
စိတ်ကောင်းထားခြင်းနှင့်ပတ်သက်၍ ကျနော်ရေးခဲ့သောပို့စ်အပေါ် စာဖတ်သူများ၏ တုန့်ပြန်မှုများအနက် “တစ်ဘက်သားအပေါ် ဘယ်နည်းနှင့်မှ အထိအခိုက်မဖြစ်ပါစေနှင့်” ဟူသော ကျနော့်အဆိုကို အကောင်းမြင်ဘက်က ဆွေးနွေးလာသူ ကြယ်ပြာ ၏ “စေတနာမပါသော ထိခိုက်စေမှုသည် စိတ်ကောင်းမထားခြင်းဖြစ်လေသလော” ဟူသော မေးခွန်းအတွက် ကျနော်ဆက်လက်ရေးသားရန် တာဝန်ရှိသည်ဟု ခံစားမိသည်။ ယင်းခံစားချက်အရ ကျနော်တစ်စုံတစ်ခုကို ပြောလိုသည်။ ကျနော်ပြောဆိုလိုသော အကြောင်းအရာသည် မေးခွန်းရှင်လိုလားသော အဖြေမျိုးဖြစ်ကောင်းမှ ဖြစ်မည်။
ကျနော့်ဆိုလိုချက်ဟုဆိုသော်လဲ ကျနော့်ကိုယ်ပိုင်ဆိုလိုချက်ကားမဟုတ်။ ကျနော်ဖတ်ခဲ့ဖူးသော ဘုရားစာပေများမှ ကောက်နှုတ်တင်ပြခြင်းများသာ များပေမည်။ အဘယ့်ကြောင့် ဘုရားစာများကို ကိုးကားဖြေဆိုရသနည်း? ကျနော်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သည့်အားလျော်စွာ ဘုရားစာပေများကို လေ့လာဆည်းပူး၊ ဖတ်ရှုမှတ်သားမှုများကို အတော်အသင့်ပြုခဲ့ဖူးသည်။ ယခုလည်း ဖတ်ဆဲ၊ မှတ်သားဆဲပင်ဖြစ်သည်။ ဘုရားစာပေများသည် “စိတ်”ဆိုသော ဝေါဟာရနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသေးစိမ့်ဆွေးနွေးထားသော စာပေတစ်မျိုးဖြစ်သည်ဟု ကျနော်မြင်သည်။ အရှေ့တိုင်းစိတ်ပညာကို လေ့လာလိုက်စားသူများသည် မြတ်ဗုဒ္ဓ၏ ဟောကြားချက်များကို အကိုးအကားမပြုနိုင်ပါက စိတ်ပညာနှင့်သက်၍ ပြည့်စုံသောလေ့လာမှုတစ်ခုအဖြစ်သို့ ရောက်ရန်ခဲရင်းပါဘိ။
ကျနော်တို့ မြန်မာစာပေမှာ “စိတ်ကောင်းရှိခြင်း” ဟူသောဂုဏ်ကို ဘယ်အရာနှင့် တွဲဘက်မြင်တတ်ပါသနည်း? ယင်းမေးခွန်းအတွက် ကျနော့်အဖြေသည် “စေတနာကောင်း” ပင်ဖြစ်သည်။ မှန်သည်။ စိတ်ဟူသည် စေတနာကောင်းနှင့် တွဲဘက်၍ မဖြစ်ပါက “ကောင်းခြင်း” ဂုဏ်သို့ မရောက်ရှိနိုင်။ စေတနာကောင်းလျှင် စိတ်ကောင်းသည်၊ စေတနာဆိုးလျှင် စိတ်ကောင်းမဟုတ်၊ စိတ်ဆိုးပင်ဖြစ်သည်။ ထို့ကြောင့် စိတ်ကောင်းရှိဖို့အတွက် စေတနာကောင်းရှိဖို့ လိုအပ်သည်။ အသို့ဆိုသော် အဘယ်တရားသည် စေတနာကောင်းဖြစ်သနည်း? ယင်းအတွက်အဖြေသည် ကြက်ဥနှင့်ကြက်မကဲ့သို့ပင်ဖြစ်ချေ၏။ ကောင်းသောစိတ်နှင့် တွဲဘက်နေသော စေတနာကို စေတနာကောင်းဟု စာပေများက သတ်မှတ်သည်။ အမှန်အားဖြင့် စိတ်ဟူသောတရားသည် စေတနာဟူသောတရားတစ်မျိုးနှင့် ကင်းလွတ်၍ ဖြစ်ပေါ်လေ့မရှိ။ အမြဲမပြတ်တွဲဖက်နေသော တရားများပင်ဖြစ်သည်။ (နောက်နောင်ပို့စ်များတွင် ကျနော် အကျယ်ရေးပါမည်)
အကယ်၍ တစ်စုံတစ်ယောက်သည် အခြားတစ်စုံတစ်ယောက်အပေါ် စေတနာဆိုးနှင့်တုန့်ပြန်ပါက မကောင်းသောစိတ်ထားဖြင့် တုန့်ပြန်သည်ဟု မှတ်ယူနိုင်သည်။ စေတနာကောင်းနှင့်တုန့်ပြန်ပါမူ စိတ်ကောင်းနှင့်တုန့်ပြန်သည် မည်ပေသည်။ ဒီနေရာမှာ စေတနာ၏ သဘောသဘာဝကို အနည်းငယ်တင်ပြ သင့်သည်ဟု ထင်သည်။ အဘယ်သဘောသည် စေတနာဖြစ်ပါသနည်း? ယင်းစကားလုံးကို “စေ့ဆော်ခြင်းသဘောဟု၎င်း၊ စေ့ဆော်ကြောင်းသဘောဟု၎င်း၊ စေ့ဆော်တတ်သောသဘောဟု၎င်း” ဖွင့်ဆိုကြသည်။ ဘာကိုစေ့ဆော်သနည်း? ယင်းစေတနာနှင့် အတူဖြစ်ဖေါ်ဖြစ်ဘက် ကောင်းကောင်းဆိုးဆိုးတရားမှန်သမျှကို စေ့ဆော်သည်။ စေ့ဆော်သည်ဟူသည် တိုက်တွန်းခြင်းကို ဆိုလိုသည်။
မည်သည့်တရားမဆို စေတနာ၏ အားပေးအားမြှောက်ပြုမှုကြောင့် ယင်းတို့၏ မူလသဘာဝများ ဘွင်းဘွင်းကြီးပေါ်လာကြရသည်။ ဥပမာ---လောဘ၏ သဘောသည် လိုချင်မှုဖြစ်သော်လဲ လောဘသက်သက်၏ လိုချင်မှုသည် အားမကောင်းလှ။ သူနှင့်တွဲဘက်နေသော စေတနာ၏ အားပေးအားမြှောက်ပြုမှုကြောင့် လောဘသည် အမြင်ကပ်စရာကောင်းလောက်အောင် ယင်း၏သတ္တိကို ပြတော့သည်။ အခြားတရားများ၏ သတ္တိဖြစ်ပေါ်ပုံလည်း ထိုနည်းတူပင်တည်း။ အမှန်အားဖြင့် စေတနာသည် ယင်းနှင့်အတူဖြစ်ဘက် တရားအားလုံး၏ အကြီးအချုပ်ပင်ဖြစ်ပေတော့သည်။ (ဗုဒ္ဓစာပေလာ စိတ်ပညာအကြောင်းကို အလျှင်းသင့်သလို နောက်နောင်ပို့စ်များတွင် ရေးသားတင်ပြသွားမည်)
စေတနာအကြောင်းကို အနည်းငယ်မျှ နားလည်ပြီးနောက် စေတနာမပါပဲဖြစ်သွားရသော ထိခိုက်မှုအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များကို စိတ်ထားမကောင်းသူများဟု သတ်မှတ်နိုင်ပါသလော? ကျနော့်အဖြေသည် မသတ်မှတ်နိုင်ပါ။ ယင်းသို့မသတ်မှတ်နိုင်ကြောင်းကို ဘုရားစာပေများ၌ ခိုင်မာသော သာဓကအကိုးအကားများစွာရှိသည့်အနက် အနည်းငယ်မျှ ထုတ်နှုတ်တင်ပြပါမည်။
