Friday, November 14, 2008

သွတ္ထိက သို့မဟုတ် စကြာရုပ်



ပြီးခဲ့တဲ့လတွေတုန်းက ဂျာမဏီနိုင်ရဲ့ သတင်းမီဒီယာမှန်သမျှကို လွှမ်းမိုးခဲ့ရလောက်အောင် စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ထွက်ခဲ့ပါတယ်။ သတင်းကတော့ နာဇီနဲ့ပတ်သက်တဲ့သတင်းပါ။ ဂျာမဏီဟာ နာဇီဆိုတဲ့အသံကြားရင် အခုထိ လှုပ်လှုပ်ရှားရှားဖြစ်နေတုန်းပဲ ဆိုတာကို သက်သေပြနေတဲ့ သဘောပဲလို့ ကျနော်ကတော့ သုံးသပ်မိပါတယ်။

ဂျာမဏီသူလေး Rebecca K ဟာ အသက် (၁၈) နှစ်ရှိပါပြီ။ အဲဒီအရွယ်ကလေးမှာ သူဟာ Civic Courage ခေါ်တဲ့ သတ္တိခဲမလေးဆုကို နှင်းအပ်ခြင်းခံရပါတယ်။ လူမျိုးရေးစိတ်ဓာတ်ပြင်းထန်လွန်းတဲ့ (Neo-Nazis) လက်သစ်နာဇီဝါဒီလေးယောက်လက်ထဲကနေ နိုင်ငံခြားသားကလေးငယ်တစ်ယောက်ကို သက်စွန့်ဆံဖျား ကာကွယ်ဖို့ ကြိုးစားရင်းနဲ့ ခွန်အားချင်းမမျှတဲ့ အဲဒီလူတွေရဲ့ အနိုင်ကျင့်တာကို ခံလိုက်ရပါတယ်။ လက်သစ်နာဇီလေးယောက်ဟာ ရီဘက်ကာကို တွန်းလှဲလိုက်ပြီး သူ့မပေါင်မှာ သက္ကဋလို (Swastika) သွတ္ထိကလို့ခေါ်တဲ့ စကြာရုပ်ကို ဓားနဲ့ဆွဲခြစ်ပေးခဲ့တယ် လို့ဆိုပါတယ်။

လက်သစ်နာဇီတွေကို သတ္တိပြောင်မြောက်စွာ တစ်ယောက်တည်းပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့ ရီဘက်ကာဟာ ပြည်သူ့သတ္တိဆုကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့မပေါင်က ဒဏ်ရာကို စစ်ဆေးတဲ့ဆရာဝန်တွေက အဲဒီဒဏ်ရာဟာ ကိုယ့်ဖာသာကို လုပ်ကြံဖန်တီးထားတာဖြစ်တယ် လို့အဆိုထွက်တဲ့အတွက် သူမရဲ့ ဇာတ်လမ်းဟာ Inventing Story လံကြုတ် ဇာတ်လမ်းဖြစ်ခဲ့ရပါတယ်။ သူ့မကို အဲလို အနိုင်ကျင့်တာကို ဖျောက်ချက်ပေးနိုင်တဲ့ မျက်မြင်သက်သေ တစ်စုံတစ်ယောက်မရှိခြင်း၊ ဆရာဝန်တွေရဲ့စစ်ဆေးချက်အရ မိမိဖာသာဖန်းတီးထားခြင်း ဆိုတဲ့စွဲချက်တွေနဲ့ ရီဘက်ကာဟာ သတင်းမီဒီယာတွေရဲ့ သားကောင်ဖြစ်ခဲ့ပါတယ်။ ဒီသတင်းမှာ ကျနော်စိတ်ဝင်စားတာ တစ်ခုပဲပါပါတယ်။ အဲဒါကတော့ Swastika လို့ခေါ်တဲ့ စကြာရုပ်။

