သူငယ်ချင်းတစ်ယောက်က မကြာခဏဆိုသလို ဖုန်းဆက်ပြီး မေးလေ့ရှိတယ် “ကိုမင်းထက် လက်ဗွေနှိပ်ဖို့ ခေါ်ပြီလား” ဟူ၍။ သူမေးတဲ့အခါတိုင်း စိတ်ပျက်လက်ပျက်နဲ့ ကျနော်ပေးခဲ့ရသော အဖြေမှာ “ရသေးပါဘူးဗျာ” ဟူသတည်း။ ပြီးခဲ့တဲ့ ၂၀၀၉-ခု၊ ၁၁-လပိုင်းက တင်လိုက်တဲ့ ကျနော့်ဗီဇာတိုးဖေါင်ထဲမှာ ပါသွားတဲ့ ဓာတ်ပုံက ဒီနှစ်အတွက် လုပ်ထားတဲ့ စံချိန်စံညွှန်းနဲ့ မကိုက်လို့ဆိုပြီး Home Office ကနေ ဖိုင်တစ်ခုလုံး ကျနော့်ဆီ ပြန်ပို့လိုက်တယ်။ ဓာတ်ပုံအသစ်ရိုက်ပြီးမှ ပြန်ပို့ပါတဲ့။ ဒါနဲ့ ကမန်းကတန်း ဓာတ်ပုံ အသစ်ပြေးရိုက်ပြီး ထပ်တင်လိုက်တယ်။ အဲလို ပို့လိုက်ပြီး တစ်ပတ်လောက်ကြာတော့ စာလာတယ်၊ သူတို့လက်ခံရရှိပါကြောင်း၊ Process ကို ဆက်လက်လုပ်ဆောင်နေပါကြောင်း ဘာညာပေါ့။
ဒီလိုနဲ့ ဗီဇာပြန်ကျလာမည့်နေ့ကို တမျှော်မျှော် စောင့်စားရင်း ကျောင်းလည်း မပျက်မကွက် သွားတက်နေရသေးတယ်။ ဒီကြားထဲ အခြားကျောင်းသားတွေဆီက ကြားရတဲ့ သတင်းတွေက စိတ်ကသိကအောင့်ဖြစ်စရာ။ ဘယ်သူကိုတော့ ပြန်ပို့လိုက်ပြီတဲ့၊ ဘယ်သူကတော့ဖြင့် ဗီဇာသုံးလပဲ ရသတဲ့၊ ဒီထက်ဆိုးတာက ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ဆို လက်ဗွေသွားနှိပ်ပြီးမှ Reject အလုပ်ခံရတယ်။ သူ့ခမျှာ လောလောဆယ် ရှိစုမဲ့စုနဲ့ ရှေ့နေငှါးပြီး လိုက်နေရရှာတယ်။ တွေ့တိုင်းမေးဖြစ်တော့ သူကဖြေတယ် “လုပ်တုန်းပါပဲကွာ” တဲ့။ ကျနော်လည်း စောင့်တုန်းပဲ ပြန်ပြောရတယ်။ အဲဒါ အခုလောလောဆယ် UK မှာ ကြုံနေကြရတဲ့ ကျနော်တို့ ရွှေနိုင်ငံက ကျောင်းသားလေးတွေရဲ့ ပြဿနာ တစ်စိပ်တစ်ပိုင်းပေါ့ဗျာ။ ဒါပေမဲ့ ဒီလိုပြဿနာပေါင်းသောင်းခြောက်ထောင်ကို ကြုံသလို ရင်ဆိုင်ပြီး UK မှာ ဆက်လက်နေဖို့ ကြိုးစားနေကြရတဲ့ အဓိကအကြောင်းကတော့ ရှင်းရှင်းပြောရရင် ကိုယ့်နိုင်ငံက မွဲပေတာကိုး။
မွဲဆိုတဲ့နေရာမှာ အကုန်ပါပါတယ်။ ပစ္စည်းဥစ္စာခေါင်းပါးတာတစ်ခုတည်းမဟုတ်ပါဘူး၊ ပညာရေးဘက်က ကြည့်မလား၊ နိုင်ငံရေးဘက်က ကြည့်မလား၊ စီးပွါးရေးဘက်က ကြည့်မလား၊ လူမှုရေးဘက်က ကြည့်မလား၊ နောက်ဆုံး ဘာသာရေးဘက်ကကြည့်မလား မွဲနေတာချည်းပဲ။ အဲဒီလို မွဲပေါင်းစုံသရဖူဆောင်းပြီး