
One of the darkest evils of our world is surely the unteachable wildness of the Good.
H.G. Wells (1866-1946)
ကျွန်တော်တို့ကမ္ဘာလောကထဲရှိ အမိုက်မှောင်ဆုံး မကောင်းမှုတွေအနက် တစ်ခုကတော့ လူကောင်းလူတော်ဆိုသူတွေရဲ့ သင်ကြားလို့မရတဲ့ ရိုင်းစိုင်းမှုပဲ။
(အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်)
“မင်းတို့သွားကြတော့၊ ငါတော့ မလိုက်တော့ဘူး။ ရာဝင်အိုးဘ၀ကနေ ကရားမဖြစ်ပါရစေနဲ့တော့၊ ပညာရှိတဲ့မင်းတို့က ပညာရှိတဲ့ ဂေါတမဆီပဲ သွားကြ၊ မိုက်တဲ့လူတွေကတော့ မိုက်တဲ့ငါ့ဆီ လာကြလိမ့်မယ်။ လောကမှာ လူလိမ်မာထက် လူမိုက်က ပိုပေါပါတယ်ကွ”။
ရှေ့မှာ ဒူးထောက်ကာ တောင်းတောင်းပန်ပန်ကန်တော့ရင်း ဘုရားထံပါးသွားတရားနာဖို့ ခေါ်ယူနေတဲ့ တပည့်နှစ်ယောက်ကို ကျောပေးရင်း အားတင်းပြီးပြောလိုက်တယ်။ သူ့နာမည်က သိဉ္စည်း။ လူတွေကတော့ သူ့ကို သိဉ္စည်းဆရာကြီးလို့ပဲ ခေါ်ကြတယ်။ ဆရာကြီးလို့အခေါ်ခံပြီး ဆရာကြီးလုပ်နေတဲ့အတွက် သူဟာ အထူးသဖြင့် သူ့နှလုံးသားဟာ အတ္တမာနတွေနဲ့ ရိုင်းစိုင်းလို့သာ နေပါတော့တယ်။
“ဥပတိဿနဲ့ ကောလိတ။ သိပ်တော်တဲ့ တပည့်နှစ်ယောက်။ ငါ့ဆီရောက်လာတာ မကြာသေးဘူး။ ငါသိသမျှတရားတွေကို မင်းတို့အကုန်သိသွားကြပြီ။ ငါတတ်ထားသမျှလဲ အကုန်သင်ပေးလိုက်ပြီးပြီ။ ငါ့ဆီက ရတဲ့အသိ၊ ငါသင်ပေးတဲ့ အတတ်နဲ့ မကျေနပ်နိုင်လို့ မင်းတို့ ဆရာအသစ် ထပ်ရှာခဲ့ကြတယ်။ အခုတော့ ငါ့ကို ခွါချင်ပြီပေါ့။ ငါ့ဆီက ခွါယုံနဲ့ အားမရလို့ ငါ့ကိုပါ မင်းတို့ဆရာအသစ်ဖြစ်တဲ့ ဂေါတမရဲ့တပည့်လုပ်ဖို့ ဆွယ်လိုက်သေးတယ်။ တော်တော် တော်တဲ့တပည့်တွေ။ သွားကြတော့။ သွားကြ။ သွားကြ”။
ပါးစပ်က ထွက်မလာဘဲ လည်ချောင်းဝမှာတင် ရပ်ပြီး အထဲပြန်ဝင်သွားတဲ့ စကားတွေပါ။ မျိုသိပ်လိုက်တာမဟုတ်ပါဘူး။ ပြောဖို့ကို အားကုန်သွားတဲ့ အဖြစ်ရယ်လေ။
“ကျုပ်ကို ဟောဒီ ဇမ္ဗူဒီပါ တစ်ကျွန်းလုံးက သိဉ္စည်းဆရာကြီး၊ သိဉ္စည်းဆရာကြီးနဲ့ သိနေကြမှန်း သိပါလျှက်နဲ့ သူတို့ဆရာအသစ် ဂေါတမဆီမှာ တပည့်ခံရဦးမလို့တဲ့။ မခံဘူး။ ဘယ်တော့မှ မခံဘူး။ သူက မနေ့တစ်နေ့ကမှ တရားတွေဘာတွေသိပြီး ဘုရားဖြစ်လာတဲ့သူ။ ငါက ဘုရားဖြစ်နေတာ ကြာလှပြီ။ ဘုရားကြီးက ဘုရားလေးဆီ တပည့်ခံရမယ်ဆိုတာ ရှက်စရာပဲ ကောင်းသေးတော့တယ်။ မလိုက်ဘူး။ လုံးဝမလိုက်ဘူး”။
