Tuesday, December 2, 2008

လိပ်ခဲတွဲလဲ (သို့) လိပ်ခဲတဲလဲ


The chaos may soon be over for thousands of stranded travellers in Thailand, but the country's wider conflict between forces loyal to Thaksin and Bangkok's royalist elites looked set to drag on.
(http://uk.news.yahoo.com/22/20081202/tpl-uk-thailand-protest-9562ed3.html)


ထိုင်းနိုင်ငံထဲမှာ ပိတ်မိနေကြတဲ့ ခရီးသွားထောင်ပေါင်းများစွာအတွက်တော့ ဒီရုန်းရင်းဆန်ခတ်ဖြစ်မှုကြီးက မကြာမီ ပြီဆုံးသွားတော့မှာပါ။ ဒါပေမဲ့ သက်ဆင်သစ္စာခံအင်အားစုတွေနဲ့ ဘန်ကောက်သစ္စာသိအဖွဲ့သားတွေ အကြားမှာရှိတဲ့ ပဋိပက္ခကြီးကတော့ အချိန်အတန်ကြာအောင် လိပ်ခဲတဲလဲ ဖြစ်နေဦးမည့်ပုံပါပဲ။
(ရိုင်တာသတင်း)

အင်တာနက်မှာ ဟိုသတင်း၊ ဒီသတင်း တိုလီမုတ်စ၊ ဗျုတ်စဗျင်းတောင်း လိုက်လံဖတ်ရှုရင်းနဲ လက်ရှိ ခေတ်စားနေတဲ့ ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်အသိမ်းခံထားရတဲ့ သတင်းဆီရောက်သွားတယ်။ သတင်းထဲက အင်္ဂလိပ်ဝါကျတွေကို ကျနော်နားလည်သလို ဘာသာပြန်ဖတ်သွားရင်း အထက်ပါစာပိုဒ်အဆုံးနားရောက်တော့ “set to drag on” ဆိုတဲ့ပုဒ်တွဲလေးက လွန်ခဲ့တဲ့ ခြောက်နှစ်ခန့်က ကျနော်မန္တလေးမှာနေတုန်း ဆရာ့ဆီအင်္ဂလိပ်စာသင်ယူခဲ့ရတဲ့အချိန်လေးကို ပြန်အောင့်မေ့စေလိုက်ပါတယ်။

ကျနော့်ကို အင်္ဂလိပ်စာသင်ပေးတဲ့ဆရာဟာ အင်္ဂလိပ်စာကိုလဲ မျိုးစုံအောင်ဖတ်သလို၊ မြန်မာစာပေအရာမှာလဲ ဗုဒ္ဓစာပေဆိုင်ရာ ပိဋကတ်ဘာသာပြန်တွေကိုပါ သေသေချာချာဖတ်ရှုပြီး ရံဖန်ရံခါ ပြန်ပြောပြတတ်ပါတယ်။ ကျနော်လဲ သူ့ဆီအင်္ဂလိပ်စာသင်မှပဲ ကိုယ့်မြန်မာစာပေကို သေသေချာချာဖတ်သင့်ပါလားဆိုတဲ့ အတွေးမျိုးရခဲ့တာပါ။ မြန်မာစာပေမကျွမ်းကျင်ရင် တခြားဘာသာစကားတွေကို ကိုယ့်ဘာသာနဲ့ ပြန်ဆိုရမယ့်အခါမျိုးမှာ အခက်အခဲများစွာရှိနိုင်ကြောင်းကိုလဲ ကျနော့်ဆရာက မကြာခဏ သတိပေးပြောကြားတတ်ပါတယ်။

ကျနော်တို့မြန်မာစာပေဟာ ၁၁ ရာစု ပုဂံခေတ် လောက်မှာပြီးပြည့်စုံတဲ့ဘာသာစကားတစ်ခုအဖြစ် မရောက်သေးဘူးလို့ မြန်မာစာပေပညာရှင်တွေကဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၁ ရာစုအလယ်လောက်မှာ ရေးထိုးခဲ့တဲ့ ရာဇကုမ္မာရ်ကျောက်စာရှိ ပျူ၊ မွန်၊ ပါဠိ နဲ့ ဗမာ ဘာသာစကားလေးမျိုးထဲက ဗမာဘာသာနဲ့ရေးထားတဲ့ မှတ်တမ်းရဲ့ အက္ခရာ၊ အသုံးအနှုံး၊ ၀ါကျတည်ဆောက်ပုံတွေဟာ စမ်းတ၀ါးဝါးမျိုးပဲရှိသေးတယ်လို့ဆိုပါတယ်။ ကျန်တဲ့ဘာသာစကားသုံးခုကတော့ ပြီးပြည့်စုံနေပါပြီတဲ့။

