Sunday, March 28, 2010

ဒီသူငယ် ဘာလူမျိုး


ရေချိုချို အရှာထွက်
အိုးနားပဲ့ကိုကိုင်
ခပ်ယိုင်ယိုင် လျှောက်နှေး
ရေချိုချို ရှာမတွေ့
သောင်စပ်မှာ ငိုင်
ဘယ်သူလဲ မေး?

အသားက ညိုမှောင်
ကတုံးက ပြောင်ပြောင်နဲ့
ဒီသူငယ် ဘယ်လူမျိုးပါလိမ့်
ဆိုမာလီ အီသီယိုးလေလား
စိတ်ကူနဲ့ ပုံဖေါ်ကြည့်
တွေးမိချေသေး။

ရာသီကယ် သွေ့ချောက်
ရေပျောက်တဲ့ နွေ
ဆင်သေတဲ့ ချောင်းဘေး
လက်ရက် တွင်းငယ်ဝ
အုန်းမှုတ်ကယ် ကူပါလို့
မြေအိုးကို သူရေဖြည့်
ကြည့်စမ်းကွဲ့လေး။

အိုးနံရံ ပတ်လျှောက်
မြင်ရတဲ့ ရေးစာ
အသေအချာ ဖတ်ဝေး
လောကရဲ့ အမှန်သဘော
ဖွင့်ဟလို့ အသေချာ
ဒေသနာ ပစ္စယော တဲ့
ဒီသူငယ် မြန်မာဖြစ်ပါရဲ့
မှန်တကယ် အညာသားပါကွဲ့
လောင်းလိုက်ချင်သေး။


ဆန္ဒအကျဉ်းသား




အဆန်လမ်းသို့တက်ရင်း
နောက်သို့ပြန်ငဲ့ကြည့်
တွယ်တာစရာအပြည့်နဲ့
သူရှိတဲ့နေရာ
ငါမပြန်မရောက်နိုင်တော့
အတွေးထဲက ဆန္ဒ
အကောင်အထည် မဖေါ်နိုင်တဲ့ငါ
သူ့အတွက်တော့ သူရဲဘောကြောင်သူပေါ့။

မြင်ခွင့်မရတဲ့ မျက်နှာနဲ့
ကြင်ခွင့်မရတဲ့ မေတ္တာတွေရယ်ကြောင့်
အိမ်မက်ကမ္ဘာဟောင်းရဲ့ မှတ်တမ်းတစ်ပုဒ်
စိတ်ပျက်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ထုတ်
တစ်ပတ်တကုတ်နဲ့ ရေးသား
အလေးထားဖတ်မည့်သူရှာကြည့်တော့
ငါသိတာ ငါတစ်ယောက်တည်း
ငါ့အတွေးနဲ့ ငါ့စာ
ငါဟာ ငါ့ရဲ့ ပရိသတ်
ကဲ ဘယ်လောက် အထီးကျန်သလဲ?

ဆုံခွင့်ကို မျှော်ကြည့်ရင်း
အဖေါ်မရှိ အထီးကျန်ဘ၀မှာ
အကျည်းတန်တဲ့ တေးတစ်ပုဒ်သီဆိုဖို့
ပုလွေအိုတစ်လက် မှုတ်ကြည့်တော့
လျာပျက်တဲ့ သံစဉ်များ
တေးသွားနဲ့ မလိုက်ဖက်
ကွဲအက် ရှတတနဲ့
မလှပတဲ့ ဖြစ်စဉ်စု
ရသမဲ့တဲ့ ချစ်ခင်မှုတွေပေါ့။

Saturday, March 27, 2010

ဂွေးကောက်ပြိုင်ပွဲ


အလင်းတန်းရွာလေးရှိ မူလတန်းကျောင်းရှေ့ ကွင်းပြင်ကျယ်ကြီးထဲမှာ ကျောင်းသားမောင်မယ်များ စုရုံးစုရုံးဖြင့် အော်ဟစ်မြူးတူးနေကြသည်။ အထူးသဖြင့် ယောက်ျားလေးများက ပိုမိုတက်ကြွနေကြပုံရသည်။ အကြောင်းမှာ ယနေ့ မူလတန်းကျောင်းကလေးတွင် ထူးထူးခြားခြား ပြိုင်ပွဲတစ်ခု ကျင်းပမည်ဖြစ်သောကြောင့်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ကျောင်းအုပ်ကြီး ဦးပန်းသေက ဦးစီးကျဉ်းပခြင်းဖြစ်ပြီး ကျောင်းဆရာလေး မောင်သောကြာက ကျောင်းသားမောင်မယ်များကို ထိမ်းသိမ်းကွပ်ကဲရေး တာဝန်ယူထားရကြောင်းလည်း သိရသည်။ အလင်းတန်းရွာတွင် အနှစ်နှစ်ဆယ်အတွင်း မည်သည့်အခါကမျှ ကျဉ်းပနိုင်ခဲ့ဖူးခြင်းမရှိသော ပြိုင်ပွဲတစ်မျိုးကို ကျဉ်းပနေခြင်းဖြစ်သည်။ ပြိုင်ပွဲအမည်မှာ “ဂွေးကောက်ပြိုင်ပွဲ” ဟူ၏။

ပေါက်ပေါက်ရှာရှာ ဂွေးကောက်ပြိုင်ပွဲဟူသော နာမည်ကို ပေးသူမှာ ကျောင်းအုပ်ကြီးဦးပန်းသေဖြစ်ကြောင်းသိရသည်။ ဦးပန်းသေသည် ကျောင်းအုပ်ကြီးပီပီ ကျောင်းသူကျောင်းသားများအပေါ်တွင် သြဇာတိက္ကမလွန်စွာကြီးပြီး အာဏာရှင်ဆန်ဆန် အုပ်ချုပ်သည်ဟု နာမည်ကြီးသည်။ အခုပြိုင်ပွဲကိုလည်း သူ့ဖာသာနာမည်ပေးပြီး ပြိုင်ပွဲစည်းကမ်းများကိုလည်း မည်သူနှင့်မှ တိုင်ပင်ခြင်းမပြုပဲ သူ့တစ်ယောက်တည်း ရေးဆွဲထားကြောင်းသိရသည်။ ပြိုင်ပွဲစည်းကမ်းများမှာ---
(၁) အပြေးသန်သူများ မပါရ။
(၂) ကျောင်းစည်းကမ်းပျက်ဖူးသူများ မပါရ။
(၃) မိန်းကလေးများ မပါရ။
(၄) ပြိုင်ပွဲဝင်ကျေး ကျပ်ငွေ သုံးရာပေးဆောင်ရမည်-ဟူသတည်း။

ယင်းစည်းကမ်းများကြောင့် အပြေးသန်သောကျောင်းသားများနှင့် အချို့ မိန်းကလေးများမှာ လွန်စွာမကျေမနပ်ဖြစ်နေရကြောင်း သိရသည်။ ထို့ပြင် ၀င်ကြေးကျပ်သုံးရာပေးရမည်ဆိုသည်ကြောင့်လည်း အချို့ ၀င်ချင်ကြပါလျက် မိဘကပိုက်ဆံမတတ်နိုင်သောကြောင့် ပြိုင်ပွဲကျင်းရာကွင်းအထဲ ၀င်မရရှာကြပေ။ ထို့ပြင် ပြိုင်ပွဲဝင်ကျောင်းသားအများစုမှာလည်း ဦးပန်းသေ၏ သားမြေးများနှင့် သက်ဆိုင်ရာ ကျောင်းဆရာဆရာမများ၏ သားမြေးများသာ အများစုဖြစ်ကြောင်း ကြားသိရသည်။