အရှင်အဿဇိထံပါး သွားရင်းဟန်လွဲ တရားနာကြားလိုက်ရတဲ့ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနဲ့ အရှင်မဟာမောဂ္ဂလာန်အလောင်း ကောလိတတို့ သစ္စာတရားကို ကိုယ်စီသိမြင်ကြပြီး နောက်ပါတပည့်တပန်းတွေနဲ့အတူ ဘုရားရှိရာကျောင်းတော်သို့ ချီတက်သွားကုန်ကြပြီ။ ဆရာအသစ်ကို ဖူးမျှော်ဖို့။ တရားအသစ်ကို နာကြားဖို့။
နောက်ပြန်ငဲ့ကွက် လှည့်မကြည့်ကြတော့ပါ။ ဘာ့ကြောင့်လဲ၊ ထပ်ခါတလဲလဲ သံသရာလည်မည့် တရားတွေကို ဘယ်သူ့ဆီကမှ နာလည်းမနာယူလိုကြတော့ပြီ။ သူများကိုလဲ ထပ်ဆင့် ဟောလဲ မဟောကြားလိုကြတော့ပြီ။ ဒီလိုငဲ့ကွဲ့မှုတွေများခဲ့လို့လဲ ဘ၀ါဘ၀လည်ပတ်ရင်း သံသရာစက်ဝန်းထဲ မလူးသာမလွတ်သာနဲ့ ကျင်လည်ခဲ့ရပေါင်းများခဲ့ကြပြီကော။ ဒီတစ်ခါတော့ နောက်ဆုံးဖြစ်ပါစေတော့။ နှုတ်ဆက်ခဲ့ပါတယ် ဆရာ။ သံသရာဗွေ မြစ်ရေကျောမှာ ထပ်ထပ်ခါလည်ရင်းနဲ့ နေခဲ့ပေဦးတော့။
ထွက်ခွါသွားတဲ့ တပည့်တွေရဲ့ကျောပြင်ကို အခုမှပဲ ကြည့်လိုက်မိတယ်။
“ အိုး၊ အကုန်သွားကြတော့တာပါလား၊ တကယ့်ကိုပဲ ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့ရှာပြီကော”။
ဆရာကြီးရဲ့ရင်ထဲ မချိတင်ကဲပေါင်းများစွာဖြစ်ရင်း အသက်ရှုမ၀ဖြစ်လာခဲ့တယ်။ ရှက်ခြင်း၊ ဒေါသဖြစ်ခြင်း၊ သိမ်ငယ်ခြင်း၊ အထီးကျန်ခြင်းဆိုတဲ့ အသိတွေကြောင့် ရင်ခွင်တစ်ခုလုံးပူလောင်ပြီး မီးဟုန်းဟုန်းတောက်လောင်နေဘိအလား ခံစားနေရတယ်။ ပူလောင်တဲ့စိတ်ကြောင့် နှလုံးသားထဲမှာရှိတဲ့ သွေးတစ်သွေးခဲတွေဟာ ပွက်ပွက်ဆူလာတယ်။ ဆူလွန်းမကဆူလာတဲ့အချိန်ကျတော့ နူးညံ့တဲ့ နှလုံးသားနံရံတွေဟာ သွေးရဲ့အပူရှိန်ဒဏ်မခံနိုင်ရှာတော့ပဲ ဗျန်းကနဲ့ ကွဲထွက်ပြီး နီထွေးတဲ့ သွေးရည်တွေဟာ ပါးစပ်မှတစ်ဆင့် ထွက်ကျလာပြန်တော့တယ်။ ဒါကိုပဲ သွေးအံတယ် လို့ လူတွေက ပြောကြတယ်။ ဟုတ်တယ်။ ဒီအတိုင်းဆို သိဉ္စည်းဆရာကြီးသွေးအံခဲ့ပြီ။
