Thursday, June 18, 2009

အမေ့ဂုဏ်ပြုမော်ကွန်း



တိုက်ပွဲ
မိုက်မဲသူတို့၏ အလုပ်မဟုတ်၊
ရဲဝံ့စွန့်စား စွန့်လွှတ်ထားကြသော
သူရဲကောင်းတို့၏ အလုပ်ဖြစ်သည်။
အမေသည်
ဤတိုက်ပွဲကို နှစ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်သည်။

ခေါင်းဆောင်
သူရဲဘောကြောင် ခေါင်းရှောင်ချင်သူတို့၏ ရာထူးမဟုတ်၊
အနစ်နာခံ အသာမစံပဲ
အပင်ပန်းခံ လမ်းမှန်ကိုပြနိုင်သူတို့၏ ရာထူးဖြစ်သည်။
အမေသည်
ဤရာထူးနှင့် အထိုက်တန်ဆုံး လူသားတစ်ဦးဖြစ်သည်။

စိန်ခေါ်မှု
အင်အားကြီးမား နိုင်ရာစားတို့၏ သတ္တိမျိုးမဟုတ်၊
အရှုံးကို မြင်သော်လဲ မဖြုံ မဆုတ်
အမုန်းကို မြင်သော်လဲ မတုန် မလှုပ်ပဲ
အသက်ကိုပင် ပေးဆပ်နိုင်သူတို့၏ သတ္တိမျိုးဖြစ်သည်။
အမေသည်
ဤသတ္တိမျိုးနှင့် ပြည့်စုံသူဖြစ်သည်။

ခက်ခဲကြမ်းတမ်းလှသော တိုက်ပွဲကို ဆင်နွဲနေသောအမေ
အားငယ်နေသူတို့ဘက်မှ ခေါင်းဆောင်နေသောအမေ
အင်အားကြီးမားလှသော ရန်သူများကို စိန်ခေါ်ထားသောအမေ

ဤ အမေသည်
ဒီမိုကရေစီလမ်းကြောင်းပေါ်မှ
ကမ်းကိုလည်းမမြင်နိုင်
လမ်းကိုလည်းမထွင်နိုင်သဖြင့်
ဘ၀ကမ်းပျောက် လမ်းမှားရောက်လုဖြစ်နေသော သားတို့၏
လမ်းပြ အစစ်တည်း။

ဤအမေသည်
လွတ်မြောက်မှုကိုရှာရင်း
အနှောင်ဖွဲ့ကျ ရှုံးနိပ်ခဲ့ရပြီး
ဘ၀အင်းအား ဆုတ်ပါးသွားခဲ့ရသော သမီးတို့၏
အင်အားအစစ်တည်း။

ဤအမေသည်
စစ်ဝါဒီတို့၏ အတ္တဆန်စွာ
ယုတ်မာရက်စက် ပိတ်လှောင်ခဲ့သဖြင့်
သတင်းကမ္ဘာမှာ
အလင်း မှုံပြာပြာလေးမျှဖြင့်
အမှားကိုအမှန်ထင်၊ အမှန်ကို အမှားမှတ်
ကိုယ်ပိုင်ဉာဏ်သုံး၊ ဆုံးဖြတ်ခွင့်မရရှာပဲ
ဘ၀မျက်လုံး ပျက်သုံးလုဖြစ်နေသော ပြည်သူတို့၏
မျက်လုံး အစစ်တည်း။


(၂၀၀၉-ခု၊ ဂျွန်လ၊ ၁၉-ရက်တွင် ကျရောက်သော ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်မြောက်မွေးနေ့အား ဤကဗျာဖြင့် ဦးတိုက်ဂုဏ်ပြုပါ၏)



2 comments:

  1. အမေစု ရဲ့ သတ္တိ၊ဇွဲ၊အနစ်နာခံလိုစိတ်၊ဦးဆောင်မှု မျိုး....
    တော်ရုံ အမျိုးသမီး မပြောနှင့်
    ယောင်္ကျားရင့်မကြီး များတောင် စွမ်းဆောင်နိုင်ခြင်းမရှိပါ၊
    ထပ်တူ ခံစားမိပါတယ် ။
    အမေစု ကျန်းမာရွှင်လန်းပြီး သက်တော်ရာကျော်ရှည်ပါစေ။

    ( စကားမစပ် ..ကိုမင်းထက် ဘလောဂ်မှာ စီဗုံး လဲ ရှာမတွေ့  ပါလား ။ side column မှာ ဘာမှ ရှာ မတွေ့  ပါ။ ဘာတွေဖြစ်နေပြီလဲ .. စစ်ကြည့်ပါအုံး ။ အခု Google Chrome နဲ့ ဖွင့်ဝင်တာပါ )

    ReplyDelete
  2. အလင်းတန်းရေ
    "အမေ့ဂုဏ်ပြုမော်ကွန်း"
    ကဗျာလေးလာဖတ်တယ်
    အမေစုဟာ ခေါင်းဆောင် တာဝန်ကျေပါတယ်
    ခင်မင်လျက်

    ReplyDelete

The comment given by you is my teacher and treasure.