Wednesday, April 15, 2009

မှန်ကန်တဲ့ဆုံးဖြတ်ချက်


Good judgment comes from experience, and often experience comes from bad judgment.

(Rita Mae Brown)

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို အတွေ့အကြုံက ရတတ်ပြီး အဲဒီအတွေ့အကြုံဆိုတာလဲ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာရတတ်တယ်။

(ရီတာမေဘရောင်း)

ကောင်းလိုက်တဲ့ အိုင်ဒီယာလေးဗျာ။ မှန်လိုက်သည်ဖြစ်ခြင်း လို့ပြောရင်တောင် ရတယ်။ လူတိုင်းရဲ့အဖြစ်သနစ်ကို ထိုးထွင်းသိမြင်ပြီးပြောထားတဲ့စကားတစ်ခွန်းဖြစ်ကြောင်း လူတိုင်းဝန်ခံနိုင်မယ်ထင်ပါရဲ့။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတဲ့ ရလာဒ်ကောင်းတစ်ခုကို အကြောင်း+အကျိုးအဆင့်ဆင့်တွေးပြသွားတယ်။

(၁) မှားယွင်းတဲ့ဆုံးဖြတ်ချက်ဆိုတဲ့ အကြောင်းကြောင့် (အကြောင်း)
(၂) မလိုအပ်တဲ့ အကျိုးဖြစ်ရတတ်ပုံ (အကျိုး)
(၃) ဒီလိုရလာဒ်ဆိုးမျိုးကို အကြောင်းပြု၊ သင်္ခန်းစာယူပြီး (အကြောင်း)
(၄) နောက်တစ်ခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပုံ (အကျိုး) တွေကို အဆင့်ဆင့်တွေးပြသွားခြင်းပါ။

ကျနော်တို့ရဲ့ နေ့စဉ်ဘ၀မှာ ရှင်သန်နေထိုင်နေရသမျှကာလတွေဟာ ကျနော်တို့ကို ဆုံးဖြတ်တစ်ခုခုချဖို့ အမြဲမပြတ် ဆော်သြနေလေ့ရှိတာကို သတိမူကြသူတိုင်း နားလည်ကြမှာပါ။ ပါစက၀မ်းမီးရဲ့စေ့ဆော်မှုကြောင့် မွတ်သိပ်ဆာလောင်မှုဖြစ်တဲ့အခါမျိုးမှာတောင် ကျနော်တို့ဟာ မသိစိတ်ရဲ့ဆုံးဖြတ်မှုကို နာခံနေကြရပါတယ်။ မြန်မာစကားပုံမှာ “အသွားမတော်တစ်လှမ်း၊ အစားမတော် တစ်လုပ်” ဆိုတဲ့ စကားတွေဟာ ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ရလာတဲ့ အတွေ့အကြုံဆိုးတွေကို မီးမောင်းထိုးပြနေကြတယ်လို့ ဆိုနိုင်ပါတယ်။

ဒုက္ခဘုံတွင်းက ဒုက္ခကောင်များပီပီ ကျနော်တို့လူသားတွေဟာ ကိုယ်တိုင်ကျကျနန ဒုက္ခမခံရသေးပဲ လူပြောသူပြောစကားလောက်နဲ့ အတွေ့အကြုံမယူချင်ကြပါဘူး။ ဒုက္ခသဘောကို နားမလည်ချင်ကြပါဘူး။ ဒါကြောင့် သိသိကြီးနဲ့ မှားမှားယွင်းယွင်းဆုံးဖြတ်ချက်ချပြီး ခါးသီးတဲ့ အတွေ့အကြုံမျိုးကို ရှာမှီးချင်ကြပါတယ်။ ဒီလမ်းကို သွားရင် သေမယ်ဆိုတာ သိပါလျှက်နဲ့ မသေသေးတဲ့အတွက်ကြောင့်ဖြစ်စေ၊ သေလောက်တဲ့ဒုက္ခမျိုးနဲ့မတွေ့သေးတဲ့တွက်ကြောင့်ဖြစ်စေ အရဲစွန့်သွားဖို့ ဆုံးဖြတ်မိတတ်ပါတယ်။ ဒါဟာ ကျနော်တို့ လူသားတွေရဲ့ ပြုပြင်လို့မရနိုင်တဲ့ ခေါင်းမာမှုတစ်မျိုးဖြစ်တယ်လို့ ကျနော်သတ်မှတ်ချင်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ ဒီလိုပဲလေ။

