Thursday, February 12, 2009

သိမှုသဘောတရား (၁)


ပြီးခဲ့တဲ့ အပတ်က ကျနော့်ဘလော့ကို အားပေးတဲ့ စာဖတ်သူတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ပလေတိုရဲ့ အသိဉာဏ်သဘောတရားကို ကျနော်ရှာဖွေရေးသားခဲ့ပါတယ်။ ဂရိစ်နိုင်ငံအပါအ၀င် အနောက်တိုင်းမှာပေါ်ခဲ့တဲ့ အတွေးအခေါ်ရှင်တွေရဲ့ဒဿနသဘောတရားတွေဟာ ဘယ်ဟာကမှန်တယ်၊ ဘယ်ဟာကမှားတယ်လို့ တိတိကျကျယူဆပြောဆိုဖို့ခက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အနောက်တိုင်း ဒဿနိကဘေဒသမိုင်းတစ်လျှောက်မှာ တစ်ယောက်ရဲ့အဆိုကို နောက်တစ်ယောက်က ခြေဖျက်ပြီး သူ့အဆိုကို တင်ပြခဲ့ကြလို့ပါပဲ။

ထိုနည်းတူ ဧရိယာကျယ်ဝန်းသလောက် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံရောထွေးနေတဲ့ အင်ဒိယနိုင်ငံမှာလဲ ဗုဒ္ဓခေတ်မတိုင်မီကတည်းက ခေတ်အလိုက်ပေါ်ထွန်းခဲ့တဲ့ အတွေးအခေါ်အယူအဆတွေဟာ အမျိုးမျိုးအဖုံဖုံရှိနေတာ တွေ့ကြရမှာဖြစ်ပါတယ်။ အရှေ့တိုင်း/အနောက်တိုင်းအတွေးခေါ်ရှင်ကြီးတွေရဲ့ ဒဿနသဘောတရားတွေအတော်များများဟာ မမြင်ရ မသိရတဲ့ ဗြဟ္မာကြီးနဲ့ ထာဝရဘုရားကို မဏ္ဍိုင်ပြုထားကြတာများပါတယ်။ အဲဒီထဲမှာ ထူးထူးခြားခြားဆိုရလောက်အောင် ဒဿနသမိုင်းကို တုန်လှုပ်သွားစေတဲ့ အတွေးခေါ်ရှင်တစ်ဦးပေါ်ထွန်းခဲ့ပါတယ်။ သူ့ရဲ့အတွေးအခေါ်တွေဟာ လူကို မဏ္ဍိုင်ပြုတွေးထားတဲ့အတွက် လူနဲ့တူတဲ့၊ လူ့အသိရှိတဲ့ လူသားအများစုက ၀မ်းသာအားရလက်ခံကြိုဆိုကြပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ မြတ်ဗုဒ္ဓပါပဲ။

မြတ်ဗုဒ္ဓဟာ မဇ္ဈိမပဋိပဒါ (the Middle Way or Golden Means) လို့ခေါ်တဲ့ အလယ်လမ်းစဉ်ကို စတင်တွေ့ရှိပြီး သူရှာဖွေနေတဲ့ (Omniscience) သဗ္ဗညုတဉာဏ်တော်မြတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကျင့်စရာမှန်သမျှအကျင့်တွေကို အကုန်ကျင့်သုံးပြီး သိစရာမှန်သမျှ အသိတွေကို အကုန်သိတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ မြောက်များလှစွာသော ဟောကြားချက်တွေထဲက ကျနော်အနည်းငယ်မျှ ဆွေးနွေးတင်ပြချင်ပါတယ်။ အဲဒါကတော့ အသိဉာဏ်သဘောတရားပါ။ အနောက်တိုင်းအယူအဆနဲ့ ဘယ်လိုကွာခြားမှုရှိသလဲဆိုတာ သိကြရမှာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ အသိဉာဏ်သဘောတရားကို ဘယ်သူကမှ မဟုတ်ပါဘူး/မမှန်ပါဘူးလို့ ငြင်းဆိုတာ မတွေ့ရသေးပါဘူး။ ဒီနေရာမှာ ကျနော်က ဗုဒ္ဓစာပေလာ အသိဉာဏ်သဘောတရားလို့ သုံးချင်ပါတယ်။

