်လိုက်သောအခါ ငရဲကောင် ရှူးရှူးရှဲရှဲ ဒေါသထွက်သွားပုံရသည်။ မောင်သုတအနား ထလာကာ “ဟေ့ကောင် သေသွားချင်သလား၊ ငါ့ကို အကောင်ကြီးလို့မခေါ်ရဘူးကွာ့မှတ်ထား၊ အကိုကြီးလို့ခေါ်” ဟု ငေါက်ပြောပြောလိုက်သည်။
မောင်သုတ စိတ်လေသွားသည်။ သို့သော် သူ့နေရာမို့ သည်းခံကာ “အော်၊ ဟုတ်ကဲ့ အကိုကြီး၊ ကျွန်တော် အထာမသိလို့ပါ၊ ဒါနဲ့ အခုကျွန်တော် ရောက်နေတာ ဘယ်နေရာလဲဗျာ့” ဟု မရဲတရဲလှမ်းမေးလိုက်သည်။ “ဘယ်နေရာရမှာလဲကွာ့၊ ငရဲပေါ့”၊ စိတ်မရှည်သောလေသံဖြင့် ငရဲကောင်က ဖြေလိုက်သည်။ “အော်၊ ဟုတ်ကဲ့၊ ငရဲလို့တော့ ထင်ပါတယ်ခင်ဗျား၊ ဒါပေမဲ့ ဘာငရဲလဲ ဆိုတာ တစ်ဆိပ်လောက်ပြောပြပေးပါလား အကိုကြီး” သိချင်တာ သိရဖို့အတွက် မောင်သု မျက်နှာချိုသွေးလိုက်ရသည်။ ငရဲကောင်ခမျာ အမေးအမြန်းထူသော မောင်သုတကို စိတ်ရှည်ဟန်မတူ။ “ကျောက်ဆည်ငရဲကွ၊ ကျောက်ဆည်ငရဲ၊ ကဲသိပြီလား၊ သယ်----” ဟုပြောပြီး တစ်ဖက်လှည့်သွားလေရာ မောင်သုတခမျာ “ဗျာ------” ဟုသာ အသံထွက်နိုင်ရှာတော့သည်။
ထို့နောက်ငရဲကောင်က လက်ကြားထဲ ညှပ်ထားသော ဆေးလိပ်တိုကို ကောက်ဖွါလိုက်သည်။ သို့သော် မောင်သုလေကျောရှည်နေသဖြင့် ဆေးလိပ်တိုမှာ မီးငြိမ်းနေပြီဖြစ်ရာ ငရဲကောင် တိုး၍ ဒေါသထွက်သွားပုံရသည်၊ သူ့မျက်လုံးထဲမှ အခိုးအငွေ့များထွက်လာသည်။ ဆေးလိပ်တိုကို မျက်လုံးသို့ ထိုးကာ မီးညှိယူလိုက်သည်။ ယင်းနောက် မောင်သုတဘက် ပြန်လှည့်ကာ------
“ဟေ့ကောင် မင်းတော်တော် အမေးအမြန်းထူတဲ့ကောင်ပဲ၊ ဒီမှာ မင်းမှတ်ထားဖို့က ဒီငရဲကို ငါတို့ကျောက်ဆည်ရွာက သူကြီးရေမြင်းထောင်ထားတာကွာ့၊ အနှစ်နှစ်ဆယ်တောင်ကျော်ပြီ။ ငါတို့မရောက်ခင်တုန်းကရှိတဲ့ငရဲတွေ အားလုံးဖျက်သိမ်းလိုက်တယ်။ လောဟကုမ္ဘီလည်းမရှိတော့ဘူး၊ အ၀ီစိလည်းမရှိတော့ဘူး၊ ကျောက်ဆည်ငရဲပဲ ရှိတယ်။ အရင်ကရှိခဲ့တဲ့ ငရဲစည်းမျဉ်းစည်းကမ်းတွေကို အကုန်ဖျက်သိမ်းပြီး တစ်ခုတည်းပဲ ချန်ထားတယ်။ ငါတို့က စည်းကမ်းများရင် ငရဲကျသူတွေ များမှာစိုးလို့ လူတွေကို သနားငဲ့ညှာတဲ့အနေနဲ့ ယခင်စည်းကမ်းတွေကို မထားတော့ဘူး။ ဖာထောင်၊ ဘိန်းရောင်း၊ ချဲဒိုင်ဖွင့်၊ လာဘ်ပေးလာဘ်ယူ၊ အဲဒါတွေ အားလုံး ဒီမှာ စည်းကမ်းလုပ်မထားတော့ဘူး၊ လူထုကို ငဲ့ညှာပြီး ငါတို့မင်းကြီးက လျှော်ပစ်လိုက်ပြီ။ လက်ရှိစည်းကမ်းကတော့ “ငရဲမင်းနဲ့ သူ့အဖွဲ့သားတွေကို သောက်မြင်ကပ်အောင် လုပ်တဲ့လူမှန်သမျှ ငရဲကျစေ” ဆိုတဲ့စည်းကမ်းပဲ၊ ဒါ မြဲမြဲမှတ်ထား” ဟု ဗလုံးမထွေးပြောလိုက်လေတော့သည်။