ဒီရုပ်ကို ကျနော်တို့ သိနေ၊ မြင်နေ၊ ကြားနေရတာ ကြာလှပါပြီ။ ဘယ်တုန်းက စမြင်ဖူးလဲမေးရင် ငယ်ငယ်ကတည်းကပဲ လို့ဖြေရမှာပါ။ ဒါပေမဲ့ ဂဂနနတော့ မသိခဲ့ရပါဘူး။ အဲဒီအရုပ်ကို မြင်တိုင်း နာဇီဂျာမဏီဆိုတာကိုတော့ အမှတ်ရစေတာ အမှန်ပါပဲ။ ဒါကြောင့် ကျနော် နည်းနည်းပါးပါး လိုက်စပ်စုကြည့်မိတယ်။ အဲဒီစကြာရုပ်ကို သူ့နိုင်ငံအလိုက် အမျိုးမျိုးခေါ်ကြတဲ့ အနက်--
တရုပ်လို Wan ၊
အင်္ဂလိပ်လို Fylfot ၊
ဂျာမန်လို Hakenkreuz ၊
ဂရိလို Tetraskelion and Gammadion ၊
သက္ကတလို Swastika လို့ခေါ်ကြတာ တွေ့ရတယ်။ ကျနော်တို့ ဗမာတွေကတော့ အဲဒီအရုပ်ကို စကြာလို့ပဲခေါ်ပါတယ်။ လိုက်စပ်စုကြည့်တော့ ဒီစကြာရုပ်ရဲ့ သမိုင်းဟာ ထောင်စုနှစ်နဲ့ချီနေတာကိုတွေ့ရပါတယ်။ သုတေသီတို့အဆိုအရ ဘီစီတစ်ထောင်ကျော်ကျော်လောက်ကတည်းက စသုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအေဒီခုနှစ် နှစ်ထောင်ကျော်နဲ့ပေါင်းရင် သူ့သက်တန်းဟာ သုတေသီသမိုင်းအရကိုပဲ နှစ်ပေါင်းသုံးထောင်ကျော်နေပါပြီ။

Swastika သို့မဟုတ် သွတ္ထိက ဆိုတာ (သု+အတ္ထ+ -ိက) ဆိုတဲ့ အက္ခရာတွေကို သဒ္ဒါနည်းအရပေါင်းစည်းထားခြင်းဖြစ်ပါတယ်။ ကောင်းကျိုးချမ်းသာမင်္ဂလာရှိသောအရာလို့ အဓိပ္ပါယ်ရှိပါတယ်။ ပါဠိဘာသာမှာ အဲဒီစကားလုံးနဲ့ ဆင်တူ စကားလုံးတစ်လုံးရှိပါတယ်။ သုဝတ္ထိ ဆိုတဲ့စကားလုံးပါ၊ အဓိပ္ပါယ်လုံးဝအတူတူပါပဲ။ ဒါကြောင့် ဆရာတော် သမားတော်တွေ ဆုပေးတဲ့အခါ သုဝတ္ထိ ဟောတု= ကောင်းကျိုးချမ်းသာ ရှိပါစေသတည်းလို့ ပေးကြတာပါ။

ဒီလိုအဓိပ္ပါယ်ရှိတဲ့သင်္ကေတရုပ်ကို ဘာသာတရားတိုင်းလိုလိုနဲ့ အဖွဲ့အစည်းအတော်များများမှာ သုံးခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် မဇ္ဈိမဒေသလို့ခေါ်တဲ့ အင်ဒိယမြေထွက်ဘာသာတရားတွေဖြစ်တဲ့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာတွေမှာ သုံးတာတွေ့ရပါတယ်။ ကောင်းကျိုးမင်္ဂလာကို ပေးစွမ်းတဲ့ သင်္ကေတအနေနဲ့ သုံးခဲ့ကြတာပါ။ ခရစ်ယန်ဘာသာမထွန်းကားမီခေတ်ကတည်းက ဥရောပနိုင်ငံအသီးသီးရှိ ခေတ်အသီးသီးမှာလဲ အဲဒီအရုပ်ကို အဓိပ္ပါယ်အမျိုးမျိုးသုံးခဲ့ကြကြောင်းတွေ့ရပါတယ်။ အဲဒီဘာသာတရားတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ခေတ်တွေလက်ထဲမှာရှိနေတုန်းက ဒီစကြာရုပ်ရဲ့အဓိပ္ပါယ်ဟာ အပေါင်းလက္ခဏာရှိပြီး အပြုသဘောဆောင်ခဲ့ပါတယ်။ ရှင်သန်ခြင်းနှင့် ကံကောင်းခြင်းကို ကိုယ်စားပြုခဲ့ပါတယ်။

