Wednesday, December 17, 2008

အားကျမိကြောင်းပါခင်ဗျား


အမေရိကန်မုန်းတဲ့လူတွေ ကျနော့်ဘလော့ကို ဖတ်မိရင် ဆဲချင်သလောက် ဆဲနိုင်ပါတယ်ခင်ဗျား။ ကြိုတင်ပြီး အကြောင်းကြားထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်စကားလေးတစ်ခွန်းပြောချင်လို့။ အဲဒါကဘာလဲဆိုတော့ ကျနော်ဟာ အမေရိကန်သမ္မတဖြစ်ရတဲ့ဘ၀ကို စားရ၀မခန်းကို အားကျသွားမိလို့ပါ။ တကယ်အားကျတာပါဗျာ။ ဘုရားစူးရစေရဲ့။ အထူးသဖြင့် ၂၀၀၃ ခုနှစ်မှာ အီရတ်ကို ၀င်တိုက်ပြီး လူမိုက်လုပ်ခဲ့ရတဲ့ သမ္မတာဘုရှ်ကြီးကို အားကျသွားမိကြောင်းပါခင်ဗျား။

စဉ်းစားကြည့်လေ။ အားကျတဲ့အကြောင်းကတော့ အများကြီးပါပဲ။ အဲဒီထဲက နှစ်ခုကို ပြောချင်လို့။ တစ်ခုက ဆိုင်ပေါ်မှာ ဒေါ်လာ (၂၀)လောက်ပဲ တန်တဲ့ဖိနပ်တစ်ရံဟာ သမ္မတဘုရှ်ကို ပစ်လိုက်ပြီးတဲ့နောက်မှာ ဒေါ်လာ (၁၀) သန်းတန်တဲ့ဖိနပ်ဖြစ်သွားပါတယ်။ နောက်တစ်ခုကတော့ သမ္မတကို စော်ကားတဲ့ သတင်းထောက်ဇိုင်ဒီကို ကန်မုန်းတဲ့ အသိုင်းအ၀ိုင်းက ချက်ချင်းလက်ငင်းသူရဲကောင်းအဖြစ် အသိအမှတ်ပြုယုံမကဘူး၊ အီဂျစ်နိုင်ငံသား တစ်ယောက်ကဆို သူ့သမီးကို ပေးဖို့အထိ ကမ်းလှမ်းထားလိုက်ပါပြီ။

အသက် (၂၀) အရွယ်ပဲရှိသေးတဲ့ အီဂျစ်သူလေး Amal Saad Gumaa က သူ့အဖေရဲ့စီမံချက်ကို သဘောတူရုံမကဘူး။ သူ့ဆန္ဒကိုပါ ဖွင့်ဟလိုက်သေးတယ်။ “ဒါဟာ ကျမကို အဖေက ဂုဏ်ပြုလိုက်တာပါပဲ၊ ဒီလိုသူရဲကောင်းမျိုးနဲ့သာ ပေါင်းသင်းခွင့်ရမယ်ဆိုရင် ကျမအီရတ်နိုင်ငံမှာလဲ နေရဲပါတယ်“ တဲ့။ ကောင်မလေးရဲ့အဖေ Saad Gumaa ကလဲ ဇိုင်ဒီ့အကို Dergham ဆီ တယ်လီဖုန်းနဲ့ အခုလို လှမ်းပြောလိုက်တယ်။ “ဒီသူရဲကောင်းကို ဂုဏ်ပြုဖို့ရာ ကျုပ်မှာ ကျုပ်သမီးထက်ပိုမိုတန်ဖိုးရှိတဲ့အရာမရှိပါဘူး၊ ကျုပ်သမီးရဲ့ မင်္ဂလာကိစ္စအတွက် ဘာမဆိုဖြည့်ဆည်းပေးဖို့ ကျုပ်စီမံထားပါတယ်” တဲ့။

မထူးဆန်းဘူးလား။ မထူးဆန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်သမ္မတဖြစ်နေလို့ပါပဲ။ သူတို့ဘက်က ဒီလိုလုပ်တာဟာ သတင်းထောက် ဇိုင်ဒီကို ဂုဏ်ပြုတာထက် ကျနော့်အမြင်မှာတော့ အမေရိကန်သမ္မတဆိုတဲ့ ဘ၀ကို ပိုမိုဂုဏ်တင့်စေတယ်၊ ကြီးကျယ်ခန်းနားသွားစေတယ် လို့မြင်ပါတယ်။ သတင်းထောက်ဇိုင်ဒီကို သူရဲကောင်းအဖြစ်ချီးကြူးလေလေ အမေရိကန်သမ္မတဆိုတဲ့ ဂုဏ်ဟာ မြင့်မားလေလေပါပဲ။ ဒါကြောင့် ကျနော် အမေရိကန်သမ္မတဘ၀ကို အားကျတယ်လို့ပြောတာ။ မှားလားဗျာ။

(http://uk.news.yahoo.com/22/20081217/tod-uk-iraq-bush-bride-odd-b7e5c6f.html) ကိုအခြေခံရေးပါသည်။

2 comments:

  1. ကျနော်က သတင်းထောက်ပဲ ဖြစ်ချင်တယ်။ သမီးလေးတွေ

    စတာ အဆင်ပြောတယ်ဟုတ်

    ReplyDelete
  2. ကိုဟန်ဟင်းထွန်းရေ့ ခင်ဗျားသတင်းထောက်လုပ်ရင်တော့ ခင်ဗျားပါတဲ့ သတင်းစာရှင်းလင်းပွဲဆို ကျနော်မတက်တော့ဘူး၊ ဖိနပ်နဲ့အပစ်ခံရမှာစိုးလို့၊ ဟဲဟဲ။ လာအားပေးလို့ ကျေးဇူးပါဗျား။

    ReplyDelete

The comment given by you is my teacher and treasure.