Wednesday, February 17, 2010

ပူပူကို ပိန်အောင်ပြုလေသော်


မူလတန်းကျောင်းဆရာလေး ကိုသောကြာတစ်ယောက် အဘိုးညီအကိုတို့ဆီ မရောက်ဖြစ်သည်မှာ ကြာခဲ့လေပြီ။ ကျောင်းကိစ္စတွေ လုံးပန်းရင်း ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျောင်း တစ်ပတ်လုံးလုံး နားရသည်မရှိခဲ့။ သည်နေ့တော့ အားလပ်ရက်ရသည်နှင့် အဘိုးငယ်ဦးတင်အိမ်သို့ ထွက်လာခဲ့သည်။ “အဘိုးတို့နေမှ ကောင်းပါစ” လမ်းလျှောက်ရင်း တစ်ယောက်တည်း တွေးနေမိသည်။ အဘိုးနှင့်တွေ့တဲ့အခါ မေးခွန်းတစ်ခု မေးဖို့ စဉ်းစားထားသည်။ ပြီးခဲ့တဲ့ သတင်းပတ်က သူ့အိမ်မှာမွေးထားတဲ့ ကြောက်မလေး မမဲတူမှ ကြောင်ကလေး ငါးကောင်မွေးရာ နှစ်ကောင်ကို မမဲတူ စားပစ်လိုက်သည်။ ယင်းကိစ္စအတွက် သူ့ရင်ထဲ မကျေမနပ်ဖြစ်နေသည်။ ကြောင်ကို အကြောင်းပြုပြီး သူ့ခေါင်းထဲတွင် အချို့အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချသည့်ကိစ္စကို မေးချင်နေသည်။ ယင်းသို့ ပြုမူခြင်းသည် ဘာသာရေးရှုထောင့်နှင့်ကြည့်လျှင် သင့်တော်ပါ၏လော။

အဘိုးငယ်အိမ်ပေါက်ဝသို့ ရောက်သောအခါ အပြင်ဝရံတာတွင် အဘိုးငယ်ရော အဘိုးကြီး ဦးရှင်ပါ ထိုင်ပြီး ရေနွေးကြမ်းသောက်နေကြသည်ကို မြင်သဖြင့် ၀မ်းသာသွားသည်။ လှေခါးထစ်သို့ မတက်သေးခင်ပင် အဘိုးတို့ နေကောင်းလား ဟု အော်မေးလိုက်သည်။ ကောင်းကြောင်း မာကြောင်း ပြန်ကြားသည့် အသံကို နားထောင်ရင်း အိမ်အပေါ်သို့ အသော့ကလေး ပြေးတက်လိုက်သည်။

ဦးတင်။ အတော်ပဲ ငါ့မြေးရ၊ ငါတို့လည်း မင်းကို မျှော်နေတာကွာ့။ မတွေ့တာ ကြာလို့ နေမှ ကောင်းရဲ့လားလို့ အခုပဲ ပြောနေရသေးတယ်။

သောကြာ။ နေကောင်းပါတယ် အဘိုးရ၊ ကျောင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ မလာဖြစ်တာပါ။ ကျွန်တော်လည်း အရမ်းကို လာချင်တာပဲ။ အဘိုးတို့ ဆွေးနွေးတာတွေ နားမထောင်ရတာလည်း ကြာပြီလေ။ နောက်ပြီး ကျွန်တော် မရှင်းတာလေးတွေလည်း မေးရင်းပေါ့။

ဦးရှင်။ ဘာများလည်း ငါ့မြေးလေးရ၊ မဟုတ်မှ လွဲရော မင့်ကျောင်းက ဆရာမလေး မြင့်ဇူကိစ္စပဲ ဖြစ်မယ်။

သောကြာ။ အာ မဟုတ်ပါဘူး၊ အဘိုးရာ။ သူနဲ့ကျွန်တော် အဆင်ပါတယ်။ ကျွန်တော်မေးမှာက ပြီးခဲ့အပတ်က အိမ်မှာ မမဲတူလေး ကလေးငါးကောင်မွေးပြီး နှစ်ကောင်ကို စားပစ်လိုက်တယ်၊ အဲဒါနဲ့ ပတ်သက်ပြီး အချို့အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စကို မေးချင်တာပါ။ သူနဲ့ မပတ်သက်ပါဘူး အဘိုးရ။

ဦးရှင်။ အင်း၊ ဒါဆိုရင် မင့်အဘိုးလေးပဲ မေးတော့ဟေ့။ သူက မင်းသိတဲ့ အတိုင်း ပိဋကတ်ဟင်းလေးအိုးကြီးမဟုတ်လား။ ငါလည်း မေးစရာရှိ သူ့ပဲ အားကိုးရတာ။

ဦးတင်။ မဖြေချင်တိုင်း လွှဲမချပါနဲ့ အကိုကြီးရာ။ ကျွန်တော်ကလည်း အကိုကြီး ပြောသလို ပိဋကတ်ဟင်းလေးအိုးကြီး မဟုတ်ပါဘူး။ အိုးဖြစ်ရင်တော့ အိမ်က မေလှိုင်သိပ်ထားတဲ့ ငါးပိအိုးကြီးပဲ ဖြစ်ဖို့ရှိတယ်၊ ဟား ဟား ဟား။

သောကြာ။ အဘိုးတို့နှစ်ယောက်စလုံး ဘယ်သူဖြေဖြေပါ။ ကျွန်တော့်အတွက်တော့ ဗဟုဿုတ ရစရာတွေချည်းပါပဲ။ အဲဒါ အဘိုးတို့ ဘယ်လို မြင်လဲ ဆိုတာလေး အမိန့်ရှိပါဦး။

ဦးတင်။ ဘယ်လိုမြင်ရမလဲကွာ့။ မသင့်တော်ဘူးပေါ့။ အထူးသဖြင့် ငါ့တို့ ဗုဒ္ဓဘာသာတရားတော်နဲ့တော့ နည်းနည်းမှ ညှိလို့ရဘူး ငါ့မြေးရ။

သောကြာ။ ထပ်ရှင်းပါဦး အဘိုး၊ ဘယ်လို ညှိမရတာလဲ ဆိုတာ။

ဦးတင်။ ဗုဒ္ဓဘာသာဝင်ဖြစ်ရင် အခြေခံအနေနဲ့ (၁) သရဏဂုံ သုံးပါးမြဲရမယ်။ (၂) ငါးပါးသီလလုံရမယ်။ ဒီလိုဆိုတယ် မဟုတ်လား။ ကိုယ်ဝန်ဖျက်ချတော့ မင်းပဲ စဉ်းစားကြည့်လေ။ ဘယ်သီလ ကျိုးသွားသလဲ ပြောပါဦး။

သောကြာ။ ပြောဆိုရင်တော့ သူ့အသက်သတ်ခြင်းဆိုတဲ့ ပထမဆုံးသီလပဲ ရှိမှာပေါ့ အဘိုး။ ဒါပေမဲ့ ကျွန်တော် တစ်ခု စဉ်းစားကြည့်တယ်။ ကိုယ်ဝန်ဖျက်တယ် ဆိုတဲ့ နေရာမှာ တည်ကာစမှာဆိုရင် သူ့အသက် သတ်တဲ့ အပြစ် မရနိုင်ဘူးလား လို့ပေါ့။

ဦးတင်။ ဘာဖြစ်လို့ မင်း အဲဒီလို ထင်တာလ၊ဲ ရှင်းစမ်းပါဦး။

သောကြာ။ ကျွန်တော် မှတ်ထားဖူးတာက လူကို သတ်တယ်ဆိုတဲ့ နေရာမှာ အင်္ဂါငါးချက် ပြည့်စုံမှ သတ်ရာရောက်တယ်တဲ့။ အဲဒါတွေကတော့ (၁) လူသားစစ်စစ်ဖြစ်ရမယ်၊ (၂) သတ္တ၀ါဆိုတဲ့ အသိရှိရမယ်၊ (၃) သတ်လိုတဲ့စိတ်စေတနာရှိရမယ်၊ (၄) အားထုတ်လုပ်ဆောင်မှုရှိရမယ်၊ (၅) အဲဒီအားထုတ်မှုကြောင့် သေရမယ် ဆိုတာတွေပေါ့။ အဲဒီငါးချက်ထဲက ကိုယ်ဝန်တည်ကာစမှာ သတ္တ၀ါ ဖြစ်ပြီ သို့မဟုတ် လူဖြစ်ပြီ လို့ ဆိုနိုင်လို့လား အဘိုးရ?

ဦးတင်။ သိပ်ဆိုနိုင်တာပေါ့ မောင်သောကြာရဲ့။ ဗုဒ္ဓစာပေက သိပ်တိကျပါတယ်။ သတ္တ၀ါ ဆိုတာကို၊ ဒါမှ မဟုတ် လူဆိုတာကို ဘယ်အချိန်က စပြီး သတ်မှတ်လဲ ဆိုရင် အဲဒီကိုယ်ဝန်တည်ကာစ အချိန်က စပြီး သတ်မှတ်တယ်။ မင်းကြားဖူးတယ်မဟုတ်လား၊ ၀မ်းတွင်းအသက်နဲ့ အသက် (၂၀) ပြည့်အောင် ရေတွက်ပြီး ရဟန်းခံတယ်ဆိုတာ။ ဆိုလိုတာက လူ့အသက်ကို စပြီးကိုယ်ဝန် တည်တဲ့နေ့က စတင်ရေတွက်တယ် လို့ ဆိုလိုတယ်။ ဒါပေမဲ့ ငါ့တို့ လူ့လောကမှာတော့ မွေးတဲ့နေ့ကစ ရေတွက်တာပေါ့လေ။

သောကြာ။ ဟုတ်တယ် အဘိုး။ ကျွန်တော် မနှစ်က ရွာဦးကျောင်းမှာ ပဇင်းတက်မယ်လုပ်တော့ ဘုန်းဘုန်းကက မေးတယ်၊ မင်းအသက် ဘယ်လောက်ရှိပြီလဲ တဲ့။ ၁၉ နှစ်နဲ့ သုံးလ လို့လျှောက်တော့ ဆရာတော်က ဒါဆို ရပြီလို့ အမိန့်ရှိဖူးတယ်။ ဗိုက်ထဲမှာနေခဲ့တဲ့ လတွေနဲ့ တွေနဲ့ ပေါင်းပြီး အသက် (၂၀) ပြည့်အောင် ရေတွက်လိုက်တဲ့ သဘောပေါ့ ဟုတ်လား။

