Wednesday, December 22, 2010

အတတ်ကြူးသူများ


The wise through excess of wisdom is made a fool.

Ralph Waldo Emerson (1803-1882)

“အတတ်ကြူး ဘီလူးဖြစ်”

(ရောဖ် ဝေါဒို အီမာဆန်၊ ၁၈၀၃-၁၈၈၂)



ရောဖ် ဝေါဒို အီမာဆန်ဟာ (၁၉) ရာစုအလယ်လောက်မှာ ပေါ်ထွန်းခဲ့တဲ့ အမေရိကန်လူမျိုး၊ အက်ဆေးဆရာ၊ ကဗျာဆရာနဲ့ စာပေဟောပြောဆရာတစ်ဦးပါ။ အထူးသဖြင့် သူ့ကို (၁၉) ရာစုအလယ်ခေတ်ရဲ့ (စာပေ)ခေတ်ပြောင်းတော်လှန်ရေးလှုပ်ရှားမှုမှာ ဦးဆောင်သူအဖြစ် အသိများကြတယ်လို့ ဆိုပါတယ်။ အီမာဆန်ကို ပုဂ္ဂလိက၀ါဒရေးရာမှာ ပြိုင်စံရှားသူအဖြစ် ရူမြင်ကြပြီး လူ့အသိုင်းအ၀ိုင်းမှာဖြစ်ပေါ်လေ့ရှိတဲ့ ဆန့်ကျင်ဘက် ကောင်းကျိုး/ဆိုးပြစ်တွေကို ဖြစ်စေတတ်တဲ့ ဖိအားတွေကို ကြိုတင်မြင်တတ်သူအဖြစ်လည်း နားလည်ထားကြပါတယ်။ ဆရာကြီးဟာ သူ့အတွေးအမြင်တွေကို အက်ဆေးဒါဇင်ပေါင်းများစွာရေးသားထုတ်ခဲ့တဲ့အပြင် အမေရိကန်နိုင်ငံတစ်ဝှမ်း စာပေဟောပြောပွဲပေါင်း (၁၅၀၀) ကျော်ကိုလည်း သူ့တစ်သက် ဆောင်ရွက်ပေးခဲ့ပါတယ်။

အီမာဆန်ရဲ့ ပုဂ္ဂလိက၀ါဒဆိုတာ လူတစ်ဦးချင်းရဲ့ ကိုယ်ကျင့်တရားနဲ့ အတွေးအခေါ်ဒဿနကို ဆိုလိုပါတယ်။ သူ့အဆိုအရ လူတစ်ဦးတစ်ယောက်ဟာ ပညာဘယ်လောက်တတ်တတ် ကိုယ်ကျင့်တရားမဖက်ရင် အရူးနဲ့တူတယ်၊ သို့မဟုတ် မြန်မာလိုတည့်တည့်ပြောရရင် ဘီလူးနဲ့ တူပါတယ် တဲ့။ ဒါကို မြန်မာတွေက “အတတ်ကြူး ဘီလူးဖြစ်”လို့ ဆိုစမှတ်ပြုကြပါတယ်။ ပညာအလွန်တတ်ပြီး ဒေါသကြီးသူတွေ၊ လောဘကြီးသူတွေကို လူ့အသိုင်းအ၀ိုင်းမှာ အများအပြားတွေ့မြင် သိရှိနိုင်ပါတယ်။ သူတို့ကို ပညာတတ်လူဆိုးကြီးတွေလို့လည်း ခေါ်ဆိုလိုက ခေါ်ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ပညာဆိုတာ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်နဲ့ ပြင်ပလောကမှာ သင်ယူထားတဲ့ အသိတွေကို ဆိုလိုတယ်လို့ ယူဆပါတယ်။

ဒီပညာသဘောက မွေးရာပါ အကျင့်စရိုက်ကို မလွမ်းမိုးနိုင်တဲ့အတွက် မွေးရာပါ ဒေါသစရိုက်ကြီးသူတွေ၊ ရာဂစရိုက်ကြီးသူတွေကို သူတို့တတ်ထား၊ သင်ယူထားတဲ့လောကီပညာရပ်တွေက မထိမ်းချုပ်နိုင်ကြပါဘူး။ ဒီသဘောအရ လောကီပညာနဲ့ စရိုက်ဟာ တစ်သီးတခြားစီ ကွဲပြားလာရပါတယ်။ တကယ်တော့ စရိုက်ကို တိုက်ရိုက်ထိမ်းချုပ်နိုင်တဲ့ပညာဆိုတာ လောကီနယ်လွန်ပညာ၊ သို့မဟုတ် လောကုတ္တရာပညာပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီလောကီနယ်လွန်ပညာကိုတော့ နေ့စဉ်ဘ၀မှာ လှုပ်ရှားရုန်းကန်နေသူတွေအဖို့ ကျင့်သုံးဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပေမဲ့ အခက်အခဲအများကြီးရှိနိုင်ပါတယ်။ ဒီအတွက် ထွက်ပေါက်တစ်ခုကို ရှာပေးဖို့ လိုပါလိမ့်မယ်။