ဘုရားမပွင့်ခင်ကတည်းက အခုအင်ဒိယနိုင်ငံလို့ခေါ်တဲ့ ဇမ္ဗူဒိပ်တစ်ခွင်မှာ ဘာသာရေးဂိုဏ်းပေါင်းများစွာထွန်းကားနေနှင့်ပါပြီ။ အဲဒီအထဲ ကိုယ့်ဝါဒကို မဏ္ဍိုင်ပြု၊ ကိုယ့်ကိုယ်ကို ဘုရားလို့ကြေညာပြီး ဘုရားလုပ်စားနေတဲ့လူခြောက်ဦးလဲ ရှိပါတယ်။ စာပေတွေမှာတော့ သူတို့ခြောက်ဦးကို တိတ္ထိဆရာကြီးခြောက်ဦးလို့ အသိများကြပါတယ်။ တိတ္ထိ ဆိုတာ အယူဝါဒကို ဖန်တီးတတ်သူလို့ အဓိပ္ပါယ်ရပါတယ်။ ဒိဋ္ဌိ (မှားယွင်းသောအယူ) နဲ့ မတူတာကို သတိပြုပါ။ အဲဒီဆရာကြီးခြောက်ဦးစလုံးဟာ သူတို့ရဲ့ အယူအဆတွေဟာ မှားယွင်းပြင်းထန်လွန်းအားကြီးလို့ ဘုရားနဲ့တွေ့ဖို့အခွင့်အလမ်းတောင် ပိတ်သွားခဲ့ကြတယ် လို့ဆိုပါတယ်။ တစ်ယောက်မှ ဘုရားနဲ့ တွေ့မသွားကြရရှာပါဘူး။
ဘုရားသတင်းကို အဝေးကပဲ နားစွင့်ပြီး ချို့ယွင်းချက်လို့ ယူဆမိတဲ့ ဘုရားဟောကြားချက်မှန်သမျှကိုလဲ သူတို့တပည့်တွေကိုပဲ လွှတ်လွှတ်ပြီး အငြင်းအခုံလုပ်စေပါတယ်။ လွှတ်လိုက်တဲ့တပည့်အသီးအသီးဟာလဲ ဘုရားဆီရောက်ရင် ဘုရားတပည့်တွေချည်းဖြစ်ကုန်လို့ နောက်တော့ မလွှတ်ရဲကြပြန်ဘူး။ သူတို့ကိုယ်တိုင်လဲ ဘုရားရှင်ထံပါး မလာရဲကြဘူး။ အဓိကအကြောင်းရင်းကတော့ သူတို့ဟာ--
(၁) သူတို့ကိုယ် သူတို့လဲ ဘုရားလို့ ၀န်ခံထားကြတယ်။
(၂) ဘုရားတပည့်မဟုတ်တဲ့ လူတွေကလဲ သူတို့ကို ဘုရားလို့ပဲ ထင်နေကြတယ်။
အဲဒီအကြောင်းနှစ်ချက်နဲ့ အတ္တမာနတွေ နင်းကန်ထူပြီး တကယ်လို့ သူတို့ဘုရားဆီသွားတာကို သူတို့တပည့်တွေထဲက တစ်ယောက်ယောက်ကများသိသွားခဲ့ရင် ခက်ရချည့် ဆိုတဲ့စိတ်နဲ့ ဗုဒ္ဓဘုရားဆီ သွားမတွေ့ဝံ့ကြဘူး။ ဒါပေမဲ့ ဘုရားမြတ်စွာကိုယ်တော်တိုင်ကလဲ ဒီဆရာကြီးခြောက်ဦးဟာ သစ္စာတရားကို ဟောပြရင်တောင် အတ္တဒိဋ္ဌိအားကြီးလွန်းလို့ တရားမရနိုင်ဘူးဆိုတာကို သိတော်မူတဲ့အတွက် တရားသွားမဟောပါဘူး။
သူတို့တတွေဟာ သစ္စာတရားကို သိတတ်နားလည်အောင် ဘယ်လိုမှကို ဟောကြားလို့မရ၊ သင်ကြားလို့မရတော့တဲ့ ရိုင်းစိုင်းမှုမျိုးနဲ့ ချည်နှောင်ခံနေရတဲ့ သူတွေပါ။ ဒီသဘောတရားဟာ အဲဒီခေတ် အဲဒီအခါမှာသာ ရှိခဲ့တာမဟုတ်ပါဘူး။ အခါခပ်သိမ်းရှိနေမည့် သဘောတရားတစ်ခုပါ။ လူသားတွေရဲ့ စိတ်ထဲမှာ အထူးသဖြင့် လူတော်လူကောင်းဆို သူတွေရဲ့သန္တာန်မှာ အတ္တမာနတွေ ထွန်းကားနေသမျှတော့ တစ်ဘက်သားပြောစကားကို မှန်သိတိုင် နားထောင်တတ်မှာ မဟုတ်ပါဘူး။ ဒါဟာ ဖြစ်မြဲသဘောတစ်ခုလို့ ကျနော်မြင်ပါတယ်။ အဲဒီသဘောကို အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်က (Unteachable Wildness) သင်ကြားလို့မရတဲ့ ရိုင်းစိုင်းမှုလို့ သမုတ်ပါတယ်။