ဒါပေမဲ့ ဟစ်တလာခေါင်းဆောင်တဲ့ နာဇီတွေရဲ့ လက်ထဲရောက်သွားတဲ့အခါမှာတော့ ဒီစကြာရုပ်ဟာ မုန်းတီးမှုနဲ့ သေဆုံးခြင်းကို ကိုယ်စားပြုခဲ့ပါတယ်။ နာဇီစကြာအလံရဲ့အောက်မှာ ဂျူးလူမျိုးတွေ သန်းနဲ့ချီပြီး သတ်ဖြတ်ခြင်း ခံခဲ့ကြရရှာတယ်။ မုန်းတီးခြင်း၊ ညှင်းပင်းနှိပ်စက်ခြင်း၊ လူမျိုးရေးခွဲခြားခြင်း၊ သတ်ဖြတ်ခြင်း၊ သေဆုံးခြင်းတွေဟာ အဲဒီစကြာရဲ့ အမှတ်အသားတွေဖြစ်လာခဲ့တယ်။ နာဇီစကြာအလံပေါ်လာပြီးနောက်ပိုင်းမှာ လူတွေရဲ့စိတ်ထဲ ဒီစကြာရုပ်ဟာ မကောင်းတဲ့ နိမိတ်ပုံရိပ်ကြီးတစ်ခု၊ မကောင်းဆိုးဝါးကောင်ကြီး တစ်ကောင်အသွင် မြင်ယောင်လာခဲ့တယ်။

လက်ဝဲဘက်ကိုလှည့်တဲ့စကြာ၊ လက်ျာဘက်ကိုလှည့်တဲ့စကြာရယ်လို့ မူရင်းအားဖြင့်နှစ်မျိုးရှိပါတယ်။ များသောအားဖြင့်တော့ လက်ျာဘက်လှည့်တာပဲများပါတယ်။ နာဇီတွေရဲ့ စကြာရုပ်လဲ လက်ျာဘက်ပဲလှည့်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာရဲ့ အထူးသဖြင့် ဂျပန်၊ကိုးရီးယားနိုင်ငံတွေမှာရှိတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ စကြာကတော့ လက်ဝဲဘက်လှည့်ပါတယ်။ ဒါကိုပဲ သမိုင်းဆရာတွေက နာရီလက်တံပြောင်းပြန်လှည့်တဲ့စကြာလို့ခေါ်ကြပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာမှာတော့ ဒီအရုပ်သင်္ကေတကို ကျယ်ကျယ်ပြန့်ပြန့်သုံးတာ မတွေ့ပါဘူး။

ဒါပေမဲ့ သက္ကဋနဲ့ ဆက်နွယ်မှုရှိတဲ့ ထေရ၀ါဒစာပေသဒ္ဒါကျမ်း၊ အဘိဓာန်အဖွင့်ကျမ်းတွေမှာတော့ လူတွေရဲ့သက်တမ်းကိုပိုင်းခြားသတ်မှတ်ပေးတဲ့ ယုဂ်လေးပါးဆိုတာကို အကျယ်တ၀င့်ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ ကတယုဂ်၊ တေတာယုဂ်၊ ဒွါပရယုဂ်နဲ့ ကလိယုဂ်တွေပဲဖြစ်ပါတယ်။ ဗဟုသုတအဖြစ် ယုဂ်လေးပါ သက်တမ်းကို ဖေါ်ပြပေးလိုက်ပါတယ်။

(၁) ကတယုဂ်သက်တမ်း== ၁၇၂၈၀၀၀ (တစ်သန်း၊ခုနှစ်သိန်း၊နှစ်သောင်း၊ရှစ်ထောင်)၊
(၂) တေတာယုဂ်သက်တမ်း== ၁၂၉၆၀၀၀ (တစ်သန်း၊နှစ်သိန်း၊ကိုးသောင်း၊ခြောက်ထောင်)၊
(၃) ဒွါပရယုဂ်သက်တမ်း== ၈၆၄၀၀၀ (ရှစ်သိန်း၊ခြောက်သောင်း၊လေးထောင်)၊
(၄) ကလိယုဂ်သက်တမ်း== ၄၃၂၀၀၀(လေးသိန်း၊သုံးသောင်း၊နှစ်ထောင်)၊
-------------------
စုစုပေါင်း ယုဂ်သက်တမ်း== ၄၃၂၀၀၀၀ (လေးသန်းသုံးသိန်းနှစ်သောင်း)၊ ဖြစ်ပါတယ်။