“ဘုရား ဘုရား”၊ မောင်သုတ တိုးညှင်းစွာ ဘုရားတလိုက်မိသည်။ “ဒီအတိုင်းဆိုရင်တော့ အကုန်ဗရမ်းဗတာဖြစ်နေတော့မှာပဲ၊ မဖြစ်ချေဘူး၊ တစ်ခုခုတော့ လုပ်မှ”၊ တွေးဖြစ်သည်။ သို့သော် ငရဲကျနေရင်း ဘာလုပ်ရမည်နည်း? သူမသိ။ ထို့ကြောင့် လွတ်မြောက်ဖို့အတွက် အရင်စဉ်းစားရသည်။ ထွက်ပြေးဖို့ မစဉ်းစား။ တခြားလွတ်မြောက်နိုင်သည့်နည်းလမ်းကို တွက်ကြည့်သောအခါ သောက်မြင်ကပ်ပုဒ်မအရ ကျနေကြောင်းသိရသဖြင့် မတတ်နိုင်တော့၊ သက်ဆိုင်ရာ ငရဲမူးကို မျက်နှာလုပ်ရတော့မည်။ အပြင်ရောက်မှ စည်းရုံးလှုပ်ရှားမှု ပြုရမည်။ မောင်သုတ စိတ်တွက်တွက်နေသည်။ ထိုနေ့မှစ၍ မောင်သုတ ငရဲကောင်များနှင့် တည့်အောင်ပေါင်းယုံမက သက်ဆိုင်ရာ ငရဲမူးကြီးကိုပါ ပေး၊ ကျွေး၊ အရက်တိုက်၊ ဖာရုံပို့ လုပ်ကာ မျက်နှာလုပ်လေရာ မကြာမီသောကာလအတွင်း ငရဲချုပ်မှ လွတ်မြောက်လာလေတော့သည်။
အပြင်ရောက်သွားသော်လည်း မောင်သုတသည် ငရဲကောင်များနှင့် အပေါင်းအသင်းမပျက်နေသည်၊ ကိုယ်ပေါင်း စိတ်ခွါလုပ်၍ နေရသည်။ ငရဲကောင်များကို သူတို့အကြိုက်ဖြစ်သော အရက်ဆိုင်များ၊ ဘားခန်းများ၊ ကာရာအိုကေများသို့ ခေါ်ဆောင်ပို့ပေး အပေါင်းအသင်းလုပ်ရင်း သူ့အိုင်ဒီယာများကို တဖြေးဖြေးချင်းရိုက်သွင်းကာ စည်းရုံးသည်။ ငရဲရပ်ကွက်ထဲရှိ သက်ဆိုင်ရာ ၀န်ထမ်းများကိုလည်း အသိဝင်လာအောင် တဖြေးဖြေးလှုံ့ဆော်ယူသည်။ အစတွင် ငရဲမင်းသူကြီးရေမြင်း၏ ရက်စက်မှုကို ထိပ်လန့်ကြောက်ရွံ့နေသော်လည်း နောက်ပိုင်းတွင် ငရဲဝန်းထမ်းတွေလည်း သူကြီးရေမြင်း၏ မတရားမှုကို စက်ဆုပ်နေကြသည်ဖြစ်ရာ မောင်သုတ၏ အကြံကို လက်ခံလာကြသည်။ သို့ဖြင့် ငရဲတော်လှန်ရေး စတင်မည့်နေ့ကို သတ်မှတ်ကာ သက်ဆိုင်ရာ ငရဲဝန်ထမ်းများ၊ ငရဲရပ်ကွက်သားများအားလုံး ယင်းတို့၏ နေအိမ်အသီးသီးတွင် အနည်းဆုံးတစ်ပတ်လောက်စားသောက်နိုင်သော ကုန်စုံကုန်ခြောက်များကို ၀ယ်ယူ စုဆောင်းလေတော့သည်။
ငရဲတော်လှန်ရေး ပထမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၀)ရက်၊ ၂၀၁၀-ခု။
ထိုနေ့တွင် ငရဲဝန်ထမ်းများ အားလုံး ရုံးမတက်၊ နံနက် (၆) နာရီမှသည် ညနေ (၆)နာရီအတွင်း ငရဲရပ်ကွက်သားများအားလုံး မည်သူမှ အပြင်မထွက်။
