Sunday, August 8, 2010

အမေအိုရဲ့ ဂုဏ်ပြုသံ


မှတ်မိသေးလား သူငယ်ချင်း
ဒို့များ အတူလမ်းထွက်လို့
ဝမ်းအတွက်ကိုတောင် မငဲ့ကွက်
အသက်ကိုလည်း အမှုမထား
မတရားတာကို တော်လှန်ဖို့
အော်သံတွေ အသကုန်ပေး
“အရေးတော်ပုံ အောင်ရမည်”
တူညီတဲ့ စိတ်ဓာတ်တွေနဲ့
ထိတ်လန့်စရာတွေ အလေးမပြု
တစ်ခုတည်းသော ပန်းတိုင်အတွက်
ချီတက်ခဲ့ကြတာ ဒီနေ့ပေါ့။

မင်းနဲ့ငါအတူ ရင်ဘောင်တန်း
မျှော်မှန်းတဲ့ ပန်းတိုင်အတွက်
လက်တစ်ဘက်ကို မြှောက်ချီ
တန်းစီကာ ချီတက်ခဲ့
ဒို့ရဲ့ အနာဂတ်အတွက်ပေါ့။

“ဒိုင်း” ဆိုတဲ့ အသံတစ်ခု
သတိပြုမိလိုက်တဲ့ အချိန်မှာ
ငါ့ကမ္ဘာပြိုပျက်
မင်းအသက် ဆက်မရှူ
ရင်ပူတဲ့ ငါ့လက်တွေနဲ့
မင်းကို ထွေးဖက်ထားခဲ့ရတယ်။

သွေးကွက်ထဲ လဲပြို
မင်းကိုယ်ကို ငါထူရင်း
မင်းလက်ထဲ ခွပ်ဒေါင်းအလံ
ပြိုမလဲအောင် ကူကိုင်
မနိုင့်တနိုင် မင်းကိုထမ်းလို့
လာလမ်းကို ပြန်ချိန်မှာ
အိမ်ဝက ဆီးလို့ကြို
မျက်ရည်စို တဖြိုင်ဖြိုင်နဲ့
မင်းအမေအို ဆိုတဲ့စကား
ငါ့နားမှာ အမြဲကြားယောင်
“သားမောင် သူရဲကောင်းကြီး” တဲ့။

(၈-လေးလုံးအရေးတော်ပုံအတွင်း အသက်ပေးဆပ်လိုက်ရသော ရဲဘော်များကို ရည်စူးလျှက်)

No comments:

Post a Comment

The comment given by you is my teacher and treasure.