မွဲဘုရင်ဖြစ်နေတဲ့တိုင်းပြည်ထဲမှာ အခွင့်အရေးရှိရင် ဘယ်သူမှ မနေချင်တာ အမှန်ပါ။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်ကြီးပြင်းရာ ဒေသဖြစ်လို့ အိမ်လွမ်းတာကလွဲရင် ဘယ်သူမှ မပြန်ချင်ကြပါဘူး။ ဒီအင်္ဂလန်လို နိုင်ငံမျိုးမှာပဲ တတ်နိုင်သမျှ သည်းခံပြီး နေဖို့ ကြိုးစားနေကြရရှာတာပါ။ ဒီအတွက် ကျောင်းသားတွေကခမျှာ ပေးလိုက်ရတဲ့ ပိုက်ဆံဆိုလဲ သောက်သောက်လဲပါပဲ၊ ကျောင်းလခဆိုလည်း လျှောကနဲ၊ အိမ်လခဆိုလည်း ဝေါကနဲ၊ ဗီဇာကြေးဆိုလဲ ဖျောကနဲပါပဲ။ အဲဒီလိုပေးနိုင်ဖို့ရာ ကျောင်းသားတွေခမျာ ကျောင်းပြေးလိုက်၊ အလုပ်ပြေးလိုက်နဲ့ ကောင်းကောင်းမအိပ်ရ၊ ကောင်းကောင်းမနားရနဲ့ ဖတ်ဖတ်မောနေတာချည်းပါပဲ။ တစ်ချို့ဆို ဒီမှာရှာတာနဲ့ မလောက်လို့ မြန်မာပြည်ရှိ မိဘတွေဆီ ပြန်ပြီး အလှူခံကြရရှာသေးတယ်။ ဒီလောက်ကြပ်အောင်၊ တည်းအောင် လုပ်ထားပါလျက်နဲ့ နေတဲ့လူတွေကလည်း ကုတ်ကပ်ပြီး နေကြလေတယ်ဗျား။ အဲဒီထဲ ကျနော်လည်းပါတယ်။
အခုတစ်ခါ ထပ်လာပြန်ပြီ အကြပ်တစ်မျိုး။ မူလီလိုပဲ တစ်ရစ်ပြီး တစ်ရစ် ကြပ်နေတာ။ လက်ရှိနေတဲ့လူတွေကိုတော့ အထက်မှာပြောခဲ့သလို ဘက်ပေါင်းစုံအကြပ်နဲ့ ကြပ်ထားပြီး နောက်ထပ်လာမည့်လူတွေကိုတော့ အထူးသဖြင့် အာရှနိုင်ငံသားတွေမှန်သမျှကို နောက်ထပ် အကြပ်တစ်မျိုး ထပ်တိုးလိုက်ကြောင်း ဒီနေ့ထုတ်
BBC Website ထဲ တွေ့လိုက်ရပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့----
(၁) ဥရောပအဖွဲ့ဝင်နိုင်ငံတွေကမဟုတ်တဲ့ ကျောင်းသားတစ်ယောက် UK ထဲကို အောင်အောင်မြင်မြင်ဝင်ရောက်လာချင်သပဆိုရင် အင်္ဂလိပ်စကားကို GCSE (General Certificate of Secondary Education) လို့ခေါ်တဲ့ အဆင့်နီးနီး ပြောနိုင်ရမယ်။ ဆိုလိုတာက ထမင်းစားရေသောက်အဆင့်ထက်ကျော်လွန်ပြီး လည်လည်ပတ်ပတ် ပြောတတ်ရမည်ပေါ့ဗျာ။ ဒီအတွက်တော့ သိပ်ပြဿနာမရှိပါသေးပါဘူး။ အတော်တန်ကျိုးစားရင် ဖြစ်ပါတယ်။