လောကီပညာ အလွန်တတ်ပြီး စရိုက်ကို မပြုပြင်နိုင်သူတွေဟာ “ကြောင်သူတော်ကြီးများ” အနေနဲ့ပါ ရှုမြင်ခံရတတ်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် ကျင့်သုံးရမည့် နည်းလမ်းကတော့ ယောနိသော မနသီကာရခေါ် “နှလုံးသွင်းကောင်းမှု” ပါပဲ။ “နှလုံးသွင်းကောင်း”ဆိုတာ နေရာတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒေါသဖြစ်စရာရှိတဲ့အခါ “ငါဘာကြောင့်ဒေါသဖြစ်ရသလဲ?” ဆိုတဲ့မေးခွန်းဟာ ပထမဆုံးမေးရမည့် မေးခွန်းတစ်ခုပါ။ မေးခွန်းရဲ့ အဖြေကို ရှာတွေ့သွားတဲ့အခါ အခြေအနေကို နားလည်လာပြီး ဖြစ်ပေါ်နေတဲ့ ဒေါသဟာလည်း အလိုအလျောက်ပျောက်ကွယ်သွားနိုင်ပါတယ်။ အဖြေကို ရှာမတွေ့တဲ့အခါမှာတော့ ပညာတတ်ကြီးတွေဟာ မိမိရဲ့ ဂုဏ်သိက္ခာကို ရှုငဲ့ပြီး ကိုယ့်ဒေါသကို ဖြေဖျောက်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ပါများတဲ့အခါ ပညာတတ်ကြီးတွေဟာ ဖြစ်ပေါ်လာတဲ့ စရိုက်ဆိုးတွေကို မမြင်သာအောင် ထိမ်းချုပ်နိုင်စွမ်းပြီး လူ့ပတ်ဝန်းကျင်မှာ အရှက်မကွဲတော့ပါဘူး။ ဒါဟာ နှလုံးသွင်းကောင်းမှုနဲ့ ကိုယ့်ဒေါသကို အလွယ်ကူဆုံး ထိမ်းချုပ်တဲ့နည်းပါပဲ။

ထိုနည်းတူ လောဘဖြစ်စရာရှိလို့ လောဘဖြစ်လာတဲ့အခါမှာလည်း အထက်ပါနည်းဟာ အသုံးတည့်လှပါတယ်။ လောဘဖြစ်တဲ့နေရာမှာတော့ ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။ တစ်ချို့လောဘဟာ တဏှာအသွင်ဆောင်ပြီးတော့ တစ်ချို့သောလောဘကတော့ ရာဂအသွင်ကို ဆောင်ထားတတ်ပါတယ်။ ဒါ့အပြင် မေတ္တာအသွင်ဆောင်တဲ့ လောဘအမျိုးအစားလည်းရှိပါသေးတယ်။ လောဘက တဏှာအသွင်ဆောင်နေပြီဆိုရင် အဘိဇ္ဈာဆိုတဲ့ “သူတစ်ပါးပစ္စည်းဥစ္စာကိုမတရားသိမ်းပိုက်လိုမှု”တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ရာဂအသွင်ဆောင်တဲ့အခါမှာတော့ သူတပါးသားမယားကို လိုချင်တပ်မက်မှုတွေ တိုးပွါးနေတတ်ပါတယ်။ တစ်နည်းအားဖြင့် သက်မဲ့အရာဝတ္ထုကို တပ်မက်တာကို တဏှာအသွင်ဆောင်တဲ့လောဘ၊ သက်ရှိအရာဝတ္ထုအပေါ် တပ်မက်မှုကို ရာဂအသွင်ဆောင်တဲ့လောဘ လို့ခွဲခြားနိုင်ပါတယ်။