ဒါပေမဲ့ ကိုယ့်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့ ရလာဒ်ဆိုးနဲ့ တကယ့်ကိုနဖူးတွေ့၊ ဒူးတွေ့ တွေ့လာရတဲ့အခါကျတော့ ငါမှားလေခြင်းရယ်လို့ ငိုခြင်းချလဲ နောက်ကျသွားခဲ့ပါပြီ။ အဲဒီဒုက္ခမှ ကံသီလို့လွတ်မြောက်လာတဲ့လူတွေ၊ တွေ့လိုက်ရတဲ့အတွေ့အကြုံကို ကိုယ့်ဘ၀အတွက် တန်ဖိုးရှိတဲ့သင်္ခန်းစာအဖြစ် အသုံးချတတ်တဲ့လူတွေအတွက်တော့ အဲဒီအတွေ့အကြုံဟာ နောင်တစ်ချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ဖြစ်ပေါ်စေတဲ့ အင်အားကြီးတစ်ခုဖြစ်ကြောင်း နားလည်နိုင်ပါတယ်။

(၁) ပညာရှိသူတို့သည် သူတပါးတို့၏အမှားများမှ သင်္ခန်းစာ ယူတတ်ကြကုန်၏။
(၂) ပညာမရှိသူတို့သည် မိမိတို့၏ အမှားများမှ ရံခါ အနည်းငယ် သင်္ခန်းစာယူတတ်ကြကုန်၏။
(၃) လူမိုက်တို့သည်ကား မိမိတို့၏ အမှားများမှသော်လည်း ဘယ်သောအခါမှ သင်္ခန်းစာမယူတတ်ကြကုန်။

ကျနော်ကြားဖူးတာလေး ရေးလိုက်တာပါ။ ဒီအတိုင်း တစ်ထပ်တည်းဟုတ်ချင်မှ ဟုတ်မယ်။ ဆရာဦးအောင်သင်းပြောဖူးတာလေး နားထောင်ဖူးလို့။ ကျနော် ပညာရှိနဲ့ လူမိုက်အကြားမှာ ပညာမရှိသူကို ထည့်ထားပါတယ်။ ပညာမရှိတဲ့သူကို လူမိုက်လို့ ကျနော်မဆိုရဲလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပညာမရှိသူဟာ သူ့ကိုယ်သူပဲ ဒုက္ခပေးတတ်ပါတယ်။ သူ့ပတ်ဝန်းကြင်ကိုတော့ ဒုက္ခမပေးတတ်ပါဘူး။ လူမိုက်ကတော့ သူ့ကိုယ်သူလဲ ဒုက္ခပေးတတ်ပြီး သူ့ပတ်ဝန်းကြင်ဟာလဲ သူ့ကြောင့် စိတ်သောကရောက်နေရတတ်ပါတယ်။

လူသားတွေအများစုဟာ ပညာရှိနဲ့ လူမိုက်ဆိုတဲ့ အချင်းအရာနှစ်မျိုးကြားက ပညာမရှိသူတွေပဲ များတယ်လို့ ကျနော်မှတ်ယူပါတယ်။ လူတစ်ယောက်ကို ပညာရှိ (သို့မဟုတ်) လူမိုက်လို့ သတ်မှတ်ဖို့အတွက် အတော်ခက်ပါတယ်။ အဲဒီတော့ “ပညာမရှိသူ”လို့ ကြားချပြီး ကျနော်ကတော့ သတ်မှတ်ချင်ပါတယ်။ ကျနော်တို့ဟာ နေ့စဉ်ဘ၀က ပေးတဲ့အတွေ့အကြုံတွေကို ဘ၀သင်္ခန်းစာကောင်းတွေအဖြစ် ရံခါယူလေ့ရှိပြီး ရံခါ မသိကျိုးကျွံ ပြုနေတတ်ကြပါတယ်။ ကိုယ့်စိတ်နဲ့အံဝင်တဲ့ဟာမျိုးကိုတော့ လက်ခံချင်ကြပြီး ကိုယ့်စိတ်နဲ့ မကိုက်တဲ့ဟာမျိုးတွေကိုတော့ ကောင်းမှန်း/အကျိုးရှိမှန်းသိသိတိုင် ဘေးဖယ်ထားချင်ကြပါတယ်။

