Friday, September 4, 2009

အဲဒင်ဘရာတောလား (၂)

တိမ်တောင် တိမ်လိပ်၊ တိမ်အရိပ်တို့၊
ပုံနှိပ်ထားဟန်၊ ထူးသဏ္ဌာန်ဖြင့်၊
မြင်းပျံကမောင်း၊ ရထားကောင်းသို့၊
ဟိုပြောင်းသည်ရွှေ့၊ လေအဝေ့မှာ၊
တမေ့မူးမူး၊ လွင့်ကာမြူးသည်၊
ဘီလူးခုန်သို့၊ လျင်လျင်တည်း။


လန်ဒန်မှ စန္ဒားလန်းသို့

Service Centre ထဲ နေ့လည်စာ အတန်အသင့်စားသောက်ကြပြီး (ကားဆရာအိပ်ငိုက်မှာ စိုးလို့ အ၀အပြဲ မစားရဲ) စန္ဒားလန်းမြို့လေးရှိရာသို့ ဆက်လက်မောင်းနှင်လာခဲ့ကြသည်။ လမ်းတစ်လျှောက် မြင်ရသော မြင်ကွင်းအများစုမှာ ဂျုံခင်းကျယ်ကြီးများ၊ မြက်ခင်းပြင်ကျယ်ကြီးများနှင့် မိုးကောင်းကင်ပြာပြာပေါ်က တိမ်တောင် တိမ်လိပ်ကြီးများသာဖြစ်ကြသည်။ နွေရာသီကုန်ခါနီးမို့ အချို့အချို့သော သစ်ပင်ကြီးငယ်များ ဆောင်းခိုဖို့ ကျိုးစားရင်း ကြိုတင်အရွက်ခြွေနေကြသည်ကိုလဲ တွေ့ခဲ့ရသည်။ အင်္ဂလန်မှာ ဆောင်းဒဏ်ကို ကြံကြံခံနိုင်သော အပင်များမှာ ထင်းရှူးပင်ကြီးများနှင့် မြက်ပုတ်လေးများသာတည်း။ ထို့ကြောင့် လမ်းတန်းတစ်လျှောက် တောင်ကုန်းကြီးငယ်များပေါ်မှာ ထင်းရှူးတောကြီးများကိုလဲ အုပ်စုလိုက် အုပ်စုလိုက် ခံဝင်းခတ်ပြီး စိုက်ထားသည်ကို မျက်စိတစ်ဆုံး တွေ့မြင်နိုင်သည်။

အင်္ဂလန်နိုင်ငံက သန့်ရပ်လှပလွန်းသော ဂျုံခင်းပြင်ကြီးများကို ကြည့်ပြီး ကျနော်တို့မောင်းမကန်ရွာကလေးက လယ်ကွင်းတွေကို ပြေးသတိရမိလိုက်ပါသေးသည်။ ရွာကလယ်သမားတွေခမျှာ ကိုယ်ပိုင်တဲ့လယ်ယာမြေမှာ ကိုယ်စိုက်ချင်တာ စိုက်ပျိုးခွင့်မရရှာကြပဲ သက်ဆိုင်ရာ ရာသီဥတု၊ မြေအနေအထားနဲ့ တော်၏/မတော်၏ ဘေးချိတ်၊ အထက်က ချပေးတဲ့ မျိုးစေ့တွေကိုပဲ အပင်ပန်းခံကာ စိုက်ပျိုးနေကြရရှာသည်။ မျိုးစပါးရိတ်သိမ်းချိန်ရောက်ပြန်တော့လဲ ဟိုလူအငှါးခေါ်ရ၊ ဒီလူအငှါးခေါ်ရနှင့် စပါးရောင်းလို့ ပိုက်ဆံဘယ်လောက်အမြတ်ကျန်မယ်မသိ၊ လောလောဆယ် လုပ်အားခရှင်းပေးလိုက်ရတာနဲ့တင် တောင်သူကြီးတွေခမျှာ စုဆောင်းထားသမျှလေးတွေ ကုန်ကြရှာပါတော့သည်။

ဒီမှာတော့ သက်ဆိုင်ရာ အစိုးရက လယ်သမားတွေအတွက်အထူးအခွင့်အရေးပေးထားသည်ဟု သိရသည်။ ဘုရင်မကြီးကိုယ်တိုင်ကလဲ တောင်ယာစိုက်ပျိုးသူများ အဆင်ပြေစေမည့် နည်းကောင်းလမ်းမှန်တွေချပေး၊ ချေးငွေ အမြောက်အများထုတ်ပေး၊ သက်ဆိုင်ရာ စက်ယန္တရားတွေကို ထောက်ပံ့ပေး၊ ထူထောင်ပေးတဲ့အတွက် တောင်ယာဦးကြီးများမှာ မြို့ပေါ်က သူဋ္ဌေးကြီးတွေနဲ့ အပြိုင်အဆိုင် ချမ်းသာနိုင်ကြကြောင်းလဲ သိရပြန်သည်။ ကျနော်ကိုယ့်ရွာက လယ်သမားဦးကြီးများကို သနားရင်း စိတ်ထဲက တစ်စုံတစ်ယောက်ကို မကျေမနပ်နှင့် ရေရွတ်လိုက်မိသည်။ “ဒီ--အ၀ှါမသားတွေလုပ်လို့ ငါတို့တိုင်းပြည်ကြီး အခုလိုဆင်းရဲနေရတာ”။