ဂွေးကောက်ပြိုင်ပွဲပုံစံမှာ အောက်ပါအတိုင်းဖြစ်သည်။
ဂွေးသီးများကို အရောင်လေးမျိုးကွဲပြားမှုရှိအောင် ရှေးဦးစွာ အနီရောင်၊ အနက်ရောင်၊ အ၀ါရောင်နှင့် မူရင်း အစိမ်းရောင်များ သုတ်ချယ်ထားပြီး ကွင်းပြင်ကြီး၏ ဒေါင့်လေးခုတွင် အရောင်တူဂွေးသီးများကို စုပုံထားသည်။
ပြိုင်ပွဲဝင်မည့်ကျောင်းသားများက ကွင်းအလည်တည့်တည့် စက်ဝိုင်းကြီးထဲတွင် နေရာယူထားကြရသည်။ သက်ဆိုင်ရာဒိုင်လူကြီးက ခရာတွတ်လိုက်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲဝင်ကျောင်းသားများက ပြေး၍ ဒေါင့်လေးခုတွင်စုပုံထားသော ဂွေးသီးများကို ကောက်ယူရမည်ဖြစ်သည်။ မည်သည့်ဒေါင့်သို့ အလျင်ပြေးရမည်ဟု သတ်မှတ်မထားပေ။ ဒေါင့်စေ့အောင်ပြေးရမည်ဖြစ်ပြီး မိမိလက်ထဲတွင် ပါလာသော ဂွေးသီးများမှာလည်း အရောင်လေးမျိုးစုံရမည်ဖြစ်သည်။ ဒေါင့်တစ်ခုတွင် အရောင်တစ်မျိုးသာရှိသောကြောင့် ဒေါင့်စေ့အောင် မပြေးနိုင်ပါက အရောင်လည်း မစုံနိုင်ခြေ။ သယ်ယူရာတွင်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းဖြင့်သာ သယ်ယူခွင့်ပြုသည်။ အင်္ကျီအိပ် ဘောင်းဘီအိပ် စသည်ထဲ ထည့်ယူခွင့်မပြု။ ပါးစပ်နဲ့ ကိုက်ပြီး သယ်ယူနိုင်သည်။ လက်ကတီးကြားတွင် ညှပ်ပြီးလည်း ယူနိုင်သည်။ ဘယ်ညာလက်နှစ်ဘက်တွင်ထည့်ယူနိုင်သည်။ ပြေးရင်းလွှားရင်းလမ်းပေါ်တွင် လက်ထဲပါပြီးသော ဂွေးသီးများကို ပြုတ်မကျစေရ။ တစ်ဒေါင့်မှ သယ်လာသော ဂွေးသီးများကို အခြားတစ်ဒေါင့်တွင်လည်း မထားခဲ့ရ။ ထားခဲ့သည်ကို ဒိုင်လူကြီးများသိရှိပါက သက်ဆိုင်ရာကျောင်းသားကို ပြိုင်ပွဲမှ ထုတ်ပယ်မည်ဖြစ်သည်။ သတ်မှတ်ချိန်မှာ ခရာတွတ်အပြီး နှစ်မိနစ်သာဖြစ်သည်။ သတ်မှတ်ချိန်အတွင်း အရောင်လေးမျိုးစုံသောဂွေးသီးအလုံးရေ အများဆုံးသယ်ယူနိုင်သူကို ဗိုလ်စွဲစေ၍ ထိုက်တန်သော ဆုတံဆိပ် ချီးမြင့်မည်ဖြစ်သည်။

ပြိုင်ပွဲခရာမတွတ်မီ ကျောင်းအုပ်ကြီး ဦးပန်းသေက အောက်ပါအတိုင်း မိန့်ခွန်းချွေလိုက်သည်။
“မင်္ဂလာအလွန်ရှိတဲ့ နေ့ဖြစ်ပါတယ်။ ဒီကနေ့ဟာဆိုရင် ကျုပ်တို့ အလင်းတန်းရွာရှိ မူလတန်းကျောင်းလေးမှာ နှစ်ပေါင်းနှစ်ဆယ်အတွင်း မကျဉ်းပနိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်မျိုးကို စတင်ကျဉ်းပတဲ့နေ့ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမျိုးကို ဘယ်ရွာမှာမှ ယခင့်ယခင်က ကျဉ်းပခဲ့ဖူးခြင်းမရှိသလို ပြိုင်ပွဲစည်းကမ်းများကိုလည်း သင့်အတော်ဆုံးဖြစ်အောင် ကျုပ်စိတ်ကြိုက်ရွေးချယ်ချမှတ်ထားပါတယ်။ ရှေးဦးစွာ အပြေးသန်တဲ့ကျောင်းသားတွေကို ပါဝင်ခွင့်မပြုတာကတော့ ပြိုင်ပွဲကို တစ်ဖက်သတ်မပြီးဆုံးစေချင်လို့ပဲဖြစ်ပါတယ်။ မိန်းကလေးတွေကိုတော့ ဂွေးကောက်ပြိုင်ပွဲဆိုတဲ့ ဝေါဟာရနဲ့အညီ မသင့်တော်ဘူးထင်လို့ ချန်လှန့်ထားခဲ့ခြင်းဖြစ်ပါတယ်။ အဲ---နောက်ပြီး စည်းကမ်းပျက်ကျောင်းသားတွေကိုတော့ ဒဏ်ပေးတဲ့အနေနဲ့ မပါစေတာပါ။ နောက်ဆုံး ကျပ်ငွေသုံးရာထည့်ဝင်စေရတာကတော့ ကျုပ်သုံးဖို့၊ အဲလေ ယောင်လို့----ဟောဒီပြိုင်ပွဲမျိုးကို နောင်နှစ်တွေမှာလည်း ဆက်လက်ကျဉ်းပနိုင်ရေးအတွက် ရန်ပုံငွေစုတဲ့အနေနဲ့ ကောက်ခံရခြင်းဖြစ်ပါတယ်။ ကိုင်း အခုချိန်ကပြီး ပြိုင်ပွဲကို စတင်တော့မှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ရမည့်ပုံစံကိုလည်း အားလုံးသိကြပြီးဖြစ်တဲ့အတွက် အထူးပြန်မပြောတော့ပါဘူး။ မောင်သောကြာရေ---ခရာတွတ်လိုက်တော့ ဟေ့”

“ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

ရှည်လျားကျယ်လောင်သော ခရာသံကြီးတစ်ခုထွက်လာချိန်တွင် ကျောင်းသားများသည် ခြေဦးတည်ရာဒေါင့်များသို့ ကစဉ်ကလျားပြေးကြလေကုန်သည်။ ဂွေးသီးများကို အလုအယက်ကောက်ယူကြသည်။ တစ်ယောက်နှင့်တစ်ယောက် တွန်းတိုက်ကြသည်။ အချို့ကျောင်းသားများမှာ နောက်ထပ်ပြေးရမည့်ဒေါင့်များကျန်သေးသည်ကို သတိမထားပဲ လက်ထဲတွင် အရောင်တူဂွေးသီးများ ပါသလောက်သယ်ကြလေရာ အခြားဒေါင့်သို့ရောက်သောအခါ အရောင်ကွဲဂွေးသီးများကိုလည်းမကောက်နိုင်၊ လက်ထဲပါလာသောဂွေးသီးများကိုလည်း မထားခဲ့နိုင်ဖြစ်နေသည်ကို တွေ့ရလေသည်။ အချို့အကင်းပါးသော ကျောင်းသားများမှာ ဒေါင့်တစ်ခုတွင် အရောင်တူ ဂွေးသီးနှစ်လုံးကျကောက်ယူကာ ပြေးကြသည်။

နှစ်မိနစ်ပြည့်လေပြီ။ နောက်ထပ် အပိတ်ခရာ တစ်ချက်တွတ်လိုက်သည်။
“ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

သတ်မှတ်ထားသောနေရာသို့ သတ်မှတ်ချိန်အတွင်း ပန်းဝင်လာသူမှာ ကျောင်းအုပ်ကြီး ဦးပန်းသေ၏ မြေးကလေး မျောက်မူးလဲ ဖြစ်သည်။ ကျောင်းအုပ်ကြီးပျော်သွားသည်။ အုပ်ကြီးကတော် ဒေါ်ကွီနိုင်၏မျက်နှာမှာ ဆိုဘွယ်မရှိ။ မျောက်မူးလဲနောက်က ကပ်ပြီး ပန်းဝင်လာသူမှာ အတန်းထဲတွင် စာတော်ပြီး လူချစ်လူခင်ပေါသော ကျောင်းသားလေး မောင်ရဲဖြစ်သည်။ ကျန်ကျောင်းသားများမှာ သတ်မှတ်ချိန်အတွင်းမရောက်နိုင်ပဲ အလဲလဲ အပြိုပြိုဖြစ်နေကြသည်။ ဒိုင်လူကြီးများက စစ်ဆေးသည်။ မျောက်မူးလဲလက်ထဲတွင် စုစုပေါင်း အရောင်လေးမျိုးလုံးစုံသောရောင်ကွဲဂွေးသီးလေးခြောက်လုံးပါသည်။ ဒေါင့်လေးဒေါင့်သို့ ပြေးခဲ့ကြောင်း ထင်ရှားသည်။ သို့သော် သူ့နောက်က ကပ်ပါလာသော မောင်ရဲလက်ထဲတွင်မူ ရောင်ကွဲဂွေးသီး စုစုပေါင်း ကိုးလုံးပါသည်။ မောင်ရဲက ပါးစပ်တွင်ပါ တစ်လုံးကိုက်ပြီး ဘယ်ညာလက်နှစ်ဘက်တွင် လေးလုံးစီကိုင်ပြီးဝင်လာခြင်းဖြစ်သည်။ ထို့ကြောင့် အထက်ပါ---
(၁) သတ်မှတ်ထားသော အချိန်အတွင်းဖြစ်ရမည်၊
(၂) အရေအတွက်များရမည်၊
(၃) အရောင်စုံရမည်-ဟူသော စည်းကမ်းများအရ တစ်ယောက်ယောက်ကို ဗိုလ်စွဲစေဖို့ အခက်တွေ့နေသည်။