ယင်းကြောင့် ငရဲမင်းသူကြီးရေမြင်းနှင့် သူ၏ ငရဲအရာရှိကြီးများ အားလုံး ထိပ်ထိပ်ပျာပျာဖြစ်သွားကာ မီးလျံငရဲရုပ်သံမှတစ်ဆင့် ညရှစ်နာရီသတင်းတွင် ရုံးမတက်သော ငရဲဝန်ထမ်းအားလုံး နောက်တစ်နေ့ရုံးမတက်ပါက အလုပ်ဖြုတ်မည်ဖြစ်ကြောင်း မိုက်မိုက်ကမ်းကမ်းကြေညာသည်။
ငရဲတော်လှန်ရေး ဒုတိယနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၁)ရက်၊ ၂၀၀၁။
ရှေးနေ့အတိုင်း ငရဲဝန်းထမ်းများလည်း ရုံးမတက်၊ ငရဲရပ်ကွက်သားများတစ်ယောက်မှ အပြင်မထွက်၊ ငရဲဈေးဆိုင်မှန်သမျှ ပိတ်။
ယင်းကြောင့် ငရဲမင်းသူကြီးရေမြင်း အကြီးအကျယ်စိတ်ဆိုးသည်။ အနီးရှိငရဲအရာရှိများကို သူကလွဲရင် အလွန်ကောက်ကျစ်ယုတ်မာသူများအဖြစ် ဆဲရေးသည်။ ထို့နောက် ညရောက်သောအခါ မီးလျံငရဲရုပ်သံမှတစ်ဆင့် ရုံးမတက်သော ငရဲဝန်ထမ်းများကို တကယ်အလုပ်ဖြုတ်မည်ဖြစ်ကြောင်း ကြေညာပြန်သည်။
ငရဲတော်လှန်ရေး တတိယနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၂)ရက်၊ ၂၀၀၁။
ငရဲပြည်လမ်းမပေါ်တွင်ပြေးဆွဲနေသော ကားများအားလုံး မပြေးဆွဲတော့၊ ငရဲဝန်ထမ်းများ၊ ငရဲသားများအားလုံး ကိုယ့်နေအိမ်အတွင်းသာနေကြသည်။ ဈေးဆိုင်မှန်သမျှလည်း ရှေးနေ့အတိုင်း ပိတ်ထားကြသည်။ လမ်းပေါ်တွင် ငရဲသူကြီးရေမြင်း သြဇာကို ဘုမသိဘမသိနာခံနေသော ငရဲကောင်များ မီးဒုတ်များကိုင်ကာ သွားလာနေသည်ကို တွေ့နေရသည်။ သူတို့သွားလာနေသည်မှာ ရန်သူကို ရှာသည်နှင့်မတူ၊ စားစရာဝယ်ဖို့ ထွက်လာကြပုံရသည်။ သို့သော် မည်သည့်ဆိုင်မှ မရောင်းချသဖြင့် ခဏကြာသော် မြင်ကွင်းမှ ပျောက်သွားကြသည်။ ဒီနေ့မီးလျံရုပ်သံတွင် မည်သည့်အသံမှ မကြားရတော့၊ အဘယ်ကြောင့်ဆိုသော် မီးလျံရုပ်သံဝန်ထမ်းများလည်း မည်သူမှ ရုံးမတက်ကြသောကြောင့်တည်း။
ငရဲတော်လှန်ရေး စတုတ္ထနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၃)ရက်၊ ၂၀၀၁။
ဒီနေ့တွင် ငရဲဝန်ထမ်းများအပြင်၊ အခြားပုဂ္ဂလိက ၀န်ထမ်းများပါ အလုပ်မဆင်းပဲ အိမ်တွင်းပုန်းလုပ်နေကြသည်။ ထို့ကြောင့် ငရဲမင်းလုပ်ငန်းများအပြင်၊ ပုဂ္ဂလိက လုပ်ငန်းများပါ အားလုံးရပ်ဆိုင်းသွားရသည်။ ငရဲပြည်ယန္တယားကြီးတစ်ခုလုံးရပ်ဆိုင်းသွားသည်။
ငရဲတော်လှန်ရေး ပဉ္စမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၄)ရက်၊ ၂၀၀၁။
ငရဲအစိုးရ၀န်ထမ်းများ၊ ပုဂ္ဂလိက၀န်ထမ်းများ အပြင် ငရဲကောင်များပါ အပြင်မထွက်ကြတော့။ ငရဲကောင်များ အပြင်မထွက်သည်မှာ အပြင်ဘက်တွင် မည်သည့်အရာမျှ မရနိုင်သောကြောင့်ဟု သိရသည်။
