
စိတ်ကောင်းရှိခြင်းကို အဓိကဖြစ်စေသော တရားတစ်မျိုးရှိသည်။ စိတ်ကောင်းရှိသူဟု အသိအမှတ်ပြုအပ်သူမှန်သမျှကို လေ့လာကြည့်ပါက ယင်းသဘောတရားကို လက်ကိုင်အသုံးပြုတတ်သူများဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ အမှန်စင်စစ် ယင်းသဘောတရားသည် ကျနော်တို့သန္တာန် (စိတ်အစဉ်)မှာ အသစ်ဖြစ်ပေါ်လာသောတရားကား မဟုတ်။ မိခင်၏၀မ်းဗိုက်ဝယ် ကိုယ်ဝန်တည်စကတည်းက အတူဖြစ်တည်လာခဲ့သော တရားတစ်မျိုးဖြစ်ကြောင်း အရှေ့တိုင်းစိတ်ပညာရှင်များနှင့် ဘာသာရေးဆရာများက ဆိုသည်။ ယင်းတရားကို “မနသီကာရ” ဟုခေါ်သည်။ “စိတ်ကို လမ်းကြောင်းတည့်ပေးသောတရား”ဟု ဘာသာပြန်ဆိုနိုင်သည်။ “နှလုံးသွင်းမှု” ဟု တိုက်ရိုက်နားလည်ကြသည်။
မည်သည့်သတ္တ၀ါတို့၏ ကိုယ်သန္တာန် (ကိုယ်သဏ္ဌာန်-ဟူသောစကားလုံးနှင့် အဓိပ္ပါယ်မတူညီသည်ကို သတိပြုပါ၊ သဏ္ဌာန်ဟူသည် ရုပ်ပုံကိုပြောခြင်းဖြစ်၍ သန္တာန်ဟူသည် စိတ်စသော ဖြစ်စဉ်တစ်ခုခုကို ပြောခြင်းဖြစ်သည်၊ ရုပ်ပုံကို ပြောခြင်းမဟုတ်၊ ထို့ကြောင့် ကိုယ်+သန္တာန်ဟူသော စကားသည် ရုပ်+နာမ် နှစ်မျိုးလုံးကို ရည်ရွယ်သည်။ သဏ္ဌာန်သည် Appearance ဖြစ်၍ သန္တာန်သည် process ဖြစ်သည်။) ၌မဆို အာရုံတစ်ခုခုကို အကြောင်းပြုပြီး စိတ်အစဉ်တစ်မျိုးမျိုးဖြစ်ပေါ်တိုင်း မနသီကာရခေါ် တွဲဘက်တရားတစ်မျိုးသည် အတူလိုက်ပါမြဲဖြစ်သည်။ အပြင်ပအာရုံကောင်းလျှင် စိတ်ကောင်းဖြစ်ပေါ်၍ အပြင်ပအာရုံဆိုးလျှင် စိတ်ဆိုးဖြစ်ပေါ်တတ်ရကား မနသီကာရ-ခေါ် နှလုံးသွင်းမှုသည်လည်း ယင်းစိတ်ကောင်း/စိတ်ဆိုးတို့နှင့် အတူတွဲဘက် ဖြစ်ရမြဲဖြစ်သောကြောင့် အကောင်း/အဆိုး နှစ်မျိုးအားဖြင့် ကွဲပြားရသည်။
ထို့ကြောင့် မနသီကာရခေါ် နှလုံးသွင်းမူသည်---
(၁) ယောနိသောမနသီကာရ=သင့်တော်အောင်နှလုံးသွင်းမှု၊ (ယင်းကို Positive Attention ဟုခေါ်သည်)
(၂) အယောနိသောမနသီကာရ=မသင့်မတင့်နှလုံးသွင်းမှု၊ (ယင်းကို Negative Attention ဟုခေါ်သည်) အားဖြင့် နှစ်မျိုးဖြစ်ကွဲပြားသည်။ စိတ်ကောင်းစိတ်မြတ်တို့၏ စတင်ဖြစ်တည်ရာဟု ဆိုနိုင်သော ယောနိသောမနသိကာရသည် သက်ရှိသတ္တ၀ါတို့သန္တာန်မှာ အစကတည်းက ရှိနှင့်ပြီးဖြစ်သော်လဲ ရာခိုင်းနှုံးလွန်စွာနည်းပါလှသော လူတို့သာလျှင် ယင်းတရားကို