ကျောင်းအုပ်ကြီးက သူ့မြေးမျောက်မူးလဲကိုသာ ဗိုလ်စွဲစေလိုသဖြင့် အချိန်စောခြင်းကိုသာ အဓိကထားပြီးပြောနေသည်။ သို့သော် ဒိုင်လူကြီးများက အခြားစည်းကမ်းများလည်းရှိနေသေးကြောင်း ထောက်ပြပြီး ပူးတွဲပေးသင့်ကြောင်းအကြံပြုသောအခါ ကျောင်းအုပ်ကြီးဦးပန်းသေက အာဏာရှင်ပီပီ ပြိုင်ပွဲကို ဖျက်သိမ်းကြောင်း ကြေညာကာ ရေးဆွဲခဲ့သောစည်းကမ်းများ ရှုပ်ထွေးနေသဖြင့် ယနေ့ပြိုင်ပွဲတွင် မည့်သူ့ကိုမှ ဗိုလ်ပေးလို့ မဖြစ်နိုင်ကြောင်းပြောသည်။ ထို့ပြင် လာမည့်နှစ်တွင် အောင်အောင်မြင်မြင် ကျဉ်းပနိုင်ဖို့အတွက် ပြိုင်ပွဲဝင် စည်းကမ်းများကို ဒေါင့်ပေါင်းစုံမှ ကြည့်ရှုသုံးသပ်ကာ ပြန်လည်ရေးဆွဲရဦးမည်ဖြစ်ကြောင်း ပြောကြားလိုက်လေတော့သတည်း။

Saturday, March 13, 2010

ငရဲပြည်တော်လှန်ရေး


“ဒါ လုံးဝမတရားဘူး၊ လုံးဝမတရားဘူး” ခေါင်းတွင်ဦးချိုနှစ်ချောင်းစီပါပြီး ကျွဲမျက်နှာနှင့်တူသော ငရဲသားနှစ်ကောင် လက်ထဲတွင် ယက်ကန်ယက်ကန်ပါသွားရင်း မောင်သုတ အားရှိသမျှ ညှစ်အော်ပစ်လိုက်သည်။ တစ်နေရာရောက်သောအခါ မျက်လုံးတစ်ဖက်တည်းသာရှိပြီး အခန်းစောင့်ဖြစ်ဟန်တူသော ငရဲသားတစ်ကောင်က သူ့ခါးကြားမှ သော့ကိုဖြုတ်၍ အခန်းတံခါးဖွင့်ကာ မောင်သုတကို မှောင်မည်းနေသော အခန်းတွင်းသို့ တွန်းထည့်လိုက်သည်။ ယင်းသည့်နောက် လာပို့သော ငရဲသားများ ဘာမှမပြောပဲ လှည့်ပြန်သွားကြသည်။ အခန်းထဲတွင် မောင်သုတတစ်ယောက်တည်း မောဟိုက် ပျော့ခွေကာ ခေတ္တ ငြိမ်နေလိုက်ရသည်။ စိတ်ဆိုးသည်၊ ဒေါသဖြစ်သည်၊ ငရဲမင်းဆိုသူ၏ စီရင်ချက်ကို မကျေနပ်။ မတရားသော စီရင်ချက်ဟု မောင်သုတ မှတ်ယူသည်။

အပြင်ဘက်တွင် အလင်းရောင်ဖျော့ဖျော့ကို မြင်နေရသည်။ တံခါးဝအနားကပ်ပြီး ကြည့်လိုက်သောအခါ အခန်းသော့ဖွင့်ပေးသော မျက်လုံးတစ်ဖက်လပ်ငရဲကောင်ကို မြင်နေရသည်။ မောင်သုတ စကားပြောမည်ဟု ကြံကာ “ဗျို့” ဟု လှမ်းအော်ကြည့်သည်။ ငရဲကောင်က ဘာမှပြန်မထူး။ ငရဲရောက်လာတဲ့လူတစ်ယောက်ဆီက မတရားသိမ်းယူထားသော ဆေးပြင်းလိပ်တစ်လိပ်ကို အားရပါရရှိုက်ဖွါရင်း ခွေးခြေတစ်ခုပေါ်ထိုင်ကာ ဇိမ်ယူနေသည်။ “ဗျို့----ဗျို့----ဟို မျက်လုံးတစ်ဖက်နဲ့ အကောင်ကြီး” ဒုတိယအကြိမ် လှမ်းအော်လိုက်သောအခါ ငရဲကောင် ရှူးရှူးရှဲရှဲ ဒေါသထွက်သွားပုံရသည်။ မောင်သုတအနား ထလာကာ “ဟေ့ကောင် သေသွားချင်သလား၊ ငါ့ကို အကောင်ကြီးလို့မခေါ်ရဘူးကွာ့မှတ်ထား၊ အကိုကြီးလို့ခေါ်” ဟု ငေါက်ပြောပြောလိုက်သည်။

မောင်သုတ စိတ်လေသွားသည်။ သို့သော် သူ့နေရာမို့ သည်းခံကာ “အော်၊ ဟုတ်ကဲ့ အကိုကြီး၊ ကျွန်တော် အထာမသိလို့ပါ၊ ဒါနဲ့ အခုကျွန်တော် ရောက်နေတာ ဘယ်နေရာလဲဗျာ့” ဟု မရဲတရဲလှမ်းမေးလိုက်သည်။ “ဘယ်နေရာရမှာလဲကွာ့၊ ငရဲပေါ့”၊ စိတ်မရှည်သောလေသံဖြင့် ငရဲကောင်က ဖြေလိုက်သည်။ “အော်၊ ဟုတ်ကဲ့၊ ငရဲလို့တော့ ထင်ပါတယ်ခင်ဗျား၊ ဒါပေမဲ့ ဘာငရဲလဲ ဆိုတာ တစ်ဆိပ်လောက်ပြောပြပေးပါလား အကိုကြီး” သိချင်တာ သိရဖို့အတွက် မောင်သု မျက်နှာချိုသွေးလိုက်ရသည်။ ငရဲကောင်ခမျာ အမေးအမြန်းထူသော မောင်သုတကို စိတ်ရှည်ဟန်မတူ။ “ကျောက်ဆည်ငရဲကွ၊ ကျောက်ဆည်ငရဲ၊ ကဲသိပြီလား၊ သယ်----” ဟုပြောပြီး တစ်ဖက်လှည့်သွားလေရာ မောင်သုတခမျာ “ဗျာ------” ဟုသာ အသံထွက်နိုင်ရှာတော့သည်။

ထို့နောက်ငရဲကောင်က လက်ကြားထဲ ညှပ်ထားသော ဆေးလိပ်တိုကို ကောက်ဖွါလိုက်သည်။ သို့သော် မောင်သုလေကျောရှည်နေသဖြင့် ဆေးလိပ်တိုမှာ မီးငြိမ်းနေပြီဖြစ်ရာ ငရဲကောင် တိုး၍ ဒေါသထွက်သွားပုံရသည်၊ သူ့မျက်လုံးထဲမှ အခိုးအငွေ့များထွက်လာသည်။ ဆေးလိပ်တိုကို မျက်လုံးသို့ ထိုးကာ မီးညှိယူလိုက်သည်။ ယင်းနောက် မောင်သုတဘက် ပြန်လှည့်ကာ------

