
အမှိုက်ကစ၊ ပြဿာဒ်မီးလောင် ဆိုတဲ့ဗမာစကားကို သိကြတယ်မို့လား။ ဘာမဟုတ်တဲ့ကိစ္စလေးကို အကျယ်ချဲ့ပြီး ငြင်းကြခုံကြလုပ်တော့ နောက်ဆုံးရလာဒ်က သူငယ်ချင်းအချင်းချင်းလဲ ကွဲတယ်၊ ညီကိုမောင်နှမအချင်းချင်းလဲကွဲတယ်။ ချစ်သူအချင်းချင်းလဲ ကွဲတယ်။ နောက်ဆုံး သိပ်ချစ်ကြပါတယ်ဆိုတဲ့ ရိုးမြေကျပေါင်းဖက်ဖို့အထိ ရည်ရွယ်ပြီးလက်ထပ်ခဲ့ကြတဲ့ အကြင်လင်မယားအချင်းချင်းလဲ ကွဲခြင်းသို့ရောက်ကြလေတော့သတည်း ပေါ့ဗျာ။
အဓိကတရားခံကိုရှာကြည့်တော့ မာနကြောင့်ဆိုတာ ရှင်းရှင်းကြီးတွေ့ရမှာပါ။ အဲဒီမာနကိုအကြောင်းပြုပြီး Give and Take ဆိုတဲ့ နှစ်ယောက်အကြား မဖြစ်မနေရှိရမယ့် အပေးအယူသဘောတရားဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ပါလေရော။ နောက်ပြီး Mutual-understanding ဆိုတဲ့အချင်းချင်းနားလည်ရမယ့်သဘောတရားဟာလဲ စစ်ရှုံးတဲ့ရန်သူရဲ့မျက်ခွက်မျိုးနဲ့ အင်အားပြခွင့်မရှာပဲ ငုတ်ကွယ်ခဲ့ရတယ်။ ဘာကြောင့်ပဲ ကွဲကွဲပြဲပြဲ၊ ဒီမာနမှာ အခြေခံတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူးနော်။
ကျနော်တို့တတွေဟာ ပုထုဇင်လူသားတွေပီပီ၊ မဖယ်ရှားနိုင်သေးတဲ့ ဒီမာနဆိုတဲ့ ရန်သူကြောင့် အချင်းချင်းသဘောထားမတိုက်ဆိုင်ပဲ ကွဲနေပြဲနေကြတဲ့ ဇာတ်လမ်းတွေကို နေ့စဉ်လောက်နီးပါး ကြားနေရကြတာပါ။ တော်ကြာ ဘယ်သူနဲ့ဘယ်ဝါကတော့ ကွဲသွားပြန်ပြီတဲ့ ဆိုတဲ့ ကွဲသတင်း ပြဲသတင်းတွေဟာ ကျနော်တို့အတွက် ဆန်းသော သတင်းတွေမဟုတ်တော့ပါဘူး။ ဒါပေမဲ့ အခုကျနော်ပြောမယ့် ကွဲသတင်းကတော့ ဆန်းသဗျာ။
ကမ္ဗောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်အရှေ့မြောက်ဘက်ကနေတွက်ရင် ကီလိုမီတာ ကိုးဆယ်၊ မိုင်အားဖြင့် (၆၅)မိုင်လောက်ဝေးတဲ့မြို့စွန်တစ်နေရာမှာ လင်မယားနှစ်ယောက်အတူပေါင်းသင်းနေထိုင်လာကြတာ သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားလို့ သူတို့ကိုယ်တိုင်လဲ အသက်အရွယ်လေးဆယ်နားနီးလာကြတဲ့အထိပါပဲ။ တစ်နေ့တော့ ယောက်ျားလုပ်တဲ့လူနေမကောင်းဖြစ်တဲ့အချိန် မယားက သူ့ကို ကောင်းကောင်းမပြုစုပါဘူးဆိုပြီး ပြောရာကနေ နောင်ဂျိန်တီးကြပါလေရော။
ကိစ္စက အဲဒီမှာတင် ပြီးမသွားပဲနဲ့ အကျယ်အကျယ် မငြိမ်းဘွယ်ဖြစ်ပြီး နောက်ဆုံးကွဲဖို့အထိဖြစ်လာတော့တာပေါ့။ သူများတွေလို ရုံးသွားပြီကွာရှင်းတာတွေ ဘာတွေလုပ်နေရင် သူတို့နိုင်ငံဥပဒေအရ အတော်ရှုပ်လို့ဆိုပြီးတော့ ဘာလုပ်တယ်မှတ်လဲ။ အခုဓာတ်ပုံထဲ မြင်နေရတဲ့ အိမ်ကိုပဲ ကြည့်တော့။ အဲဒီအိမ်က တစ်ခြမ်းတည်းကျန်တဲ့အိမ်။ အိမ်ကြီးတစ်လုံးလုံးကို နှစ်ပိုင်းညီအောင် လွှာနဲ့ဖြတ်ပြီးတော့ ယောက်ျားလုပ်တဲ့လူက သူပိုင်တဲ့အခြမ်းကို ဖျက်ပြီးအကုန်ယူသွားသတဲ့။ ကျန်နေတဲ့အခြမ်းမှာတော့ မိန်းမက နေ့အခါမှာ လာလာနေသေးဆိုပဲ။ ဒါတင်မကသေးဘူး။ သူတို့ပိုင်တဲ့မြေကိုလဲ လေးစိပ်စိပ်ပြီး မိသားစုလေးယောက် တစ်ယောက်တစ်စုစီ ယူကြသတဲ့။ ကလေးနှစ်ယောက်ကတော့ ဘယ်သူ့မျက်နှာကြည့်ပြီးနေရမယ် မသိဘူး။ သနားစရာပဲ။
တကယ်ဆို ကိစ္စက ဘာမှမဟုတ်ဘူး။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုမပေးနိုင်ပဲ မာနတွေပြိုင်ကြတော့ နောက်ဆုံး ကြားထဲက သားသမီးလုပ်တဲ့သူတွေမျက်နှာငယ်ကြရရှာတာပေါ့။ သတိပြုတော်မူကြပါဗျာ။
(AFP - Thursday, October 9 05:11 pm)
No comments:
Post a Comment
The comment given by you is my teacher and treasure.