
Past is Experience.. .!
Present is Experiments. ..!
Future is Expectations. ..!
Use your Experience in your experiments for your expectations.
(Unknown Author)
အတိတ်သည် အတွေ့အကြုံ၊
ပစ္စုပ္ပန်သည် စမ်းသပ်မှု၊
အနာဂတ်သည် မျှော်လင့်ချက်ဖြစ်၏။
သင့်မျှော်လင့်ချက်များအတွက် သင်၏အတွေ့အကြုံကို သင့်စမ်းသပ်ခန်းအတွင်း အသုံးပြုကြည့်ပါ။
(အမည်မသိ)
ကျနော့်ဘရားသားတစ်ယောက်ရဲ့ Gtalk Box ထဲက တွေ့ရတဲ့ အဆိုအမိန့်လေးတစ်ခုပါ။ ကျနော်ကြိုက်လို့ သူ့ခွင့်ပြုချက်ယူပြီး ပို့စ်ရေးဖြစ်တာ။ ဘယ်သူပြောခဲ့တဲ့ စကားလဲဆိုတာတော့ ကျနော်ရှာဆဲပါ။ ကျနော်ဘရားသားလဲ သူ့ကိုယ်ပိုင်တော့မဟုတ်ဘူး၊ ဒါပေမဲ့ ဘယ်သူ့စာလဲတော့ မသိဘူးတဲ့။ သူလဲ ကြိုက်လို့ တင်ထားတာ တဲ့။ ဒါနဲ့ ကျနော်လဲ Yahoo Answers ကို လှမ်းမေးကြည့်တယ်။ အဖြေသုံးခုပေးတယ်။ တစ်ခုမှ ရေရေရာရာမရှိဘူး။ စာဖတ်သူလဲ ဒီအဆိုကို ဘယ်သူပြောခဲ့တယ်ဆိုတာ တိတိကျကျသိရင် ကျနော့် Cbox ထဲမှာ လက်ဆင့်ကမ်းခဲ့ဖို့ အနူးအညွတ်ပန်ကြားပါရစေ။
“အတိတ်သည် အတွေ့အကြုံဖြစ်သည်” ဆိုတာကိုတော့ လူတိုင်းနားလည်သလို ပြောလဲပြောနေကြပါတယ်။ ဒါပေမဲ့ “ပစ္စုပ္ပန်သည် စမ်းသပ်မှု၊ အနာဂတ်သည် မျှော်လင့်ချက်ဖြစ်၏” ဆိုတာကိုတော့ သိပ်ပြောသံ မကြားရပါဘူး။ ကျနော် နားမထောင်တတ်တာလဲ ပါမှာပေါ့လေ။ တိုက်ရိုက်အဓိပ္ပါယ်မဟုတ်တောင် တခြားနည်းနဲ့ပြောကြတာတွေတော့လဲ ရှိမှာပါပဲ။ ဒီအဆိုအမိန့်က ရှင်းပြီးသားမို့ ကျနော် အထူးရှင်းပြနေစရာတော့ မရှိပါဘူး။ ဒါပေမဲ့ “နာဘူးထပ်မံ” ဆိုသလို ကြားဖူးပြီး သိဖူးပြီးစကားတစ်ခွန်းကို ထပ်မံကြားရ၊ သိရခြင်းဟာ နဂိုရှိရင်းစွဲအသိကို ပိုမိုရှင်းလင်းစေတဲ့အတွက် ကျနော်အနည်းငယ်ပြောချင်ပါသေးတယ်။
ကျနော်တို့ လူသားတွေဟာ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလယန္တယားကြီးတစ်ခုထဲမှာ လည်ပတ်နေကြတဲ့ အရုပ်ကလေးတွေမျှသာဖြစ်ကြပါတယ်။ လက်ရှိပစ္စုပ္ပန်မှာ အတိတ်ရဲ့ အရိပ်တွေကို လွှဲဖယ်ဖို့ ကြိုးစားရင် အနာဂတ်ခရီးသို့ ချီတက်နေကြသူတွေချည်းပါပဲ။ မျှော်လင့်ချက်တစ်ခုခုကို ရင်မှာထွေးပိုက်ပြီး အတိတ်ဆိုတဲ့ မြို့ဟောင်းထဲက ဒရောသောပါးထွက်ပြေးလာကြသူတွေလဲ ရှိပါတယ်။ ပြီးခဲ့တဲ့ အတိတ်ဆိုတာ အနာဂတ်မြို့သစ်ကို လျှောလျှောလျှူလျှူ သွားနိုင်ဖို့ ပြင်ဆင်ပေးထားတဲ့ Road Map (လမ်းပြမြေပုံ) တစ်ခုပါပဲ။ ဒါပေမဲ့ လူတိုင်းတော့ ဒီမြေပုံကို မကြည့်တတ်ကြပါဘူး။ ကြည့်တတ်တဲ့လူနဲ့ မကြည့်တတ်တဲ့လူတွေကို နှစ်စုခွဲလိုက်ရင် မကြည့်တတ်တဲ့လူတွေက ပိုများလိမ့်မယ်လို့ ကျနော်ခန့်မှန်းပါတယ်။
