
Court not the critic's smile nor dread his frown.
Sir Walter Scott (1771-1832)
တရားရုံးဆိုတာ ခြောက်တိုင်းလဲ မကြောက်ဘူး၊ မြှောက်တိုင်းလဲ မမြောက်ဘူး။
(ဆာဝေါလ်တာစကော့တ်)
ဆာဝေါလ်တာကတော့ “တရားရုံးဆိုတာ ခြောက်တိုင်းလဲမကြောက်တဲ့ မြှောက်တိုင်းလဲ မမြောက်တဲ့နေရာပါ” တဲ့။ ဟုတ်မှာပါ။ တရားရှိတဲ့တိုင်းပြည်တွေ၊ နိုင်ငံအုပ်ချုပ်သူတွေရဲ့အာဏာ တရားရုံးအောက်မှာ ရှိတဲ့တိုင်းပြည်တွေအတွက်တော့ သူ့အဆိုဟာ မှန်မှာပါပဲ။ သူ့အဆိုဟာ အစိုးရစနစ်ကြီးတစ်ခုကို ကိုယ်စားပြုတဲ့အဆိုပါ။ အဲဒီစနစ်ကတော့ ဒီမိုကရေစီဆိုတဲ့ ပြည်သူ့အလိုတော်စနစ်ကြီးပါပဲ။ ဒီမိုကရေစီစနစ်အောက်မှာရှိတဲ့ တရားရုံးတွေကတော့ အုပ်ချုပ်သူတွေရဲ့ အာဏာကို ဂရုစိုက်စရာမလိုပဲ ပြဌာန်းထားတဲ့ တရားဥပဒေစည်းကမ်းအတိုင်း ဆုံးဖြတ်ပိုင်ခွင့်ရှိကြပါတယ်။
တရားဥပဒေစိုးမိုးမှုမရှိတဲ့ အာဏာရှင်နိုင်ငံတွေမှာတော့ တရားရုံးဆိုတာ ဇာတ်ဆရာအလိုကျ လက်လှုပ်၊ ချေလှုပ် လုပ်ရတဲ့ ရုပ်သေးရုပ်လေးတွေကို ပွဲထုတ်တည်ခင်းရာ ရုပ်သေးစင်ကြီးတစ်ခုပါပဲ။ တရားသူကြီးတွေဟာ မိမိတို့ထမင်းအိုးမကွဲရေးအတွက် အုပ်ချုပ်သူအာဏာရှင်တွေရဲ့အလိုကျ ဆုံးဖြတ်ကြရရှာပါတယ်။ ဒီအတွက်သူတို့ကို အပြစ်ဆိုရင်လဲ ဆိုတဲ့လူမောရုံပဲ ရှိမှာပါ။ ပုထုဇဉ်တွေပဲလေ၊ အကြောက်တရားနဲ့ အသက်ရှင်နေကြရရှာတာမို့လား။ အဲဒီလို အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံတွေမှာ တရားသူကြီးတွေရဲ့ပါးစပ်ပေါက်တွေဟာ ပြည်သူလူထုကို ကိုယ်စားမပြုနိုင်ရှာပဲ မင်းလိုလိုက်မင်းကြိုက်လုပ်နေကြရတော့တာပါပဲ။
“သူ့ဆန်စား ရဲမှ” ဆိုတဲ့စကားအတိုင်း အာဏာရှင်ပေးသမျှယူ၊ ကျွေးသမျှစားပြီး သူ့အလိုကျဆုံးဖြတ်ကြရတဲ့ တရားသူကြီးဆိုသူတွေရဲ့ တရားရုံးတွေဟာ ပြည်သူလူထုရဲ့ အားကိုးရာမဖြစ်ကြပဲ လူထုကို ချိန်းခြောက်၊ ဂျောက်ချတဲ့ နေရာကြီးသဘွယ်ဖြစ်နေပါတော့တယ်။ အဲဒီတရားရုံးတွေရဲ့ ဥပဒေစာအုပ်တွေ၊ တရားရေးရာပေလွှာတွေဟာလဲ သက်ဆိုင်ရာအာဏာရှင်တွေရဲ့ အာဘော်ကျရေးသားထားကြရပြီး အာဏာရှင်တွေရဲ့ ရာဇပလ္လင်ဖင်မြဲရေးကို ကျားကန်ပေးထားကြရတာက များပါတယ်။ ဒါကြောင့် ဆာဝေါလ်တာရဲ့ အဆိုဟာ သူတို့အတွက်တော့ ပျက်လုံးတစ်ခုလို ဖြစ်နေမှာပါပဲ။