အောက်ဆုံးက ကလိယုဂ်သက်တမ်းနဲ့ ဒွါပရယုဂ်သက်တမ်းကိုပေါင်းရင် တေတာယုဂ်သက်တမ်း၊ ကလိယုဂ်သက်တမ်းနဲ့ တေတာယုဂ်သက်တမ်းကိုပေါင်းရင် အထက်ဆုံးဖြစ်တဲ့ ကတယုဂ်သက်တမ်းရပါတယ်။
ဗုဒ္ဓစာပေပညာရှင်တွေကတော့ အဲဒီစကြာကို ယုဂ်လေးပါးကို ကိုယ်စားပြုတယ် လို့သတ်မှတ်ကြပါတယ်။ ဗုဒ္ဓဘာသာအရ စကြာဟာ လက်ဝဲဘက်လှည့်တဲ့အတွက် လူတွေရဲ့သက်တမ်းဟာ တိုးတက်မှုကနေ ဆုတ်ယုတ်မှုသို့ ဦးတည်ကြောင်းဖွင့်ဆိုပါတယ်။ လက်ရှိခေတ်ကာလကိုလဲ ကလိယုဂ်ခေတ် သို့မဟုတ် ဆုတ်ခေတ်လို့ ဗုဒ္ဓစာပေပညာရှင်တွေကသတ်မှတ်ကြပါတယ်။

ကတယုဂ်ခေတ်မှာ လူတွေဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်လေးပါးနဲ့ အညီနေထိုင်ကြတဲ့တွက် ခြေထောက်လေးချောင်းရှိတဲ့စားပွဲခုံတစ်ခုလို သက်တမ်းရှည်ကြာပြီး တည်တန့်ပါတယ်။ တေတာခေတ်မှာတော့ သုံးပါးကိုပဲကောင်းကောင်းကျင့်သုံးနိုင်တဲ့အတွက် ခြေတစ်ချောင်းကျိုးနေတဲ့ စားပွဲခုံတစ်ခုလို တည်တန့်မှုနည်းလာပါတယ်။ ဒွါပရခေတ်ရောက်တဲ့အခါကျတော့ ဗြဟ္မစိုရ်တရားနှစ်ပါးကိုပဲ လုံလုံခြုံခြုံကျင့်သုံးနိုင်ကြတော့လို့ ခြေနှစ်ချောင်းကျိုးနေတဲ့ စားပွဲခုံတစ်ခုလို သက်တမ်းအကျမြန်ပါတယ်။ ကျနော်တို့ခေတ်ဖြစ်တဲ့ ကလိယုဂ်ခေတ်မှာတော့ ဗြဟ္မစိုရ်တရားတစ်ပါးကိုပဲ ကျင့်သုံးနိုင်တော့လို့ ခြေတစ်ချောင်းတည်းကျန်တဲ့ စားပွဲခုံတစ်ခုလို လုံးဝမရပ်တည်နိုင်တော့ပဲ သက်တမ်းဟာ ဆုတ်ဆုတ်လိုက်လာပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ သွတ္ထိကလို့ခေါ်တဲ့ စကြာအမှတ်အသားဟာ ကမ္ဘာမြေပေါ်မှာ ဘာသာရေးတွေ မထွန်းကားမီကာလ နှစ်ပေါင်းများစွာကတည်းက လူတွေအသုံးပြုခဲ့ကြတဲ့ ကောင်းကျိုးမင်္ဂလာကို ဖေါ်ဆောင်တဲ့ သင်္ကေတတစ်ခု၊ ဒါပေမဲ့ နာဇီလက်ထဲကျမှ မကောင်းကျိုးအမင်္ဂလာဆိုတဲ့ အဓိပ္ပါယ်သက်ရောက်သွားတဲ့ သင်္ကေတတစ်ခု ဖြစ်ကြောင်းမှတ်သားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်္ကေတမှန်သမျှဟာ သက်ဆိုင်ရာ အသုံးပြုတဲ့လူတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အလိုက် အနက်သဘောသက်ရောက်လေ့ရှိတဲ့အတွက် နောက်ထပ် ဒီစကြာကို တခြားအဓိပ္ပါယ်တစ်မျိုးနဲ့ အသုံးပြုတဲ့လူပေါ်လာရင်လဲ အဲဒီအဓိပ္ပါယ်အတိုင်း သဘောသက်ရောက်သွားမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

1 comment:

  1. ရေးထားတာကောင်းတယ်။ ဗဟုသုတတွေအများကြီးရတယ်။ နာဇီအကြောင်းရော
    ဗုဒ္ဓနဲ့ ပတ်သတ်တာတွေရောသိရလို့ ဖတ်ရတာအကျိုးရှိ
    တယ် မောင်လေးရေ။ ဆက်ကြိုးစား

    ReplyDelete

The comment given by you is my teacher and treasure.