“ဟေ့ကောင် မင်းတော်တော် အမေးအမြန်းထူတဲ့ကောင်ပဲ၊ ဒီမှာ မင်းမှတ်ထားဖို့က ဒီငရဲကို ငါတို့ကျောက်ဆည်ရွာက သူကြီးရေမြင်းထောင်ထားတာကွာ့၊ အနှစ်နှစ်ဆယ်တောင်ကျော်ပြီ။ ငါတို့မရောက်ခင်တုန်းကရှိတဲ့ငရဲတွေ အားလုံးဖျက်သိမ်းလိုက်တယ်။ လောဟကုမ္ဘီလည်းမရှိတော့ဘူး၊ အ၀ီစိလည်းမရှိတော့ဘူး၊ ကျောက်ဆည်ငရဲပဲ ရှိတယ်။ အရင်ကရှိခဲ့တဲ့ ငရဲစည်းမျဉ်းစည်းကမ်းတွေကို အကုန်ဖျက်သိမ်းပြီး တစ်ခုတည်းပဲ ချန်ထားတယ်။ ငါတို့က စည်းကမ်းများရင် ငရဲကျသူတွေ များမှာစိုးလို့ လူတွေကို သနားငဲ့ညှာတဲ့အနေနဲ့ ယခင်စည်းကမ်းတွေကို မထားတော့ဘူး။ ဖာထောင်၊ ဘိန်းရောင်း၊ ချဲဒိုင်ဖွင့်၊ လာဘ်ပေးလာဘ်ယူ၊ အဲဒါတွေ အားလုံး ဒီမှာ စည်းကမ်းလုပ်မထားတော့ဘူး၊ လူထုကို ငဲ့ညှာပြီး ငါတို့မင်းကြီးက လျှော်ပစ်လိုက်ပြီ။ လက်ရှိစည်းကမ်းကတော့ “ငရဲမင်းနဲ့ သူ့အဖွဲ့သားတွေကို သောက်မြင်ကပ်အောင် လုပ်တဲ့လူမှန်သမျှ ငရဲကျစေ” ဆိုတဲ့စည်းကမ်းပဲ၊ ဒါ မြဲမြဲမှတ်ထား” ဟု ဗလုံးမထွေးပြောလိုက်လေတော့သည်။

“ဘုရား ဘုရား”၊ မောင်သုတ တိုးညှင်းစွာ ဘုရားတလိုက်မိသည်။ “ဒီအတိုင်းဆိုရင်တော့ အကုန်ဗရမ်းဗတာဖြစ်နေတော့မှာပဲ၊ မဖြစ်ချေဘူး၊ တစ်ခုခုတော့ လုပ်မှ”၊ တွေးဖြစ်သည်။ သို့သော် ငရဲကျနေရင်း ဘာလုပ်ရမည်နည်း? သူမသိ။ ထို့ကြောင့် လွတ်မြောက်ဖို့အတွက် အရင်စဉ်းစားရသည်။ ထွက်ပြေးဖို့ မစဉ်းစား။ တခြားလွတ်မြောက်နိုင်သည့်နည်းလမ်းကို တွက်ကြည့်သောအခါ သောက်မြင်ကပ်ပုဒ်မအရ ကျနေကြောင်းသိရသဖြင့် မတတ်နိုင်တော့၊ သက်ဆိုင်ရာ ငရဲမူးကို မျက်နှာလုပ်ရတော့မည်။ အပြင်ရောက်မှ စည်းရုံးလှုပ်ရှားမှု ပြုရမည်။ မောင်သုတ စိတ်တွက်တွက်နေသည်။ ထိုနေ့မှစ၍ မောင်သုတ ငရဲကောင်များနှင့် တည့်အောင်ပေါင်းယုံမက သက်ဆိုင်ရာ ငရဲမူးကြီးကိုပါ ပေး၊ ကျွေး၊ အရက်တိုက်၊ ဖာရုံပို့ လုပ်ကာ မျက်နှာလုပ်လေရာ မကြာမီသောကာလအတွင်း ငရဲချုပ်မှ လွတ်မြောက်လာလေတော့သည်။

အပြင်ရောက်သွားသော်လည်း မောင်သုတသည် ငရဲကောင်များနှင့် အပေါင်းအသင်းမပျက်နေသည်၊ ကိုယ်ပေါင်း စိတ်ခွါလုပ်၍ နေရသည်။ ငရဲကောင်များကို သူတို့အကြိုက်ဖြစ်သော အရက်ဆိုင်များ၊ ဘားခန်းများ၊ ကာရာအိုကေများသို့ ခေါ်ဆောင်ပို့ပေး အပေါင်းအသင်းလုပ်ရင်း သူ့အိုင်ဒီယာများကို တဖြေးဖြေးချင်းရိုက်သွင်းကာ စည်းရုံးသည်။ ငရဲရပ်ကွက်ထဲရှိ သက်ဆိုင်ရာ ၀န်ထမ်းများကိုလည်း အသိဝင်လာအောင် တဖြေးဖြေးလှုံ့ဆော်ယူသည်။ အစတွင် ငရဲမင်းသူကြီးရေမြင်း၏ ရက်စက်မှုကို ထိပ်လန့်ကြောက်ရွံ့နေသော်လည်း နောက်ပိုင်းတွင် ငရဲဝန်းထမ်းတွေလည်း သူကြီးရေမြင်း၏ မတရားမှုကို စက်ဆုပ်နေကြသည်ဖြစ်ရာ မောင်သုတ၏ အကြံကို လက်ခံလာကြသည်။ သို့ဖြင့် ငရဲတော်လှန်ရေး စတင်မည့်နေ့ကို သတ်မှတ်ကာ သက်ဆိုင်ရာ ငရဲဝန်ထမ်းများ၊ ငရဲရပ်ကွက်သားများအားလုံး ယင်းတို့၏ နေအိမ်အသီးသီးတွင် အနည်းဆုံးတစ်ပတ်လောက်စားသောက်နိုင်သော ကုန်စုံကုန်ခြောက်များကို ၀ယ်ယူ စုဆောင်းလေတော့သည်။

ငရဲတော်လှန်ရေး ပထမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၀)ရက်၊ ၂၀၁၀-ခု။
ထိုနေ့တွင် ငရဲဝန်ထမ်းများ အားလုံး ရုံးမတက်၊ နံနက် (၆) နာရီမှသည် ညနေ (၆)နာရီအတွင်း ငရဲရပ်ကွက်သားများအားလုံး မည်သူမှ အပြင်မထွက်။
ယင်းကြောင့် ငရဲမင်းသူကြီးရေမြင်းနှင့် သူ၏ ငရဲအရာရှိကြီးများ အားလုံး ထိပ်ထိပ်ပျာပျာဖြစ်သွားကာ မီးလျံငရဲရုပ်သံမှတစ်ဆင့် ညရှစ်နာရီသတင်းတွင် ရုံးမတက်သော ငရဲဝန်ထမ်းအားလုံး နောက်တစ်နေ့ရုံးမတက်ပါက အလုပ်ဖြုတ်မည်ဖြစ်ကြောင်း မိုက်မိုက်ကမ်းကမ်းကြေညာသည်။

ငရဲတော်လှန်ရေး ဒုတိယနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၁)ရက်၊ ၂၀၀၁။
ရှေးနေ့အတိုင်း ငရဲဝန်းထမ်းများလည်း ရုံးမတက်၊ ငရဲရပ်ကွက်သားများတစ်ယောက်မှ အပြင်မထွက်၊ ငရဲဈေးဆိုင်မှန်သမျှ ပိတ်။
ယင်းကြောင့် ငရဲမင်းသူကြီးရေမြင်း အကြီးအကျယ်စိတ်ဆိုးသည်။ အနီးရှိငရဲအရာရှိများကို သူကလွဲရင် အလွန်ကောက်ကျစ်ယုတ်မာသူများအဖြစ် ဆဲရေးသည်။ ထို့နောက် ညရောက်သောအခါ မီးလျံငရဲရုပ်သံမှတစ်ဆင့် ရုံးမတက်သော ငရဲဝန်ထမ်းများကို တကယ်အလုပ်ဖြုတ်မည်ဖြစ်ကြောင်း ကြေညာပြန်သည်။