မာဂဓီဘာသာ သို့မဟုတ် ပါဠိဘာသာကျမ်းဂန်တွေနဲ့ သင်္ဂါယနာလို့ခေါ်တဲ့ သံဃာ့အစည်းအဝေးကြီးတွေ အကြိမ်ကြိမ်လုပ်ပြီး မှတ်တမ်းပြုထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ဟောကြားချက်တွေကို ဗုဒ္ဓစာပေလို့ ကျနော်တို့မှတ်သားနားလည်ထားကြပါတယ်။ အဲဒီစာပေတွေထဲမှာ အသိသဘောကို အောက်ပါအတိုင်း အဆင့်သုံးဆင့် ခွဲခြားပြပါတယ်။
(၁) Perception မှတ်သားမှုခေါ် သညာအသိ
(၂) Awareness သိကာမျှဖြစ်မှုခေါ် ၀ိညာဉ်အသိ
(၃) Knowledge နားလည်သဘောပေါက်မှုခေါ် ပညာအသိ တွေဖြစ်ပါတယ်။

ဒီအဆင့်သုံးမျိုးအနက် ပထမဆုံးဖြစ်တဲ့ မှတ်သားမှုအဆင့်မှာလဲ
(၁) common sense ပုံမှန်မှတ်သားမှုခေါ် ပကတိသညာနဲ့
(၂) hallucination မှားယွင်းတဲ့မှတ်သားမှုခေါ် ၀ိပလ္လာသသညာ ဆိုပြီး နှစ်မျိုးနှစ်စားကွဲပြားပါသေးတယ်။ ဒီမှတ်သားမှုဆိုတဲ့ အဆင့်ဟာ သိမှုရေးရာမှာ အနုနယ်ဆုံးအဆင့်ပါပဲ။ ဘာ့ကြောင့်နုနယ်ရသလဲဆိုရင် မှတ်သားမှုမှာ reasoning လို့ခေါ်တဲ့ ယုတ္တိကို တွေးဆခြင်းသဘောမပါဝင်လို့ဖြစ်ပါတယ်။ ဒီသဘောကို ပညာရှင်တွေက လက်သမားတွေရဲ့ ခဲမှတ်သားမှု၊ ရွှေတုံးကိုမြင်တဲ့ကလေးပေါက်စတစ်ယောက်ရဲ့ အ၀ါရောင်ဖြစ်တယ်ဆိုတဲ့ အသိဖြစ်ပေါ်မှုအဆင့်နဲ့ နိုင်းယှဉ်ကြပါတယ်။

ဒီမှတ်သားမှုဟာလဲ အမှန်အမှားကွဲပြားသေးတဲ့အတွက် ဒီသဘောကိုလဲ အောက်ပါအတိုင်းပြောကြပါသေးတယ်။
လူတစ်ယောက်က ခန့်မှောင်မှောင်အရောင်ရှိတဲ့ ညနေဘက်အခါမျိုးမှာ တစ်တောင်သာသာရှိတဲ့ ကြိုးတစ်ချောင်းကို မြင်ရတဲ့အခါ ကြိုးတစ်ချောင်းဖြစ်တယ် လို့သိတဲ့အသိဟာ ပကတိသညာအသိဖြစ်ပြီး အဲဒီကြိုးကို မြွေလို့ထင်ရင်တော့ ၀ိပလ္လာသသညာအသိလို့ ခေါ်ပါတယ်။

ဒုတိယအဆင့်ဖြစ်တဲ့ အသိကတော့ ၀ိညာဉ်လို့ခေါ်တဲ့ စိတ်အသိပါပဲ။ တကယ်တော့ ဗုဒ္ဓအဘိဓမ္မာအရ သိမှုမှန်သမျှဟာ စိတ်ကလာတာချည်းပါပဲ။ စိတ်သက်သက်ဟာ ရေနဲ့တူပါတယ်။ အရောင်အဆင်းကင်းမဲ့ပြီး သန့်ရှင်းတဲ့သဘောရှိကြောင်း ဖွင့်ဆိုကြပါတယ်။ အဲဒီစိတ်သက်သက်ရဲ့ Function ခေါ် ကိစ္စကတော့ သိကာမျှဖြစ်မှုသဘောလေးပါပဲ။ စိတ်လမ်းကြောင်းပေါ်ရောက်သမျှ အသိခံအာရုံမှန်သမျှကို သိလိုက်တဲ့သဘောသက်သက်ပါ။ ဒီထက်ဘာမှမပိုပါဘူး။

