Let us never negotiate out of fear. But let us never fear to negotiate.
John F. Kennedy (1917-1963)
ကြောက်လို့ စေ့စပ်ဆွေးနွေးရတာမျိုး မဖြစ်စေနဲ့။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးဖို့ ကြောက်နေတာမျိုးလည်း မဖြစ်စေနဲ့။
(ဂျွန်အက်ဖ် ကနေဒီ)
John F. Kennedy (1917-1963)
ကြောက်လို့ စေ့စပ်ဆွေးနွေးရတာမျိုး မဖြစ်စေနဲ့။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးဖို့ ကြောက်နေတာမျိုးလည်း မဖြစ်စေနဲ့။
(ဂျွန်အက်ဖ် ကနေဒီ)
Mark Twain (1835-1910)
ကိုယ့်ကိုယ်ကို အများစုဘက်မှာ ပါဝင်နေတာကို တွေ့ရတဲ့အခါတိုင်း ခဏတဖြုတ်နားပြီး ပြန်စဉ်းစားကြည့်လိုက်ပါ။
(မာ့ခ်တွိန်း)
မြန်မာစကာပုံတွေမှာ သူ့ဖက်ကိုယ့်ဖက် လိုရာဆွဲပြီး ပြောနိုင်တဲ့ စကားပုံတွေ အတော်များများ ရှိနေတာကို မြန်မာစာဖတ်သူများ သိကြပြီးဖြစ်ပါတယ်။
ဥပမာ---
“သူတော်သွားလမ်း မိုဃ်းကြီးဖျန်း” ဆိုတဲ့စကားပုံနဲ့ “ကံဆိုးမသွားလေရာ မိုဃ်းလိုက်လို့ရွာ” ဆိုတဲ့ ဆန့်ကျင်ဘက် သဘောရှိတဲ့ စကားပုံတွေမျိုး။
“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့စကားပုံနဲ့ “သေချင်တဲ့ကျား တောပြောင်း” ဆိုတဲ့စကားပုံမျိုး။
နောက်ပြီးတော့ “လူညီရင် ဤကို ကျွဲဖတ်စတမ်း” ဆိုတဲ့စကားပုံနဲ့ “ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့” ဆိုတဲ့စကားပုံမျိုးတွေပါ။
ဒီစကားပုံတွေအရ လူတွေဟာ ကိုယ်ဖြစ်စေချင်တဲ့ဘက်ကို ဆွဲယူပြီးပြောရိုးပြုလေ့ရှိခဲ့တာ သိနိုင်တာပေါ့။ ဒီလိုပြောရိုးပြုခဲ့ကြတဲ့အတွက် စကားပုံတစ်ခုဟာ လူတစ်ဦးတစ်ယောက်အတွက် ပုံသေသာဓကတစ်ခုမဟုတ်တော့သလို လူတစ်ဦးတစ်ယောက်ဟာလည်း စကားပုံတစ်ခုရဲ့ နောက်လိုက်ကျေးကျွန် မဟုတ်တော့ဘူးဆိုတာ သိနိုင်ပြီပေါ့။ ဒီလိုပြောလို့ စကားပုံတွေဟာ ဘာမှအသုံးမ၀င်ဘူးလို့တော့ မဆိုလိုပါဘူး။ သူ့နေရာနဲ့သူ အသုံးတည့်နေလို့သာ ယနေ့ခေတ်ကာလအထိ စကားပုံအဖြစ် ဆက်လက်ရှင်သန်နေတယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ကြီးပါ။
အထက်ပါ စကားပုံတွေအနက် ဒီနေရာမှာ ပြောချင်တာက “လူညီရင် ဤကို ကျွဲဖတ်စတမ်း” ဆိုတာလေးပါ။ လူအများအစုက အမှတ်မှားပြီး ဤ-အက္ခရာကို ကျွဲလို့ ဖတ်ရင် ကျန်တဲ့လူတွေကလည်း ဤ-အက္ခရာမှန်း သိသိကြီးနဲ့ ကျွဲလို့ လိုက်ဖတ်ရမယ် ဆိုတဲ့ စကားပါ။ ဒါမျိုးကို ယနေ့ခေတ်မှာ လက်ခံရမည့် ကိစ္စမဟုတ်တော့ပါဘူး။ တကယ်တော့ ယနေ့ခေတ်မှာမှ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကတည်းကိုက ပညာရှိတွေ အသိုင်းအ၀ိုင်းမှာ လက်မခံခဲ့တဲ့ ကိစ္စကြီးပါ။
ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါတုန်းက အနာထပိဏ်သူဌေးဆိုတာ လူတိုင်းသိတဲ့ ဇေတ၀န်ကျောင်းတကာကြီးပေါ့။ ချမ်းသာလိုက်တာလည်း မပြောနဲ့တော့၊ အလွန်ကျယ်ဝန်းတဲ့ ဇေတမင်းသားပိုင် ဥယျာဉ်ကြီးကို အဲဒီဥယျာဉ်အပြည့် ငွေတွေခင်းပြီးတော့ ၀ယ်၊ ကျောင်းဆောက်ပြီး မြတ်စွာဘုရားကို လှူဒါန်းခဲ့တယ်။ နောက်ပြီးတော့လည်း နေ့တိုင်းနေ့တိုင်း ဘုရားနဲ့ သံဃာတော်တွေကို ဆွမ်းလုပ်ကျွေးတယ်။ ကြာလာတော့ ရှိတဲ့ပစ္စည်းတွေ လုံးပါးပါးပြီး ဆံပြုတ်တောင် အနိုင်နိုင်ဆက်ကပ်ရတဲ့အထိ မွဲသွားရှာတယ်။
ဒါကို အခွင့်ကောင်းယူပြီး သူဌေးခြံတံခါးစောင့်တဲ့ နတ်က “ခင်ဗျား ဒီလို မွဲသွားရတာဟာ ခင်ဗျားကြည်ညိုလှပါတယ်ဆိုတဲ့ ဦးပြည်းတွေကို နေ့တိုင်းထမင်းကျွေးနေလို့ ဖြစ်တာ၊ ဒီအချိန်က စပြီး အဲလို ကျွေးတာမွေးတာတွေ မလုပ်နဲ့တော့” လို့ လာပြောသတဲ့။ သူဌေးကြီးက သောတာပန်ဖြစ်နေပြီဆိုတော့ သူ့စကားကို နားမယောင်ခဲ့တဲ့အပြင် အဲဒီမိစ္ဆာဒိဋ္ဌိနတ်ကိုပဲ သူ့အိမ်က နှင်ထုတ်ပစ်ခဲ့တယ်။ တိုတိုပဲ ဆိုကြပါစို့၊ အဲဒီနောက်ပိုင်းမှာ သူဌေးလည်း ပြန်ပြီး ချမ်းသာလာလို့ အရင်အတိုင်း ဆွမ်းစသည် ပြန်လည် လှူဒါန်းနိုင်ခဲ့တယ်။
တစ်နေ့တော့ ဆွမ်းကပ်အပြီးမှာ သူဌေးကြီးက ဘုရားကို အထက်ပါအဖြစ်အပျက်ကို လျှောက်ပြတယ်။ ဒီနေရာမှာ ဘုရားစကားတော်က တော်တော်မှတ်သားဖို့ကောင်းတယ်။ စာဖတ်သူတွေ ကျက်ချင်ကျက်ထားနိုင်အောင် ပါဠိဂါထာလေးကိုပါ ရှာပြီးရေးပေးလိုက်ပါတယ်။ တကယ်အလုပ်လုပ်တဲ့လူတွေ သူများစကားကြောင့် ကိုယ့်လမ်းကြောင်း မပြောင်းအောင် ဒီဂါထာလေးကို အဓိပ္ပါယ်နဲ့တကွ ဆောင်ထားဖို့ကောင်းတယ်။
န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။
အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကာတာနိ စ။
(ဓမၼပဒ)
သူများတွေရဲ့ မလိုမုန်းထားစကားတွေကိုလည်း အရေးစိုက်ပြီး နားထောင်မနေနဲ့။
သူများတွေ လုပ်တဲ့အလုပ်တွေကိုလည်း ဟုတ်၏ မဟုတ်၏ ပြောမနေနဲ့။
ကိုယ့်ရဲ့ အလုပ်တွေကိုသာ တကယ်ဟုတ်သလား မဟုတ်သလား ဂရုတစိုက်ကြည့်ရှုပါ။
ဒီဘုရားစကားတော်ကို ကြည့်ရင် အလုပ်တကယ်လုပ်နေတဲ့လူတစ်ယောက်မှာ အတိုက်အခိုက်ဆိုတာတွေ ကတော့ အမြဲရှိနေမှာပဲဆိုတာ သိနိုင်တယ်။ ဒါပေမဲ့ ဘုရားက “အဲဒါတွေကို ဂရုမစိုက်နဲ့၊ ကိုယ့်အလုပ်ကိုယ်လုပ်” လို့ မိန့်တော်မူခဲ့တယ်။ တစ်နည်းပြောရရင်တော့ ဘုရားက “ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ပါဘူး” တဲ့။