ဦးတင်။ ဟုတ်တာပေါ့ မြေးလေးရ၊ အဲဒါဟာ လူငယ်တွေ ပဇင်းတက်တဲ့အခါ လုပ်နေကျပဲ။ အဲဒီတော့ ဗုဒ္ဓဘာသာမှာ လူကို ဘယ်လောက်ထိ တန်ဖိုးထားသလဲ ဆိုတဲ့ အဓိပ္ပါယ်က ထင်ထင်ရှားရှားကြီးကို ပေါ်လွင်လာတာပေါ့။ ပဇင်းတက်ခွင့်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလကွယ်။ ဒါကြောင့် ရခဲတဲ့ တရားငါးပါးထဲမှာ ထည့်ပြီး ဟောထားခဲ့တာပေါ့။ လူ့ဘ၀ဆိုတာ ရဖို့ခဲရင်းသလို လူဖြစ်လာတော့လည်း ရဟန်းဘ၀ဆိုတာ ရဖို့ခဲရင်းနေပြန်ရော မဟုတ်လား။ ဒါကြောင့်မို့ ဒီလောက်ခဲရင်းတဲ့အခွင့်အရေးတွေကို ရပိုင်ခွင့်ပေးထားတဲ့ ဟောဒီလူ့ဘ၀ကို စတင်ရေတွက်တဲ့နေရာမှာ ကိုယ်ဝန်စယူတဲ့နေ့ကစလို့ ရေတွက်ရတာပဲ မောင်သောကြာရဲ့။

ဦးရှင်။ နေပါဦး မောင်တင်ရ၊ ဗုဒ္ဓဘာသာက အဲဒီလို တိတိကျကျ ဟောထားတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ လူ့ဘ၀ဆိုတာ ဒုက္ခပေါင်းစုံနဲ့ တွေ့ကြုံနေရတာပဲ မဟုတ်လား။ ဒီတော့ ကိုယ်ဝန်ဖျက်ချတဲ့နေရာမှာလည်း အကြောင်း အမျိုးမျိုးတော့ ရှိနိုင်တာပေါ့။ မလွှဲမရှောင်သာတဲ့ အကြောင်းတွေပေါ့ကွာ။ ဥပမာ ရွေးချယ်ရတော့မည့် အခါမျိုးဆိုပါစို့၊ မိခင်ရဲ့ အသက်ကို ယူမလား၊ ကလေးရဲ့ အသက်ကို ယူမလား ဆိုတာမျိုးပေါ့။ နောက်ပြီး သိပ်ဆင်းရဲ့ နွမ်းပါးလွန်းတဲ့ မိသားစုတွေမှာ မွေးလာတဲ့ ကလေးတွေကို မကျွေးနိုင် မမွေးနိုင်ဖြစ်နေတာတွေလည်း တပုံတပင်ကြီးပဲ။ အဲဒီတော့ကာ အဲဒီလို အခြေအနေမျိုးတွေမှာ ကလေးမွေးဖို့ ကျိုးစားတာဟာ မွေးဖွါးလာတဲ့ ကလေးကို ဒုက္ခပေးရာရောက်သလို ကျန်တဲ့ မိသားစုဝင်တွေကိုလည်း ပိုမို ကြပ်တည်းအောင် လုပ်တာနဲ့ အတူတူပဲပေါ့။ အဲဒီလို အခါမျိုးဆိုရင်ကောကွာ?

သောကြာ။ ကျွန်တော်လည်း အဘိုးမေးသလို မေးချင်နေတာပဲ။ အနောက်နိုင်ငံတွေမှာ အဲဒီကိစ္စကို တော်တော်ဆွေးနွေးကြတယ်လို့ ကြားဖူးတယ်။ ခုနက အဘိုးဦးရှင်မေးတဲ့ မေးခွန်းတွေကို မေးပြီးတော့ပေါ့။

ဦးတင်။ ဘာမေးခွန်းပဲ မေးမေး။ သတ္တုချလိုက်တော့ “ဒီလို ကိုယ်ဝန်ဖျက်ချတဲ့ နေရာမှာ ဗုဒ္ဓစာပေအရ ချွင်းချက်ရှိ/မရှိ” ဒါပဲ မဟုတ်လား?

သောကြာ။ ဟုတ်ပါတယ် အဘိုး။ ချွင်းချက်ရှိ/မရှိ သိချင်ပါတယ်။

ဦးတင်။ ချွင်းချက်ဆိုတာလည်း သူ့အသက်ကို ဘယ်လို ဆိုရင်တော့ သတ်လို့ရပါတယ် ဆိုတဲ့ ချွင်းချက်မျိုးပေါ့။ ငါသိသလောက် ပြောရရင်တော့ သူများအသက်ကို သတ်တဲ့ နေရာမှာ တကယ့်ကို သေစေလိုတဲ့စိတ်စေတနာဟာ အဓိက အခန်းကဏ္ဍက ပါဝင်တယ်။ သေစေလိုတဲ့ စေတနာမပါရင် အကုသိုလ်မဖြစ်ဘူးလို့ ဆိုလိုတာပေါ့။ အရင်တစ်ခေါက် ငါတို့ဆွေးနွေးတုန်းက စေတနာပါမှ ကံမြောက်တယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား။ ဘုရားဟောခဲ့တာနော်။ ဒါသည်ပင် ချွင်းချက်လို့ ယူဆလိုက ယူဆနိုင်တာပေါ့။ ဥပမာ ကိုယ့်ကို သတ်ဖို့လာတဲ့ လူကို ပြန်လည်ခုခံရင်းနဲ့ သတ်မိတာမျိုးပေါ့။ အဲဒီလိုအနေအထားမှာ အစိုးရကပြဌာန်းထဲ ဥပဒေတွေမှာတောင် ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်လေ။ လူသတ်မှုမဖြစ်ဘူးလို့ ဆိုလိုတာပေါ့။

ဦးရှင်။ ဒါတော့ ဟုတ်ပါပြီ။ ကိုယ်ဝန်ချတဲ့ ကိစ္စမှာ ဘယ်လိုပြောမလဲ? အထက်မှာပြောခဲ့တဲ့ အကြောင်းတွေမျိုးနဲ့ ကြုံနေရင်ပေါ့။

ဦးတင်။ ဒီနေရာမှာတော့ မိခင်လုပ်တဲ့ သူရဲ့ စိတ်သဘောထားကို ဆွေးနွေးရလိမ့်မယ်။ မိခင်မေတ္တာ ဆိုတာကလည်း မိခင်အားလုံးမှာ တစ်သဘောတည်းပဲလို့ ဆုံးဖြတ်လို့ မရနိုင်ဘူး။ “ကမ္ဘာမီးလောင် သားကောင်ချနင်း” လို့ ဆိုတယ် မဟုတ်လား။ လူတစ်ဦးချင်းစီရဲ့ စရိုက်နဲ့ သက်ဆိုင်တယ်။ စရိုက်ကြမ်းတဲ့သူတွေ ရှိသလို စရိုက်နုတဲ့ သူတွေလည်း ရှိတာပေါ့။ မောင်သောကြာရဲ့ အိမ်က ကြောင်မလေး မမဲတူလိုပေါ့။ သူ့ကလေး သူပြန်စားတယ်ဆိုတာ စရိုက်ကြမ်းတဲ့ သဘောပေါ့။ လူတွေမှာလည်း ဒီအတိုင်းပါပဲ။ အချို့မိခင်တွေမှာ ပင်ကိုယ်အားဖြင့် ကြမ်းတမ်းတဲ့ စရိုက်ရှိမယ်၊ အချို့တော့ နူးညံ့သိမ်မွေ့မယ်။ ကြမ်းတမ်းတဲ့ စရိုက်ရှိတဲ့ မိခင်မျိုးဆိုရင် အထက်မှာပါတဲ့ အခက်အခက်မျိုးနဲ့ ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ ရွေးချယ်မှာ သေချာတယ်။ ဒါပေမဲ့ အဲဒီလို ရွေးချယ်မှုကြောင့် ကျုပ်အမြင်ပြောရရင်တော့ အပြစ်သိပ်ပြီး ကြီးမယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စရိုက်ကြမ်းပေမဲ့ မိခင်မေတ္တာက ရှိနေသေးတော့ တကယ့်ကို သေစေလိုတဲ့ စိတ်ဆိုတာက ရှိချင်မှ ရှိမှာကိုး။ တစ်ထစ်ချကတော့ ကာယကံရှင် ကိုယ်တိုင်ပဲ သိမှာပေါ့။

သောကြာ။ အဘိုးပြောတာ ကျွန်တော်လည်း သဘောကျတယ်။ ဒါပေမဲ့ အဲဒီလို ကိုယ့်အသက်ကို ဦးစားပေးရွေးချယ်လိုက်တော့ ပါဏာတိပါတကံ မဖြစ်ဘူးလား အဘိုးလေးရ?

ဦးတင်။ ပြောခဲ့ပြီးပြီလေ၊ ကံဖြစ်ဖို့/မဖြစ်ဖို့ ဆိုတာ တကဲ့ကို သတ်လိုတဲ့စိတ်ရှိမှု/မရှိမှုအပေါ် မူတည်ပြီး ဆုံးဖြတ်ရမယ်လို့။ အဲဒါက ဘေးကလူ ၀င်ဆုံးဖြတ်ပေးလို့ မရနိုင်ဘူး။ ဘေးကလူက သူ့စိတ်ကို ဘယ်သိနိုင်မလဲ။ သူကိုယ်တိုင်ပဲ သိမှာပေါ့။ နောက်တစ်ခုက ဒီကိစ္စမှာ ကလေးရဲ့ ကံကလည်း စကားပြောသေးတယ်။ လူ့ဘ၀ရောကက်လောက်အောင် ကံပါလာရင်တော့ အဲဒီလို စရိုက်ကြမ်းတဲ့ မိခင်တွေဗိုက်ထဲ ကိုယ်ဝန်တည်မှာ မဟုတ်ဘူး။ လူဖြစ်မည့်ကံပါတဲ့ သူကတော့ လူမဖြစ်ပဲနဲ့ သေကို မသေနိုင်ဘူး။ အဲဒီတော့ မိခင်ဘက်က ချည်းကြည့်ပြီး ပြောနေလို့မရဘူး။ သန္ဓေသားလောင်းရဲ့ ကံကိုလည်း ထည့်တွက်စဉ်းစားဖို့ လိုလိမ့်မယ်။

ဦးရှင်။ အင်း၊ ဒီအချက်ကတော့ စိတ်ဝင်စားစရာပဲကွာ့။ ဒါပေမဲ့ ငါတစ်ခု တွေးမိတာက နဂိုကတည်းက လူဖြစ်ဖို့ ကံမပါရင် ဘာဖြစ်လို့ လူ့သားဗိုက်ထဲ ၀င်လာရတာလဲ ဆိုတာပဲ။ အဲဒါ မင်း ဘယ်လိုမြင်တုန်း?