ငရဲတော်လှန်ရေး တတိယနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၂)ရက်၊ ၂၀၀၁။
ငရဲပြည်လမ်းမပေါ်တွင်ပြေးဆွဲနေသော ကားများအားလုံး မပြေးဆွဲတော့၊ ငရဲဝန်ထမ်းများ၊ ငရဲသားများအားလုံး ကိုယ့်နေအိမ်အတွင်းသာနေကြသည်။ ဈေးဆိုင်မှန်သမျှလည်း ရှေးနေ့အတိုင်း ပိတ်ထားကြသည်။ လမ်းပေါ်တွင် ငရဲသူကြီးရေမြင်း သြဇာကို ဘုမသိဘမသိနာခံနေသော ငရဲကောင်များ မီးဒုတ်များကိုင်ကာ သွားလာနေသည်ကို တွေ့နေရသည်။ သူတို့သွားလာနေသည်မှာ ရန်သူကို ရှာသည်နှင့်မတူ၊ စားစရာဝယ်ဖို့ ထွက်လာကြပုံရသည်။ သို့သော် မည်သည့်ဆိုင်မှ မရောင်းချသဖြင့် ခဏကြာသော် မြင်ကွင်းမှ ပျောက်သွားကြသည်။ ဒီနေ့မီးလျံရုပ်သံတွင် မည်သည့်အသံမှ မကြားရတော့၊ အဘယ်ကြောင့်ဆိုသော် မီးလျံရုပ်သံဝန်ထမ်းများလည်း မည်သူမှ ရုံးမတက်ကြသောကြောင့်တည်း။


ငရဲတော်လှန်ရေး စတုတ္ထနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၃)ရက်၊ ၂၀၀၁။
ဒီနေ့တွင် ငရဲဝန်ထမ်းများအပြင်၊ အခြားပုဂ္ဂလိက ၀န်ထမ်းများပါ အလုပ်မဆင်းပဲ အိမ်တွင်းပုန်းလုပ်နေကြသည်။ ထို့ကြောင့် ငရဲမင်းလုပ်ငန်းများအပြင်၊ ပုဂ္ဂလိက လုပ်ငန်းများပါ အားလုံးရပ်ဆိုင်းသွားရသည်။ ငရဲပြည်ယန္တယားကြီးတစ်ခုလုံးရပ်ဆိုင်းသွားသည်။


ငရဲတော်လှန်ရေး ပဉ္စမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၄)ရက်၊ ၂၀၀၁။
ငရဲအစိုးရ၀န်ထမ်းများ၊ ပုဂ္ဂလိက၀န်ထမ်းများ အပြင် ငရဲကောင်များပါ အပြင်မထွက်ကြတော့။ ငရဲကောင်များ အပြင်မထွက်သည်မှာ အပြင်ဘက်တွင် မည်သည့်အရာမျှ မရနိုင်သောကြောင့်ဟု သိရသည်။


ငရဲတော်လှန်ရေး ဆဋ္ဌမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၅)ရက်၊ ၂၀၀၁။
ငရဲမင်းသူကြီးရေမြင်းကို ဖြုတ်ချလိုက်ပြီး ဒီမိုကရေစီစနစ်ဖြင့် ငရဲအုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်မည်ဖြစ်ကြောင်း မီးတောင်ရေဒီယိုမှ အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ကြပ်ခေါင်က ကြေညာပြီး၊ မီးလျံရုပ်သံက ၀န်ထမ်းများကို ပုံမှန်အတိုင်းရုံးပြန်တက်ဖို့ တောင်းပန်လိုက်သည်။ ထို့ပြင် သောက်မြင်ကပ်ပုဒ်မဖြင့် ငရဲကျနေသော ငရဲသားအားလုံးကိုလည်း လွှတ်ပေးလိုက်သည်။ ရေဒီယိုနားထောင်သော ငရဲဝန်ထမ်းများ၊ ငရဲရပ်ကွက်သားများအားလုံး ပျော်ရွှင်ကြသည်။


ငရဲတော်လှန်ရေး သတ္တမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၆)ရက်၊ ၂၀၀၁။
နံနက်ခင်းတွင် ငရဲဝန်ထမ်းများ ရုံးမတက်ကြပဲ ငရဲရပ်ကွက်သားများနှင့်ပေါင်းကာ လမ်းမပေါ်ထွက်ပြီး ငရဲထောင်မှထွက်လာသူများကို ကြိုဆိုကြသည်၊ ယာယီဒီမိုကရေစီအုပ်ချုပ်ရေးအဖွဲ့ ချက်ချင်းဖွဲ့ပေးဖို့တောင်းဆိုသည်။ ငရဲမင်းပြုတ်သူကြီးရေမြင်းနှင့် သူ့နောက်လိုက်အချို့ကို အရေးယူပေးဖို့ပါ တောင်းဆိုသည်။ ညရှစ်နာရီ မီးလျံရုပ်သံတွင် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ကြပ်ခေါင်က တရားသဖြင့်တောင်းဆိုမှုမှန်သမျှကို အမြန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အာမခံကာ ဒီနေ့မှသည် နောက်လာမည့် သုံးလအတွင်း လွတ်လပ်ပြီးတရားမျှတသော ငရဲဒီမိုကရေစီအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပေးမည်ဖြစ်ကြောင် ငရဲကမ္ဘာတစ်ခုလုံးသို့ ကတိပေးကြေညာလိုက်သောအခါ----

မောင်သုတခမျာ ၀မ်းသာလွန်းအားကြီးသဖြင့် “ဟေး-----------” ကနဲ အသံကျယ်ကြီးဖြင့် အော်လိုက်ရာ အနားအိပ်ပျော်နေသော ဇနီးချောလေး ခင်သုဝေပင် လန့်၍ နိုးထကာ “အကို ဘာဖြစ်တာလဲ ဟင်” ဟုမေးလိုက်ရလေတော့သတည်း။

Thursday, March 4, 2010

အောင် ဇေယျတု


ဘလော့ဂါ အစုံစေ့၊ လည်မှုနှင့် နေကုန်
နင် ယခုဖြစ်ပုံကို၊ လှစ်မယ်ယုံ အဆန်း
စာမေးပွဲနီးတဲ့အခါ၊ မောရမှာ ဖြစ်တော့မခန်း
စာမေးပွဲဖြေတဲ့အခါ၊ ခေါင်းမဖေါ်စတမ်း
နောက်တစ်ခါ ထပ်ဖြေရမည့်အဖြစ်၊ နင်မျှော်စမ်း နင့်ကို
အချိန်ရယ် ရပါလျက်ကယ်နှင့်၊ နင့်အပျင်း ပိုထက်သာပို
ဒီပျင်းတဲ့ အကျင့်တွေကို၊ အခုပင် ရှောင်ခွါလို့
နောင်အခါ အောင်ဖို့ကြံလျှင်၊ အောင်ရမည်ပင်
အောင်ဖို့အတွက် နင်ပြင်ဆင်၊ အောင်လိမ့်မည်မလွဲပေမို့
အောင်တိတ်နဲ့ အောင်နိမိတ်ဆောင်မယ်
အောင်ထိပ်ခေါင် ဗိုလ်မင်းပါဗျာ့လေး။



Monday, March 1, 2010

မြန်မာပြည် ဘုရားကြွခဲ့သလား?


မူလတန်းကျောင်းဆရာလေး ကိုသောကြာတစ်ယောက် ရွာဦးကျောင်းထိပ်ရှိ ဘုရားကုန်းတော်ပေါ်သို့ ရောက်သွားချိန်မှာ ညနေ လေးနာရီထိုးပြီးခါစဖြစ်သည်။ အရှေ့ကျွန်းမှ ထွက်လာသော နေမင်းသည်ပင် တစ်နေ့တာ တာဝန်ပြီးလုပြီမို့ အနောက်ဂေါယာသို့ ယွန်းလုလုအချိန်။ သို့သော်လည်း နေ့တာရှည်ယာသီစက်မို့ နေရောင်မှာ တောင်ပကောင်းတုန်းပင်ရှိသေးသည်။ ကုန်းတော်ပေါ်သို့ရောက်သွားချိန်တွင် အဘိုးနှစ်ယောက် စကားတပြောပြောနှင့် တံမျက်လှည်းရင်း ဘုရားပရိဝုဏ်အတွင်း သန့်ရှင်းရေး လုပ်နေကြသည်ကို ကြည်နူးဖွယ် တွေ့လိုက်ရသည်။ ကိုသောကြာ ၀မ်းသာသွားသည်။

သောကြာ။ ။အဘိုးတို့ နေကောင်းကြလား?

ဦးရှင်။ ။ကောင်းတာပေါ့ မြေးလေးရ၊ ကောင်းလို့ပဲ ဒီလာပြီး ဘုရားဝေယာဝေစ္စတွေ လုပ်နေနိုင်တာပေါ့။

ဦးတင်။ ။ဒါနဲ့ မောင်သောကြာရေ၊ မနေ့က မင်းအမေ အညာဘုရားဖူးရာက ပြန်လာဆိုကွာ့၊ အဘိုးတို့အတွက် ပုန်းရည်ကြီးလေး ပဲလှော်လေးများ ပါဘူးလားကွာ့?

