Monday, October 6, 2008

ဝက်သားဟင်းကြိုက်တဲ့လူက ၀က်သားဟင်း၊ ချဉ်ဟင်းကြိုက်တဲ့လူက ချဉ်ဟင်း


ကျနော်ကတော့ နှစ်မျိုးစလုံးကြိုက်တယ်ဗျာ။ ၀က်သားဟင်းကောင်းကောင်းချက်တဲ့နေ့ဆို ချဉ်ပေါင်ရွက်လဲ ရှာပြီးဝယ်လိုက်ရသေးတယ်။ ချဉ်ပေါင်ရွက်မရရင်တောင် ချဉ်ဟင်းချက်လို့ကောင်းတဲ့ အသီးအရွက်တွေစုပေါင်းစပ်ပေါင်းဝယ်ရောပြီး ချဉ်ဟင်းတစ်အိုးချက်လိုက်တာပဲ။ ထမင်းမမာမပျော့လေးကို ၀က်သားဟင်းနဲ့အားရပါးရနယ်ပြီး ပါးစပ်ထဲ သွတ်ထည့်လိုက်။ ပြီးမှ အအီပြေလေး ချဉ်ဟင်းပူပူတစ်ဇွန်းလောက် ပက်ထည့်လိုက်။ သိပ်ကောင်းတဲ့ ထမင်းတစ်နပ်ပေါ့။ ပြောရင်းပြောရင်း သွားရေတောင် ကျမိသဗျာ။

နေပါဦး။ ငါ ဘာပြောမလို့ပါလိမ့်။ အော် သတိရပြီ။ ကျနော်ပြောချင်တာက အဲဒီဝက်သားဟင်းတွေ ချဉ်ဟင်းတွေနဲ့ လားလားမျှ မသက်ဆိုင်တဲ့အကြောင်းကို ပြောမှာ။ အတော်ကြီးကျယ်ခန်းနားတဲ့အကြောင်းပြောမလို့။ ဘယ်ကဘယ်လို ၀က်သားဟင်းအိုးနားရောက်သွားလဲ မသိဘူး။

စမယ်နော်။ ကနေ့ကမ္ဘာ့သတင်းတွေဖတ်လိုက်၊ နားထောင်လိုက်လုပ်နေရတာ မျက်စိလည်းအောင့်၊ နားလည်းညီးတဲ့ အကျိုးနှစ်မျိုးရတယ်ဗျား။ ဘာလို့လဲ ဆိုတော့ အမေရိကမှာ ကုမ္ပဏီကြီးတွေ၊ ဘဏ်ကြီးတွေပြုတ်လုလုဖြစ်နေလို့ အစိုးရက ထောက်ငွေတွေ အတော်သုံးပြီး ပြိုလဲမသွားအောင် ကျားကန်နေရတာ အများအသိ။ ဒါ့အပြင် နောက်ထပ် Bail-out လို့ခေါ်တဲ့ ထုတ်ချေးငွေ ဘီလီယံပေါင်း (၇၀၀)လောက်ကိုလဲ သုံးဖို့ အတိုက်အခံတွေရော၊ လက်ရှိသမ္မတရော အခြေအတင် ဆွေးနွေးနေကြရတယ်။ ဒီသတင်းတွေပဲ ထပ်ခါတလဲလဲ လာနေတယ်။ နားကိုညီးလို့ပဲ။

ကျနော်တို့ယူကေမှာလဲ စီးပွါးရေးအကြပ်အတည်းအတော်တွေ့နေတယ်။ အစစအရာရာဈေးတွေတက်တယ်ဗျာ။ အထူးသဖြင့် ဓာတ်ဆီဈေးတွေ၊ ဂက်စ်ဈေးတွေ တက်သဗျာ။ ကျနော်တို့ ဗမာကျောင်းသားတွေလဲ ဟိုအလုပ်လျှောက်လိုက်၊ ဒီအလုပ်လျှောက်လိုက်နဲ့ ဖတ်ဖတ်ကို မောလို့။ အခုဆောင်းတွင်းရောက်နေလို့ ပိုဆိုးသေးတယ်။ အပူပေးစက်တွေကို အလှိုင်လှိုင်သုံးရတော့မှာဆိုတော့ ဂက်စ်ဘီတွေလဲ ဘယ်လောက်ကျဦးမယ် မသိဘူး။ အတိုက်အခံပါတီကလဲ အဲဒီအကွက်ကိုင်ပြီး အတင်းတွယ်တာပဲ။ ၀န်ကြီးချုပ် မစ္စတာဂေါ်ဒင်ဘရောင်းကြီး တစ်ခါတစ်ခါ သနားစရာတောင် ကောင်းသေးတော့တယ်။ သူ့လက်ထက်ကျမှ ဒီလိုဖြစ်ရရှာလို့ဆိုကိုး။ တကယ်တော့ တစ်ကမ္ဘာလုံးရဲ့ အကြပ်အတည်းကြီးပါဗျာ။