ဦးတင်။ ဒါဆို အကိုကြီးကို မေးခွန်းတစ်ခု မေးမယ်ဗျာ။ အကိုကြီးသရက်ခြံထဲက သရက်သီးတွေ ဘယ်ပုံစံနဲ့ ဖြစ်ပွါးလာကြတာလဲ? ဘွားကနဲ အလုံးလိုက် ပေါ်လာကြတာပဲလား?

ဦးရှင်။ မင်းကလည်း ကလေးကလား၊ လူတိုင်းသိနေတာပဲဟာကို။ အရင်ဆုံး အဖူးထွက်မယ်၊ ပွင့်မယ်၊ သီးမယ်။ ဒါပဲပေါ့ကွာ့။ ဒါများ။

ဦးတင်။ အဲဒါ ကျွန်တော်လိုချင်တာပဲလေ အကိုကြီးရ။ သီးမယ်ဆိုတဲ့ နေရာရောက်အောင်၊ အရင်ဆုံး ဖူးရမယ်၊ ပွင့်ရမယ် မဟုတ်လား။ သရက်ပင်မို့ သရက်ဖူးတွေ ဖူးတာတော့ ဟုတ်ပါပြီ။ ဖူးပြီး ပွင့်လာတဲ့အခါမှာ ပြောစရာက ပွင့်သမျှ အကုန်လုံး အသီးဖြစ်ကြသလား ဆိုတာပဲ။ ကဲ ပြောပါဦး။

ဦးရှင်။ ဘယ်ဖြစ်မလဲကွာ့။ ပွင့်သမျှ အကုန် အသီးဖြစ်ရင် ရင့်တဲ့ မှည့်တဲ့အချိန်ထိတောင် ရောက်နိုင်ဖို့ မလွယ်ဘူး။ အသီးတွေနဲ့ ပြွတ်ခဲပြီး သရက်ကိုင်းတွေ အကုန်ကျိုးမှာပဲ။ အဲဒီလို အပွင့်ဖြစ်လာတဲ့အခါ ငါ့အထင်ပြောရရင်တော့ အသီးဖြစ်လောက်အောင် အားရှိတဲ့ အပွင့်/ အားမရှိတဲ့ အပွင့်ဆိုပြီး ကွဲပြားမှုရှိနိုင်တယ်။ အားမရှိတဲ့ အပွင့်တွေက အားရှိတဲ့ အပွင့်တွေကို နေရာဖယ်ပေးတဲ့ အနေနဲ့ ကြွေပေးကြရမှာပေါ့။ နောက်ပြီး သရက်ပွင့်တွေ ကြွေနိုင်တဲ့ အကြောင်းတွေလည်း အများကြီးပဲလေ၊ လေတိုက်လို့၊ မိုးရွာလို့၊ ပိုးကျလို့၊ ကလေးတွေ လေးခွနဲ့ထုလို့။ အဲလိုဆိုရင် အားရှိတဲ့ အပွင့်ရော၊ အားမရှိတဲ့ အပွင့်ရော အကုန်နီးပါးကြွေတဲ့အပြင်၊ အခန့်မသင့်ရင် အဖူးဖူးနေတဲ့ အကိုင်းတစ်ခုလုံးတောင် ကျိုးသေးဗျာ။ ဒါပေမဲ့ အဲဒါနဲ့ အခု မင်းပြောမှာနဲ့ ဘာဆိုင်လဲကွာ့။ သရက်ပွင့်တွေက ကံနဲ့မှ မဆိုင်တာ။

ဦးတင်။ ဆိုင်ပါသော်ကော အကိုကြီးရာ၊ အကိုကြီးပြောသလို ပြောရရင် သရက်သီးမဖြစ်နိုင်ရင် ဘာလို့ သရက်ပွင့်လာဖြစ်သေးလဲ။ သရက်ပွင့်မှာလည်း သူ့အကြောင်း သူ့အကျိုးရှိ သလို၊ လူမှာလည်း လူ့အကြောင်းနဲ့ လူ့အကျိုးဆိုတာ ရှိတာပေါ့ဗျာ့။ အစမထင်တဲ့ သံသရာဆိုတာ အကိုကြီး သိတာပဲ မဟုတ်လား။ သတ္တ၀ါဆိုတာလည်း ဘယ်လောက်ရှိပါတယ်လို့ ဘယ်သူမှ မသိနိုင်ဘူး။ လူ့အရေအတွက်ကိုတောင် ဘီလီယံပေါင်း ဘယ်လောက်ရှိပါတယ်လို့ ခန့်မှန်းပြောနေတာပဲ ရှိတာ။ အဲဒီသံသရာတစ်လျှောက်မှာ သတ္တ၀ါမျိုးစုံက ကံမျိုးစုံကို ပြုခဲ့ကြမယ်။ အချို့ကံတွေက လူဘ၀ရောက်စေနိုင်လောက်အောင် အားရှိမယ်၊ အချို့တော့ အဲလောက်အားမရှိဘူး ဆိုပါတော့။ နောက်ပြီး မိခင်ဗိုက်ထဲဝင်ဖို့ တာစူနေကြတဲ့ သန္ဓေသားအလောင်းတွေဆိုတာလည်း ဘယ်လောက်ရှိမယ်လို့ မပြောနိုင်ဘူး။ တခြားမကြည့်နဲ့ အကိုကြီးတို့ သိပ္ပံပညာရှင်တွေပဲ စမ်းသပ်တွေ့ရှိပြီး မဟုတ်လား။ ဟိုကိစ္စလုပ်ပြီးပြီးချင်း ဖခင်လောင်းရဲ့သိန်းသန်းချီတဲ့ သုက်ပိုးတွေဟာ မိခင်လောင်းရဲ့ သားအိမ်ထဲ သူဦးငါရင် ပြေးကြတဲ့အခါ အရင်ဆုံးရောက်သွားတဲ့ အကောင်ပဲ မျိုးအောင်တယ် ဆိုတာလေ။ ကျန်တဲ့အကောင်တွေ အကုန်သေပေါ့ ဒါဆို။

ဦးရှင်။ ငါကလူပျိုကြီးကွာ့။ အဲဒါတွေ မင်း ပိုသိမှာပေါ့။

ဦးတင်။ အဟဲ အကိုကြီးကလည်း ကြွားနေပြန်ပြီ လူပျိုကြီးဖြစ်ကြောင်း။ ဆက်ပြောမယ်ဗျာ။ အဲဒီလို အရင်ဆုံးရောက်သွားတဲ့ သုက်ပိုးတိုင်းကော လူတကယ်ဖြစ်မှာလား။ ဖြစ်ဖို့ ခက်ရင်းတယ် အကိုကြီး။ ဘာလို့လဲဆိုတော့ တခြား သူ့ထက် လူဖြစ်လောက်အောင်ကံအင်အားကြီးမားတဲ့ မျိုးစေ့တစ်ခုခုက အဲဒီသားအိမ်ဆီပဲ ဦးတည်ပြီးရောက်လာတဲ့အခါ အရင်ရောက်နှင့်ပြီးသားမျိုးစေ့ဟာ သေပေးရမှာပဲ။ အဲ တခြားအားကြီးတဲ့ မျိုးစေ့တစ်ခုခု ရောက်မလာဘူးဆိုရင်တော့ လူ့ဘ၀ရောက်ချင်ရောက်သွားမှာပေါ့လေ။ ဒါ့အပြင် အကိုကြီးပြောသလို သန္ဓေသားဖြစ်နေတုန်းမှာလည်း အခြားပျက်စီးစေနိုင်တဲ့ အကြောင်းတွေ အမျိုးမျိုးရှိနိုင်တာပဲလေ။ ရလာတဲ့ ကိုယ်ဝန်မပျက်စီးစေချင်ရင် မိခင်လောင်းတွေက အနေအထိုင်အများကြီး ဆင်ခြင်ကြရတော့တာ မဟုတ်လား။ လူ့ဘ၀ရောက်ရင်လည်း သရက်သီးဖြစ်လောက်အောင် အားမရှိတဲ့ အပွင့်တွေက သူပွင့်တဲ့အဖူးမှာ တခြားအားကြီးတဲ့ ပြိုင်ဘက်အဖူးတွေ မရှိလို့ ညောင်နာနာနဲ့ အသီးဖြစ်လာရသလို အဲဒီကလေးလည်း ညောင်နာနာနဲ့ လူ့ဘ၀ရောက်လာမှာ သေချာတယ်။

သောကြာ။ အဘိုးလေးပြောတာ ကျွန်တော် သဘောပေါက်သလိုလိုတော့ ရှိလာပြီ။ ဒါဆို ဒီကိုယ်ဝန်ဖျက်ချတယ် ဆိုတဲ့ ကိစ္စမှာ မိခင်လောင်းရဲ့လုပ်ရပ်တွေကိုချည်း ပြောမနေပဲ သန္ဓေသားလောင်းရဲ့ ကံကိုလည်း ထည့်တွက်ရမယ်ဆိုတဲ့သဘောပေါ့။

