Sunday, February 14, 2010

ပြည်တော်ပြန်ဘဘကြီး



ငယ်စဉ်က အမေပြောဖူးတယ်
သူကထောင်ထွက် သွားမပေါင်းနဲ့
အရပ်ထဲလူတွေက
ထောင်ထွက်နဲ့ပေါင်း လူမကောင်း တဲ့
ဒီလိုဆိုတော့
ထောင်ထွက်ဗျုပ္ပတ် သူ့ပညတ်က
လူညာလူဆိုး လူ့သူခိုးပေါ့။

ဒါပေမဲ့ သမိုင်းစဉ်ကို ပြန်ကြည့်တော့
ဟိုခေတ် အခါက
ဆရာတော်ဦးဝိစာရ ဦးဥတ္တမနဲ့
လူထုဦးလှတို့လို
လူတတ် လူတော် ထေရ်အကျော်တို့က
ထောင်မှာစံရင်း၊ ထောင်ထမင်းကို မြိန်မြိန်စား
မင်းဆိုးမင်းညစ်တွေကို အံတုခဲ့ကြလို့
ထောင်ထွက်ဆိုတဲ့ဘွဲ့ဟာ
သူရဲကောင်းတို့ရဲ့ သင်္ကေတဖြစ်ခဲ့ဖူးပြီ။

ဒို့ခေတ်ဒို့ခါ ရောက်လာပြန်တော့
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်
နိုင်ရာစားအုပ်ချုပ်ရေးကို ဆန့်ကျင်လို့
ထောင်ဝင်စံရသူတွေကို ကြည့်လိုက်
တစ်နိုင်ငံလုံးက လေးစား
ပြည့်သူ့နှလုံးမှာ အရာထင်
သူတော်စဉ်တွေတောင် ပါရဲ့။

အဲဒီတော့ ထောင်ထွက်ဆိုတာ
သတ္တိကို ကိုယ်စားပြု
ပြည်သူ့ရဲ့အင်အား
လွတ်လပ်ရေးရဲ့ ပြယုဂ်
တကယ်မြောက်တဲ့ ဂုဏ်ပုဒ်တစ်ခုပေါ့။

ပြည်သူ့ဘက်က ရပ်တည်
မှန်သည်ကို နောက်မဆုတ်
မင်းယုတ်တွေကို ဆန့်ကျင်လို့
ထောင်စဉ်မှာပြောင်းရွှေ့
ထောင်ပေါင်းစေ့အောင် နေခဲ့ရပြီး
ပြည်သူ့ထံမှောက်
ပြန်ရောက်လာပြီဖြစ်တဲ့
ဒီမိုကရေစီရဲ့လမ်းပြ
ကျွန်တော့်တို့ရဲ့ ဘဘကြီးကို
အလွန်လေးစားကြည်ညိုလွန်းလို့
ရင်ထဲကလာတဲ့ စကားလုံးနဲ့ ခေါ်လိုက်ချင်တယ်
“ပြည်တော်ပြန်ဘဘကြီး” လို့။

(ဘဘကြီး ဦးတင်ဦး ကျမ်းကျမ်းမာမာနဲ့ အသက်ရာကျော် ရှည်ပါစေသော်၊ ၄၀၀ ရာပြည့်ပို့စ် အထိမ်းအမှတ်)

3 comments:

  1. ဦးတင်ဦးက နေအိမ်အကျယ်ချုပ်ကျနေခဲ့တာပဲ။
    ထောင်ကျတာမှမဟုတ်တာ။
    အိမ်ထဲကနေ ထွက်တော့ အိမ်ထွက်ဘဘ လို့ ပြောရမှာ မဟုတ်လား။

    ReplyDelete
  2. ပြောချင်လဲ ပြောပေါ့ဗျား။ ဒါပေမဲ့ သူ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်တော့
    (၁) ၁၉၇၆- မှာတစ်ခါ ထောင်ကျ (၇)နှစ်
    (၂) ၁၉၈၉- မှာတစ်ခါ ထောင်ကျ (၃)နှစ်
    (၃) ၁၉၉၃-မှာတစ်ခါ ထောင်ကျ (၇)နှစ်
    (၄) ၂၀၀၀-မှာ နေအိမ်အကျယ်ချုပ်
    (၅) ၂၀၀၁-နောက်ပိုင်းမှာတော့ နေအိမ်အကျယ်ချုပ်နဲ့ သွားလိုက်လာလိုက်ပေါ့။ ဒီတော့ သူ့ဘ၀တစ်လျှောက် ထောင်ထဲနေရတာ ခန့်များများမဟုတ်လား။ ကျုပ်ကလေးစားလို့ ဒီစကားကို သုံးတာပါဗျာ့။

    ReplyDelete
  3. အိမ်ထဲမှာ နေရတာလဲ ဘာထူးလို့လဲရှင်။
    ဘဘရဲ့ သမိုင်ကိုသေချာလေ့လာပြီးမှာ
    ပြောစေချင်ပါတယ်ရှင်.။မသိရင်သူအကြောင်းကို
    ကျမဘလော့မှာတင်ထားပါတယ်.လာဖတ်ဘို့ကို
    ပြန်ဖိတ်ခေါ်လိုက်ပါတယ်ရှင်.။

    ReplyDelete

The comment given by you is my teacher and treasure.