သောကြာ။ ။ပါ ပါပြီကော အဘိုးရာ၊ အဲဒါလာပို့ရင်း အခုလာခဲ့တာပဲလေ။ ဆရာတော်ကျောင်းအတွက်လည်း လှူခိုင်းလိုက်တယ်။ အမေကတောင် မှာလိုက်သေးတယ်။ အမေပြုခဲ့တဲ့ ကောင်းမှုမှန်သမျှ အဘိုးတို့ကိုလည်း ပေးဝေကြောင်း ပြောလိုက်ပါတဲ့။

ဦးရှင်။ ။သာဓုပါဗျာ၊ သာဓုပါ သာဓုပါ။ ကောင်းမှုကုသိုလ်ဆိုတာ ကိုယ်တိုင်ပြုပြီးရင် သူများကိုလည်း ပေးဝေရတယ်ကွဲ့၊ အဲဒါမှ ပိုပြီး အကျိုးကြီးတာကလား။

ဦးတင်။ ။နေပါဦးမောင်သောကြာရဲ့၊ မောင်ရင့်အမေက အညာတစ်ခွင် ဘယ်ဘုရားတွေများဖူးခဲ့တာလဲ၊ ပြောစမ်းပါဦး။

သောကြာ။ ။အစုံပေါ့၊ အဘိုးရ၊ ပုဂံ၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း၊ ဟိုးမကွေးက ရွှေစက်တော်တောင် ပါသေးတယ်။

ဦးရှင်။ ။ဟာ့ ရွှေစက်တော်ဆိုလို၊ ငါ့စိတ်ထဲ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သိချင်နေတာလေးတွေရှိတယ်ကွာ့၊ မောင်တင်ရ အဲဒီရွှေစက်တော်အကြောင်း မင်းသိသလောက် ပြောစမ်းပါဦး။

ဦးတင်။ ။ဟာဗျာ၊ အကိုကြီးကလည်း၊ ရွှေစက်တော်အကြောင်း ကျုပ်က ဘာများသူများထက် ပိုသိနေရဦးမှာတုန်း၊ အများသူငါ မှတ်ထားသလို ခရစ်မပေါ်မီ ဘီစီ ခြောက်ရာစုလောက်က မြန်မာပြည်ကို ဘုရားကြွလာတယ်၊ နောက်ပါ ရဟန္တာငါးရာနဲ့အတူ ကျောင်းတော်ရာမှာ သီတင်းသုံးတယ်၊ အဲဒီနောက် နမ္မဒါမြစ်ထဲက နဂါးတောင်းပန်လို့ မြစ်ကမ်းပါးမှာ အောက်ခြေတော်ရာနဲ့၊ တောင်ထိပ်က သစ္စဗန္ဓရဟန်းတော်တောင်းပန်လို့ အထက်ခြေတော်ရာဆိုပြီး ခြေတော်ရာနှစ်ဆူ ချန်ရစ်ခဲ့တယ်။ အဲဒါပဲသိတာပေါ့ဗျာ့။

ဦးရှင်။ ။အဲဒါတော့ ငါလည်း သိပြီးပါပေါ့ ညီမောင်ရ။ ငါသိချင်တာက ဘုရားတကယ်ကြွလာလို့လား? ဘုရားတကယ်ကြွလာတယ်ဆိုတဲ့အကြောင်း စာပေအထောက်အထား ရှိလို့လား? အဲဒါသိချင်တာ။

ဦးတင်။ ။အဲဒါတော့ ကျုပ်လည်း သိဘူးဗျို့။ ဒါပေမဲ့ စာပေမှတ်တမ်းတွေအရပြောရရင်တော့၊ နှစ်ခုစလုံးဖြစ်နိုင်နေတာပဲ။

ဦးရှင်။ ။အဲလိုတော့ ၀ါးမချနဲ့လေ။ ကြွရင်ကြွတယ်၊ မကြွရင် မကြွဘူးပေါ့။ ဘာဖြစ်လို့ နှစ်ခုစလုံးဖြစ်နိုင်ရမှာတုန်း။

ဦးတင်။ ။အော်---ဖြစ်နိုင်တယ်ဆိုတာ ကြွတယ်၊ မကြွဘူးဆိုတာကို ပြောတာမဟုတ်ဘူးလေ။ ကြွတဲ့ဘက်မှာလည်း ပါးစပ်ရာဇ၀င်တွေ အထောက်အထားတွေ ရှိသလို၊ မကြွတဲ့ဘက်မှာလည်း အကြောင်းပြချက်တွေ ရှိနေတာပဲ။ သေချာတာကတော့ ဘယ်သူမှ တိတိကျကျမသိဘူး။ ကြည်ညိုတဲ့စိတ်နဲ့၊ ဒါမှမဟုတ် ဝေဘန်လိုတဲ့စိတ်နဲ့ အငြင်းအခုံဖြစ်နေကြတာ မဟုတ်လား?

ဦးရှင်။ ။အငြင်းအခုံလို့ ပြောချင်လည်း ပြောပေါ့လေ၊ ဒါနဲ့ စာပေအထောက်အထားတွေ ပါးစပ်ရာဇ၀င်တွေဆိုတာတွေက ဘာတွေတဲ့တုန်း၊ ပြောစမ်းပါဦး။


ဦးတင်။ ။ပါးစပ်ရာဇင်တွေကတော့ မြန်မာမှာတင်မဟုတ်၊ ကျုပ်တို့ ထေရ၀ါဒနိုင်ငံတွေမှာရော၊ ဟိုး မဟာယာနနိုင်ငံတွေမှာပါ ရှိနေတာပဲ။ကျုပ်အထင်ပြောရရင် ထေရ၀ါဒဖြစ်ဖြစ်၊ မဟာယာနဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာ သူတို့နိုင်ငံကို ဘုရားကြွခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီတော့ အနည်းဆုံးရှိနေတာပဲ။ ဘုရားက ကျုပ်တို့တိုင်းပြည်တင်မကဘူး၊ တိဘက်ရော၊ ထိုင်းရော၊ လာအိုရော၊ သီရိလင်္ကာရော အကုန်ရောက်တယ်ဗျား။ သီရိလင်္ကာဆို သုံးခေါက်တောင် ကြွတယ်လို့ သူတို့သမိုင်းတွေက ရေးထားသေးဗျား။

ဦးရှင်။ ။ဟုတ်လား? ကျုပ်မှတ်ထားဖူးတာတော့ ဘုရားက ယူဇနာ (၉၀၀) ရာအတွင်းပဲ ကြွတယ်၊ အဲဒီအပြင်ဘက် မထွက်ဘူးလို့ မှတ်ထားဖူးတယ်။ မင်းပြောတဲ့ ဒဏ္ဍာရီတွေ အရဆိုရင် ယူဇနာကိုးရာအတွင်း ဘယ်ကမလဲ။

ဦးတင်။ ။အဲဒီယူဇနာကိုးရာပြဿနာကတော့ တော်တော်ကြီးတယ်ဗျို့၊ ကြီးပုံကြီးနည်းက ကျုပ်သိသလောက် ပြောရရင် နှစ်မျိုးရှိတယ်။ တစ်က အတိုင်းအတာအရလည်း ပြဿနာဖြစ်နေသလို၊ နှစ်က ဘုရားရှင်ရဲ့ မဟာကရုဏာတော်အရလည်း ပြဿနာပဲ။

ဦးရှင်။ ။မင်းပြောတော့ စိတ်ဝင်စားစရာပါလားဟာ့၊ ဘာတဲ့တုန်း လင်းစမ်းပါဦး။

ဦးတင်။ ။ ဒီလိုလေ အကိုကြီးရ၊ ယူဇနာဆိုတဲ့ အသုံးအနှုံးရဲ့ အတိုင်းအတာပေါ့။ ၀ါဒတွေ အနည်းဆုံး သုံးမျိုးလောက် ကွဲလွဲနေတယ်။ တစ်ယူဇနာရဲ့ အတိုင်းအတာကို အချို့က ၁၂-မိုင်၊ အချို့က ၈-မိုင်၊ အချို့က ၇-မိုင် တဲ့။ အဲဒါမခက်ဘူးလား?၊ အနောက်တိုင်းက ဗုဒ္ဓစာပေဆိုင်ရာ ပါရဂူကြီးတွေကတော့ တစ်ယူဇနာကို ၇-မိုင်နဲ့ လက်ခံထားကြတယ်။