ဦးတင်။ ဒါပေါ့၊ ငါ့မြေးရ။ ဒါပေမဲ့ အပြစ်ဖြစ်/မဖြစ်ဆုံးဖြတ်တဲ့နေရာမှာတော့ မိခင်ဘက်ကိုပဲ ကြည့်ရမှာပေါ့။ “သူကံမကောင်းလို့ ငါက သတ်ရပါတယ်” ဆိုတဲ့ ဆင်ခြေမျိုးပေးလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ အဲလိုဆိုရင်တော့ ဘယ်သူမှတောင် အပြစ်ရှိမှာ မဟုတ်တော့ဘူး။ လူသတ်သမားတိုင်း တစ်ဘက်လူကံကုန်လို့၊ သို့မဟုတ် ကံမကောင်းလို့ သတ်လိုက်ရတယ်ချည်း ပြောကြမှာပဲ။ အဲဒီလိုဖြစ်ရင် သီလစောင့်ထိမ်းဖို့ဆိုတာလည်း ဘယ်လိုတော့မလဲ။ နောက်ပြီး လူ့လောကမှာ ကိုယ်ကျင့်တရားဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး။ အဲဒီလို အယူအဆမျိုးကို ရှေးကံကိုသာယုံစားတဲ့ မိစ္ဆာဒိဋ္ဌိလို့ ဆွေးနွေးခဲ့ဖူးတယ် မဟုတ်လား။ နောက်ဆုံး ခြုံပြောရရင်တော့ ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စမှာ ဘာအကြောင်းပဲ ရှိရှိ၊ ဖျက်ချတဲ့ အမျိုးသမီးရဲ့ ရိုးသားမှုပေါ်အခြေခံပြီး အပြစ်ရှိ၏/မရှိ၏ ဆုံးဖြတ်ရမယ် လို့ ကျုပ်သဘောကျတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရလာတဲ့ ကိုယ်ဝန်ကို တာဝန်မယူချင်တိုင်း ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကို ကာကွယ်နေရင်တော့ ဒီကိစ္စ ဆွေးနွေးလို့ကို ပြီးမှာ မဟုတ်ဘူး။

ဦးရှင်/သောကြာ။ ဟုတ်တာပေါ့၊ မှန်တာပေါ့။

Sunday, February 14, 2010

ပြည်တော်ပြန်ဘဘကြီး



ငယ်စဉ်က အမေပြောဖူးတယ်
သူကထောင်ထွက် သွားမပေါင်းနဲ့
အရပ်ထဲလူတွေက
ထောင်ထွက်နဲ့ပေါင်း လူမကောင်း တဲ့
ဒီလိုဆိုတော့
ထောင်ထွက်ဗျုပ္ပတ် သူ့ပညတ်က
လူညာလူဆိုး လူ့သူခိုးပေါ့။

ဒါပေမဲ့ သမိုင်းစဉ်ကို ပြန်ကြည့်တော့
ဟိုခေတ် အခါက
ဆရာတော်ဦးဝိစာရ ဦးဥတ္တမနဲ့
လူထုဦးလှတို့လို
လူတတ် လူတော် ထေရ်အကျော်တို့က
ထောင်မှာစံရင်း၊ ထောင်ထမင်းကို မြိန်မြိန်စား
မင်းဆိုးမင်းညစ်တွေကို အံတုခဲ့ကြလို့
ထောင်ထွက်ဆိုတဲ့ဘွဲ့ဟာ
သူရဲကောင်းတို့ရဲ့ သင်္ကေတဖြစ်ခဲ့ဖူးပြီ။

ဒို့ခေတ်ဒို့ခါ ရောက်လာပြန်တော့
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်
နိုင်ရာစားအုပ်ချုပ်ရေးကို ဆန့်ကျင်လို့
ထောင်ဝင်စံရသူတွေကို ကြည့်လိုက်
တစ်နိုင်ငံလုံးက လေးစား
ပြည့်သူ့နှလုံးမှာ အရာထင်
သူတော်စဉ်တွေတောင် ပါရဲ့။

အဲဒီတော့ ထောင်ထွက်ဆိုတာ
သတ္တိကို ကိုယ်စားပြု
ပြည်သူ့ရဲ့အင်အား
လွတ်လပ်ရေးရဲ့ ပြယုဂ်
တကယ်မြောက်တဲ့ ဂုဏ်ပုဒ်တစ်ခုပေါ့။

ပြည်သူ့ဘက်က ရပ်တည်
မှန်သည်ကို နောက်မဆုတ်
မင်းယုတ်တွေကို ဆန့်ကျင်လို့
ထောင်စဉ်မှာပြောင်းရွှေ့
ထောင်ပေါင်းစေ့အောင် နေခဲ့ရပြီး
ပြည်သူ့ထံမှောက်
ပြန်ရောက်လာပြီဖြစ်တဲ့
ဒီမိုကရေစီရဲ့လမ်းပြ
ကျွန်တော့်တို့ရဲ့ ဘဘကြီးကို
အလွန်လေးစားကြည်ညိုလွန်းလို့
ရင်ထဲကလာတဲ့ စကားလုံးနဲ့ ခေါ်လိုက်ချင်တယ်
“ပြည်တော်ပြန်ဘဘကြီး” လို့။

(ဘဘကြီး ဦးတင်ဦး ကျမ်းကျမ်းမာမာနဲ့ အသက်ရာကျော် ရှည်ပါစေသော်၊ ၄၀၀ ရာပြည့်ပို့စ် အထိမ်းအမှတ်)

ဇော်ဂျီနဲ့မြန်မာ နေရာလုပွဲ


မနက်မိုးလင်းလို့ မျက်နှာသစ်၊ ဘုရားရှိခိုး၊ မနက်စာစားပြီးတာနဲ့ အရင်ဆုံးလုပ်ဖြစ်တာက လက်ပ်တော့ပ်ကို ဖွင့်ပြီး ဘယ်သူ့ဆီက အလွမ်းသည်စာ ဘယ်နှစ်စောင် အီးမေးလ်ထဲ ၀င်နေသလဲဆိုတာ အရင်ကြည့်ရတယ်။ အဲဒါပြီးတော့ ဒုတိယလုပ်ရတဲ့အလုပ်က ဘီဘီစီနဲ့ ဧရာဝတီသတင်းဆိုဒ်တွေ ၀င်ပြီး သတင်းဖတ်တဲ့အလုပ်ကို အားရပါးရလုပ်။ နောက်ဆုံးမှ ဘာအလုပ်မှ မယ်မယ်ရရမရှိပဲ အချိန်အများဆုံးပေးထားရတဲ့ ဘလော့ဂ်လုပ်ငန်းကြီးထဲဝင်ပြီး ကိုယ်ရေးထားတဲ့ ကိုးယိုးကားယားစာတွေ ပြန်ဖတ်၊ နောက်မှ သူများရေးထားတဲ့စာတွေ သွားဖတ်၊ မှတ်ချက်တွေ ပေး။ အဲဒါ မနက်စောစော ကျောင်းမသွားရတဲ့ နေ့တွေမှာ နေ့တိုင်း မပျက်မကွက် လုပ်နေကျ အလုပ်တစ်ခု။ အစဉ်ကို ချောလို့။

အဲ ဒါပေမဲ့ ပြီးခဲ့တဲ့ သတင်းပတ်က ဘီဘီစီသတင်းဆိုဒ်ကို ၀င်ကြည့်တော့ စာလုံးတွေက စောက်ထိုးမိုးမျှော်တွေဖြစ်ပြီး ဖတ်မရဖြစ်နေခဲ့တယ်။ နောက်မှ ဆိုဒ်မှာပေးထားတဲ့ Myanmar-3 ဆိုတဲ့ Font ကို Download လုပ်ပြီး Install လိုက်ပြီးတဲ့အခါကျတော့မှ ဖတ်လို့ရသွားတယ်။ ဒါပေမဲ့ အဲဒီအချိန်က စပြီး သူများဘလော့ဂ်တွေ သွားဖတ်လို့ အဆင်မပြေမတော့သလို ကိုယ့်ဘလော့ထဲ စာရေးတဲ့အခါမှာလည်း Compose နဲ့ ရေးလို့မရတော့ပဲ Edit Html နဲ့ပဲ ရေးလို့ရတော့တယ်။ ပြဿနာက စာပြင်ရတာခက်သွားတယ်။ အစကတော့ ဘာဖြစ်တာပါလိမ့်လို့ စဉ်းစားရင်း အဖြေရှာနေခဲ့ရသေးတယ်။

ဒီမနက်ကျမှ ပြန်စဉ်းစားကြည့်တော့ ဒီလိုဖြစ်နေတာဟာ ဟို Myanmar-3 ဆိုတဲ့ BBC Font ရဲ့
လက်ချက်ပဲနေမှာဆိုပြီး အဲဒီ Font နဲ့သက်ဆိုင်တဲ့ Font အားလုံး၊ ဘယ်နှစ်ခုရှိလဲတောင် ရေမထားမိဘူး၊ အားလုံး (၁၂) မျိုးလောက်တော့ရှိမယ်ထင်တယ်။ အဲဒါတွေ အကုန် Delete ပြန်လုပ်ပြီး Restart လုပ်ကြည့်လိုက်တယ်။ စက်ကို နဂိုရှိတဲ့ Font တွေနဲ့ပဲ ပြန် Run ထားလိုက်တယ်။ ဒီတော့မှ ဘသားချော ဇော်ဂျီက အဆင်ပြေပြေ အလုပ်လုပ်တော့သဗျား။ သူများစက်တွေမှာ ဘယ်လိုရှိလဲတော့ မသိဘူး။ ကျနော့်စက်မှာတော့ Windows-7 Ultimate (32 bits) နဲ့ မောင်းထားတာဆိုတော့
(1) Zawgyi One
(2) Myanmar-3
(3) Windows 7

အဲဒီ သုံးမျိုးစုပြီး Crash ဖြစ်သွားတာ ထင်ပါရဲ့ဗျား။ အဲဒီတော့ စဉ်းစားရပြီ၊ ဘယ်သူ့ကို ဦးစားပေးရမလဲ ဆိုပြီးတော့။ Windows 7 ကတော့ သူ့အတိုင်းရှိစေတော့။ Font နှစ်မျိုးပြိုင်နေရာလုနေတာကို စဉ်းစားရတယ်။ ဘီဘီစီသတင်းဖတ်ဖို့ ဦးစားပေးမလား၊ ဒါဆို Myanmar-3 ကို ဒီအတိုင်းထားလိုက်။ ဒါမှမဟုတ် လုပ်နေကျ ဘလော့ဂ်ရေးခြင်း၊ လည်ခြင်း၊ ဖတ်ခြင်းတွေကို ဦးစားပေးမလား၊ ဒါဆိုရင်တော့ အဲဒီကောင်ကို ဖြုတ်ပစ်ရမယ် လို့။ နောက်ဆုံးတော့ ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာဆိုသလိုပဲ လုပ်နေကျ Blogging တာကိုပဲ ဦးပေး ရွေးချယ်လိုက်ရတယ်။ အဲဒီတော့ ဘီဘီစီဝက်ဘ်ဆိုဒ်သွားကြည့်လို့မရတော့ဘူး။ ဒါပေမဲ့ Compose နဲ့ နဂိုအတိုင်း စာရေး၊ စာပြင်လို့ ရသွားသလို၊ သူများဘလော့တွေလဲ အရင်အတိုင်း လည်ပတ်လို့ အဆင်ပြေသွားတယ်။

