Monday, October 27, 2008

လူနှင့်လူ့လောက


I love mankind; it's people I can't stand.

Charles M. Schulz

ကျနော်လူ့လောကကြီးကိုတော့ ချစ်တယ်ဗျာ့။ သည်းမခံနိုင်တာကတော့ လူတွေပဲ။
(ချားလ်စ် မ်၊ ရှာ့လ်ဇ်)

သူများပြောတဲ့စကားလုံးတွေကို အမှတ်တမဲ့မဟုတ်ပဲနဲ့ သတိထားပြီး နားထောင်ကြည့်လိုက်ရင် တိုက်ရိုက်နားလည်ရတဲ့ အနက်အဓိပ္ပါယ်အပြင် သူတကယ်ဆိုလိုတဲ့ အဓိပ္ပါယ်ဟာ နောက်ကွယ်မှာ ပုန်းနေတာကို သိသိသာသာတွေ့ရလိမ့်မယ်။ ပြောတဲ့လူရဲ့ ဘ၀တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ ခံစားချက်တစ်ခုခုကိုဖြစ်စေ၊ သူ့အလုပ်အကိုင်တစ်မျိုးမျိုးကိုဖြစ်စေ ထင်ဟတ်စေတဲ့ အရိပ်အရောင်တွေများစွာ များစွာပါနေတာ တွေ့ရပါလိမ့်မယ်။

ဒါကြောင့်ကျနော်တို့ မြန်မာစကားမှာ ဆိုရိုးတွင်နေတာ ရှိတယ်မို့လား။ စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ တဲ့။ ပြောပါမများပဲနဲ့တောင် နားထောင်တတ်သူတွေအတွက် စကားတွေရဲ့အဓိပ္ပါယ်ဟာ ပေါ်လွင်နေတတ်ပါတယ်။ ပြောပါများရင်တော့ ဘာမှကို ပြောဖို့ မလိုတော့ဘူး။ သူဘာကောင်လဲ ဆိုတာ နားထောင်တဲ့သူက သိနှင့်ပြီ။

ကျနော်လူ့လောကကြီးကိုတော့ ချစ်တယ်ဗျာ့။ သည်းမခံနိုင်တာကတော့ လူတွေပဲ
၊ တဲ့။ ချားလ်စ် အမ်၊ ရှာ့လ်ဇ် ပြောတဲ့စကားပါ။ သူဟာ နာမည်ကျော် အမေရိကန်ကာတွန်းဆရာကြီးတစ်ယောက်ပါ။ ဆရာကြီးရေးတဲ့ကာတွန်းတွေဟာ comic strip လို့ခေါ်တဲ့ ဇာတ်လမ်းသရုပ်ဖေါ်ကာတွန်းတွေပဲ များပါတယ်။ ဒီလိုသရုပ်ဖေါ်ကာတွန်းတွေကို ရေးဆွဲတဲ့လူတွေဟာ ဇာတ်ကောင်လေးတွေကို မရေးဆွဲခင် အဲဒီဇာတ်ကောင်တွေပါတဲ့ ဇာတ်အိမ်ကြီးတစ်ခုလုံးကို သေသေချာချာဖတ်ပြီး ခံစားကြည့်၊ ဇာတ်ကောင်တစ်ကောင်ချင်းရဲ့ စရိုက်အလိုက် ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့ ၀င်သရုပ်ဆောင်ကြည့်ပြီးမှ ရေးဆွဲကြရတယ် လို့ကျနော်ထင်ပါတယ်။

ဇာတ်လမ်းတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေများပါတယ်။ ဇာတ်လမ်းစိတ်ဝင်စားစရာကောင်းဖို့ ဇာတ်ကောင် သရုပ်ဆောင်မှုက သိပ်အရေးကြီးပါတယ်။ ဇာတ်ကောင်တစ်ကောင်ကို သနားစရာဖြစ်အောင်ဖန်တီးချင်ရင် တစ်ခြားဇာတ်ကောင်တစ်ကောင်ကို ရက်စက်ကြမ်းတမ်းတဲ့အခန်းမှာ သရုပ်ဆောင်စေရပါတယ်။ ဒါဟာ ဇာတ်လမ်း ဇာတ်ကွက်ရဲ့ ရိုးရာသဘောတစ်ခုလို့ ကျနော်တို့နားလည်ကြပါတယ်။ ဆရာကြီးက လူ့လောကကြီးကို သူရေးဆွဲနေကျ ဇာတ်အိမ်ကြီးလိုမြင်၊ လူတွေကို သူ့ဇာတ်ကောင်တွေလို မြင်နေဟန်တူပါတယ်။ ဒါမှမဟုတ် ပန်းချီဆရာတွေရဲ့စရိုက် အတော်များများအတိုင်း စိတ်ဆိုးလွယ်တဲ့ သဘောရှိပုံလဲ ရပါတယ်။ ဒါကြောင့် လောကကြီးကို ချစ်ပေမဲ့ လူတွေကိုတော့ သည်းမခံနိုင်ဘူးတဲ့။