ဦးရှင်။ ။အင်း၊ အဲဒါတော့ ငါလည်း ဘ၀င်မကျတဲ့ ကိစ္စပဲ။ ဒါပေမဲ့ ဟိုးနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်မှာ သုံးခဲ့တဲ့ အတိုင်းအတာဆိုင်ရာ အသုံးအနူံးတစ်ခုကို ဒီခေတ်အမြင်နဲ့ တွက်ကြည့်ရင်တော့ ကွဲလွဲချက်က အနည်းအများဆိုသလို ရှိနေမှာပါပဲ။ တစ်ယူဇနာကို ၁၂-မိုင်နှုံးနဲ့ တွက်ရင်တောင် ယူဇနာကိုးရာဆိုတော့ မိုင်ပေါင်း တစ်သောင်းရှစ်ရာပဲရှိသေးတယ်။ ဘုရားရှင်က အဲဒီအတွင်းပဲ နေတယ် လို့ဆိုလိုရာ ရောက်နေတာပေါ့။

ဦးတင်။ ။ဒါပေါ့ အကိုကြီးရ၊ ကျုပ်ကတော့ အဲဒီကိစ္စကို နည်းနည်းမှ ဘ၀င်မကျဘူး။ ကြည့်လေဗျာ “ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ” သတ္တ၀ါ အားလုံး ကောင်းစားဖို့ ဘုရားပွင့်လာတာ ဖြစ်တယ် လို့လည်း ဆိုသေးရဲ့။ ဒီယူဇနာကိုးရာအတွင်းပဲ ဘုရားနေတယ်၊ အပြင်ဘက်မထွက်ဘူးဆိုတော့ အဓိပ္ပါယ်က ယူဇနာကိုးရာ အပြင်ဘက်က သက်ရှိတွေကို သတ္တ၀ါစာရင်း မသွင်းတဲ့ သဘော မသက်ရောက်ဘူးလား၊ ဒီထက် ပိုပြောရရင် လူရာမသွင်းတဲ့ ကိစ္စပေါ့ဗျာ့။ ဘုရားရှင်သက်တော်ထင်ရှားရှိတဲ့အခိုက်မှာ တရားသိနိုင်တဲ့လူတွေ မြန်မာပြည်မှာ မရှိလို့ဆိုတဲ့ အကြောင်းမျိုးတော့ လာမပြနဲ့၊ သမိုင်းကြောင်းအရ ဘုရားရှင်မရှိတဲ့နောက် သာသနာရောက်လာပြီးနောက်ပိုင်းမှာကိုပဲ တရားကျင့်လို့ ရဟန္တာဖြစ်သွားတယ်ဆိုတဲ့ အထောက်အထားတွေ မြန်မာစာပေမှာ အများကြီးရှိနေတာပဲ။

ဦးရှင်။ ။အင်း ဟုတ်တယ်ကွာ့၊ အဲဒီလိုတွေးကြည့်တော့လည်း ရှေ့နောက် တော်တော်မညီတဲ့ ကိစ္စပဲ။ ဒါနဲ့ မင့်သဘောက ဘယ်လို ရှိလဲ၊ ပြောပါဦး?

ဦးတင်။ ။ယူဇနာကိုးရာအတွင်း ဘာညာဆိုတဲ့ စကားတွေက ဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်လောက်ကြာမှ ပေါ်လာတဲ့ စကားတွေဗျာ့၊ အဲဒီအဆိုမျိုးတွေ အဖွင့်ကျမ်းတွေကို ကြည့်ရင် နေရာတော်တော်များများမှာ တွေ့နိုင်တယ်။ အဖွင့်ကျမ်းတွေကို ဝေဘန်ရလောက်အောင် ကျုပ် ဉာဏ်မမီပါဘူး၊ ဒါပေမဲ့ ဒီကိစ္စကိုတော့ လက်မခံနိုင်တာ အမှန်ပဲ။ ဒါ နောက်ပေါ် အင်ဒိယသားတွေက ဘုရားကို သူတို့ပိုင် မနိုပိုလီ လုပ်ချင်တဲ့ သဘောပဲလို့ ကျုပ်ယူဆတယ်။ ဒီထက်ပိုပြောရရင် သူတို့နိုင်ငံအပြင်ဘက်က လူတွေကို လူရာမသွင်းချင်တဲ့ သဘောလို့ ကျုပ်တော့ မြင်တယ်ဗျား။

ဦးရှင်။ ။ဟာ့ ပြင်းထန်လှပါလား၊ နည်းနည်း လျှော့ပါဦး ညီလေးရ၊ တော်ကြာ ရွာဦးကျောင်းဆရာတော်ရဲ့ လေးခွစာမိနေပါဦးမယ်။

ဦးတင်။ ။လျှော့လို့မရဘူး အကိုကြီး၊ ဒီကိစ္စတော့ ဘယ်သူနဲ့ ပြောရပြောရ ကျုပ်ကတော့ ဘုရားရှင်ရဲ့ မဟာကရုဏာတော်ဘက်က ရပ်တည်ရမှာပဲ။

ဦးရှင်။ ။ဘယ်လိုရပ်တည်မှာတုန်း ပြောစမ်းပါဦး၊ ငါတော့ ဒီကိစ္စ အခုမှလေးနက်မှန်း သဘောပေါက်တယ်။ မင့်မှာလည်း အထောက်အထားတော့ ရှိပုံရတယ်။

ဦးတင်။ ။အထောက်အထားရယ်တော့ ဘယ်ဟုတ်ပါ့မလဲဗျာ၊ ဒါပေမဲ့ ယုတ္တိကို စဉ်းစားကြည့်ရတာပေါ့။ သတ္တ၀ါများကောင်းစားဖို့ ဘုရားပွင့်လာတာကို လက်ခံရင် ဘုရားကို ယူဇနာကိုးရာအတွင်း သိမ်းထားလို့ ဘယ်ဖြစ်ပါ့မလဲ၊ အပြင်ပေးထွက်ရမှာပေါ့။ အဲဒီကုလားဆိုတဲ့ လူမျိုးက အတ္တအဆန်ပြိုင်ရင် ဘယ်သူနဲ့ ပြိုင်ပြိုင် အနိုင်ပြိုင်မည့် လူစားမျိုးတွေ၊ စာပေတွေက သူတို့ဆီက ဖြစ်လာတာဆိုတော့ သူတို့ရေးချင်သလို ရေးတာလည်း မနည်းဘူးနေမှာ။

ဦးရှင်။ ။ဟာ့ ဟာ့၊ မင့်ပြောတာ နည်းနည်းတော့ ပြင်းထန်နေတယ်ကွာ့၊ တော်ကြာ ဂိုဏ်းခိုက်နေပါဦးမယ် ညီလေးရ။

ဦးတင်။ ။ခိုက်စရာမရှိပါဘူးဗျာ၊ ကျုပ်က အမှန်ကို ပြောနေတာပဲဟာ၊ အကိုကြီးပဲ စဉ်းစားကြည့်လေ၊ ယူဇနာကိုးရာ အပြင်မထွက်ဘူးဆိုရင် ဘာဖြစ်လို့ နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကျတော့ ကြွတယ်လို့ ဆိုသလဲ? အဲဒါတွေက ယူဇနာ ကိုးရာအတွင်း မို့လို့လား? အဲဒီရှေ့နောက် မညီတဲ့ စကားတွေကြောင့် ခေတ်ပညာရှင်တွေ၊ အထူးသဖြင့် အနောက်တိုင်းက လူတွေရဲ့ ဝေဘန်အပြစ်တင်စရာဖြစ်နေတာ။

ဦးရှင်။ ။ခေတ်ကာလ ဒီလောက်ကြာလာတော့လည်း ချို့ယွင်းချက်တွေက ရှိကောင်း ရှိနေမှာပေါ့လေ၊ မင်းပြောတာတွေလည်း ယုတ္တိသဘောအရ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီယူဇနာကိုးရာပြဿနာကိုလည်း အဖွင့်ကျမ်းရေးတဲ့ ဆရာတွေက အလွတ်ရေးတာတော့ မဟုတ်လောက်ပါဘူး၊ အထောက်အထားနဲ့ ရေးတာနေမှာပေါ့ မောင်ရင်ရ။