အဲဒီတော့ မပြည့်စုံသေးတဲ့ မြန်မာဘာသာစကားကို ပြည့်စုံတဲ့စကားဖြစ်အောင် ရှေးမြန်မာကြီးတွေက ပျူ၊ မွန်၊ ပါဠိဘာသာစကားတွေကနေ ကောင်းနိုးရာရာထုတ်နှုတ်ပြီး စကားလုံးအားဖြင့်ဖြစ်စေ၊ အတွေးအခေါ်အယူအဆအားဖြင့်ဖြစ်စေ၊ ကိုယ့်ဘာသာစကားအဖြင့် မွေးစားသွတ်သွင်းခဲ့ကြပါတယ်။ အထူးသဖြင့် ဗုဒ္ဓစာပေပိဋကတ်ထွန်းကားတဲ့ခေတ်ကာလဖြစ်တဲ့အတွက် အဆိုအမိန့်၊ စကားပုံနဲ့ ရှေးစကားအများစုဟာ ဗုဒ္ဓစာပေဖြစ်တဲ့ ဇာတ်တော်၊ နိပါတ်တော်တွေက လာတာများပါတယ်။

အထက်ပါ လိပ်ခဲတဲလဲ ဆိုတဲ့စကားဟာလဲ ဇာတ်တော်ထဲက လာတဲ့စကားလို့ ကျနော့်ဆရာက ပြောပြပါတယ်။
တစ်ခါတုန်းက ကျနော်တို့ ဂေါတမမြတ်စွာဘုရားအလောင်းတော်ဟာ ရသေ့ဝတ်ပြီးတော့ ဟိမ၀န္တာတောင်ခြေ၊ ဂင်္ဂါမြစ်ကမ်းပါးမှာ တဲကျောင်းကလေးထိုးပြီး တစ်ပါးတည်း တရားဓမ္မအားထုတ်နေပါတယ်၊။ သူတရားထိုင်တဲ့နေရာ အနီးအနားမှာ မျောက်ကြီးတစ်ကောင်လဲ နေသတဲ့။ အဲဒီမျောက်ကြီးဟာ ဘုရားအလောင်းရသေ့ တရားထိုင်တဲ့ အခါတိုင်း သမာဓိပျက်လောက်အောင် အတော်အနှောက်အယှက်ပေးပါတယ်။ ဘုရားလောင်းရဲ့ နားရွက်တွေ၊ ပါးစပ်တွေထဲကို လက်ညှိုးတွေ၊ ဘာတွေနဲ့ လျှောက်ထိုးသတဲ့။

ဘုရားလောင်းလဲ ဥပေက္ခာပါရမီဖြည့်ကျင့်ရာကာလဖြစ်လို့ ပါရမီပြည့်ရေးအတွက် အနှောက်အယှက်မှန်သမျှကို သည်းခံပြီး တရားကိုပဲ ဆက်လက်ပွါးများအားထုတ်တော်မူနေပါတယ်။ ဈန်တန်ခိုးတွေကို ရရှိပိုင်ဆိုင်တော်မူပါတယ်။ အလွန်သမာဓိအားကြီးတဲ့ ရသေ့တစ်ပါးဖြစ်တဲ့အလောင်းတော်ကြီးဟာ တစ်ကြိမ်တစ်ခါမှကို ပြုံးခြင်း၊ ရယ်ခြင်းမပြုပါဘူး တဲ့။ ဒါပေမဲ့ တစ်နေ့တော့ ဘုရားလောင်းရသေ့ မပြုံးပဲ မနေနိုင်အောင်ကို ဖြစ်ရတဲ့ အဖြစ်အပျက်တစ်ခုပေါ်လာပါတယ်။

အဲဒါကဘာလဲဆိုရင် အလောင်းတော်ကို လာပြီး အမြဲတမ်းအနှောက်အယှက်ပေးနေတဲ့ မျောက်ကြီးဟာ အနီးအနားချောင်းစပ်မှာ ရေသွားသောက်ရင်း ကမ်းစပ်ပေါ်တက်ပြီး နေပူစာလှုံနေတဲ့ လိပ်ကြီးတစ်ကောင်ကို တွေ့သတဲ့။ လိပ်ကြီးဟာ ခြေလက်လေးဘက်ထောက်၊ ခေါင်းမော့်၊ ပါးစပ်ဟပြီးနေပူစာလှုံနေပါတယ်။ မျောက်လဲ လိပ်ရဲ့ထူးထူးဆန်းဆန်းပုံကို မြင်လို့ မနေနိုင်တာနဲ့ အနားသွားပြီး လှည့်ပတ်ကြည့်လိုက်တယ်။ ဒါပေမဲ့ လိပ်က တုတ်တုတ်မလှုပ်ပဲ ပုံမပျက် လှုံမြဲလှုံနေပါတယ်။