ငရဲတော်လှန်ရေး ဆဋ္ဌမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၅)ရက်၊ ၂၀၀၁။
ငရဲမင်းသူကြီးရေမြင်းကို ဖြုတ်ချလိုက်ပြီး ဒီမိုကရေစီစနစ်ဖြင့် ငရဲအုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်မည်ဖြစ်ကြောင်း မီးတောင်ရေဒီယိုမှ အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ကြပ်ခေါင်က ကြေညာပြီး၊ မီးလျံရုပ်သံက ၀န်ထမ်းများကို ပုံမှန်အတိုင်းရုံးပြန်တက်ဖို့ တောင်းပန်လိုက်သည်။ ထို့ပြင် သောက်မြင်ကပ်ပုဒ်မဖြင့် ငရဲကျနေသော ငရဲသားအားလုံးကိုလည်း လွှတ်ပေးလိုက်သည်။ ရေဒီယိုနားထောင်သော ငရဲဝန်ထမ်းများ၊ ငရဲရပ်ကွက်သားများအားလုံး ပျော်ရွှင်ကြသည်။
ငရဲတော်လှန်ရေး သတ္တမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၆)ရက်၊ ၂၀၀၁။
နံနက်ခင်းတွင် ငရဲဝန်ထမ်းများ ရုံးမတက်ကြပဲ ငရဲရပ်ကွက်သားများနှင့်ပေါင်းကာ လမ်းမပေါ်ထွက်ပြီး ငရဲထောင်မှထွက်လာသူများကို ကြိုဆိုကြသည်၊ ယာယီဒီမိုကရေစီအုပ်ချုပ်ရေးအဖွဲ့ ချက်ချင်းဖွဲ့ပေးဖို့တောင်းဆိုသည်။ ငရဲမင်းပြုတ်သူကြီးရေမြင်းနှင့် သူ့နောက်လိုက်အချို့ကို အရေးယူပေးဖို့ပါ တောင်းဆိုသည်။ ညရှစ်နာရီ မီးလျံရုပ်သံတွင် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ကြပ်ခေါင်က တရားသဖြင့်တောင်းဆိုမှုမှန်သမျှကို အမြန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အာမခံကာ ဒီနေ့မှသည် နောက်လာမည့် သုံးလအတွင်း လွတ်လပ်ပြီးတရားမျှတသော ငရဲဒီမိုကရေစီအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပေးမည်ဖြစ်ကြောင် ငရဲကမ္ဘာတစ်ခုလုံးသို့ ကတိပေးကြေညာလိုက်သောအခါ----
မောင်သုတခမျာ ၀မ်းသာလွန်းအားကြီးသဖြင့် “ဟေး-----------” ကနဲ အသံကျယ်ကြီးဖြင့် အော်လိုက်ရာ အနားအိပ်ပျော်နေသော ဇနီးချောလေး ခင်သုဝေပင် လန့်၍ နိုးထကာ “အကို ဘာဖြစ်တာလဲ ဟင်” ဟုမေးလိုက်ရလေတော့သတည်း။
1 comment:
ထိပါ့ မိပါ့ ဆတွတ်ရေ...
ဒါပေမဲ့ အိပ်မက်ထဲက တော်လှန်ရေးမှသည် လက်တွေ့အမှန်အကန်တော်လှန်ရေးသို့ ဦးတည်ရေးကို အကောင်အထည်ဖော်ဖို့ အွန်မဟာလိုင်းမှတစ်ဆင့် ဘလော့ဝတိ့သာနယ်ပယ်တစ်လျောက် မောင်းထုပေးရင် ပိုပြီး အိုနီကီးမယ်ထင်ကြောင်းပါဘဲ ဆတွတ်ရေ...
Post a Comment