လူမရှိရင် လူ့လောကမရှိ၊ လူဆိုတာ အစိတ်၊ လူ့လောကဆိုတာအပေါင်း။ ဒါကြောင့် လူ့လောကဆိုတာ လူတွေရဲ့ အစုအပေါင်းလို့ ကျနော်နားလည်မိပါတယ်။ (အစိတ်+အပေါင်း)နည်းနဲ့ပဲ လူနဲ့လူ့လောကကို ခွဲလို့ရပါတယ်၊ တခြားနည်းနဲ့ခွဲလို့မရပါဘူး။ ဒါဆိုရင် ဘာကြောင့် အပေါင်းဖြစ်တဲ့လူ့လောကကို ချစ်ပြီး အစိတ်ဖြစ်တဲ့ လူတွေကို သည်းမခံနိုင်ခြင်း ဖြစ်ရသလဲ။ အစိတ်ကို သည်းမခံနိုင်ခြင်းဟာ အပေါင်းကို ချစ်ခြင်းနဲ့ မဆန့်ကျင်ဘူးလား။ သိပ်ဆန့်ကျင်တာပေါ့။ ဒါကြောင့် ကျနော် သူ့စကားကို စိတ်ဝင်စားသွားတာ။

ကျနော်တို့နေ့စဉ်ဘ၀မှာ နေထိုင်ရတဲ့ဖြစ်စဉ်ကို ကြည်ကြစို့။ လူအများကြီးနဲ့ ပေါင်းသင်းဆက်ဆံကြရတယ်။ လူအမျိုးမျိုးနဲ့ တွေ့ရဆုံရကြုံရတယ်။ အဲဒီလို ဖြစ်တဲ့အခါ ကိုယ်မကြိုက်တဲ့လူ၊ သဘောမတွေ့တဲ့လူအမျိုးမျိုးနဲ့တွေ့ရမယ်။ တစ်ခါတစ်လေလဲဖြစ်ချင် ဖြစ်မယ်။ အမြဲတမ်းလဲဖြစ်နိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ကို မကြိုက်တိုင်း၊ ကိုယ့်သဘောနဲ့မတိုက်ဆိုင်တိုင်း ရှောင်ရှောင်နေလို့လဲ မဖြစ်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်သည်ပင် အပေါင်းဖြစ်တဲ့ လူ့လောကရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပါပဲ။ ဒီတစ်ယောက်နဲ့ အဆင်မပြေဖြစ်တဲ့အခါ ဟိုတစ်ယောက်နဲ့တော့ အဆင်ပြေတန်ကောင်းရဲ့ဆိုပြီး ကိုယ့်ရဲ့နေ့စဉ်ဘ၀ရှင်သန်မှုဆိုတဲ့ခရီးရှည်ကို အပေါင်းကိုငဲ့ပြီး ဆက်နေကြရတယ်။

အစိတ်ဖြစ်တဲ့ လူတစ်ဦးချင်းစီကို ဘယ်လောက်မုန်းမုန်း၊ အပေါင်းဖြစ်တဲ့ လူ့လောက သို့မဟုတ် ကိုယ်နေတဲ့ပတ်ဝန်းကျင်ကိုတော့ ချစ်ကြတာချည်းပါပဲ။ ဒါကြောင့် ဂရိခ် ဒဿနိကဘေဒပညာရှင်ကြီး အရစ္စတိုထော်လ်က (Man perfected by society is the best of all animals) လူဆိုတာ အသိုင်းအ၀ိုင်းနဲ့နေရတဲ့ သတ္တ၀ါပဲ တဲ့။ အသိုင်းအ၀ိုင်းနဲ့ မနေရင် တိရစ္ဆာန် သို့မဟုတ် နတ်ဒေ၀ါပဲ လို့ သူကဆိုပါတယ်။

ဒီတော့ လူဖြစ်တဲ့ကျနော်တို့ဟာ လူ့လောကကိုတော့ စွန့်လို့မရဘူး။ လူတစ်ဦးချင်းကို မုန်းခွင့်ရှိတယ်။ လူအသိုင်းအ၀ိုင်းကြီးတစ်ခုလုံးကိုတော့ မုန်းလို့မရဘူး။ လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးကို မုန်းလိုက်တာနဲ့ ကိုယ်ဟာလဲ အလိုလိုနေရင်း လူ့အသိုင်းအ၀ိုင်းရဲ့အပြင်ပကို ရောက်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင်တော့ အရစ္စတိုထော်လ် ပြောတဲ့ တိရစ္ဆာန်ဖြစ်ချင်လဲ ဖြစ်သွားနိုင်တယ်။ သို့မဟုတ် နတ်ဒေ၀ါတစ်ဦးဦးလဲ ဖြစ်သွားနိုင်တယ်။

No comments:

Post a Comment

The comment given by you is my teacher and treasure.