ဦးတင်။ ။အဲဒီအထောက်အထားတွေကိုက ရှေ့နောက် မညီတာ အကိုကြီးရေ့၊ ဘုရားစာတွေကို ဖတ်လိုက်၊ အထူးသဖြင့် သုတ္တန်တွေကို ဖတ်ကြည့်ရင် ဘာနဲ့ စလည်း၊ “ဧ၀ံ မေ သုတံ” နဲ့ စတာပဲ မဟုတ်လား၊ အဲဒီစကားကို အရှင်အာနန္ဒာက ပထမသင်္ဂါယနာတင်ချိန်မှာ ဘုရားရှင်ဆီက သူဒီလို မှတ်သားခဲ့ဖူးပါတယ် လို့ ဆိုလိုတာမဟုတ်လား။

ဦးရှင်။ ။ ဟုတ်တယ်လေ၊ သူက ဘုရားရှင်ရဲ့ အနီးနေအလုပ်အကျွေးတစ်ပါးပဲ။ နောက်ပြီး ဘုရားဟောသမျှတွေကို အကုန်မှတ်မိနိုင်တဲ့ ဉာဏ်မျိုးလည်း သူ့မှာရှိတယ်လို့ ဆိုတယ်မဟုတ်လား။

ဦးတင်။ ။ အဲဒါတော့ ကျုပ်မငြင်းပါဘူး၊ ဒါပေမဲ့ သူဘယ်အချိန်မှာ ဘုရားရှင်ရဲ့ အမြဲနေအလုပ်အကျွေးဖြစ်လာသလဲ ကြည့်လိုက်၊ ဘုရားရှင်ဝါတော်နှစ်ဆယ်ရောက်မှ ဖြစ်လာတာ မဟုတ်လား၊ ဒီတော့ ၀ါတော် နှစ်ဆယ်ရဲ့အရင်တုန်းက ဟောထားခဲ့တဲ့တရားတွေကို ဘုရားရှင်က အကုန်လုံး မချွင်းမချန် သူ့ကို ပြန်ဟောခဲ့တယ်လို့ ဘယ်ဆိုနိုင်မလဲ၊ နောက်ပြီး အရှင်အာနန္ဒာတောင်းတဲ့ ပယ်ဆုလေးမျိုးနဲ့ ယူဆုလေးမျိုးကို ကြည့်လိုက်မယ်ဆိုရင်လည်း ယူဆုလေးမျိုးထဲမှာ အရှင်အာနန္ဒာက “သူမပါပဲ တစ်နေရာရာမှာ တရားဟောရင် အဲဒီတရားကို သူ့ကို ပြန်ဟောပေးရမယ်”လို့ပဲ ပါတယ်။ အဲဒီစကားကိုလည်း အနာဂတ်ကာလနဲ့ လျှောက်ခဲ့တာပဲ၊ အရင်က ဟာတွေ မပါဘူး။ အရင်တုန်းက ဟောခဲ့တဲ့တရားတွေ အကုန်လုံးသူ့ကို ပြန်ဟောရပေးရမယ်လို့ မပါဘူး။ ဒီတော့ ၀ါတော်နှစ်ဆယ်အရင်တုန်းကနဲ့ ဘုရားဖြစ်စမှာ ဟိုဟိုဒီဒီကြွခဲ့တာတွေ အမြောက်အများရှိနိုင်ပေမဲ့ မှတ်တမ်းမကျန်တာတွေ၊ သစ္စာလေးပါးကို သိဖို့ကိစ္စမှာ အရေးမကြီးလှတာတွေကြောင့် ပြန်မပြောပဲ ထားတာလည်း အများကြီးရှိမှာပေါ့ဗျား။

ဦးရှင်။ ။အေးကွာ၊ မင်းပြောမှ ငါလည်း တရေးရေး သဘောပေါက်လာတယ်၊ ဒါဆို ငါတို့တိုင်းပြည်ကို ဘုရားကြွတယ်လို့ လက်ခံရတော့မှာပေါ့နော်။

ဦးတင်။ ။လက်ခံဖို့ ပြောနေတာမဟုတ်ပါဘူး။ လက်ခံဖို့ လက်မခံဖို့က အရေးမကြီးပါဘူး။ အရေးကြီးတာက ဘုရားရှင်ဟာ သတ္တ၀ါအားလုံးအပေါ်မှာ သနားစိတ်ကြီးတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်ပါလျှက်နဲ့ နောက်ပေါ်အဖွင့်ကျမ်းတွေက သူတို့ အင်ဒိယပြည်ရဲ့အပြင်မထွက်ဘူးဆိုပြီးရေးထားတာကို မကြိုက်တာပါ။ ဘုရားရှင်ကိုယ်တော်တိုင်ပဲ မဟာပရိနိဗ္ဗာန်မပြုခင်မှာ အရှင်အာနန္ဒာကို ဟောခဲ့သေးတာပဲ။ ပရိသတ် (၈)မျိုးကို ဟောရင်းနဲ့ပေါ့။ ဘာတဲ့ “မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရသေ့၊ စတုမဟာရာဇ်၊ တာဝတိံသာ၊ မာနတ် နဲ့ ဗြဟ္မာပရိသတ်အမျိုးမျိုးတို့ဆီ အကြိမ်ကြိမ်ကြွပြီးတော့ သူတို့နဲ့ တရားစကားဆွေးနွေးခဲ့ဘူးတယ်” တဲ့၊ နောက်ပြီး “အဲဒီပရိသတ်တွေက ဘုရားကို ဘုရားမှန်းဘယ်သူမှ မသိကြဘူး” တဲ့။ အဲဒီစကားတွေကိုထောက်ရင် ဘုရားယူဇနာကိုးရာအတွင်းပဲ နေတယ်ဆိုတာ ဘယ်ဖြစ်နိုင်မလဲ၊ ဒါ့အပြင် အဖွင့်ကျမ်းမှာလည်း ရေးထားသေးတယ်။ အဲဒီပရိသတ်ဆိုတာ တစ်ခြားစကြာဝဠာက ဟာတွေကိုပါ ပြောတာ တဲ့။ အကိုကြီးပဲ စဉ်းစားကြည့်လေ၊ တစ်ခြားစကြာဝဠာကိုတော့ ကြွပြီးတော့ အနီးအပါးက မြန်မာပြည်လောက်ကို မကြွဘူးဆိုတဲ့ စကားက ယုတ္တိမဲ့ရာ မကျလွန်းဘူးလား။ ဒီခေတ်မှာဆို မြန်မာပြည်ကနေ အင်ဒိယကို ခြေကျင်တောင် သွားနေကြတာ၊ ဘုရားလိုတန်းခိုးကြီးတဲ့ ပုဂ္ဂိုလ်မျိုးက ဒီလောက်အနာဂတ်မှာ သာသနာထွန်းကားမည့် တိုင်းပြည်ကို မကြွဘူးဆိုတာ ဘယ်နည်းနဲ့မှာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျုပ်တော့ အဲဒီယူဇနာကိုးရာကိစ္စကို နည်းနည်းမှ လက်မခံနိုင်ဘူး။

ဦးရှင်။ ။အေးကွာ၊ မင်းပြောတော့ ငါလည်း ကြွတဲ့ဘက်က ရပ်တည်ရတော့မပေါ့။ ဒါဆို ရွှေစက်တော်က ခြေတော်ရာတွေဆိုတာ အစစ်အမှန်တွေလို့ လက်ခံရမှာပေါ့။ နောက်ပြီး ကျောင်းတော်ရာနေရာလည်း အစစ်လို့မှတ်လိုက်မယ်။ ခက်နေတာက ခြေတော်ရာ အတိုင်းအတာပဲ။ ခြေတော်ရာက တော်တော်ကြီးတယ်ကွာ့။ ပကတိလူ့သားတွေရဲ့ ခြေရာထက် အဆပေါင်းများစွာကြီးတယ်လို့ ငါထင်တယ်။ အဲဒါမင်း ဘယ်လိုမြင်လဲ?

ဦးတင်။ ။အဲဒါတော့ နောက်တစ်ခါ ကြုံမှ ဆွေးနွေးရအောင်ဗျာ၊ အခုဗိုက်ဆာပြီ။ အိမ်ပြန်ကြစို့၊ မောင်သောကြာယူလာတဲ့ ပုဂံက ပုံးရည်ကြီးကို ပုဇွန်ခြောက်များများ၊ ကြက်သွန်ဖြူနိုင်နိုင်၊ ဆီအိုင်အိုင်ဆန်းပြီး ညစာထမင်း ကောင်းကောင်းသွားလွှေးလိုက်ဦးမယ်။