ဟိုနိုင်ငံမုန်တိုင်းဝင်၊ ဒီနိုင်ငံငလျှင်လှုပ်နဲ့ ကမ္ဘာပျက်လုလု သဘာဝဘေးကြီးတွေအထိုက်အလျှောက် ပြီးသွားတဲ့နောက်မှာ အကျိုးဆက်က သက်ဆိုင်ရာနိုင်ငံတွေမှာ အငတ်ဘေးဆိုက်တာ ဓမ္မတာပါဗျာ။ အခုတစ်လောတောင် တရုပ်ကြီးအနားက (Kyrgyzstan) ကာဂစ်စတန်နိုင်ငံမှာ အင်အား ၆.၆ စကေးရှိတဲ့ငလျှင်တွယ်သွားလို့ လူခြောက်ဆယ်ကျော်လောက်သေသွားသေးတယ်။ အဲလိုဖြစ်လာတဲ့အခါ တိုက်ရိုက်မခံရတဲ့နိုင်ငံတွေကလဲ မနေသာတော့ ပံရပိုးရတယ်။ ဒီတော့ တိုင်းပြည်ဘတ်ဂျက်ထိတာပေါ့။ ပြောမယ်ဆိုရင် တစ်ကမ္ဘာလုံး အကြပ်အတည်းကြီးကြုံနေရတယ်လို့တောင် ဆိုနိုင်တဲ့ နေ့ရက်တွေပါ။ အဲဒီလို လူ့အသက်ပေါင်းများစွာ နေ့လားညလား အန္တရာယ်ကြုံနေရတဲ့အချိန်မှာ--

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့သားတွေကလဲ တစ်မျိုးဗျာ့။ နို့တိုက်သတ္တ၀ါတွေအမျိုးတုန်းကုန်မှာစိုးလို့တဲ့။ လူတွေအမျိုးတုန်းမှာတော့ ထည့်မတွက်ဘူး။ ထုံးစံအတိုင်းစကားလုံးထွားထွားတွေသုံးပြီး ပြောကြတာပေါ့။ လူဦးရေထူထပ်လာပြီး မြို့ရွာနယ်ပယ် ချဲ့ထွင်လာကြတဲ့အတွက် အချို့အချို့သော နို့တိုက်သတ္တ၀ါတွေ နေစရာပျောက်ပြီး မျိုးတုန်းကုန်ကြပြီ၊ အချို့လဲ တုန်းလုလုဖြစ်နေကြရပြီတဲ့။ စိတ်ပူတာ စိတ်ပူတာ။ အတော်ကရုဏာကြီးတဲ့လူတွေလို့ဆိုရမယ်။ သတ္တ၀ါတွေကို သနားကြင်နာဖို့ ကျနော်တို့ဘုရားရှင်ကလဲ အမြဲဟောတော်မူပါတယ်ဗျာ။

အဲလိုသနားပြီး မိမိတို့တတ်နိုင်တဲ့ဘက်က ဆောင်ရွက်တာကိုတော့ အတော်ချီးကြူးစရာကောင်းတဲ့ အလုပ်လို့ ကျနော်မြင်ပါတယ်။ ဒါပေမဲ့ကြည့်စမ်းပါဦးဗျာ၊ သူတို့ပြောတဲ့စကား---
ငွေရေးကြေးရေးအကြပ်အတည်းက သဘာဝပတ်ဝန်းကျင်အကြပ်အတည်းနဲ့စာရင် ဘာမှမပြောပလောက်ပါဘူး။ လူအနည်းငယ်ကိုပဲ ထိခိုက်စေတာပါ။ Biodiversity crisis လို့ခေါ်တဲ့ တိရစ္ဆာန်တွေနဲ့ သဘာဝတောတောင်တွေပြုန်းတီးသွားရင်တော့ တစ်ကမ္ဘာလုံး ဒုက္ခရောက်ပြီ တဲ့။
သူတို့ပြောတာလဲ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမဲ့ လူကို တိရစ္ဆာန်လောက်တောင် ထည့်မတွက်ပဲပြောတာတော့ မကောင်းဘူးထင်တယ်ဗျာ။ ဒါကြောင့်ကျနော် စဉ်းစားကြည့်တယ်။ အော် ၀က်သားဟင်းကြိုက်တဲ့လူက ၀က်သား။ ချဉ်ဟင်းကြိုက်တဲ့လူက ချဉ်ဟင်းပဲ လို့။ ကျနော်ကတော့ နှစ်ဘက်မျှတွေးစေချင်တယ်။ ဒါကြောင့်နှစ်မျိုးစလုံးကြိုက်တယ်လို့ ပြောခဲ့တာ။ မိတ်ဆွေရဲ့အယူအဆကရော ဘယ်လိုရှိလဲ။

No comments:

Post a Comment

The comment given by you is my teacher and treasure.