ထုတ်ယူစားသုံးနိုင်ကြသည်။ ထိုသူတို့သည် ကံကောင်းသော သူများပေတည်း။ ဆန့်ကျင်ဘက်ရာခိုင်းနှုံးရှိသူတို့ကား မိမိတို့ဘ၀၀ယ် နေ့စဉ်တွေ့နေကြုံနေကြရသော အာရုံတို့၏ ဖြားယောင်းသွေးဆောင်မှုအောက်မှာ မလူးသာမလွတ်သာဖြစ်ပြီး စိတ်ကောင်းစိတ်မြတ်များကို မထားနိုင်ပဲ ရှိကြရရှာသည်။
မည်သည့်စိတ်အစဉ်မဆို စိတ်အစဉ်တစ်ခုဖြစ်ပေါ်ဖို့အတွက် လိုအပ်ချက်မှာ object ခေါ် အာရုံဖြစ်သည်။ ယင်းအာရုံသည်---
(၁) Internal Object=အတွင်းစိတ်မှာ နဂိုရှိပြီးသား သို့မဟုတ် နဂိုရဖူး ယူဖူးပြီးသားအာရုံနှင့်
(၂) External Object=အပြင်ပက အသစ်ရလာသောအာရုံ အားဖြင့် နှစ်မျိုးရှိသည်။
မည်သည့်အာရုံဖြစ်စေ စိတ်အစဉ်တစ်ခုမဖြစ်ပေါ်မီရှေးဦးစွာ သက်ဆိုင်ရာစိတ်၏ တံခါးဝကို ရောက်လာရမြဲဖြစ်သည်။ သက်ဆိုင်ရာအာရုံကို ရပြီးသောအခါ ၎င်းအာရုံသည် မိမိလိုချင်သော အာရုံမျိုးဖြစ်ပါက စိတ်သည် လိုချင်မှုလွန်ကဲ(လောဘ) လာတတ်ပြီး မလိုချင်သောအာရုံဖြစ်ပါက ကသိကအောင့်(ဒေါသ) ဖြစ်ရတတ်မြဲတည်း။
လိုချင်မှုလွန်ကဲခြင်းသည် မကောင်းစိတ်တစ်မျိုးဖြစ်သည်။ ထိုမကောင်းစိတ်သည် မလိုချင်သောအာရုံကို ယူမိရုံနှင့်ကား မဖြစ်ပေါ်နိုင်သေး။ ယင်းစိတ်ဖြစ်ပေါ်ဖို့အတွက် အခြေခံအကြောင်းတရားနှစ်မျိုးလိုအပ်သည်။ ယင်းတို့မှာ---
(၁) Desirable Object=မိမိစိတ်ကို အကြိုက်တွေ့စေနိုင်သော အာရုံဖြစ်ခြင်းနှင့်
(၂) Negative Attention=မသင့်မတင့်နှလုံးသွင်းမိခြင်း တို့တည်း။
ဥပမာ=အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မိမိ၏ဆန့်ကျင်ဘက်လိင်ကို တွေ့သောအခါ ထိုဆန့်ကျင်ဘက်လိင်သည် မိမိစိတ်ကို ဆွဲဆောင်နိုင်လောက်အောင် ရုပ်ရည်ရူပကာယမျိုးရှိသူဖြစ်ပါက ယင်းအာရုံကို အကြောင်းပြု၍ မသင့်မတင့်တွေးမိတတ်သည်။ ယင်းသို့တွေးမိသောနေရာဝယ် တွေးပုံတွေးနည်းမှာ နှစ်မျိုးနှစ်စားရှိပြန်သည်။
ယင်းတိှု့မှာ---
(၁) “မျက်လုံးလေးက သိပ်လှတာပဲ၊ မျက်ခုံးလေးကသိပ်လှတာပဲ၊ နှာတံလေးက ကော့ပျံလို့၊ နှုတ်ခမ်းလေးကလဲ နှင်းဆီဖူးလေးလို အနီရောင်လေးသန်းပြီး လှနေလိုက်တာ ညှို့တင်ထားတဲ့ လေးကိုင်းသဏ္ဌာန်ပဲ” စသည်ဖြင့် ကိုယ်အင်္ဂါတစ်ခုချင်းစီကို အသေးစိမ့်အာရုံပြုခြင်း (အနုဗျဉ္ဇနဂ္ဂါဟ=detailed attachment) နဲ့
