Friday, September 25, 2009

G-talk ပေါ်မှ ရင်ဖွင့်သံများ (၄)


အွန်လိုင်းပေါ်က၊ အထူးသဖြင့် ကျနော့် G-talk ပေါ်က အပေါင်းအသင်းရောင်းရင်းတွေရဲ့ ရင်ဖွင့်သံတွေနဲ့ ရင်ပွင့်သံကဏ္ဍကို ရေးလာတာ အခုဆို ပို့စ်သုံးခုကျော်လို့ လေးခုထဲတောင် ၀င်လာပြီဗျို့။ လူပေါင်းစုံရဲ့ လက်ရှိခံစားချက်ပေါင်းစုံ၊ အမြင်ပေါင်းစုံ၊ ကိုယ်ပိုင်တွေလဲပါသလို ကိုယ့်အကြိုက်နဲ့ ကိုက်ညီတဲ့ ကောင်းနိုးရာရာ ဆောင်ပုဒ်လေးတွေ၊ အဆိုအမိန့်လေးတွေလဲ အများအပြား ပါသဗျား။ အခု ဒီပို့စ်လေးကိုတော့ ကျနော့်ဘ၀မှာ ဘယ်သောအခါမှ မေ့ပျောက်လို့ရမှာမဟုတ်တဲ့ ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်သံလေးနဲ့ စလိုက်ကြပါစို့။

“အကိုလဲ ကျောင်းပြီးလို့ အကို့တိုင်းပြည်ပြန်သွား၊ ကျမလဲ နောက်နှစ်ဆို ကျောင်းပြီးပြီ၊ ကျမတိုင်းပြည် ပြန်ရတော့မယ်။ နောက်ဆို ကျမတို့ဆုံနိုင်ခွင့် ရှိဖို့မလွယ်တော့ဘူးနော်” လို့ အင်ဒိယနိုင်ငံ၊ ဟိုက်ဒရာဘဒ် ရထားဘူတာမှာ ကျနော်နဲ့ လမ်းခွဲခါနီး ၀မ်းနည်းစကားနောက်ဆုံးပြောခဲ့သူလေးကတော့ မွန်ဂိုလိယားနိုင်ငံသူလေး ဂျက်ကီပဲဖြစ်ပါတယ်။ သူ့ကို အများက ဂျက်ကီလို့ခေါ်ပေမဲ့ ကျနော်ကတော့ JJ လို့ပဲခေါ်လေ့ရှိတယ်။ ရိုးသားပြီး စာကျိုးစားတဲ့ ဒဿနိကဗေဒဌာနက ကျောင်းသူလေးပါ။ အခုတော့ သူ့နိုင်ငံထဲက အစိုးရတက္ကသိုလ်ကြီးတစ်ခုမှာ ပြန်ပြီးဆရာမ လုပ်နေလေရဲ့။ Logic နဲ့ Western Philosophy ဘာသာရပ်တွေကို ပြန်လည်ပို့ချပေးနေတာဖြစ်ပါတယ်။ တစ်ခါတစ်လေ သူမရှင်းတာတွေ အွန်လိုင်းပေါ်တွေ့တဲ့အခါ ကျနော့်ပြန်ပြန်မေးလို့ ပြောရသေးတယ်၊ ငါမေ့ကုန်ပြီဟ-လို့။ အဲလိုပြောရင် သူက ရယ်နေတတ်တယ်။ ပြီးတော့ ပြန်ပြောတတ်တယ် “ငါလဲ အဲဒီဒဿနတွေကို မေ့ပစ်ချင်တာပဲ၊ ဒါပေမဲ့ သူများကို ပြန်ဆရာလုပ်နေရတာဆိုတော့ ပြန်ပြန်နွေးနေရသေးတယ်လေ”တဲ့။ ခေါင်းစားတဲ့ အတွေးအခေါ်တွေ၊ ကျနော်တော့ မေ့ပစ်လိုက်ပြီ။ ဒါပေမဲ့ သူကတော့ လက်ကိုင်ထားတုန်း။ ဘယ်လောက်တောင်လက်ကိုင်ထားသေးလဲဆိုရင် သူ့G-talk မှာတောင် ဟောသလို တင်ထားလိုက်သေးတယ်။
"A little shed of rain may think itself too small,
yet somewhere a little flower awaits its fall"