လူတစ်ယောက်က ခင်ဗျားကိုမေးတယ်။ ကိုမင်းထက်ကို သိသလား လို့။ ခင်ဗျားရဲ့အဖြေက သိပါတယ်လို့ပဲဖြစ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုမင်းထက်ဆိုတဲ့ တစ်ဘက်လူပါးစပ်ကထွက်လာတဲ့ အသံကိုကြားလိုက်တာနဲ့ ခင်ဗျားစိတ်က အဲဒီနာမည်ကို သိသွားပြီ။ ဒါကြောင့် သိပါတယ်ဆိုတဲ့အဖြေဟာ မှန်ကန်တဲ့အဖြေဖြစ်ပါတယ်။ ဘယ်လိုသိပါသလဲ ဆိုတဲ့မေးခွန်းကို ခင်ဗျားဖြေနိုင်ကောင်းမှ ဖြေနိုင်မယ်။ အဲဒီမေးခွန်းရဲ့ အဖြေဟာ စိတ်သိသိမှုသဘောကို လွန်ပြီး စိစစ်မှုသဘောပါသွားပြီ။ တစ်နည်းအားဖြင့် ပညာအဆင့်ရောက်သွားပြီ။ တကယ်တော့ ဒီဝိညာဉ်အသိခေါ် စိတ်အသိဟာ သညာအသိအခေါ်မှတ်သားမှုနဲ့ အမြဲတမ်းတွဲဖြစ်နေရတဲ့အတွက် လက်တွေ့အားဖြင့် လုံးလုံးခွဲခြားလို့မရနိုင်ပါဘူး။ သီအိုရီအနေနဲ့ပဲ ခွဲခြားလို့ရပါတယ်။

ဒါပေမဲ့ ပညာရှင်တွေက ဒီနှစ်မျိုးရဲ့သိပုံခြားနားချက်ကို အောက်ပါအတိုင်း ဥပမာပေးကြပါတယ်။ ရွှေတုံးကို မြင်တဲ့အခါ ကလေးလေးတစ်ယောက်ရဲ့ အ၀ါယောင်အတုံးလေးတစ်တုံးဖြစ်တယ်ဆိုတဲ့ မှတ်သားမှုဟာ သညာအသိဖြစ်ပြီး လူကြီးတစ်ယောက်ရဲ့ အဲဒီအတုံးဟာ ရွှေတုံးဖြစ်တယ်ဆိုတဲ့ အသိဟာ ၀ိညာဉ်သိမှုဖြစ်ပါတယ် တဲ့။ ဒီဥပမာအရဆိုရင် စိတ်သိခေါ် ၀ိညာဉ်အသိမှာ experience အတွေ့အကြုံ သဘောပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ရွှေကို မမြင်ဖူး၊ မသိဖူးရင် ရွှေဖြစ်ကြောင်းသိဖို့ ခက်ပါတယ်။ တစ်နည်းတော့လဲ စိတ်အသိဟာ သက်ဆိုင်ရာအာရုံကို အရှိအရှိအတိုင်းသိခြင်းလို့ နားလည်နိုင်ပါတယ်။ နောက်တစ်မျိုး ကျနော်စဉ်းစားမိတာက အာရုံတစ်ခုခုကို မြင်ခြင်း၊ ကြားခြင်း စသည်အားဖြင့် ရလာတဲ့အခါ ပထမဆုံးခဏမှာ မှတ်သားလိုက်တဲ့သဘောကို သညာလို့ခေါ်ပြီး အဲဒီကမှတစ်ဆင့်တက်လာတဲ့ နောက်ထပ်သိမှုကိုတော့ ၀ိညာဉ်လို့ခေါ်တယ်လို့ နားလည်နိုင်ပါတယ်။ ဒီစိတ်သိမှုမှာလဲ Reasoning ခေါ် ယုတ္တိကိုတွေးဆမှုသဘော နည်းနည်းမှမပါသေးပါဘူး။

No comments:

Post a Comment

The comment given by you is my teacher and treasure.