(၂)“ကိုယ်လုံးကိုယ်ပေါက်က လှလိုက်တာ၊ သွားပုံလာပုံက သိပ်ကြည့်ကောင်းတာပဲ” စသည်ဖြင့် ခြုံ၍အာရုံပြုခြင်း (နိမိတ္တဂ္ဂါဟ=comprehensive attachment) တို့ပင်တည်း။
လိုချင်ဘွယ်အာရုံနှင့်တွေ့သော်လဲ နှလုံးသွင်းကောင်းကောင်းထားပြီး အာရုံယူတတ်ပါမူ စိတ်သည် ညစ်နွမ်းခြင်းသို့ မရောက်ပဲ ဖြူစင်မြဲဖြူစင်လျက်ရှိသည်။ မည်သည့်အာရုံမျိုးနှင့်တွေ့တွေ့ ကောင်းသောစိတ်ဓာတ် သို့မဟုတ် ကုသိုလ်စိတ်ဖြစ်ပေါ်စေလိုလျှင် ယောနိသောမနသိကာရခေါ် Positive Attention ရှိဖို့အရေးကြီးဆုံးဖြစ်သည်။ ယင်းသဘောတရားကို “အတ္တသမ္မာပဏိဓိ”ဟုလဲ ခေါ်ရသည်။ ယောနိသောမနသီကာရသည် (အဘိဓမ္မာဝေါဟာရ) Psychological Term ဖြစ်၍ အတ္တသမ္မာပဏိဓိသည် (သုတ္တန်ဝေါဟာရ) Discourse Term ဖြစ်သည်။ (ယင်းဝေါဟာရများနှင့် ရင်းနှီးမှုမရှိသေးသူများအတွက် ယင်းပါဠိစကားလုံးများသည် Jargon ခေါ် နားလည်ရခက်မည်မှန်သော်လဲ စိတ်ပညာကို လိုက်စားသူများအတွက်မူ ထိုသို့ပြောလိုက်မှသာ ပိုမိုလေးနက်စွာ သဘောပေါက်သွားတတ်ကြသောကြောင့် ကျနော့်ပို့စ်မှာ အချို့ပါဠိဝေါဟာရများကို ထည့်သုံးရေးသားရခြင်းဖြစ်ပါကြောင်း)။
အောင်မြင်သောမျိုးစေ့တစ်ခုတွင် သက်ဆိုင်ရာသစ်ပင်ကို ပေါက်ပွါးစေနိုင်သော သတ္တိရှိသည်ဟု ဆိုသော်လည်း ယင်းမျိုးစေ့သည် ခွက်တစ်ခုထဲတွင် ထည့်ထားပါက အပင်အဖြစ်သို့ မရောက်နိုင်။ လေဓာတ်၊ အလင်းဓာတ်နှင့် ရေဓာတ်အလုံအလောက်ရသော မြေတွင်စိုက်ပျိုးပြီး စိုက်ပျိုးသူက ဂရုစိုက်ပေးမှသာလျှင် အပင်ဖြစ်ထွန်းနိုင်သည်။ ထို့အတူပင် ယောနိသောမနသီကာရဟူသော မျိုးစေ့တွင် စိတ်ကောင်းစိတ်မြတ်တို့ကို ဖြစ်ပေါ်စေသော သတ္တိရှိသည်ဟု ဆိုသော်လည်း ယင်းမျိုးစေ့သည် သတ္တ၀ါတို့သန္တာန်ဝယ် အလိုအလျောက်ဖြစ်ပေါ်လာသည်ကားမဟုတ်။ ယင်းမျိုးစေ့ကို အပင်ပေါက်ပွါးစေနိုင်သည့် အခြေခံအကြောင်းတရားများရှိဖို့ လိုအပ်သည်။ ယင်းတို့မှာ---
(၁) ဆရာကောင်းများကို မှီခိုဆည်းကပ်ခွင့်ရခြင်း
(၂) မိမိကိုယ်တိုင်က ဆိုဆုမ္မကို နာယူလွယ်သူဖြစ်ခြင်း
(၃) စာကောင်းပေကောင်းများကို ဖတ်ရှုမှတ်သားတတ်ခြင်း
(၄) အရာရာကို သဘာဝကျကျ ရှုမြင်သုံးသတ်တတ်ခြင်း
(၅) အတိတ်ကဆည်းပူးခဲ့ဖူးသော ကုသိုလ်ကောင်းမှုအရှိန်အ၀ါရှိခြင်း စသည်တို့ဖြစ်သည်။