ဒီလိုသဘောသဘာဝရှိတဲ့ လူတွေဟာ အများစုရယ်ပါ။ ဒီလူတွေအားလုံးကို အဘယ်မှာ ပညာရှိစာရင်း သွင်းကောင်းအံနည်းလို့ ကျနော်ဆိုချင်ပါတယ်။ ကျနော့်ကိုလဲ ပညာမရှိသူစာရင်းမှာပဲ ထည့်ပေးကြပါ။ တကယ်တော့ ကျနော်လဲ ပညာရှိမဖြစ်ချင်သေးပါဘူး။ ပညာရှိမဖြစ်ချင်သလို လူမိုက်စာရင်းလဲ မပေါက်ချင်ပါဘူးဗျာ။ ဒါကြောင့် ကြားထဲမှာပဲ ခိုကပ်နေပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လဲ ရံခါသင်္ခန်းစာယူတတ်ပြီး ရံခါမသိယောင်ဆောင်ခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။

ရီတာမေဘရောင်းက “အတွေ့အကြုံတွေဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ဖြစ်စေတယ်” လို့ ဆိုပေမဲ့ လူတိုင်းအတွက်တော့မဟုတ်ပါဘူး။ ဘယ်အရာမဆို ယူတတ်သူတွေသာ ရတတ်ကြပါတယ်။ ကျနော်တို့တတွေအများစုဟာ ယူတတ်သူနည်းပါတယ်။ နေ့စဉ်ဘ၀မှာ ကိုယ့်ပတ်ဝန်းကျင်ကရော ကိုယ်ကိုယ်တိုင်မှာပါ အတွေ့အကြုံတွေရှိနေ၊ ရနေပေမဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မှန်မှန်ကန်ကန်ချဖို့အရေးမှာကျတော့ စိတ်ဓာတ်ထွေပြား၊ နှေးကွေးသွားပြီး တစ်ပါးသူကို အားကိုးမိတတ်ကြပါတယ်။ ဒါကိုပဲ ကိုယ့်ကိုယ်ကို လူညံ့စာရင်းထဲမထည့်ချင်တဲ့လူတွေကတော “သူများကို အားကိုးတယ်လို့ မသုံးပဲ သူများဆီက အကြံအဉာဏ်ယူတာပါ” လို့ဆိုတတ်ကြပါတယ်။

အတွေ့အကြုံဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ဖြစ်စေတယ် ဆိုတဲ့ စကားဟာ လူတိုင်းအတွက် မဟုတ်ပေမဲ့ တကယ်မှန်ကန်တဲ့စကားဖြစ်ကြောင်းကိုတော့ ငြင်းစရာမရှိပါဘူး။ ပညာရှိတွေအတွက် မဆိုထားနဲ့၊ ပညာမရှိတဲ့လူတွေအတွက်တောင် ဒီစကားက နားဝင်နိုင်စရာ၊ လက်ခံနိုင်စရာပါ။ ဒါကြောင့် ကျနော်တို့ဟာ အနာဂတ်ကြီးပွါးရေးလမ်းကြောင်းပေါ် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်ဖို့အရေး နေ့စဉ်ဘ၀ထဲက အတွေ့အကြုံတွေကို မှန်မှန်ကန်ကန်ထုတ်ယူနိုင်အောင် မျက်စိဖွင့်၊ နားစွင့်နေကြရမှာဖြစ်ကြောင်း အာဘော်ထိုး နိုးဆော်လိုက်ပါတယ်။

No comments:

Post a Comment

The comment given by you is my teacher and treasure.