Saturday, October 3, 2009

အနတ္တခရီးသည်


တစ်ဝါကျွတ်ပြန်ပေါ့
မကျွတ်သေးတာကတော့
ငါ့အမြင်နဲ့ ငါ့အတ္တ
ဘယ်တော့များကျွတ်မလဲ
အမြင်မှန်သမျှ
အတ္တကို ပေတံပြု
တိုင်းတာမှုသီဝရီ
ဆယ်စုနှစ်ပေါင်း ချီခဲ့ပြီ။

အနတ္တဆိုတဲ့ စကား
စာထဲက အမှန်တရားလား
ကြားဖူးနေတာ ကြာပြီ
ငါဘယ်လို နားလည်လဲ မသိသေး။

အတ္တကို ခွါဖို့အတွက်
အနတ္တကို ရှာလို့ထွက်ခဲ့ရင်း
လမ်းတစ်လျှောက်မှာ
တွေ့တာတွေကတော့
အနတ္တမဟုတ်
အတ္တရုပ်တွေချည်းပါပဲ။

ငါလဲ အတ္တရုပ်
သူလဲ အတ္တရုပ်
ကိုယ့်အတွက်ပဲ စဉ်းစား
ဒါနဲ့ပဲ အချင်းများနေကြတယ်။

အနတ္တကို မြင်ဖို့
အတ္တကို ကြဉ်မှဖြစ်မယ် တဲ့
ဒါပေမဲ့
ရင်က အမြစ်တွယ်တဲ့ အတ္တ
အနတ္တကို လက်ခံပါ့မလား?

ရုပ်နဲ့ နာမ်
အာရုံနဲ့ အာရုံသိစိတ်
အတိတ်နဲ့ ပစ္စုပ္ပန်
နောင်လာမည့် အနာဂတ်
ဒါတွေအားလုံးဟာ
အတ္တမဟုတ်
အနတ္တပါပဲရယ်လို့
ဉာဏ်အမြင်စူးရှ
အလင်းမရမချင်းတော့
ငါ့ရဲ့အနတ္တခရီးစဉ်ဟာ
အတ္တလမ်းပေါ်မှာ
လျှောက်လှမ်းနေရဦးမှာပဲ။


4 comments:

  1. အနတ္တ ခရီးသည်
    အတ္တကို အပြီးပယ်
    နီးတယ်လဲ မမည်
    ဝေးသည်လဲ မဟုတ်
    ဒုက္ခကို အမှန်သိရ
    သမုဒယမှ ပယ်ခွါ
    နိရောဓမှာ ဆိုက်ကပ်
    မဂ္ဂကိုပွါးများ …
    လေးပါးသော ဤသစ္စာ
    အမှန်မြင်သောအခါမှ
    အတ္တကွာပျောက်
    အနတ္တ ရောက်လေမလား … ။ … ။

    ReplyDelete
  2. အနတ္တကို မြင်ဖို့
    အတ္တကို ကြဉ်မှဖြစ်မယ် တဲ့
    ဒါပေမဲ့
    ရင်က အမြစ်တွယ်တဲ့ အတ္တ
    အနတ္တကို လက်ခံပါ့မလား?......

    ကြိုးစားနေဆဲ ပါ.....သားသားမင်းထက်ရေ
    ခက်ခက်ခဲခဲ လို့ ထင်နေတုံး ...
    လိုရာဘဲဆွဲတွေး နေကြမို့  အဖြေရဖို့ ကြာအုံးမယ်ထင်ပါတယ်..

    ReplyDelete
  3. လောကီမှာ ကျင်လည်နေသေးသရွေ့ အတ္တကိုခွာဖို့ ထက်နည်းအောင်ပဲလုပ်လို့ရမလားလို့တွေးမိပါတယ် .. ရှိသင့်တဲ့အတ္တမရှိပြန်ရင်လည်း သာမန်ထက်ဘာမှပိုလုပ်နိုင်မယ်မထင်ဘူး ...
    ဒီကဗျာလေးက လူတိုင်းရဲ့အမှန်တရားကိုကိုယ်စားပြုနေသလိုပါပဲ ... မသိတဲ့သူတွေထက်စာရင် သိတဲ့သူက ပြင်ဖို့ပိုနီးစပ်တယ်တဲ့ ... ကဗျာဖတ်ရင်း စိတ်ထဲပေါ်လာတာတွေချရေးသွားပါတယ် ....

    ReplyDelete
  4. သြော် မောင်လေးမကျွတ်သေးတာဒါကိုးးးးးးးးးးးးးးး
    လာကန်တော့သွားတယ်ဆို ကန်တော့ပစ္စည်းလည်း မတွေ့ ပါလား။း))

    ReplyDelete

The comment given by you is my teacher and treasure.