ရှင်တော်ဗုဒ္ဓလက်ထက်တော်အခါက စက္ခုပါလခေါ် မျက်စိကွယ်နေရှာသော ရဟန္တာအရှင်မြတ်ကြီးတစ်ပါးရှိခဲ့ဖူးသည်။ မိုးရွာပြီးကာစဖြစ်သော နေ့တစ်နေ့တည်း။ ထိုနေ့တွင် မိုးရွာပြီးကာစဖြစ်သောကြောင့် ပလူကောင်များ ကျောင်းဝင်းအတွင်း နေရာအနှံ့ သွားလာနေကြသည်။ ရဟန်းတော်များ လမ်းလျှောက်သော စင်္ကြံပေါ်တွင်လည်း ခြေချစရာမရှိလောက်အောင် အုပ်အုပ်ကျင်းကျင်း လှည့်လည်နေကြသည်။ ရဟန္တာမထေရ်ကြီးသည် မိုးသားတိမ်လိပ်များ ကင်းစင်သဖြင့် ကျောင်းအပြင်ဘက်ရှိ စင်္ကြံပေါ်တွင် ခေါက်တုံ့ ခေါက်ပြန် လမ်းထွက်လျှောက်တော်မူသည်။ စင်္ကြံလမ်းအပေါ် ပလူကောင်များ သွားလာနေသည်ကို မြင်တော်မမူချေ။ ထို့ကြောင့် များစွာသော ပိုးကောင်များ၊ ပလူကောင်များ အရှင်မြတ်၏ခြေဖ၀ါးအောက်တွင် အသက်ဆုံးရှုံးခဲ့ကြရသည်။
ယင်းအဖြစ်အပျက်ကို အခြားရဟန်းတော်များမြင်ကြသောအခါ ရဟန္တာမထေရ်ကြီးကို တိရိစ္ဆာန်များကို သတ်ဖြတ်နေသည်ဟုကဲ့ရဲ့ကြပြီး ဘုရားမြတ်ထံပါး လျှောက်ထားကြသည်။ မြတ်ဘုရားရှင်လည်း ရဟန်းတော်များ၏ လျှောက်ထားချက်အရ မထေရ်ကြီးကိုခေါ်ကာ “တမင်တကာနင်းသလော၊ သို့မဟုတ် မမြင်သဖြင့် နင်းမိခြင်းလော” ဟုမေးတော်မူရာ “မမြင်သဖြင့်နင်းမိခြင်းဖြစ်ကြောင်း၊ သူတစ်ပါးအသက်ကို သတ်ဖြတ်ညှင်းဆဲလိုသောစေတနာ အနည်းငယ်မျှပင်မရှိကြောင်း”မထေရ်မြတ်က ဖြေကြားတော်မူသည်။ မြတ်စွာဘုရားရှင်ကလဲ “ယင်းသို့စေတနာမပါပဲ အမှတ်တမဲ့ပြုမိသောအပြုအမူများအတွက် အပြစ်မရှိကြောင်း” မိန့်ကြားကာ ရဟန်းတော်များကို ဆက်လက်တရား ဟောကြားတော်မူသည်။ (စက္ခုပါလထေရ၀တ္ထု၊ ယမက၀ဂ္ဂ၊ ဓမ္မပဒဋ္ဌကထာ၊)