ကျနော်တို့မျက်မြင်လောကဖြစ်တဲ့ ယနေ့ခေတ်မှာ ကြည့်တတ်ရင် မြင်တွေ့ရမှာပါ။ ကိုယ့်ကိုယ်ကို လူကောင်း (သို့) လူတော်လို့ အထင်ရောက်နေတဲ့ လူအတော်များများဟာ သူများသင်ပြ၊ ပြောပြတာကို နားမထောင်ချင်တတ်ကြတော့ပါဘူး။ သူတို့ရင်ထဲမှာ ငါဆိုတဲ့ အတ္တနဲ့ ကိုယ့်ကိုယ်ကိုသူများထက်သာတယ်လို့ထင်တတ်တဲ့မာနက ရိုင်းစိုင်းစွာနေရာယူလိုက်ပါပြီ။ အဲဒါကြောင့် သူတို့တတွေဟာ သူတို့သိတဲ့အသိထက် ပိုပြီးတော့လဲ သိနိုင်စွမ်းမရှိကြတော့ပါဘူး။
ဟောဒီလောကထဲမှာ ဘာမှ မသိပဲနဲ့ မွေးဖွါးလာပြီး ဘာမှ မသိပဲနဲ့ သေသွားတဲ့ လူတွေဟာ ရေတွက်လို့မကုန်နိုင်ပါဘူး။ ကျနော်တို့ဟာ ဘာမှမသိပဲနဲ့ မွေးဖွါးလာတယ်ဆိုတာကိုတော့ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဒါမှ အသက်ရှင်နေရစဉ်မှာ သင်ကြားလိုတဲ့ စိတ်ပေါ်လာမှာဖြစ်ပါတယ်။ သင်ကြားလို့မကုန်ခန်းနိုင်တဲ့လောကကြီးထဲမှာ ကိုယ့်ကိုယ်ကို ဆရာကြီးလို့ အထင်ရောက်သွားရင်တော့ အဲဒီလူအတွက် သင်ကြားခွင့်ဟာ အလိုလိုပိတ်ဆို့သွားပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ အသိဉာဏ်ဆိုတာ ကိုယ့်ထက်သာတဲ့ လူတွေဆီကချည်း လာတာမဟုတ်လို့ပါပဲ။
အချုပ်ဆိုရရင်တော့ ကျနော်တို့လူသားတွေဟာ ကိုယ့်ကိုယ်ကို ဘာမှမဟုတ်သေးပါလား ဆိုတဲ့အတွေးမျိုးကို တွင်တွင်တွေးပြီး တစ်စုံတစ်ခုကို သိရရေး၊ နားလည်နိုင်ရေးအတွက် ဘယ်သူ့ဆီကမဆို အယုတ၊် အလတ်၊ အမြတ်မရွေးပဲ လေ့လာနိုင်၊ သင်ယူနိုင်ကြရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဆရာကြီးလို့ယူဆပြီး အတ္တမာနတံခွန်ထူနေရင်တော့ အဲဒီလူဟာ အထက်မှာပြောခဲ့တဲ့ တိတ္ထိဆရာကြီးခြောက်ဦးလို ဒီဘ၀တွင်သာမက နောင်သံသရာအဆက်ဆက်ပါ သစ္စာတရားနဲ့ ဝေးသထက် ဝေးသွားဖို့ပဲရှိကြောင်း တင်ပြလိုက်ရပါတယ်။
ွ
No comments:
Post a Comment
The comment given by you is my teacher and treasure.