စိတ်ထဲတော့ မကျေနပ်ဘူးပေါ့ဗျား။ ဖြစ်ချင်တာက အကုန်အဆင်ပြေချင်တာကိုး။ သားရွှေအိုထမ်းလာတာ မြင်ချင်တာပေါ့။ ဘီဘီစီလည်း ကောင်းကောင်းဖတ်ချင်တယ်။ ဘလော့ဂ်လည်း ကောင်းကောင်းရေး ဖတ်ချင်တယ်။ အခုတော့ တစ်ခုကို ဦးစားပေးလိုက်ရလို့ နောက်တစ်ခုကို ဥပေက္ခာပြုထားလိုက်ရတယ်။ “သားရွှေအိုးထမ်းလာတာကို မြင်ချင်ပါတယ်” ဆိုတဲ့ ဒုကူလရဲ့ အဖြေမျိုးကို ပေးနိုင်တဲ့လူများရှိရင် သနားသဖြင့် မစတော်မူကြပါဦး။ လောလောဆယ်တော့ ကျနော့်စက်ထဲ Myanmar-3 Font ကို Zawgyi One က လက်မခံဖြစ်နေတယ်။ Windows 7 မှာ အဲဒီနှစ်ကောင် တစ်ပြိုင်တည်း အလုပ်မလုပ်ကြဘူးဗျို့။ အကြံရှိရင် ပေးကြပါဦး။ ကျေးဇူးဆပ်ပါ့မယ်ဗျာ့။

Saturday, February 13, 2010

ဝေးတစ်မြေက



မမြင်မတွေ့ပေမဲ့
ရင်ငွေ့ကို သူလေ နွေးစေတော့
အတွေးနဲ့တောင် ပျော်ရွှင်မိ
မြင်သိစေချင်။

တမ်းတတိုင်း စိတ်မှာထင်
လိပ်ပြာပင် ရင်ကို နှိုး
ခင်ပျိုကို တိုးလို့ချစ်ပါရဲ့
ထာဝရပါပဲ။

ကွယ်တော့လည်း မမေ့နိုင်သလို
တွေ့တော့လည်း အလွမ်းပြိုင်မယ်
ဘယ်သူက ပိုချစ်မလဲ
ပြိုင်ရဲရင် ပြိုင်။

ချစ်သူတွေ ဆုံတဲ့နေ့မှာ
အဝေးကမ္ဘာရောက်တဲ့ သူရယ်ကြောင့်
အပူသည် အထီးကျန်လွမ်းရတယ်
ချစ်သူများနေ့။

Friday, February 12, 2010

မြင်စမ်းစေချင်



အင်္ဂလိပ်က လိုသမျှဖဲ့
ဂျပန်က ဗိုလ်ကျခဲ့
ငိုရတဲ့ သူတွေက ဒို့မြန်မာ
မြို့ရွာတွေ မအေးချမ်း
ဘေးဘယန်း သောင်းခြောက်ထောင်
ခေါင်းပေါက်အောင် သူစဉ်းစားတော့
ရန်သူချင်း ရန်မူမှ
ပြန်ယူလို့ရမည် အဖြေထွက်
အနေသာလျက်နဲ့ သူမနေ
ပြည်သူတွေ ရင်အေးဖို့
ရင်လေးလို့ အိပ်မပျော်
ရဲဘော်တွေ အကုန်စု
အံတုလို့ ခုခံ
တော်လှန်ဖို့ ကျိုးစား
တစ်မျိုးးသားလုံး လွတ်မြောက်ရေး
အသက်ပေးလို့ ဆပ်ခဲ့ပြီ။

အင်္ဂလိပ်တွေ ထွက်ခွါ
ဂျန်ပန်တွေ ပြန်ဆုတ်
ရန်လုပ်သူတွေနဲ့ ဝေး
လွတ်လပ်ရေးလဲ ရခဲ့
ဒါပေမဲ့ တိုင်းပြည်မှာ
အာဏာရှင် အုပ်စိုး
စိုးမိုးလို့ ချယ်လှယ်
နှစ်လေးဆယ် ကျော်ခဲ့
အဖေါ်မဲ့တဲ့ မြန်မာ
ကမ္ဘာမှာ နင်းပြားမို့
သနားလို့ ၀ိုင်းကြည့်
အတိုင်းမသိ ရင်နာဘွယ်
သခင်ရယ် ထကြည့်ပါလော့။

(၉၅-နှစ်မြောက် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လွမ်းဆွတ်တသ အစဉ်သတိရလျှက်)

Tuesday, February 9, 2010

လျှို့ဝှက် ရုပ်ပျိုဆေး


ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေဆို သူငယ်ချင်းတွေနဲ့ ချိန်းပြီး ရွာနောက်က စမ်းချောင်းထဲမှာ ငါးသွားမျှားလေ့ရှိတယ်။ လယ်ကွင်းပြင်တွေ ဖြတ်ပြီး သွားရတဲ့အတွက် စမ်းချောင်းနားရောက်တာနဲ့ အရင်ဆုံး လုပ်ရတဲ့ အလုပ်ကတော့ ခြေထောက်မှာ တွဲလောင်း တွဲလောင်း ကပ်တွယ်နေတဲ့ လက်သန်းသာသာလောက်ရှိ မျှော့ကြီးတွေကို ခွါပစ်ရတဲ့အလုပ်ပဲ။ အသဲယားအူယားတတ်တဲ့လူတွေဆို ကြည့်တောင် မကြည့်ရဲကြဘူး။ မိုးတွင်းကာလဆို အဆိုးဆုံး။ မိုးကျတာနဲ့ လယ်ကွင်းတွေထဲ အများဆုံးပေါက်နေတဲ့ အကောင်ပလောင်တွေကတော့ မျှော့တွေပါပဲ။ မိန်းကလေးတွေ ဘယ်သူမှ မသွားရဲကြဘူး။ မျှော့အတွယ်ခံရမှာစိုးလို့ တဲ့။ ကျုပ်တို့ ကောင်လေးတွေကတော့ တီတွေ မျှော့တွေ မပြောနဲ့ တစ်ခါတစ်လေ မြွေတွေတောင် ဖမ်းပြီး အိပ်ထောင့်ထဲ ထည့်ထားလိုက်သေးတယ်။ ကြောက်ရမှန်းမသိ၊ လန့်ရမှန်းမသိပေါ့။

တစ်ခါတစ်လေ ခြေထောက်မှာတွယ်ကပ်သွေးစုပ်နေတဲ့ မျှော့ကောင်တွေကို တော်တော်နဲ့ ခွါလို့မရဘူး။ အဲဒီတော့ ဘာလုပ်ရသလဲဆိုရင် အသင့်ယူလာတဲ့ ဆားတွေနဲ့ အုံလိုက်ရတယ်။ တီ၊ ကျော့၊ မျှော့ ဆိုတဲ့အကောင်တွေ အကြောက်ဆုံးက ဆားပဲ မဟုတ်လား။ မျှော့ကောင်တွေ ဆားကို ကြောက်သလို လူအတော်များများလည်း မျှော့ကို ကြောက်ကြသဗျား။ အသဲယားတယ် ဆိုကိုး။ ဒါပေမဲ့ ဒီကနေ့ခေတ်မှာတော့ ဒီမျှော့ကောင်တွေဟာ ကြောက်စရာမဟုတ်တော့တဲ့အပြင် ဆေးဘက်မှာရော၊ အလှကုန်ပစ္စည်းတစ်မျိုးအနေနဲ့ပါ အသုံးဝင်လာပြီ။ အဲဒီမျှော့တွေကို ဆေးဘက်နဲ့ အလှပြုပြင်ရေးဘက်တွေမှာ ယနေ့အများဆုံး အသုံးပြုနေတဲ့ နိုင်ငံကတော့ ရုရှားပေါ့။

ဆရာဝန်တစ်ယောက်ကပြောတယ် “မျှော့တွေဟာ ရောဂါအားလုံးလောက်နီးပါးကို ကုစားနိုင်တယ်” တဲ့ဗျား။ မော်စကိုမြို့က Kimberlyland Academy of Beauty ဆိုတဲ့ အလှဖန်တီးမှုသင်တန်းကျောင်းရဲ့ဆောင်ပုဒ်တစ်ခုကတော့ “နုပျိုမှုနဲ့ လှပမှုတွေကို အစဉ်ပေးစွမ်းတာကတော့ ဟောဒီမျှော့ကလေးတွေပေါ့” ဆိုပဲ။

မော်စကိုမြို့ပြင်တစ်နေရာမှာ မျှော့မွေးမြူရေးကုမ္ပဏီကြီး တစ်ခုရှိတယ်။ အဲဒီမှာ မျှော့အကောင်ပေါင်း နှစ်သန်းကျော်ကျော်လောက်ကို မွေးထားသတဲ့။ နောက်ပြီး မျှော့တစ်ကောင်ကို စတာလင် တစ်ပေါင်နှုံးနဲ့ ရောင်းစားဆိုပဲ။ ဖြစ်လိုက်မည့် စီးပွါးဗျာ။ မျှော့အလွန်ပေါတဲ့ မြန်မာပြည်မှာ ဒီစီးပွါးရေး ထူထောင်ရင် မဆိုးလောက်ဘူး။

မျှော့ပါရဂူကြီးတွေ အဆိုအရ မျှော့တစ်ကောင်မှာ မေးရိုးသုံးခုပါပြီး သွားအချောင်းပေါင်း ကိုးဆယ် ပါသတဲ့။ ကမ္ဘာပေါ်မှာ သွားအများဆုံး သတ္တ၀ါတစ်မျိုးဖြစ်မယ် ထင်တယ်။ မျှော့သတ္တ၀ါရဲ့ အသုံးကျမှုကဘာလဲဆိုရင် အာရုံမခံစားနိုင်မှုကို ဖြစ်စေတဲ့ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ သွေးခဲမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုတယ်။ သွေးခဲ့မှုကြောင့် ကိုယ်ခန္ဓာတစ်ခုလုံးလေးလံထိုင်းမှိုင်းမှုတွေဖြစ်နေရင် မျှော့တွေကို ကိုယ်မှာတွယ်ကပ်ပြီး သွေးစုပ်စေခြင်းအားဖြင့် ခဲနေတဲ့သွေးတွေဟာ ပြန်လည်ပျော်စီးသွားပြီး သွေးလည်ပတ်မှုပုံမှန်ပြန်ဖြစ်စေပါတယ်။

အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Irina Eliseyeva ကတော့ သူမရဲ့ အလှကို ထိမ်းသိမ်းတဲ့နေရာမှာ မျှော့တွေကို အသုံးပြုတယ်လို့ ဆိုပါတယ်။ သူပြောတာက “ဒီကောင်လေးတွေဟာ ကျမကို အစဉ်အလှတိုးစေရုံမက ကျမရဲ့ အသားအရေကိုလည်း ပိုမိုကျမ်းမာစိုပြေစေပါတယ်၊ ကျမမျက်နှာပြင်ဟာ အမြဲတမ်းသွေးယောင်သန်းပြီ အစဉ်နုပျိုနေရုံမက ဒီမျှော့ကောင်လေးတွေက အရေတွန့်နေတာတွေကိုပါ ဖယ်ရှားပေးပါတယ်” ဆိုပဲ။

မျှော့မွေးမြူရေးဌာက ကုမ္ပဏီမန်နေဂျာတစ်ယောက်ဖြစ်တဲ့ Elena Titova ကတော့ “လူသားတွေနဲ့ မျှော့တွေအကြားမှာ ထူးခြားတဲ့ ဆက်သွယ်မှုတွေရှိနေပါတယ်၊ အဲဒီအထဲ အမျိုးသမီးတွေဟာ မိခင်စိတ်များသူတွေ ဖြစ်တာကြောင့် အမျိုးသားတွေနဲ့ စာရင် မျှော့ကို အသုံးပြုပြီး အရွယ်ထိမ်းတဲ့နေရာမှာ ပိုပြီးသင့်တော်ပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။

hyperactivity လို့ခေါ်တဲ့ ဂနာမငြိမ်ရောဂါခံစားနေရတဲ့ အသက် (၇)နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို သူ့ဆရာဝန်က မျှော့တွေကို အသုံးပြုပြီး ဆေးကုသပေးခဲ့ပါတယ်။ အဲဒီဆရာဝန်ကပဲ အထက်က စကားကို ပြောကြားခဲ့တာပါ။

အဲဒီတော့ ကျနော်တို့ အသဲယားအူယားဖြစ်ပြီး ကြောက်လန့်နေတဲ့ မျှော့ကောင်တွေဟာ တကယ်တော့ လူသားတွေရဲ့ ကျမ်းမာရေးဘက်မှာရော၊ အလှဖန်တီးတဲ့နေရာမှာပါ အသုံးကျလှကြောင်း ကြုံကြိုက်တုန်း တင်ပြပေးလိုက်ပါတယ်။ ဒီတစ်ခါ ခြေထောက်မှာ မျှော့အတွယ်ခံရရင်တော့ တွယ်ချင်သလောက်တွယ် မခွါတော့ဘူး။ အမျိုးသမီးတွေကိုလည်း အကြံပေး ရဦးမယ်။ လှပနုပျိုမှုတွေနဲ့ ကိုယ့်ဘ၀ကို ထာဝစဉ်ထိန်းသိမ်းထားချင်သပဆိုရင်တော့ သတင်းကောင်းပေးလိုက်ပါတယ်။ “ကျနော်မင်းထက် မျှော့ရောင်းစားတော့မယ်” လို့။ တွယ်မယ်။

Monday, February 8, 2010

အလင်းနှစ်ဆီသွားတဲ့ တံတား


နီးခြင်းဝေးခြင်းဆိုတဲ့ ပညတ်များ
ဘယ်သို့ပင် ကွယ်ကာခြားစေ
နှလုံးသားက မေတ္တာ
သစ္စာနဲ့ ပေါင်းကူးလို့
ဒို့နှစ်ဦးဖြစ်တည်
အချစ်ဆိုတဲ့ တိုင်းပြည်လေးတစ်ခုထူထောင်ခဲ့ပြီ

ခရီးမိုင် ထောင်သောင်းမကလို့
အလင်းနှစ်တွေ မရေမတွက်နိုင်စေ
ဒို့နှစ်ဦးရဲ့ ဝေးကွာမှုအကြား
မေတ္တာတံတားတည်ဆောက်
မင်းဆီ အရောက်လှမ်းခဲ့ဖို့အတွက်
ငါ့ရဲ့နှလုံးသားမှာ အားဖြည့်
တစ်နေ့တော့ ဒို့နှစ်ယောက် ဆုံကြရမှာပါ

ထာဝရကို ၀ါဒတစ်ခုအတွက်
ဘယ်တော့မှ လက်မခံနိုင်ပေမဲ့
ဒို့နှစ်ဦးကြားက အချစ်
ထာဝရဖြစ်တည်ဖို့ဆိုရင်တော့
ရေကြည်မှာလည်း အရုပ်ထင်အောင် ထွင်းမယ်
လေပြည်မှာလည်း ခြေရာကျန်အောင် နင်းမယ်

ဟောဒီ မြေကမ္ဘာရဲ့ သက်တမ်း
အဆုံးသတ် ကုန်ခမ်းသွားတဲ့အခါ
ယုံတမ်းစကားတစ်ခု ကျန်ရစ်မယ်
မြေကမ္ဘာပြန်စတဲ့ တစ်နေ့
ငါ့အနားမှာ မင်းရှိနေဖို့ မျှော်လင့်တယ်
ဒို့နှစ်ယောက်ရဲ့ အချစ်နဲ့
ကမ္ဘာမြေကို ပြန်လည်ရှင်သန်စေမယ်

အချစ်ကို အပျော်အပါးအတွက် သဘောထား
အလျော်အစားလုပ်တဲ့ သူမဟုတ်
သစ္စာကို အခြေတည် သယောင်နဲ့
မေတ္တာကို ကဝေသည် လုပ်မည့်သူလည်း မဟုတ်
ချစ်ခြင်းအတွက် သစ္စာစကားပျိုးမည့်လူ
မုန်းခြင်းအတွက် မေတ္တာတံတားထိုးမည့်သူရယ်လေ။



Sunday, February 7, 2010

လာပြန်ပြီ နောက်တစ်ကြပ်


သူငယ်ချင်းတစ်ယောက်က မကြာခဏဆိုသလို ဖုန်းဆက်ပြီး မေးလေ့ရှိတယ် “ကိုမင်းထက် လက်ဗွေနှိပ်ဖို့ ခေါ်ပြီလား” ဟူ၍။ သူမေးတဲ့အခါတိုင်း စိတ်ပျက်လက်ပျက်နဲ့ ကျနော်ပေးခဲ့ရသော အဖြေမှာ “ရသေးပါဘူးဗျာ” ဟူသတည်း။ ပြီးခဲ့တဲ့ ၂၀၀၉-ခု၊ ၁၁-လပိုင်းက တင်လိုက်တဲ့ ကျနော့်ဗီဇာတိုးဖေါင်ထဲမှာ ပါသွားတဲ့ ဓာတ်ပုံက ဒီနှစ်အတွက် လုပ်ထားတဲ့ စံချိန်စံညွှန်းနဲ့ မကိုက်လို့ဆိုပြီး Home Office ကနေ ဖိုင်တစ်ခုလုံး ကျနော့်ဆီ ပြန်ပို့လိုက်တယ်။ ဓာတ်ပုံအသစ်ရိုက်ပြီးမှ ပြန်ပို့ပါတဲ့။ ဒါနဲ့ ကမန်းကတန်း ဓာတ်ပုံ အသစ်ပြေးရိုက်ပြီး ထပ်တင်လိုက်တယ်။ အဲလို ပို့လိုက်ပြီး တစ်ပတ်လောက်ကြာတော့ စာလာတယ်၊ သူတို့လက်ခံရရှိပါကြောင်း၊ Process ကို ဆက်လက်လုပ်ဆောင်နေပါကြောင်း ဘာညာပေါ့။

ဒီလိုနဲ့ ဗီဇာပြန်ကျလာမည့်နေ့ကို တမျှော်မျှော် စောင့်စားရင်း ကျောင်းလည်း မပျက်မကွက် သွားတက်နေရသေးတယ်။ ဒီကြားထဲ အခြားကျောင်းသားတွေဆီက ကြားရတဲ့ သတင်းတွေက စိတ်ကသိကအောင့်ဖြစ်စရာ။ ဘယ်သူကိုတော့ ပြန်ပို့လိုက်ပြီတဲ့၊ ဘယ်သူကတော့ဖြင့် ဗီဇာသုံးလပဲ ရသတဲ့၊ ဒီထက်ဆိုးတာက ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ဆို လက်ဗွေသွားနှိပ်ပြီးမှ Reject အလုပ်ခံရတယ်။ သူ့ခမျှာ လောလောဆယ် ရှိစုမဲ့စုနဲ့ ရှေ့နေငှါးပြီး လိုက်နေရရှာတယ်။ တွေ့တိုင်းမေးဖြစ်တော့ သူကဖြေတယ် “လုပ်တုန်းပါပဲကွာ” တဲ့။ ကျနော်လည်း စောင့်တုန်းပဲ ပြန်ပြောရတယ်။ အဲဒါ အခုလောလောဆယ် UK မှာ ကြုံနေကြရတဲ့ ကျနော်တို့ ရွှေနိုင်ငံက ကျောင်းသားလေးတွေရဲ့ ပြဿနာ တစ်စိပ်တစ်ပိုင်းပေါ့ဗျာ။ ဒါပေမဲ့ ဒီလိုပြဿနာပေါင်းသောင်းခြောက်ထောင်ကို ကြုံသလို ရင်ဆိုင်ပြီး UK မှာ ဆက်လက်နေဖို့ ကြိုးစားနေကြရတဲ့ အဓိကအကြောင်းကတော့ ရှင်းရှင်းပြောရရင် ကိုယ့်နိုင်ငံက မွဲပေတာကိုး။