တစ်ယောက်တည်းကျိတ်ဆဲရင်း မြင်ကွင်းကျယ် ဂျုံခင်းကြီးများနှင့် တဖြေးဖြေးဝေးလာခဲ့သည်။ စန္ဒားလန်းမြို့တွင်းကို တဖြေးဖြေးနဲ့ ၀င်ရောက်လာခဲ့ပါပြီ။ အချိန်ကလဲ ညနေ လေးနာရီကျော်ကျော် ငါးနာရီထိုးလု ထိုးခင်ရောက်နေပါပြီ။ မြန်မာအမျိုးသားအများစုကတော့ စန္ဒားလန်းဆိုတဲ့ အသံကြားတဲ့အခါ စန္ဒားလန်းဘောလုံးအသင်းကို ပြေးသတိရကြမည်ဟုထင်ပါသည်။ ရွှေဘိုက ကျနော်နဲ့ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ဆို စန္ဒားလန်းဘောလုံးအသင်းကို အဓိကအားပေးတဲ့ ပရိသတ်တစ်ယောက်။ ဘယ်အခါမဆို စန္ဒားလန်းအသင်းဘက်ချည်းလောင်းသည်။ ကျနော်ကတော့ မန်ယူပရိသတ်စစ်စစ်။ မန်ယူအင်္ကျီကိုဝတ်ပြီး မန်ယူဦးထုပ်ကို ဆောင်းသည်။

စန္ဒားလန်းမြို့လေးသည် လန်ဒန်မြို့နှင့် မိုင်ပေါင်း ၂၄၀ အကွာ၊ Tyne နဲ့ Wear မြစ်တွေပေါ်က မြို့လေးတစ်မြို့ဖြစ်သည်။ အထူးသဖြင့် Wear မြစ်ဝပေါ်မှာ တည်ရှိသည်။ လူဦးရေ နှစ်သိန်းနီးပါးရှိပြီး အေးချမ်းသာယာသော မြို့လေးတစ်မြို့ဖြစ်ကြောင်း ကျနော်ထိတွေ့ ခံစားမိသည်။ ကျနော်တို့ မြို့ထဲရောက်သောအခါ ညနေ ငါးနာရီကျော်ပါပြီ။ ရှေးဦးစွာ စန္ဒားလန်းတက္ကသိုလ်မှာ ကျောင်းတက်နေသော ကျနော်တို့ အကိုကြီး ကိုတင်ရွှေနေတဲ့ အဆောင်သွားခဲ့ကြသည်။ စန္ဒားလန်းတက္ကသိုလ်နှင့် မနီးမဝေးမှာ ရေမီးအပြည့်အစုံနဲ့ တစ်လ စတာလင်ပေါင် (၂၀၀)ပေးပြီး အခန်းငှါးနေတဲ့အကိုကြီးဟာ တစ်ယောက်တည်းနေသူဖြစ်သည် (ကြော်ငြာ)။ သူ့အတွက်လိုအပ်မည့် ငါးပိကြော်စသော မြန်မာအစားအစာများကို လန်ဒန်က ယူခဲ့ကြသည်။ ကျနော်တို့ရောက်သွားတော့ သူ့ခမျှာ ကျောင်းမှ ပြန်ရောက်ခါစပဲရှိသေးသည်။