ထို့ပြင် ရဟန်းတော်များ လိုက်နာကျင့်သုံးရသော (၂၂၇-သွယ်သော) သိက္ခာပုဒ်ခေါ် ဥပဒေစည်းကမ်းများစွာအနက် သူတစ်ပါးအသက်သတ်ခြင်းနှင့်ပတ်သက်ပြီး (၁) လူ့အသက်သတ်ခြင်း (၂) တိရစ္ဆာန်အသက်သတ်ခြင်း များအပေါ် ကွဲပြားစွာချမှတ်ထားသော စည်းကမ်းများရှိသည်။ လူ့အသက်ကို သတ်မိပါက ယခုပစ္စုပ္ပန်မျက်မှောက်ဘ၀တွင် အဘယ်နည်းနှင့်မှ ရဟန်းဖြစ်ခွင့်မရနိုင်တော့လောက်အောင် အပြစ်ကြီးမားပြီး တိရစ္ဆာန်အသက်သတ်မိပါက အာပတ်ဖြေခြင်းဖြင့် ကုသပျောက်ကင်းနိုင်ကြောင်း ဟောကြားထားသည်များ မှတ်သားခဲ့ရဖူးသည်။ သို့သော် ယင်းသတ်ဖြတ်မှုသည် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ သေစေလိုသောစေတနာမပါရှိလျှင် သက်ဆိုင်ရာအပြစ် မဖြစ်ကြောင်းသိရသည်။
သတ်သည်ဆိုရာ၌ သေစေလိုသောစေတနာနှင့်သတ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ယင်းစေတနာမျိုးမပါပဲ အမှတ်တမဲ့ ထိမိခိုက်မိပြီး သေဆုံးရခြင်းမျိုးဖြစ်ပါက တစ်ဘက်သားမှာ နစ်နာမှုဖြစ်ရသော်လည်း စေတနာဆိုးမပါသောကြောင့် ပြုလုပ်သူကို စိတ်ထားမကောင်းသောသူဟု မသတ်မှတ်နိုင်ကြောင်း အထက်ပါ ဗုဒ္ဓစာပေလာ သာဓကများက သက်သေခံလျှက်ရှိသည်။ အထက်ပါ ကျနော်တင်ပြခဲ့သော အကြောင်းအရာများသည် ကျနော်မှတ်သားဖူးသော ဘုရားစာပေလာဝတ္ထုနှင့် စည်းကမ်းဥပဒေများကို အကိုးအကားပြုခြင်းမျှသာတည်း။ ယင်းအဖြစ်အပျက်မျိုးများကို မျက်မှောက်မှာလည်း နေရာအနှံ့တွေ့မြင်၊ ကြားသိနိုင်သည်။ လွန်ခဲ့သော သတင်းသုံးပတ်လောက်က AFP သတင်းတစ်ပုဒ်တွင် ဖခင်ဖြစ်သူ၏ နမော်နမဲ့နိုင်မှုကြောင့် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးသွားကြောင်း ဖတ်လိုက်ရသည်။ ယင်းအတွက် ဖခင်ဖြစ်သူသည် ဥပဒေကြောင်းအရ မည်သည့်အပြင်ဒဏ်ကိုမှ မခံရ။ သို့သော် သူ့ရင်ထဲတွင် သေဆုံးသူသားကလေးအတွက်ဖြစ်ရသော ပူဆွေးမှု၊ ယူကြုံးမရဖြစ်မှု၊ သူ့ကိုယ်သူခွင့်မလွှတ်နိုင်မှုစသော အတ္တာနုဝါဒ-ခေါ် ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းကား အသက်ဆုံးသည့်တိုင် ပြေပျောက်တော့အံ့မထင်။ ထိုဖခင်မျိုးကို (သူ့သားအပေါ်) စိတ်ကောင်းမထားသောသူ ဟု ခေါ်နိုင်အံ့လော။ ထို့ကြောင့် အမှတ်တမဲ့သည် စေတနာ၏ သားကောင်မဟုတ်ကြောင်း နားလည်အပ်သတည်း။
No comments:
Post a Comment
The comment given by you is my teacher and treasure.