မွဲဆိုတဲ့နေရာမှာ အကုန်ပါပါတယ်။ ပစ္စည်းဥစ္စာခေါင်းပါးတာတစ်ခုတည်းမဟုတ်ပါဘူး၊ ပညာရေးဘက်က ကြည့်မလား၊ နိုင်ငံရေးဘက်က ကြည့်မလား၊ စီးပွါးရေးဘက်က ကြည့်မလား၊ လူမှုရေးဘက်က ကြည့်မလား၊ နောက်ဆုံး ဘာသာရေးဘက်ကကြည့်မလား မွဲနေတာချည်းပဲ။ အဲဒီလို မွဲပေါင်းစုံသရဖူဆောင်းပြီး မွဲဘုရင်ဖြစ်နေတဲ့တိုင်းပြည်ထဲမှာ အခွင့်အရေးရှိရင် ဘယ်သူမှ မနေချင်တာ အမှန်ပါ။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်ကြီးပြင်းရာ ဒေသဖြစ်လို့ အိမ်လွမ်းတာကလွဲရင် ဘယ်သူမှ မပြန်ချင်ကြပါဘူး။ ဒီအင်္ဂလန်လို နိုင်ငံမျိုးမှာပဲ တတ်နိုင်သမျှ သည်းခံပြီး နေဖို့ ကြိုးစားနေကြရရှာတာပါ။ ဒီအတွက် ကျောင်းသားတွေကခမျှာ ပေးလိုက်ရတဲ့ ပိုက်ဆံဆိုလဲ သောက်သောက်လဲပါပဲ၊ ကျောင်းလခဆိုလည်း လျှောကနဲ၊ အိမ်လခဆိုလည်း ဝေါကနဲ၊ ဗီဇာကြေးဆိုလဲ ဖျောကနဲပါပဲ။ အဲဒီလိုပေးနိုင်ဖို့ရာ ကျောင်းသားတွေခမျာ ကျောင်းပြေးလိုက်၊ အလုပ်ပြေးလိုက်နဲ့ ကောင်းကောင်းမအိပ်ရ၊ ကောင်းကောင်းမနားရနဲ့ ဖတ်ဖတ်မောနေတာချည်းပါပဲ။ တစ်ချို့ဆို ဒီမှာရှာတာနဲ့ မလောက်လို့ မြန်မာပြည်ရှိ မိဘတွေဆီ ပြန်ပြီး အလှူခံကြရရှာသေးတယ်။ ဒီလောက်ကြပ်အောင်၊ တည်းအောင် လုပ်ထားပါလျက်နဲ့ နေတဲ့လူတွေကလည်း ကုတ်ကပ်ပြီး နေကြလေတယ်ဗျား။ အဲဒီထဲ ကျနော်လည်းပါတယ်။

အခုတစ်ခါ ထပ်လာပြန်ပြီ အကြပ်တစ်မျိုး။ မူလီလိုပဲ တစ်ရစ်ပြီး တစ်ရစ် ကြပ်နေတာ။ လက်ရှိနေတဲ့လူတွေကိုတော့ အထက်မှာပြောခဲ့သလို ဘက်ပေါင်းစုံအကြပ်နဲ့ ကြပ်ထားပြီး နောက်ထပ်လာမည့်လူတွေကိုတော့ အထူးသဖြင့် အာရှနိုင်ငံသားတွေမှန်သမျှကို နောက်ထပ် အကြပ်တစ်မျိုး ထပ်တိုးလိုက်ကြောင်း ဒီနေ့ထုတ် BBC Website ထဲ တွေ့လိုက်ရပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့----

(၁) ဥရောပအဖွဲ့ဝင်နိုင်ငံတွေကမဟုတ်တဲ့ ကျောင်းသားတစ်ယောက် UK ထဲကို အောင်အောင်မြင်မြင်ဝင်ရောက်လာချင်သပဆိုရင် အင်္ဂလိပ်စကားကို GCSE (General Certificate of Secondary Education) လို့ခေါ်တဲ့ အဆင့်နီးနီး ပြောနိုင်ရမယ်။ ဆိုလိုတာက ထမင်းစားရေသောက်အဆင့်ထက်ကျော်လွန်ပြီး လည်လည်ပတ်ပတ် ပြောတတ်ရမည်ပေါ့ဗျာ။ ဒီအတွက်တော့ သိပ်ပြဿနာမရှိပါသေးပါဘူး။ အတော်တန်ကျိုးစားရင် ဖြစ်ပါတယ်။

(၂) လက်ရှိစည်းကမ်းအရဆိုရင် ကျောင်းသားဗီဇာကိုင်ထားတဲ့လူတစ်ယောက်ဟာ ဘယ်ကျောင်းသားမဆို တစ်ပတ်မှာ နာရီ (၂၀) အလုပ်လုပ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အခုအသစ်ထုတ်လိုက်တဲ့ စည်းကမ်းအရ BA, BSc စတဲ့ Degree Level မဟုတ်ပဲ ရိုးရိုး Course တစ်ခုခုကို တက်ဖို့ရောက်လာရင်တော့ တစ်ပတ်မှာ (၁၀) နာရီပဲ အလုပ်လုပ်ခွင့်ရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတက်ရင်း အလုပ်လုပ်ဖို့၊ အလုပ်လုပ်ရင်း ကျောင်းတက်ဖို့ ရည်ရွယ်ချက်ရှိသူတွေ ဒီအချက်ကို စဉ်းစားပြီးမှ လမ်းကြောင်းရွေးစေချင်ပါတယ်။

(၃) ခြောက်လမကြာတဲ့ Course တစ်ခုခုကို တက်ဖို့ ရောက်လာတဲ့ ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့ အမှီအခိုဖြစ်တဲ့ သား/သမီး/ဇနီးမယားကို ခေါ်ယူခွင့်မရှိသလို၊ တကယ်လို့ အကြောင်းအားလျော်စွာ ပါလာခဲ့ရင်လည်း ကျောင်းသားရဲ့ အမှီအခိုဖြစ်သူတွေဟာ ဘာအလုပ်မှ လုပ်ခွင့်မရှိပါဘူး။ Visit Visa နဲ့ ခြောက်လကြာအောင် လာရောက်နေထိုင်နိုင်တဲ့အတွက် ခြောက်လမပြည့်တဲ့ Course နဲ့ ကျောင်းတက်နေတဲ့ ကျောင်းသားရဲ့ အမှီအခိုကို ၀င်ခွင့်မပေးတာလို့ ယူဆရပါတယ်။ ဒီအချက်ကတော့ ကြပ်တဲ့အထဲနဂိုကတည်းက ပါပြီးသားလို့ ထင်ပါတယ်။ ရှင်းအောင် ထပ်ပြောတဲ့ သဘောနဲ့ တူပါရဲ့။

(၄) နောက်ဆုံးတစ်ခုကတော့ ပိုအရေးကြီးပါတယ်။ အဲဒါကတော့ ကိုယ်တက်မည့်ကျောင်းရွေးချယ်မှုပါ။ မနှစ်က UK တစ်ခွင် Bogus College လို့ခေါ်တဲ့ လုပ်စားကျောင်းပေါင်း နှစ်ထောင် (2000) လောက်ကို Blact List သွင်းပြီး ပိတ်ပင်ခဲ့ရပါတယ်။ အဲဒီကျောင်းတွေမှာ တက်နေတဲ့ မြန်မာကျောင်းသူကျောင်းသားအချို့ ဗီဇာတိုးမရပဲ လာလမ်းပြန်သွားကြရကြောင်းလည်း ကြားလိုက်ရပါသေးတယ်။ အဲဒီတော့ ဒီဂရီအဆင့်မဟုတ်တဲ့ သင်တန်းတစ်ခုခုကို ရွေးချယ်ပြီး ကျောင်းတက်ဖို့ရောက်လာမည့် ကျောင်းသားဟာ ကိုယ်တက်မည့်ကျောင်းဟာ သက်ဆိုင်ရာဌာနမှာ မှတ်ပုံတင်ထားတဲ့ ကျောင်းဟုတ်/မဟုတ် သိဖို့အရေးကြီးပါတယ်။ တကယ်လို့ နောက်ပေါ် လုပ်စားကျောင်းတစ်ခုခုက ခေါ်စာရလို့ ဗီဇာလျှောက်တဲ့အခါ သံရုံးက ကျောင်းသားတက်မည့်ကျောင်းကို မှတ်ပုံတင်ထားခြင်းရှိ/မရှိ စစ်မှာပါ၊ စစ်လို့မရှိကြောင်း သိရင် ကျောင်းသားအတွက် များစွာ နစ်နာနိုင်ပါတယ်။ ဒီအချက်ကို သတိထားဖို့ အရေးကြီးပါတယ်။

ခြုံပြောရရင်တော့ ဒီအချက်လေးချက်ဟာ ကျောင်းသားအတော်များများအတွက် ကြောက်စရာတွေတော့လည်း မဟုတ်ပါဘူး။ သို့သော်လည်း အချို့ဒီဂရီအဆင့်မတက်နိုင်သေးတဲ့ ကျောင်းသားတွေအတွက် အခက်အခဲ တစ်ခုတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်တော့လည်း UK မှာ ဒီဂရီအဆင့်တက်ဖို့ဆိုတာ အတော်တော့ မလွယ်လှပါဘူး။ မလွယ်ဘူးဆိုတာ ငွေရေးကြေးရေးပိုင်းကို ပြောပါတယ်။ အရည်းအချင်းကတော့ သူ့ဟာနဲ့သူ ရှိကြမှာချည်းပါပဲ။ ဒီဂရီအဆင့်မှာလည်း College နဲ့ University တွေအလိုက် ကွဲပြားမှုရှိတဲ့အတွက် Fee ကြေးသွင်းရပုံချင်းမတူပါဘူး။ ဒါပေမဲ့ ယေဘုယျ ပြောရရရင်တော့ တစ်နှစ်စာအတွက် ကျောင်းသားတစ်ယောက်ဟာ အနည်းဆုံး စတာလင်ပေါင် ငါးထောင်ကနေ တစ်သောင်းသုံးထောင်အထိ သွင်းရလေ့ရှိပါတယ်။ အိမ်ကမထောက်ပံ့နိုင်ရင်၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက စကောလားရှစ်မရရင် အာရှကျောင်းသားတွေအတွက် မလွယ်ရေးချ မလွယ်ပါပဲ။