ကျနော်တို့ အနာဂတ်မှာ ဘာကို မျှော်လင့်ကြသလဲ။ ဒီမေးခွန်းအတွက် အဖြေကို အမျိုးမျိုးပေးကြမှာပါ။
(၁) ခေတ်ကာလအလိုက်၊
(၂) အသက်အရွယ်အလိုက်၊
(၃) ပတ်ဝန်းကျင်အလိုက်၊
(၄) ရှိရင်းစွဲအသိဉာဏ်အလိုက်၊
(၅) အားကျရာအလိုက် စသဖြင့် စသဖြင့် မတူကွဲပြား၊ ခြားနားတဲ့အဖြေကို ပေးကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ုခုသေချာတာကတော့ ဘယ်လိုအဖြေမျိုးပဲဖြစ်ဖြစ် အနာဂတ်မှာ လက်ရှိအနေထားထက် ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ခုကို မျှော်လင့်မှုအရိပ်အယောင်ပါတဲ့ အဖြေပဲဖြစ်မှာပါ။ မမျှော်လင့်နိုင်တဲ့သူတွေတောင် မျှော်လင့်နေကြသေးရင် မျှော်လင့်နိုင်တဲ့သူတွေအတွက်တော့ အနာဂတ်ကြီးပွါးရေးဆိုတာ ဘယ်တော့မှ မပျက်ပျယ်တဲ့ အိပ်မက်တစ်ခုဖြစ်နေမှာ သေချာပါတယ်။
အဲဒီအိပ်မက်ကို အကောင်အထည်ပေါ်စေချင်ရင်တော့ လမ်းပြမြေပုံနဲ့တူတဲ့ အတိတ်ကိုပြန်ကြည့်ရပါလိမ့်မယ်။ တစ်ခါဆုံးရှုံးဖူးတဲ့လူတစ်ယောက်အတွက် နောက်တစ်ခါထိုနည်းတူမဆုံးရှုံးဖို့အရေးမှာ သူ့ရဲ့အတွေ့အကြုံက ပြောပြ၊ညွှန်ပြပါလိမ့်မယ်။ ဆုံးရှုံးခဲ့ဖူးတဲ့ အတိတ်ဖြစ်ရပ်ကို သင်္ခန်းစာလို့ မှတ်ယူပြီး အနာဂတ်မျှော်လင့်ချက်တစ်ခု ရှင်သန်ရေးအတွက် လက်ရှိဘ၀မှာ အသိဉာဏ်ရှိရှိနဲ့ ကြိုးစားတတ်မယ်ဆိုရင် အတိတ်ရဲ့ဆုံးရှုံးမှုဟာ အဲဒီလူအတွက် ကြီးမားသောအထောက်အပံ့ကောင်းတစ်ခုဖြစ်မှာ သေချာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှေးမြန်မာကြီးတွေက နောင်လာနောင်သားများအတွက် “တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည်”၊ “ခဲမှန်ဖူးသော စာသူငယ်” စသဖြင့် ပုံဆောင်စရာစကားတွေ အမြောက်အများထားခဲ့ကြပါတယ်။ ဒါကြောင့် “အတိတ်ဆိုတာ အတွေ့အကြုံဖြစ်တယ်” ဆိုတဲ့ ဆုံးမစကားဟာ မှန်ကန်တဲ့ စကားအဖြစ် နားလည်အပ်ပါတယ်။