(၂) လက်ရှိစည်းကမ်းအရဆိုရင် ကျောင်းသားဗီဇာကိုင်ထားတဲ့လူတစ်ယောက်ဟာ ဘယ်ကျောင်းသားမဆို တစ်ပတ်မှာ နာရီ (၂၀) အလုပ်လုပ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အခုအသစ်ထုတ်လိုက်တဲ့ စည်းကမ်းအရ BA, BSc စတဲ့ Degree Level မဟုတ်ပဲ ရိုးရိုး Course တစ်ခုခုကို တက်ဖို့ရောက်လာရင်တော့ တစ်ပတ်မှာ (၁၀) နာရီပဲ အလုပ်လုပ်ခွင့်ရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတက်ရင်း အလုပ်လုပ်ဖို့၊ အလုပ်လုပ်ရင်း ကျောင်းတက်ဖို့ ရည်ရွယ်ချက်ရှိသူတွေ ဒီအချက်ကို စဉ်းစားပြီးမှ လမ်းကြောင်းရွေးစေချင်ပါတယ်။
(၃) ခြောက်လမကြာတဲ့ Course တစ်ခုခုကို တက်ဖို့ ရောက်လာတဲ့ ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့ အမှီအခိုဖြစ်တဲ့ သား/သမီး/ဇနီးမယားကို ခေါ်ယူခွင့်မရှိသလို၊ တကယ်လို့ အကြောင်းအားလျော်စွာ ပါလာခဲ့ရင်လည်း ကျောင်းသားရဲ့ အမှီအခိုဖြစ်သူတွေဟာ ဘာအလုပ်မှ လုပ်ခွင့်မရှိပါဘူး။ Visit Visa နဲ့ ခြောက်လကြာအောင် လာရောက်နေထိုင်နိုင်တဲ့အတွက် ခြောက်လမပြည့်တဲ့ Course နဲ့ ကျောင်းတက်နေတဲ့ ကျောင်းသားရဲ့ အမှီအခိုကို ၀င်ခွင့်မပေးတာလို့ ယူဆရပါတယ်။ ဒီအချက်ကတော့ ကြပ်တဲ့အထဲနဂိုကတည်းက ပါပြီးသားလို့ ထင်ပါတယ်။ ရှင်းအောင် ထပ်ပြောတဲ့ သဘောနဲ့ တူပါရဲ့။
(၄) နောက်ဆုံးတစ်ခုကတော့ ပိုအရေးကြီးပါတယ်။ အဲဒါကတော့ ကိုယ်တက်မည့်ကျောင်းရွေးချယ်မှုပါ။ မနှစ်က UK တစ်ခွင် Bogus College လို့ခေါ်တဲ့ လုပ်စားကျောင်းပေါင်း နှစ်ထောင် (2000) လောက်ကို Blact List သွင်းပြီး ပိတ်ပင်ခဲ့ရပါတယ်။ အဲဒီကျောင်းတွေမှာ တက်နေတဲ့ မြန်မာကျောင်းသူကျောင်းသားအချို့ ဗီဇာတိုးမရပဲ လာလမ်းပြန်သွားကြရကြောင်းလည်း ကြားလိုက်ရပါသေးတယ်။ အဲဒီတော့ ဒီဂရီအဆင့်မဟုတ်တဲ့ သင်တန်းတစ်ခုခုကို ရွေးချယ်ပြီး ကျောင်းတက်ဖို့ရောက်လာမည့် ကျောင်းသားဟာ ကိုယ်တက်မည့်ကျောင်းဟာ သက်ဆိုင်ရာဌာနမှာ မှတ်ပုံတင်ထားတဲ့ ကျောင်းဟုတ်/မဟုတ် သိဖို့အရေးကြီးပါတယ်။ တကယ်လို့ နောက်ပေါ် လုပ်စားကျောင်းတစ်ခုခုက ခေါ်စာရလို့ ဗီဇာလျှောက်တဲ့အခါ သံရုံးက ကျောင်းသားတက်မည့်ကျောင်းကို မှတ်ပုံတင်ထားခြင်းရှိ/မရှိ စစ်မှာပါ၊ စစ်လို့မရှိကြောင်း သိရင် ကျောင်းသားအတွက် များစွာ နစ်နာနိုင်ပါတယ်။ ဒီအချက်ကို သတိထားဖို့ အရေးကြီးပါတယ်။