(မိုးစက်လေးတစ်စက်ဟာ သူ့ကိုယ်သူ သေးငယ်လွန်းတယ်လို့ ထင်ကောင်းထင်ပေမဲ့
တစ်နေရာရာမှာတော့ သူ့အလာကို စောင့်စားနေတဲ့ ပန်းပွင့်လေးတစ်ပွင့်တော့ ရှိနေပါသေးတယ်)
တဲ့။

ကဲ ဘယ်လောက်လှတဲ့ ကဗျာလေးလဲ။ သူ့ကိုယ်တိုင်ရေးတဲ့ စကားမဟုတ်ဘူးဆိုတာတော့ ကျနော်နားလည်လိုက်ပါတယ်။ ဒါပေမဲ့ ဒီလှပတဲ့ကဗျာ့စာသားလေးရဲ့ အဓိပ္ပါယ်ဟာ သူ့နှလုံးသားထဲက သွေးစက်လေးတွေကို ဆူပွက်သွားစေတာတော့ အမှန်ပါပဲ။ သူ့ရင်ထဲမှာ သူမြတ်နိုးတဲ့ လူတစ်ယောက်ကို တိတ်တစ်ခိုးလေး မျှော်လင့်နေတဲ့ သဘောပါ။ အဲဒီလူက ဘယ်သူလဲ? ကျနော်များလား? အဟီး၊ မဟုတ်လောက်ပါဘူးဗျာ။ သူ့ချစ်သူဟာ ထင်ရှားတဲ့လူတစ်ယောက်တော့ မဟုတ်ဘူး။ ရာထူးဂုဏ်၊ ဥစ္စာဂုဏ်ကြီးမားတဲ့ လူတစ်ယောက်လဲ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အတွက်တော့ အရေးပါတဲ့ လူတစ်ယောက်ဖြစ်နေပြန်တယ်။ သူက ပန်းပွင့်လေးဆိုရင် သူ့မျှော်လင့်နေတဲ့လူက မိုးစက်လေးပေါ့။ အဲဒီမိုးစက်လေးကို တွေ့ရင် ပြောလိုက်ကြပါဗျာ။ “မင်း အလာကို ညှိုးငယ်စွာနဲ့ စောင့်နေတဲ့ ပန်းပွင့်လေးတစ်ပွင့် မွန်ဂိုမြေပေါ်မှာ ရှိနေပါသေးတယ်”လို့။

နောက်တစ်ယောက်ကတော့ ကျနော့်ညီမလေး။ ညီမလေးတွေကလဲ ပေါသဗျာ့။ သူက အင်္ဂလန်နိုင်ငံနားက Isle of Man ဆိုတဲ့ ကျွန်းငယ်လေးပေါ်မှာ မွေးဖွါးလာတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူနေတဲ့ ကျွန်းလေးပေါ်မှာ လူဦးရေက ခုနှစ်သောင်းလောက်ပဲ ရှိပါတယ်။ သူ့အဖေက မြန်မာလူမျိုးဆရာဝန်ကြီးတစ်ယောက်၊ သူ့အမေကတော့ အင်္ဂလိပ်လူမျိုး သူနာပြုဆရာမကြီး။ အဲဒီတော့ သူက မြန်မာနဲ့ အင်္ဂလိပ်စပ်ထားတဲ့ မြန်မင်္ဂလိပ်မလေးပေါ့။ အရမ်းဖေါ်ရွေပြီး သိပ်ချစ်စရာကောင်းတဲ့ ညီမလေး တစ်ယောက်ပါ။ မြန်မာစကားလဲ နည်းနည်းပါးပါးပြောတတ်တယ်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်မှာ မြန်မာနဲ့ ဂျပန်စတဲ့ အရှေ့တိုင်းဘာသာရပ်တွေကို လေ့လာနေတဲ့ ကျောင်းသူလေးပါ။ ကျနော်နဲ့ တက္ကသိုလ်တစ်ခုတည်း ဆိုပါတော့။ ဌာနတော့ မတူပါဘူး။ ကျောင်းသူကျောင်းသားဘ၀ဆိုတာ သိတဲ့အတိုင်းပဲလေ။ ကျောင်းစာတွေနဲ့ လုံးထွေးရစ်ပတ်ပြီး တမောတကော အလွန်နိုင်တဲ့ ဘ၀တွေမို့လား။ အခုလဲ မကြာမီမှာ ကျနော်တို့ လန်ဒန်တက္ကသိုလ်ကြီး ပြန်ဖွင့်ပြန်တော့မယ်။ ကျောင်းသားတွေ အားလုံး ပြေးနေလွှားနေရတဲ့ အချိန်ပေါ့။ အချို့ကျောင်းသားတွေလဲ အခက်အခဲအမျိုးမျိုးနဲ့ မိုးထဲရေထဲ ရောက်နေကြတာ တွေ့ရလေရဲ့။ ဒါပေမဲ့ သူကတော့ မိုးထဲရေထဲ မရောက်ဘူး။ ဘယ်ရောက်နေလဲ ကြည့်ရအောင်။
"In the desert" (ကန္တာရ ထဲရောက်နေပြီ) တဲ့ဗျား။