ကျနော်လည်း ရောက်စက ဒီလိုပဲ အပြင်ကျောင်းက ခေါ်စာနဲ့ ရောက်လာတာပါ၊ ရောက်ပြီး နှစ်နှစ်လောက်နေမှ တက္ကသိုလ်တက်ရရှာတာပါဗျာ့။ အခုတော့ ဗီဇာလည်း မကျသေး၊ ကျောင်းကလည်း တန်းလန်းနဲ့ ဆန့်တငင်ငင် ဖြစ်နေလေရဲ့။ ပုံမှန်အတိုင်းဆို ဗီဇာတင်ပြီး နှစ်လ နဲ့ သုံးလအကြားမှာ အဖြေသိရတတ်ပါတယ်။ အခုတော့ ပုံမှန်မဟုတ်ဘူး ထင်ရဲ့၊ လေးလအတွင်းရောက်လာပြီး ဘာမှ မလာသေးတော့ ကိုယ်လည်း အကြပ်ထဲ ပါနေပြီလား မသိဘူးဗျို့။ ၀ိုင်းလို့သာ ဆုတောင်းမစကြပါတော့။ ကျောင်းကြေးလည်း ရှိစုမဲ့စု အကုန်သွင်းထားပြီးသားမို့ ဗီဇာမပေးလို့ကတော့ “ဖွတ်မရ ဓားမဆုံး” ကိန်းဆိုက်မှာ မြင်ယောင်မိသေးတယ်။ ကိုယ့်ကိုယ်ကို ပြောပါတယ်။ နောက်ပြီး လာလမ်းကို ပြန်ရအောင်ကလည်း ကိုယ့်ကို ရေရေလည်လည် ကြိုမည့်သူက ရှိတော့တာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ မစောင့်နိုင်လို့ဆိုပြီး မနှစ်ကပဲ ယူသွားလေရဲ့။ ကျနော့်ဖြစ်ပုံ ပြောပါတယ်ဗျာ့။

Friday, February 5, 2010

လုပ်သမျှ ကောင်းဖို့


ဦးရှင်တို့ ညီအကို ရုတ်တရက် ယာယီခရီးထွက်သွားကြသဖြင့် အလင်းတန်းရွာလေး သွေ့ချောက်သယောင် ဖြစ်ကျန်ရစ်ခဲ့သည်မှာ တစ်ပတ်ပင် ကျော်လေပြီ။ ဆွေးနွေးပွဲကို နားမထောင်ရသည်မှာ ကြာပြီဖြစ်သဖြင့် အလင်းတန်းရွာက မူလတန်းကျောင်းဆရာလေး ကိုသောကြာတစ်ယောက်လည်း အဘိုးညီအကိုတို့ အပြန်ကို လည်တစ်မျှော်မျှော် ဖြစ်နေရှာတော့သည်။ ဒီတစ်ခါ အဘိုးနှစ်ယောက် ခရီးထွက်သည်မှာ ကြာပါဘိခြင်း။ ညနေဘက် လမ်းလျှောက်ရင်း အဘိုးတို့ ဆွေးနွေးနေကျ ဘုရားကုန်းပေါ်သို့ ခြေဦးလှည့်လာမိသည်။

အဘိုးနှစ်ယောက်ကို မျှော်ရင်း ပြီးခဲ့တဲ့ ဥပုသ်နေ့ညနေက ရွာဦးကျောင်းဆရာတော်ကြီး အမိန့်ရှိလိုက်သော စကားတစ်ခွန်းကို ပြန်လည်ကြားယောင်နေမိသည်။ “ကောင်းသမျှ လုပ်ဖို့ထက်၊ လုပ်သမျှ ကောင်းဖို့ လိုတယ်” ဟူ၏။ အလွန်ရှင်းသော စကားပေသည့် ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ ဘုရားကုန်းပေါ်မှ အလင်းတန်းကမ်းခြေရှိရာသို့ လှမ်းမျှော်ကြည့်ရင်း ဆရာတော်ကြီး၏ ဆိုလိုချက်ကို အဓိပ္ပါယ်အမျိုးမျိုး ကောက်နေမိသည်။

တကယ်တော့ ကောင်းသမျှလိုက်လုပ်ဖို့ မဖြစ်နိုင်သလို ကိုယ်လုပ်သမျှ ကောင်းဖို့ဆိုတာလည်း အလွန်မလွယ်ကူသောကိစ္စကြီးပင်။ အကောင်းအဆိုးဟူသည်မှာ အစဉ်တွဲလျှက် ခွဲမရသောနိယာမတစ်ခုဖြစ်ကြောင်း ကိုသောကြာနားလည်နေသည်။ “ကောင်းသမျှ” ဟူသောစကားစုတွင် “ကောင်း”ဟူသည်မှာ ကောင်းသော အကျိုးရှိသော တန်ဖိုးရှိသော ပညာရှိတို့ ကဲ့ရဲ့ဘွယ်မဖြစ်သော-ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုအပ်သည်-ဟု မူလတန်းကျောင်းဆရာပေါက်စက မှတ်ယူထားသည်။ “သမျှ”ဟူသည်မှာကား အားလုံး သို့မဟုတ် တစ်ခုမကျန် သို့တည်းမဟုတ် အကြွင်းမရှိ-ဟု နားလည်ပြန်ရကား ကောင်းသမျှဟူသော စကားသည် ကိုသောကြာအတွက် အတွေးနယ်ချဲ့စရာတစ်ခု ဖြစ်နေတော့သည်။

သို့သော်လည်း မိမိနည်းလည်ထားသော အဓိပ္ပါယ်သည် သူတစ်ပါးတို့ လက်ခံလောက်သော အဓိပ္ပါယ် ဟုတ်၏/မဟုတ်၏ကိုကား ကိုသောကြာ မတွေးမိခဲ့သေးချေ။ ထို့ပြင် နောက်ထပ် စကားတစ်ခွန်းမှာ “လုပ်သမျှ” ဟူ၍ဖြစ်သည်။ “လုပ်”ဟူရာဝယ် ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ် အားလုံးပါဝင်နိုင်ကြောင်းကို အဘိုးလေးဦးတင်ဆီက မှတ်သားနာယူခဲ့ဖူးသည့်အလျောက် အမှန်အတိုင်းပင်ဖြစ်ကြောင်း နားလည်ပြန်သည်။ ယင်းနားလည်မှုအရ ထပ်မံစဉ်းစားပြန်သောအခါ “လုပ်သမျှ ကောင်းဖို့” ဟူရာ၌ ကောင်းခြင်းသဘောကို မည်သူက သတ်မှတ်မည်နည်း? အဘယ်သူတို့၏ သတ်မှတ်ချက်သည် စံဖြစ်နိုင်သနည်း? မိမိကိုယ်တိုင်လုပ်သော အလုပ်ကို မိမိတစ်ဦးတည်းက အကောင်းဟု သတ်မှတ်နိုင်ပါသလော? ယင်းသို့ ဆက်လက်တွေးသောအခါ တိကျသေချာသော အဖြေကို သူကိုယ်တိုင် မတွေ့ပဲ ဖြစ်နေတော့သည်။

ရှေ့နောက်စကားနှစ်ရပ်ဝယ် “ကောင်းသမျှလုပ်ဖို့” ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း သေချာစွာ နားလည်နိုင်သော်ငြား “လုပ်သမျှကောင်းဖို့” ဆိုသည့်နောက်စကားမှာမူ လွယ်မယောင်နဲ့ခက် ဆိုသလို တွေးစရာတွေ များစွာများစွာ ရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် လူတစ်ဦးအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်မျိုးဖြစ်နိုင်သော ယင်းစကားကို ကျောင်းဆရာလေးက “မိမိလုပ်သော အလုပ်မှန်သမျှသည် မိမိအတွက်လည်း ကောင်း၊ သူတစ်ပါးအတွက်လည်း ကောင်းဖို့ လိုသည်” ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်သည်။

သို့သော်လည်း အပြောလွယ်သလောက် တကယ်လုပ်ကြည့်သောအခါ များစွာအခက်အခဲ ရှိနိုင်ကြောင်းကို စဉ်းစားမိပြန်သည်။ တစ်ခါတလေ ကိုယ်က ကောင်းတာလုပ်သော်တည့် တစ်ဘက်သားက အကောင်းမထင်တတ်သည့်အခါမျိုးနှင့် ကြုံရသောအခါ ယင်းအတွက် မည်သို့ စိတ်ထားရမည်နည်း? ကိုယ့်အလုပ်ကို အပြင်ရမည်လော? အကောင်းမမြင်နိုင်သူကိုပင် အပြစ်ဖို့ရတော့မည်လော? သို့တည်းမဟုတ် အမှတ်တမဲ့ပင် နေလိုက်ရတော့မည်လော? တွေးတောနေမိသည်။ တစ်ခါ မည်သူတွေ မည်သို့ထင်ပါစေ ကိုယ်ကကောင်းတာလုပ်ပါလျှက် အကောင်းမထင်နိုင်သူများကို ဂရုစိုက်စရာမလိုဟူ၍ကော ယူဆနိုင်ပါ၏လော? ယင်းသို့ယူဆပါက မိမိလုပ်ရပ်သည် အဘယ်မှာ အကောင်းသော အလုပ်ဖြစ်တော့မည်နည်း? ဟု ဆက်လက်တွေးနေသည်။

မည်သို့ဆိုစေ “ကောင်းသမျှလုပ်ဖို့ထက်၊ လုပ်သမျှ ကောင်းဖို့ လိုတယ်” ဟူသော စကားမှာ လိုက်နာစရာ၊ ကျင့်ကြံစရာ အများကြီး ပါဝင်ကြောင်းကိုကား ကိုသောကြာအတွက် ဘူးခံစရာမရှိ။ ကောင်းသမျှလုပ်ဖို့ မဖြစ်နိုင်သလို လုပ်သမျှကောင်းဖို့ဆိုသည်မှာလည်း အလွန်မလွယ်ကူလင့်ကစား တတ်နိုင်သမျှတော့ မိမိလုပ်သမျှသည် (၁) မိမိကိုယ်တိုင်အတွက် ကျေနပ်စရာဖြစ်လျှင်၊ (၂) မိမိပတ်ဝန်းကြင်ကို အထိအခိုက်မရှိစေလျှင် အကောင်းဟူ၍ သတ်မှတ်နိုင်ကြောင်း စဉ်းစားရင်း ဘုရားကုန်းပေါ်မှ ဆင်းလာခဲ့တော့သည်။

ရွာထဲသို့ရောက်သောအခါ ကလေးများ စုရုံးစုရုံးဖြစ်နေသဖြင့် မေးကြည့်ရာ အဘိုးညီအကိုတို့ ခရီးကပြန်ရောက်ခါစ ပါလာသော သကြားလုံးများကို ကလေးငယ်တို့အား ပေးဝေနေကြောင်း သိရသဖြင့် ကိုသောကြာလည်း ၀မ်းသာအားရဖြင့် အဘိုးတို့ရှိရာသို့ အလျှင်အမြန်ပြေးသွားကာ ပါလာသော သကြားလုံးများမကုန်ခင် ကလေးများနောက်မှ အသာဝင်ရောက်ကာ တန်းစီလိုက်တော့သတည်း။ လုပ်သမျှကောင်းဖို့ လိုသည်မဟုတ်တုံလော?