ကျနော်စဉ်းစားမိသည်မှာ လူတစ်ယောက်သည် နှလုံးသွင်းကောင်းသူတစ်ယောက်ဖြစ်ဖို့အတွက် အထက်ပါ အချက်အလက်အားလုံးနှင့်ပြည့်စုံဖို့မလို၊ အချက်အလက်တစ်ခုနှင့်ပြည့်စုံလျှင်ပင် ထိုသူ့သန္တာန်မှာ ယောနိသောမနသီကာရခေါ် နှလုံးသွင်းကောင်းမှုမျိုးဖြစ်ပေါ်နိုင်သည်။ ယင်းကို အခြေခံ၍ စိတ်ကောင်းစိတ်မြတ်များလည်း ဖြစ်ပေါ်လာနိုင်သည်။
တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော်ပွါးခြင်း စသော ကောင်းမှုများသည် ယင်းတို့ကို ပြုလုပ်နေဆဲအခိုက်မှာ သက်ဆိုင်သူကာယကံရှင်၏ စိတ်ကို ကြည်လင်စေသည်မှန်သော်လဲ အမြဲမပြတ်ပြုလုပ်နေခြင်းမျိုးမဟုတ်ပါက ယာယီအခိုက်အတန့်အားဖြင့်သာ စိတ်ကောင်းများကို ဖြစ်ပေါ်စေသည်။ အချို့ အချို့ ကျနော်တွေ့ဖူးသောပုဂ္ဂိုလ်များသည် တရားအလွန်ထိုင်၏၊ ပုတီးအလွန်စိပ်၏၊ ဂုဏ်တော်အလွန်ရွတ်၏။ သို့သော် ယင်းတို့ကို မပြုလုပ်ဘဲနေသောအခါဝယ် အတင်းအလွန်ပြော၏။ တစ်ဘက်သားကို အကောင်းမြင်သည်ဟု မရှိ။ သူတို့ကဲ့သို့ ဘုရားတရားမလုပ်သူများကို သေလျှင်ငရဲကျတော့မည့်အလား ဝေဘန်၏။ ထိုသူတို့သန္တာန်ဝယ် ယောနိသောမနသီကာရတရား ဆိတ်သုံးနေကြောင်း အလွန်သိသာလှသည်။ ထို့ကြောင့် ထိုသူတို့၏ ဘုရားတရားအလုပ်သည် “ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာ”ဟူသကဲ့သို့ ဖြစ်ရတော့သည်။ ထိုသူတို့သန္တာန်မှာ ကုသိုလ်စိတ်ဖြစ်ခွင့်မရှိတော့။ သနားစရာ အလွန်ကောင်းသူများပင်တည်း။
မိမိနှင့် အကြိုက်မတူ၊ စရိုက်မတူသူများအပေါ် မကောင်းမြင်ခြင်းကိုလည်း ယောနိသောမနသီကာရခေါ် အတ္တသမ္မာပဏိဓိစက် ချို့ယွင်းမှုကြောင့်ဖြစ်ကြောင်း နားလည်အပ်သည်။ မှန်သည်။ လူတစ်ယောက် အကြိုက်တစ်မျိုးဖြစ်သည်။ ယင်းသို့နားလည်ထားလျှင် မည်သူ့ကိုမဆို “ငါနှင့်မတူ ငါ့ရန်သူ” အဖြစ် သဘောထားစရာမရှိတော့ချေ။ ယင်းသို့သဘောမထားတော့သည်နှင့်တပြိုင်နက် လူသည် သူ့ပတ်ဝန်းကျင်တွင် သူမှတစ်ပါးသောသူများနှင့်၎င်း သူ့ကိုယ်သူနှင့်၎င်း ရင်းနှီးကျွမ်းဝင်လာပြီးလျှင် စိတ်ကောင်းနှလုံးကောင်းများ ဖြစ်ပေါ်ခွင့်ကိုလည်း အမြောက်အများ ရရှိလာမည်ဖြစ်ပါသတည်း။
No comments:
Post a Comment
The comment given by you is my teacher and treasure.