အဲဒီနှစ်မျိုးထက်ပိုမို သိမ်မွေ့ပြီး အသိရခက်တဲ့လောဘတစ်မျိုးကတော့ မေတ္တာအသွင်ဆောင်တဲ့ လောဘပါပဲ။ ဒီလောဘမျိုးဖြစ်ပေါ်နေပြီဆိုရင် ကိုယ့်ကိုယ်ကိုတောင် သတိမပြုမိအောင် ဖြစ်တတ်ပါတယ်။ တစ်ယောက်ယောက်အပေါ် လောဘနဲ့ငြိတွယ်နေတဲ့ကိစ္စကို မေတ္တာသက်ဝင်နေသယောင် ကိုယ်တိုင်ထင်နေတတ်ပါတယ်။ အဲဒီခါမှာ လောဘမှန်းဘယ်လိုသိနိုင်သလဲဆိုရင် အဲဒီမိမိနှစ်သက်နေသူကို မရနိုင်တဲ့အခါ ပူလောင်မှုတွေ ခံစားလာရတတ်ပါတယ်။ ဒီအခါမှာ မေတ္တာမဟုတ်ဘူး၊ လောဘဖြစ်နေတယ်လို့ လက်ခံရမှာဖြစ်ပါတယ်။ လောကမှာ ဒီလိုဖြစ်စဉ်တွေကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ဆရာနဲ့ တပည့်အကြား၊ လူကြီးနဲ့ လူငယ်၊ အထူးသဖြင့် သွေးသားမတော်စပ်တဲ့ ပတ်ဝန်းကျင်အချင်းချင်း ငြိတွယ်မှုတွေမှာ ဒီမေတ္တာအယောင်ဆောင်ထားတဲ့ လောဘအမျိုးအစားကို အများဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်။

အဲဒီလို လောဘ၊ ဒေါသတွေ ပုံစံအမျိုးမျိုးနဲ့ မိမိရင်ထဲနေရာယူလာတဲ့အခါ ပညာတတ်ကြီးဆိုသူတွေဟာ အထက်မှာပြောခဲ့တဲ့ “နှလုံးသွင်းကောင်းမှု”မရှိရင် အထိမ်းအကွပ်မဲ့ပြီး အမှားများစွာ လွန်ကြူးမိတတ်ကြပါတယ်။ ဒါကြောင့်လည်း ပညာတတ်တွေရဲ့ လူသတ်မှုတွေ၊ မုဒိန်းမှုတွေဟာ လောကမှာ မကြာခဏဆိုသလို ဖြစ်ပေါ်နေကြရတာပဲပေါ့။ ဒီလိုအဖြစ်အပျက်တွေကို မြင်ရတဲ့အခါ သာမန်လူတွေရဲ့ နှလုံးသားမှာ “ပညာတတ်လည်း မထူးပါဘူး၊ မိုက်တဲ့လူကတော့ ဘယ်လိုဖြစ်ဖြစ် မိုက်တာပါပဲ”ဆိုတဲ့ အယူအဆတွေ ဖြစ်ပေါ်တတ်ပါတယ်။ တကယ်တော့လည်း ဟုတ်ပါတယ်။ မိုက်တဲ့လူကတော့ မိုက်တာပါပဲ။ အဲဒီလောဘကြောင့်မိုက်ခြင်း၊ ဒေါသကြောင့်မိုက်ခြင်းတွေကို နှလုံးသွင်းကောင်းမှုမပါရင် သာမန်အားဖြင့် မဖယ်ရှားနိုင်ပါဘူး။ ဒီအခါမှာ မိမိတတ်ထားတဲ့ ပညာတွေက ဘာမှ အသုံးမ၀င်တော့ပဲ “အတတ်ကြူး ဘီလူးဖြစ်” ဆိုတဲ့ဝေါဟာရနဲ့ သမုတ်ခံရပါတော့တယ်။

တကယ်တော့ “အတတ်ကြူး ဘီလူးဖြစ်” ဆိုတဲ့စကားကို ပညာအလွန်တတ်ပြီး အမှားကြူးလွန်ဖို့ နည်းလမ်းထွင်နိုင်သူများကို ရည်ညွှန်းတယ်လို့ ယူဆပါတယ်။ မိမိလွန်ကြူးတဲ့အမှားကို လူအများမသိရအောင် တတ်ထားတဲ့ပညာကို အသုံးချပြီး နည်းလမ်းထွင်လွန်ကြူးမယ်ဆိုရင် သူ့ပတ်ဝန်းကျင်ဟာ အလွန်ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် ဒီလိုလူမျိုးကို ရည်ရွယ်ပြီး အထက်ပါစကားကို ရှေးလူကြီးများက အဆိုပြုခဲ့ကြဟန်တူပါတယ်။ ဒီသဘောကိုပဲ ၁၉ ရာစုနှစ်စာဆိုရှင်ကြီး အီမာဆန်ကတော့ “The wise through excess of wisdom is made a fool.” တဲ့။ သူ့အဓိပ္ပါယ်ကတော့ “အတတ်ကြူး အရူးဖြစ်” တဲ့။ ဒါကို မြန်မာစကားပုံနဲ့ ညီအောင် “အတတ်ကြူး ဘီလူးဖြစ်” လို့ ဘာသာပြန်ဆိုလိုက်ပါတယ်။ ပညာတတ်ကြီးများ နှလုံးသွင်းကောင်းကြပါစေ............။