လူရွယ်လူလတ်မှသည် လူကြီးတွေတိုင်သော လူသားများအားလုံးမှာ ကုန်လွန်ပြီးသော အတိတ်ကိုယ်စီရှိကြပြီးဖြစ်တဲ့အတွက် ပစ္စုပ္ပန်ဆိုတဲ့လက်တွေ့ဘ၀မှာ မိမိတို့ရဲ့ အတွေ့အကြုံကို ဘယ်လိုပြန်သုံးချမလဲဆိုတဲ့ မေးခွန်းဟာ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့အတိတ်ဆိုတဲ့ အတွေ့အကြုံကို
(၁) ဆောင်ရန်အတွေ့အကြုံနဲ့
(၂) ရှောင်ရန်အတွေ့အကြုံရယ် လို့ ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားပြီး မြင်နိုင်ပါတယ်။
အောင်မြင်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ဟာ ထိုအောင်မြင်မှုမျိုးကိုဖြစ်စေ၊ထိုနည်းတူအောင်မြင်မှုမျိုးကိုဖြစ်စေ၊ ရယူလိုပါက သူ့အတွက် လိုက်နာကျင့်သုံးစရာဆိုတာ တခြားရှာစရာမလိုပါဘူး။ သူ့ကိုယ်တိုင်မှာပဲ ရှိနေပြီးသားပါ။ ပြန်လည်အသုံးချတတ်ဖို့ပဲ လိုအပ်ပါတယ်။ နဂိုဉာဏ်ရည်ဉာဏ်သွေးမျိုးနဲ့ နဂိုလုလ္လမျိုးရှိ/မရှိ ဆိုတာပဲ အရေးကြီးပါတယ်။ လုလ္လနဲ့ အသိဉာဏ်ဟာ နဂိုအတိုင်းထပ်တူရှိနေသေးရင် နဂိုထက်သာတဲ့ အောင်မြင်မှုမျိုးရယူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ သူရချင်တဲ့အောင်မြင်မှုမျိုးကို ရခဲ့ဖူးတဲ့ အတွေ့အကြုံရှိနှင့်ပြီးဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံမျိုးကိုတော့ ဆောင်ရန်အတွေ့အကြုံလို့ သတ်မှတ်နိုင်ပါတယ်။
ထိုနည်းတူ ဆုံးရှုံးခဲ့ဖူးတဲ့လူဟာလဲ အထက်မှာပြောခဲ့သလို မိမိဆုံးရှုံးခဲ့စဉ်က အသုံးပြုမိတဲ့ နည်းစနစ်မှားတွေကို ရှောင်ပြီး ပြင်တန်ပြင်၊ ပြောင်းတန်ပြောင်းပြီး လိုအပ်တဲ့အောင်မြင်မှုနဲ့ လိုက်လျောညီထွေရှိမည့် နည်းစနစ်မျိုးကို ရှာဖွေကျင့်သုံးတတ်မယ်ဆိုရင် သူလိုချင်တဲ့ အောင်မြင်မှုမျိုးကို ရမှာမလွဲပါဘူး။ အတိတ်မှာ လွဲခဲ့ဖူးတဲ့နည်းစနစ်တွေဆိုတာ ပစ္စုပ္ပန်အတွက် အသုံးမကျတော့တဲ့ ရှောင်ရန်အတွေ့အကြုံတွေပါပဲ။ ဒါကြောင့် မိမိမှာရှိတဲ့ အတိတ်ဆိုတဲ အတွေ့အကြုံတွေထဲက ရှောင်သင့်တာရှောင်ပြီး ဆောင်သင့်တာဆောင်ရင်း ပစ္စုပ္ပန်မှာ ကျင့်သုံးတတ်မယ်ဆိုရင် မိမိမျှော်လင့်ထားသော အနာဂတ်ဆိုတဲ့ ပန်းတိုင်ဟာ အဲဒီလူဆီ မကြာခင်သောကာလမှာ ရောက်ရှိလာမှာဖြစ်ကြောင်း တင်ပြရင်း (E) သုံးလုံးဆုံးမစာကို နိဂုံးချုပ်ပါတယ်။
No comments:
Post a Comment
The comment given by you is my teacher and treasure.