သူများတွေ မိုးထဲရေထဲ ရောက်နေတဲ့ အချိန် သူက ကန္တာရထဲ ရောက်နေတာဆိုတော့ အဆန်းသားကလား။ ကန္တာရထဲ ရောက်နေတယ်သာပြောတာ သူတင်ထားတဲ့ ဓာတ်ပုံက သူကိုယ်တိုင် ပင်လယ်ထဲ လှေလှော်နေတဲ့ ပုံကြီး။ ကျနော်ကတော့ သဘောပေါက်ပါတယ်။ ဘာကြောင့်လဲဆိုတာ။ ဒီနှစ်အင်္ဂလိပ်ရာသီဥတုက ထူးထူးခြားခြားပူပြင်းသဗျား။ တကယ်ဆို အခုချိန်ဆောင်းတွင်းရောက်နေပြီ။ ဒါပေမဲ့ အပူချိန်ဒီဂရီက သိပ်မကျချင်သေးဘူး။ မနေ့ကပဲ တက္ကသိုလ်သွားပြီး ဖီးကြေးတွေ သွားသွင်းခဲ့ရသေးတယ်။ ပူလိုက်သည်ဖြစ်ခြင်းဗျား။ မနှစ်ကဆို ဒီအချိန် အေးလွန်းလို့ မုန့်ဖက်ထုတ်ဖြစ်နေပြီ။ ဒီနှစ်တော့ ရှည်လိုက်တဲ့ နွေရာသီ။ ပူလိုက်တဲ့ နေရောင်ချည်။ ဒါကြောင့် တစ်သက်လုံး အေးချမ်းလွန်းတဲ့ ရာသီထဲ ကြီးပျင်းခဲ့ရရှာတဲ့ မြန်မင်္ဂလိပ်မလေး Rose Cho က ညည်းနေရှာတယ်။ “ကန္တာရထဲ ရောက်နေပြီ” တဲ့။

နောက်တစ်ယောက်ကတော့ ကျနော်ကိုယ်တိုင် အင်္ဂလိပ်စာသင်ပေးခဲ့ရဖူးတဲ့ ရွှေမန်းက E-Major ကျောင်းသူလေး ကြာကြာ။ ကျနော့်တပည့်မလေးတစ်ယောက်ဆိုပါတော့။ ကိုယ့်တပည့်မို့ပြောမဟုတ်ဘူးဗျို့။ သိပ်တော်တဲ့ ကလေးမလေးပါ။ သူလဲ ရိုစီချိုလိုပဲ၊ ဖေါ်ရွေတယ်။ စာတော်တယ်။ စာဖတ်အားသိပ်ကောင်းတယ်။ အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်။ အွန်လိုင်းမှာတွေ့တိုင်း သူက မြန်မာပြည်ကနေ အင်္ဂလိပ်လိုပဲ ရေးတယ်။ ကျနော်ကတော့ အင်္ဂလိပ်နိုင်ငံကနေပြီး မြန်မာလိုပဲ ရေးတယ်။ တစ်ခါတလေ စဉ်းစားမိတယ်။ သူ့အင်္ဂလိပ်က ငါ့ထက်တောင် ကောင်းနေပါလား လို့။ အဲဒီတော့လဲ ဆရာတစ်ယောက်အနေနဲ့ ၀မ်းမြောက်ရတာပေါ့လေ။ သူက E-Major ကျောင်းသူတစ်ယောက်ဖြစ်ပေမဲ့ စာစုံဖတ်သလို အတွေးအခေါ်တွေလဲ ၀ါသနာပါတယ်။ သူများတွေပြောတဲ့ စကားတွေကိုလဲ အကျကောက်တာတို့၊ အထာကောက်တာတို့ လုပ်လေ့ရှိတယ်။ ကျနော်တောင် ခဏခဏအလုပ်ခံရဖူးတယ်။ အဲဒီအဓိပ္ပါယ်နဲ့ ပြောတာမဟုတ်ဘူး ကလေးရ-လို့ ပြန်ချော့ရတယ်။ ကြာကြာလေးဟာ အသက်ငယ်သေးပေမဲ့ ဘ၀ကို နားလည်တတ်နေပါပြီ။ ဒါပေမဲ့ သူနားလည်တဲ့ ဘ၀မျိုး ကျနော်တောင် နားမလည်သေးဘူး။ အမှန်တိုင်းပြောတာပါ။ စာဖတ်သူတို့လဲ ဘယ်လိုနားလည်ကြလဲတော့ မသိဘူး။ သူ့ G-talk မှာ ရေးထားတာလေးက ဟောဒီလိုပါတဲ့။
"Life is made up of time"(ဘ၀ဆိုတာ အချိန်ကာလတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်တယ်။)