အာဏာရှင်ဝါဒီအောက်က ခြောက်တိုင်းလဲကြောက်ရတဲ့အပြင် မြှောက်တိုင်းလဲ မြောက်နေကြရတဲ့ တရားသူကြီးတွေဟာ တကယ်တော့ ကိုယ့်ကိုယ်ကို မှန်မကြည့်ဝံ့လောက်အောင် အကျည်းတန်ရုပ်ဆိုးနေမှန်း သူတို့ကိုယ် သူတို့သိကြပါတယ်။ ရှေ့နေဆိုသူတွေဟာလဲ အာဏာရှင်တွေရဲ့ရှေ့ကပဲ နေကြရတော့တာပါပဲ။ အာဏာရှင်တွေရှေ့ကမနေပဲ ပြည်သူ့ဆန္ဒတစ်စုံတရာကို ကိုယ်စားပြုလျှောက်လဲမိလို့ နောက်တန်းရောက်သွားကြရရှာတဲ့ ရှေ့နေတွေရှိပေမဲ့ သူတို့ကိုယ်တိုင်ရဲ့မိသားစုဒုက္ခအ၀၀နဲ့ ကြုံတွေ့လာကြရတဲ့အခါမှာတော့ တရားဆိုတာကို မျက်ကွယ်ပြုပြီး မိသားစုထမင်းအိုးလေး မီးခိုးမစဲဖို့ရာ အရဲစွန့်ကြရပြန်ပါတယ်။
လာဘ်စားမှုဆိုတာနိုင်ငံတိုင်းမှာ အနည်းအများရှိနေပေမဲ့ တရားမဲ့တဲ့အာဏာရှင်နိုင်ငံတွေမှာတော့ တရားဝင်လုပ်ပိုင်ခွင့်ရှိတဲ့၊ ပြောင်ကျကျလုပ်လို့ရတဲ့ စီးပွါးရေးဆိုးကြီးတစ်ခုဖြစ်နေပါပြီ။ တရားသူကြီးဆိုသူတွေဟာ လုပ်ပိုင်ခွင့်လက်ဝယ်ရယူထားတဲ့ အုပ်ချုပ်သူအာဏာရှင်တွေနဲ့ပေါင်း၊ မိမိတို့လုပ်ချင်သမျှကို ပုဒ်မအမျိုးမျိုးတပ်ပြီး ပြည်သူလူထုကို နှိပ်စက်ကြတော့တာပါပဲ။ ဒီအဖြစ်အပျက်တွေဟာ အာဏာရှင်တွေ အုပ်စိုးတဲ့ကမ္ဘာ့နိုင်ငံအသီးသီးရှိ မသိချင်ဆုံးသိနေရ၊ မကြားချင်ဆုံးကြားနေရတဲ့ သတင်းတွေပါ။
တရားသဖြင့်ပေါ်လာတဲ့မိမိဆန္ဒကို ထုတ်ဖေါ်ပြောကြားမိလို့ လက်ရှိဥပဒေအရအပြစ်ရှိတယ်ပြောပြီး သံတိုင်နောက်အပို့ခံကြရတဲ့ ပြည်သူ့သားကောင်းတွေဟာ ဒိအတွက်သူတို့ကိုယ်တိုင်မမှုကြပေမဲ့ သူတို့ကြောင့်မျက်ရည်အသွယ်သွယ်စီးနေကြရရှာတဲ့ မိခင်၊ ဖခင်နဲ့ ချစ်သူသက်ထား၊ ဇနီးမယား၊ သမီးသားတို့အတွက် ရတက်မအေး ပူဆွေးကြရပါတယ်။ ဒီသားကောင်းတွေအတွက် တရားသူကြီးဆိုသူတွေ၊ ရှေ့နေဆိုသူတွေရဲ့ အခန်းကဏ္ဍက ဘာလဲ။ တရားနည်းလမ်းအတိုင်း လျှောက်လှဲခွင့်မရှိတဲ့ ရှေ့နေတွေနဲ့ ဥပဒေစည်းကမ်းအတိုင်းဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ တရားသူကြီးတွေရဲ့ဘ၀ဟာ တကယ်တော့ သံတိုင်ကြားက နိုင်ငံသားကောင်းတွေရဲ့ ဘ၀ထက်တောင် သနားစရာကောင်းပါသေးတယ်။ သူတို့ဟာ ခြောက်တိုင်းကြောက်ပြီး မြှောက်တိုင်းမြောက်နေကြရရှာတဲ့ ရုပ်သေးရုပ်လေးတွေရယ်လေ။
No comments:
Post a Comment
The comment given by you is my teacher and treasure.