မျောက်လဲ ဒီလိပ်အသက်မှ ရှိသေးရဲ့လား ဆိုပြီး ကြံကြံဖန်ဖန် စမ်းကြည့်ချင်တာနဲ့ ဟနေတဲ့ လိပ်ပါးစပ်ထဲကို သူ့ဂွေးစေ့နှစ်လုံး ထိုးထည့်လိုက်သတဲ့။ အဲဒီတော့မှ လိပ်ကြီးလဲ သူ့ပါးစပ်ကို ရုတ်တရက်ပိတ်လိုက်တော့ မျောက်ကြီးခမျှာ သူ့ပစ္စည်းသူပြန်ရုပ်သိမ်းလို့မရတော့ပဲ လက်နှစ်ဘက်နဲ့ လိပ်ကို အသာမပြီး တခွီးခွီးနဲ့ နင်းကန်ဟော်ဟစ်နေရရှာတယ်။ သူ့အဥကို လိပ်က အတင်းခဲထားလို့ တွဲလဲကြီးဖြစ်နေရတဲ့အတွက် မျောက်ကြီးလဲ မနိုင်မနင်းနဲ့ ဘုန်းကြီးသပိတ်ပိုက်သလို လိပ်ကို ပွေ့ပြီး သူ့ဒုက္ခကူညီနိုင်မယ့်သူ လျှောက်စဉ်းစားလိုက်တော့ သူနှောက်ယှက်နေကျ အလောင်းတော်ကြီးကို မြင်လို့ ကွတကွတနဲ့ ဘုရားအလောင်းဆီရောက်လာခဲ့တယ်။

ဘုရားလောင်းနေတဲ့ သင်္ခန်းကျောင်းအနားရောက်တော့ အလောင်းတော်လဲ မျောက်လာမှန်းသိလို့ မျက်စိဖွင့်ကြည့်လိုက်တယ်။ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တစ်ခါမှ မပြုံးမရယ်တဲ့ အလောင်းတော်ဟာ မအောင့်နိုင်တော့ပဲ ပြုံးပြီး အောက်ပါအတိုင်းမေး လိုက်တယ်။
“အသင် မျောက်မင်း၊ ဘယ်အရပ်မှာ ဆွမ်းအလှူခံပြီး ပြန်လည်ကြွမြန်းလာပါသလဲ၊ အဘယ်ဒကာကများ သဒ္ဓါ၊ စေတနာကြွယ်ဝစွာနဲ့ ဆွမ်းတော်အုပ်ကြီး လောင်းလှူလိုက်ပါ သလဲ”။

မျောက်လဲ မခံချိမခံသာဖြစ်လွန်းလို့ မျက်နှာကြီး ရှုံ့မဲ့ပြီးတော့ ပြန်ပြောလိုက်တယ်။
“အရှင်ရသေ့ဘုရား၊ ဘာဘာညာညာပြောမနေပါနဲ့၊ အချိန်မီဖြုတ်မပေးရင် အသေဆိုးနဲ့သေရတော့မှာမို့ အမြန်သာဖြုတ်ပေးတော်မူပါတော့၊ ဒီဒုက္ခကလွတ်မြောက်တဲ့အခါ ဒီနေရာက ဝေးရာသို့ ထွက်ခွါသွားပါတော့မယ်၊ အရှင်ရသေ့ကိုလဲ ဘယ်တော့မှ လာမနှောက်ယှက်တော့ပါဘူး”။

ဘုရားအလောင်းတော်ရသေ့က မျောက်ကြီးကို သနားတာနဲ့ လိပ်ကို ချော့မော့ပြောပြီး ဖြုတ်ပေးလိုက်တယ်။ မျောက်လဲ ဘုရားအလောင်းတော်ကို ကျေးဇူးတင်လွန်းလို့ ရှိခိုးပြီး ဝေးရာကို တစ်ခါတည်း ထွက်ပြေးသွားတော့တယ်။ လိပ်ကတော့ သူနေတဲ့ မြစ်ထဲကို တရွေ့ရွေ့ပြန်လည်ထွက်ခွါသွားတယ်။

အဲဒီဇာတ်တော်ထဲက လိပ်ခဲလို့ တွဲလဲကြီး ဖြစ်နေရတဲ့ မျောက်ကြီးလို ပြဿနာတစ်ခုပေါ်ပြီဆိုရင် ရှေ့မတိုးသာ၊ နောက်မဆုတ်သာဖြစ်နေရတဲ့အခြေအနေကို ကျနော်တို့ မြန်မာစာမှာ လိပ်ခဲတွဲလဲ (သို့မဟုတ်၊ နောက်ပိုင်းအရေး) လိပ်ခဲတဲလဲ လို့သုံးကြပါတယ်။ ဗဟုသုတအဖြစ် တင်ပြလိုက်တာပါ။ မြန်မာစာပေကို ချစ်မြတ်နိုးနိုင်ကြပါစေ။
(ဒီဇာတ်လမ်းကို ဂဂနနသိလိုသူများ ဇာတ်တော်နံပါတ်(၂၇၃)၊ ကစ္ဆပဇာတ်၊ တိကနိပါတ်၊ ဇာတ်အဋ္ဌာကထာ ဒုတိယအုပ် မြန်မာပြန်ကို ဖတ်ရှုကြပါကုန်။)

No comments:

Post a Comment

The comment given by you is my teacher and treasure.