သူကိုယ်တိုင်ရဲ့စကားတော့ မဟုတ်ပါဘူး။ အိုင်းရစ်ရှ် ၀တ္ထုစာရေးဆရာမလေး Cecelia Ahern ရဲ့ Love, Rosie ဆိုတဲ့ ၀တ္ထုထဲက နာမည်ကျော်စာသားလေးပါ။ သူ့စကားအပြည့်အစုံက ဒီလိုပါ။ "Our life is made up of time; our days are measured in hours, our pay measured by those hours, our knowledge is measured by years". ဘာသာပြန်မခက်ပါဘူးနော်။ ဆရာမလေးက သူ့စာတွေကို ဖတ်ရခက်အောင် မရေးပါဘူး။ အထူးသဖြင့် သူကိုယ်တိုင် ငယ်ရွယ်သူမို့ သူ့အတွေးအခေါ်တွေကို လူငယ်တွေဆီ လွယ်ကူတဲ့ရေးဟန်တွေနဲ့ ပို့ပေးလေ့ရှိပါတယ်။ အင်္ဂလိပ်စာသင်ကာစ အာရှသားတွေနဲ့ အလွန်ကိုက်တဲ့ ရေးဟန်တွေပေါ့ဗျာ။ ကြာကြာလေးလဲ အိုင်းရစ်ရှ်ဆရာမလေးရဲ့ သီအိုရီတွေ ခေါင်းထဲ ရောက်နေဟန်တူပါရဲ့။ “ဘ၀ဆိုတာ အချိန်နဲ့ ဖွဲ့စည်းတာဖြစ်တယ်”လို့ သူ့ G-talk မှာ တပ်လှန့်သံပေးထားတယ်။ သံဝေဂစကားဆိုလဲ ဟုတ်တယ်။ ဒဿနစကားဆိုလဲ မှန်တယ်။ ကျနော်တို့ဘုရားစာတွေ ဖတ်တဲ့အခါလဲ အချိန်နဲ့ ပတ်သက်ပြီး ဘုရားမြတ်စွာ ဟောခဲ့တာ၊ သတိပေးခဲ့တာတွေ အများကြီးပဲ မို့လား။ “ကာလော ဃသတိ ဘူတာနိ-အချိန်သည် သတ္တ၀ါတို့ကို စားပစ်၏”၊ “မောဃကာလံ န ခေပယေ-အလဟဿ အချိန်မဖြုန်းသင့်” ဆိုတဲ့ ဘုရားစကားတော်တွေဟာ ကျနော်တို့ လူသားတွေကို အမှတ်တမဲ့ မနေအောင် သတိပေးနေတဲ့ စကားတွေပေါ့။ ကျနော့်တပည့်မ ကြာကြာလေးလဲ အချိန်နဲ့ပတ်သက်ပြီး တော်တော်နားလည်တတ်ပြီလို့ နားလည်လိုက်ရတဲ့ အခါ----။

ကဲဗျို့---ဒီပို့စ်အတွက်တော့ ဒီလောက်ဆို တော်ပြီ။ ရှည်ရှည်ရေးရင် စာဖတ်သူ ပျင်းသွားမှာ စိုးရတယ်။ အွန်လိုင်းပေါ်က အတွေးအခေါ်ပါတဲ့ ရင်ဖွင့်သံလေးတွေ ဆက်လက် နားသောတ ဆင်ကြပါစို့။

No comments:

Post a Comment

The comment given by you is my teacher and treasure.