ကိုတင်ရွှေ့အခန်းထဲမှာ ခဏနား၊ အချမ်းပြေ ရေနွေးကြမ်းလေး၊ ကော်ဖီလေးသောက်ပြီး ကျနော်တို့ လေးယောက်သား တည်းခိုခန်းရှိရာသို့ ထွက်လာခဲ့ကြသည်။ ကားပေါ်မှာပါလာသော Navigator ခေါ် တုံတုံလေး (ဘာကြောင့်တုံတုံခေါ်သည်မသိ) အညွှန်းအတိုင်း တည်းခိုခန်းကို လိုက်ရှာကြရသည်။ တစ်လမ်းဝင်၊ တစ်လမ်းထွက် လိုက်ရှာရင်း နောက်ဆုံး တည်းခိုခန်းကို တွေ့ပါပြီ။ ကျနော်တို့ ကြိုတင်ဘုတ်ကင်လုပ်ထားသည့် ATHOL HOUSE ခေါ်တည်းခိုခန်းသည် South Shields ရပ်၊ 21 Westoe Road ပေါ်မှာတည်ရှိသည်။ အိပ်စရာနေရာကောင်းကောင်းနှင့် မနက်စာကောင်းကောင်း စားရသည်။ ကျနော်တို့ကတော့ English Breakfast ခေါ် ကြက်ဥ၊ ပေါင်မုန့်မီးကင်၊ ၀က်သားချောက်၊ ပဲအနှပ်တွေပါတဲ့ အင်္ဂလိပ်ရိုးရာမနက်စာကို တ၀ကြီး လွေးခဲ့ကြသည်။ မနက်စာချက်ကျွေးတဲ့ စဖိုမှူးက အလွန်သဘောကောင်းသူ တစ်ယောက်ဖြစ်ပြီး ပျော်ပျော်နေတတ်ပုံလဲရသည်။ ကျနော်တို့လေးယောက်လုံးကို 'You, good looking guys' ”လူချောလေးတွေ” လို့ ခဏခဏပြောသံကြားရသည်။ နောက်တစ်ခါ လာတည်းချင်အောင်ပြောလားတော့ မသိ။

တည်းခိုခန်းမှာ တစ်ည၀၀ အိပ်ပြီး မနက်မှာ စန္ဒားလန်းက မထွက်ခင် မြို့လေးကို လှည့်ပတ်ကြည့်ရှုပြီး ပါလာတဲ့ Digital Camera လေးတွေနဲ့ ရှုခင်းကောင်းကောင်းတွေ့သမျှ အကုန်ရိုက်ခဲ့ကြသည်။ မြို့တွင်းရှိ စိတ်ဝင်စားစရာ နေရာများစွာတွေအနက် Wear မြစ်ဝမှာ တည်ဆောက်ထားတဲ့ Roker Pier ခေါ်ရှေးဟောင်း မီးပြတိုက်ကြီးတစ်ခုလဲပါဝင်သည်။ အနီးအနားကို သွားဖို့အချိန်မရတော့တဲ့အတွက် အဝေးကပဲ ဓာတ်ပုံရိုက်ယူခဲ့ကြရသည်။ တည်းခိုခန်းက မထွက်ခင်လေးမှာ မနက်စာချက်ကျွေးတဲ့ အင်္ဂလိပ်အဘိုးကြီးက အဲဒီ Roker Pier မီးပြတိုက်ကြီးဟာ ဗြိတိရှမီးပြတိုက်သမိုင်းမှာ အစောဆုံးဖြစ်ကြောင်း ရှင်းပြလိုက်သေးသည်။ Wear မြစ်ကမ်းနဖူးမှာ ကျနော်တို့ကားလေးကို ခဏထိုးရပ်ပြီး မြစ်ရေပြင်ဖြတ်တိုက်လာတဲ့ ရေပြေလေညှင်းလေးတွေ တ၀တမော ရှူရှိုက်ရင်း အလွန်အရုပ်ဆိုးတဲ့ ကိုယ့်ကိုယ်ကို ဟန်အမျိုးမျိုးလုပ်ပြီး ဓာတ်ပုံရိုက်ခဲ့သည်။

အဲဒီနောက် Wear မြစ်ဝမှာတည်ဆောက်ထားတဲ့ အဆောက်အဦးတွေအနက် Arbeia Roman Fort ခေါ် လွန်ခဲ့တဲ့ AD 160 လောက်က တည်ဆောက်ခဲ့တဲ့ ရေကြောင်းခံတပ်ကြီးကို မြင်ကွင်းကောင်းကောင်းမြင်နိုင်တဲ့ နေရာဆီ ရောက်ခဲ့ကြသည်။ ခံတပ်ကြီးသည် ထိုစဉ်က ဗြိတိန်ရှရောမအင်ပါယာကြီးကို အဓိက၀င်ပေါက်တစ်ခုဖြစ်တဲ့အတွက် ရောမခေတ်က အလွန်အရေးပါတဲ့ သမိုင်းဝင်နေရာကြီးတစ်ခုဖြစ်ခဲ့ကြောင်း သိရခဲ့သည်။ အဲဒီမှာလဲ ကားခဏရပ်ပြီး ခံတပ်အဟောင်းကြီးကို နောက်ခံပြုပြီး ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ခဲ့ကြပါသေးသည်။ ဓာတ်ပုံတွေ အားရအောင် ရိုက်ပြီးတဲ့နောက်တော့ ကျနော်တို့ ခရီးသွားလေးခေါ် အဲဒင်ဘရာသို့သွားရာလမ်းကြောင်းပေါ်ရှိ နောက်တစ်မြို့ဖြစ်တဲ့ Newcastle သို့ ဦးတည်မောင်းနှင်ခဲ့ကြပါတော့သည်။

No comments:

Post a Comment

The comment given by you is my teacher and treasure.