ယနေ့ခေတ်မှာ အင်တာနက်တွေ ဘာတွေပေါ်လာတော့ လူတစ်ယောက်ဟာ သူမကျေနပ်တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ဖျက်ဆီးပစ်ဖို့ တော်တော့်ကို လွယ်ကူတယ်။ ရေးချင်တာတွေ အကုန်ရေးပြီး ကလစ်လိုက်တာနဲ့ အဲဒီလူရဲ့ သတင်းလွှင့်ချက်ဟာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံး ပျံ့နှံ့သွားတော့တာပဲပေါ့။ အဲလို လုပ်နေတဲ့လူတွေလည်း အများကြီး ရှိနေတာတွေ့နေရတယ်။ သူတို့လုပ်တာ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်။ ဒါပေမဲ့ ခံရတဲ့လူမှာတော့ တော်တော်လေးကို ဒုက္ခရောက်သွားနိုင်တယ်။ အရေးကြီးဆုံးကတော့ စာဖတ်သူရဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူဘာရည်ရွယ်ချက်နဲ့ ရေးသလဲ? ဆိုတဲ့ သူ့နောက်ကွယ်မှာတကယ်ရှိတဲ့ ရည်ရွယ်ချက်ကို မြင်အောင်ကြည့်သင့်ပါတယ်။ အဲဒီလိုမဟုတ်ရင် ကိုယ်ကိုယ်တိုင်လည်း ဤကို ကျွဲ ဖတ်တဲ့ လူအုပ်စုထဲ ပါသွားနိုင်တယ်။
တကယ်တော့ အင်တာနက်ပေါ်ရောက်လာတဲ့ သူများအကြောင်း မကောင်းရေးထားတဲ့ စာမှန်သမျှကို ကြည့်ရင် ဘယ်သူဘယ်ဝါက ရေးတယ်လို့ မသိရတာပဲ များပါတယ်။ အဲဒီလိုကိုယ့်နာမည်ကိုတော့ ဖျောက်ထားပြီး သူများနာမည်ကိုကျပြန်တော့ ရစရာမရှိအောင် သွားပုတ်လေလွင့်လုပ်ကတည်းကိုက အဲဒီရေးတဲ့လူဟာ ဘယ်လိုလူစားလည်း ဆိုတာကိုတော့ စာဖတ်သူတိုင်း ရိပ်မိကြပါလိမ့်မယ်။ ဘယ်သူဘယ်ဝါရယ်လို့ တိတိကျကျ မသိရှိရရင်တောင်မှ အဲဒီလူရဲ့ရည်ရွယ်ချက်ကို နားလည်နိုင်ကြမှာပါ။ သတင်းတစ်ပုဒ်ဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အများစုက လက်ခံပြီ ဆိုတာနဲ့ပဲ အတည်ပြုလို့မရသေးပါဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဘန်ပိုင်းခြားနိုင်ဖို့တော့ လိုပါတယ်။
ဒီလို ဝေဘန်ပိုင်းခြားနိုင်ဖို့အတွက် အချိန်အများကြီးပေးနေဖို့ မလိုပါဘူး။ စာရေးဆရာကြီး မာ့ခ်တွိန်းပြောတဲ့အတိုင်း ပြောရရင်---
“ကိုယ့်ကိုယ်ကို အများစုဘက်မှာ ပါနေတာကိုတွေ့ရတဲ့အခါတိုင်း ခဏနားပြီး ပြန်စားကြည့်လိုက်ပါ”။
ဒီလိုဆိုရင် ဤကို ဤလို့ပဲ ပြန်မြင်လာပါလိမ့်မယ်။ ကျွဲကိုလည်း ကျွဲလို့ပဲ ပြန်မြင်လာပါလိမ့်မယ်။ လူညီနေရုံနဲ့ ဤကို ကျွဲ ဖတ်နေရင်တော့ အမှန်တရားနဲ့ ဘယ်သောအခါမှ မနီးစပ်နိုင်ဘူးဆိုတာကို လေးနက်စွာ ပြောချင်ပါတယ်။ စာဖတ်သူများ ဝေဘန်ပိုင်းခြားနိုင်ကြပါစေ။