Sunday, July 19, 2009

အဖေသို့ တမ်းတခြင်း


လွတ်လပ်ရေးဆိုတာ
လွတ်လပ်စွာ ပြောဆိုခွင့်
လွတ်လပ်စွာ ရေးသားခွင့်
လွတ်လပ်စွာ စုရုံးခွင့်
လွတ်လပ်စွာ ယုံကြည်ခွင့်တွေ တဲ့။

သားတို့ရဲ့ ပြည်မြန်မာ
လွတ်လပ်ခဲ့တာ ၆၂ နှစ်
ဒါပေမဲ့
လွတ်လပ်ရေးရဲ့ အရသာ
ဘယ်မှာမှ မရှိ
လွတ်လပ်ခြင်းဆိုတာ ဗလာနဲ့နတ္ထိ။

တိုင်းပြည်ကို ရောင်းစား
ပြည်သူကို မသနား
ဘာသာကို စော်ကား
ရထားတဲ့ လွတ်လပ်ရေး
စစ်ခွေးတွေ ၀ါးမျို
တရုတ်ကို ဆရာတင်
သူထင်ရာ သူလုပ်
စစ်ဝါဒီအယုတ်တွေကြောင့်
အဖေယူပေးခဲ့တဲ့ လွတ်လပ်ရေး
အခုတော့
စစ်ဖနပ်အောက်မှာ ပျက်စီး
တွေးမိရင် ကြက်သီးထစရာ။

အော်-------
အဖေရယ်---မြင်ပါလှည့်
အဖေ့ပြည်သူတွေအတွက်
ဂျပန်ကို တော်လှန်
အင်္ဂလိပ်ကို ချေမှုန်းရင်း
ဟိုပုန်း ဒီပြေးနဲ့
အဖေ့ဘ၀ မနားခဲ့ရဘူး။

အဖေ့နောက်ကွယ်
လွတ်လပ်တယ် ဆိုတဲ့စကား
သားတို့ကြားခဲ့ရပါတယ်
ဒါပေမဲ့
အဖေမျှော်လင့်ခဲ့တဲ့ လွတ်လပ်ခြင်းမျိုးမဟုတ်
ဆိုးယုတ်ညစ်ထေးတဲ့
စစ်ခွေးအုပ်စုရဲ့ အရည်မြမြ သွားစွယ်တွေအောက်မှာ
အဖေ့ပြည်သူတွေဟာ
ရရစားစားနဲ့
ထမင်းနပ်မမှန်တဲ့ ရက်တွေ များခဲ့ပြီ။

လွတ်လပ်ရေးဆိုတာကို
အဖေ့ပြည်သူတွေ နားမလည်ကြတော့
ထမင်းတစ်လုပ် စားရရေး
လွတ်လပ်စွာလဲ မတွေးရဲ
ဝေဘန်ရင် သေဒဏ်
အနေမှန်ရင် ချေမငံဘူးလို့ အထင်ခံရတဲ့အဖြစ်နဲ့
သားတို့ဘ၀ အသက်ရှင်
ပျက်အစဉ် ပြင်မရတော့တဲ့ အခြေအနေပါ အဖေ။

အဖေ့ကိုမျှော်
အဖေ့ကိုလွမ်း
အဖေ့ကို တမ်းတရတဲ့ ရက်တွေ
ရေတွက်လို့ လက်ချိုး
ဒီနေ့ဆို ဇူလိုင် (၁၉) ရောက်ပြန်ပေါ့။

နယ်ချဲ့လက်အောက်
ဘယ်လို ဒုက္ခရောက်ခဲ့ကြသလဲ
သားတို့ မမီလိုက်ဘူး
ဒါပေမဲ့ အခုကြည့်
အဖေ့ပြည်သူတွေရဲ့ဘဝ
တွေးမိရင် ရင်လေးစရာ
ငေးကြည့်ရင် အထင်သေးစရာအဖြစ်မျိုးနဲ့
နယ်ချဲ့ထက် ဆယ်ဆဆိုး
စစ်သူခိုးတွေရဲ့ နှိပ်စက်မှုကြောင့်
“အမေကျော် ဒွေးတော်လွမ်း” ဆိုစေတော့
တကယ် အခက်ကို ကျော်ဖို့ရာ
နယ်ချဲ့ကို မျှော်လို့သာ
နေရပါတော့တယ် အဖေ။

1 comment:

  1. တမ်းတမ်းတတ လေးတွေ ..
    အတွေးလေး အရေးလေး ကောင်းလိုက်တာ ..

    တိုင်းပြည်ကို ရောင်းစား
    ပြည်သူကို မသနား
    ဘာသာကို စော်ကား
    ရထားတဲ့ လွတ်လပ်ရေး
    စစ်ခွေးတွေ ၀ါးမျို
    တရုတ်ကို ဆရာတင်
    သူထင်ရာ သူလုပ်...

    ရုရှား ။ မြောက်ကိုးရီးယား ။
    တွေပါ ပါအောင် ထပ်ဖြည့်ပေးပါလား..

    ဒီကောင်တွေ အကြောင်း ပြောရတာ
    ..တယ်လေ.. အကုသိုလ် များလိုက်တာ နော် ...
    ဖြစ်သင့်တာတွေ ဖြစ်လာမယ့်ရက် ကို စောင့်နေကြပါတယ် ..

    ReplyDelete

The comment given by you is my teacher and treasure.