ခြုံပြောရရင်တော့ ဒီအချက်လေးချက်ဟာ ကျောင်းသားအတော်များများအတွက် ကြောက်စရာတွေတော့လည်း မဟုတ်ပါဘူး။ သို့သော်လည်း အချို့ဒီဂရီအဆင့်မတက်နိုင်သေးတဲ့ ကျောင်းသားတွေအတွက် အခက်အခဲ တစ်ခုတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်တော့လည်း UK မှာ ဒီဂရီအဆင့်တက်ဖို့ဆိုတာ အတော်တော့ မလွယ်လှပါဘူး။ မလွယ်ဘူးဆိုတာ ငွေရေးကြေးရေးပိုင်းကို ပြောပါတယ်။ အရည်းအချင်းကတော့ သူ့ဟာနဲ့သူ ရှိကြမှာချည်းပါပဲ။ ဒီဂရီအဆင့်မှာလည်း College နဲ့ University တွေအလိုက် ကွဲပြားမှုရှိတဲ့အတွက် Fee ကြေးသွင်းရပုံချင်းမတူပါဘူး။ ဒါပေမဲ့ ယေဘုယျ ပြောရရရင်တော့ တစ်နှစ်စာအတွက် ကျောင်းသားတစ်ယောက်ဟာ အနည်းဆုံး စတာလင်ပေါင် ငါးထောင်ကနေ တစ်သောင်းသုံးထောင်အထိ သွင်းရလေ့ရှိပါတယ်။ အိမ်ကမထောက်ပံ့နိုင်ရင်၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက စကောလားရှစ်မရရင် အာရှကျောင်းသားတွေအတွက် မလွယ်ရေးချ မလွယ်ပါပဲ။
ကျနော်လည်း ရောက်စက ဒီလိုပဲ အပြင်ကျောင်းက ခေါ်စာနဲ့ ရောက်လာတာပါ၊ ရောက်ပြီး နှစ်နှစ်လောက်နေမှ တက္ကသိုလ်တက်ရရှာတာပါဗျာ့။ အခုတော့ ဗီဇာလည်း မကျသေး၊ ကျောင်းကလည်း တန်းလန်းနဲ့ ဆန့်တငင်ငင် ဖြစ်နေလေရဲ့။ ပုံမှန်အတိုင်းဆို ဗီဇာတင်ပြီး နှစ်လ နဲ့ သုံးလအကြားမှာ အဖြေသိရတတ်ပါတယ်။ အခုတော့ ပုံမှန်မဟုတ်ဘူး ထင်ရဲ့၊ လေးလအတွင်းရောက်လာပြီး ဘာမှ မလာသေးတော့ ကိုယ်လည်း အကြပ်ထဲ ပါနေပြီလား မသိဘူးဗျို့။ ၀ိုင်းလို့သာ ဆုတောင်းမစကြပါတော့။ ကျောင်းကြေးလည်း ရှိစုမဲ့စု အကုန်သွင်းထားပြီးသားမို့ ဗီဇာမပေးလို့ကတော့ “ဖွတ်မရ ဓားမဆုံး” ကိန်းဆိုက်မှာ မြင်ယောင်မိသေးတယ်။ ကိုယ့်ကိုယ်ကို ပြောပါတယ်။ နောက်ပြီး လာလမ်းကို ပြန်ရအောင်ကလည်း ကိုယ့်ကို ရေရေလည်လည် ကြိုမည့်သူက ရှိတော့တာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ မစောင့်နိုင်လို့ဆိုပြီး မနှစ်ကပဲ ယူသွားလေရဲ့။ ကျနော့်ဖြစ်ပုံ ပြောပါတယ်ဗျာ့။
2 comments:
You will be OK soon.We pray for you.
Hi bro,
nice to meet u. we r writing something like you here.
http://www.planet.com.mm/forums/index.cfm/linkpage/topic/forum_id/84/Topic_Id/101315/page/1
Post a Comment