Friday, October 17, 2008

အစွန်းရောက်တရားခံ


Fanaticism is governed by imagination rather than judgment.

Harriet Beecher Stowe (1811-1896)

အစွန်းရောက်တယ်ဆိုတာ စိတ်ကူးယဉ်လို့ဖြစ်တာ၊ အသိဉာဏ်ကြောင့် မဟုတ်ဘူး။

ကျနော် ဒီအဆိုအမိန့်လေး ဖတ်မိတော့ ကျနော့်ကိုယ်ကျနော်ရော၊ ကျနော့်သူငယ်ချင်းတွေထဲက အချို့အချို့တွေကိုရော မျက်စိထဲ မြင်ယောင်လာမိတယ်။ ဒီထက်ပိုကြီးမားတဲ့လေသံနဲ့ ပြောရရင်တော့ ယနေ့ကမ္ဘာမှာ နေ့စဉ်ကြားသိနေရတဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေကိုပါ မြင်ယောင်လာတယ်။

လူတိုင်းလူတိုင်း စိတ်ကူးယဉ်တတ်တယ် လို့ပြောရင် အချို့ကိုယ့်ကိုယ်ကို စိတ်ကူးမယဉ်တတ်ဘူးလို့ ခံယူထားတဲ့လူတွေက အမြင်ကပ်မှာစိုးလို့ လူအတော်များများဟာ စိတ်ကူးယဉ်တတ်ကြတယ် လို့ကျနော်ဆိုချင်ပါတယ်။ အနည်းအများ ကွာခြားမှုပဲရှိမယ်။ ယဉ်ကြတာတော့ အမှန်ပဲ။ ကျနော်လဲ စိတ်ကူးယဉ်တတ်တယ်။ ကျနော့်သူငယ်ချင်းတွေလဲ စိတ်ကူးယဉ်တတ်ကြတယ်။ ဒီတော့ ကျနော်မဟုတ်တဲ့ လူတွေနဲ့ ကျနော့်သူငယ်ချင်းမဟုတ်တဲ့လူတွေဟာလဲ စိတ်ကူးယဉ်တတ်ကြလိမ့်မယ် လို့ကောက်ချက်ချတာပေါ့ဗျာ။

ဘာဖြစ်လို့ အဲလိုပြောရလဲ ဆိုတော့ ကျနော့်ဆရာသမား၊ ကျနော့်ကို အင်္ဂလိပ်စာသင်ပေးတဲ့ဆရာသမားပြောဖူးတဲ့ စကားတစ်ခွန်းကို သွားသတိရလိုက်မိလို့။ သူ့ဆီမှာကျနော် အင်္ဂလိပ်စာသင်နေစဉ်တုန်းက သူမကြာခဏပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ ပင်လယ်ရေရဲ့အရသာ ဘယ်လိုရှိမလဲ သိချင်တဲ့လူဟာ ဟိုးရေလယ်ခေါင်အထိသွားပြီး သောက်နေစရာမလိုပါဘူး၊ ကမ်းစပ်ကရေကို ခပ်သောက်လိုက်ရုံနဲ့ ကျန်တဲ့ရေတွေလဲ ငံတယ် ဆိုတာ သိနိုင်ပါတယ် တဲ့။

ကျနော်ကတော့ ပင်လယ်ကမ်းစပ်မှာ မွေးပြီး၊ ပင်လယ်ထဲ တစ်သက်လုံးအလုပ်လုပ်လာတဲ့ပဲ့နင်းကြီး တစ်ယောက်ရဲ့သားဆိုတော့ အဲဒီစကားဘယ်အထိမှန်တယ်ဆိုတာ နားလည်လို့ရပါတယ်။ ကျနော်ပြောချင်တာက ကျနော်တို့တစ်တွေဟာ လူသားမျိုးနွယ်တွေဖြစ်ကြလေတော့ လူတစ်ယောက်စီရဲ့အကျင့်စရိုက် လွန်ကဲမှု၊ အားနည်းမှုအရ ကိုယ်၊နှုတ်၊စိတ်အမူအယာတွေ အနည်းငယ်စီကွဲပြားမှုရှိတာကလွဲရင် ကျန်တာသိပ်မထူးကြပါဘူး။ ဒါကြောင့် ကျနော်စိတ်ကူးယဉ်တတ်ရင် သူများလဲ စိတ်ကူးယဉ်တတ်မှာပဲ လို့ကောက်ချက်ချကြည့်တာပါ။

လူသားပီပီ စိတ်ကူးယဉ်တာမဆန်းပါဘူး။ ဒီနေ့ဆို သောကြာနေ့။ ကျနော်တို့အင်္ဂလန်မှာ ဥရောပသန်းထီ (Euro-million) ဖွင့်တဲ့နေ့။ သောကြာနေ့တိုင်း အဲဒီထီရှိတယ်။ သောကြာနေ့တိုင်း ကျနော်တို့သူငယ်ချင်းတွေ တစ်ယောက် တစ်ပေါင်စီ (နှစ်ဒေါ်လာ) စုထိုးကြတယ်။ တစ်ခါမှ ပေါက်တယ်မရှိဘူး။ နှစ်လုံးတူလိုက်၊ သုံးလုံးတူလိုက်နဲ့။ ဒါပေမဲ့ ထိုးမြဲပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပေါက်လိုက်လို့ကတော့ကွာ ဆိုတဲ့ မက်လုံးလေးက ရှိနေတာကိုး။ မထွက်မချင်းစိတ်ကူးယဉ်လို့ သိပ်ကောင်း၊ ထွက်လာရင်တော့ ထုံးစံအတိုင်း နောက်တစ်ပတ် ဆက်ရန်ရှိသည်ပေါ့။ ဒါက ကျနော်တို့ ရိုးရိုးစိတ်ကူးယဉ်ကြတာ။ ဘယ်သူ့ဘာမှ အန္တရာယ်မပေးတဲ့ စိတ်ကူးယဉ်မှုမျိုးပါ။ ဒီစိတ်ကူးယဉ်မှုကို အကြောင်းပြုပြီး ဘဏ်တစ်ခုခုသွား ဓားပြတိုက်ဖို့လဲ တစ်ခါမှ မစဉ်းစားမိပါဘူး။

ကျနော် ဒီနေရာမှာ ဆွေးနွေးချင်တဲ့ စိတ်ကူးယဉ်မှုမျိုးကတော့ ယုံကြည့်မှု၊ အတည့်ပြောရရင်တော့ မျက်ကန်းယုံကြည်မှုက ပေါက်ဖွါးလာတဲ့ စိတ်ကူးယဉ်မှုမျိုး။ ဒီစိတ်ကူးယဉ်မှုဟာ များသောအားဖြင့်--

(၁) နိုင်ငံရေးယုံကြည်မှု၊

(၂) ဘာသာရေး ယုံကြည်မှု တွေကတစ်ဆင့် ထွက်ပေါ်လာတတ်ကြတယ်။

အချို့အချို့သော နိုင်ငံရေးလောကသားတွေဟာ မိမိကိုယ်တိုင်ဘာမှ တွေးတောဆင်ခြင်ဉာဏ်မရှိပဲ သူများပြောတဲ့စကားနဲ့ လက်ခံယုံကြည်ပြီး မလုပ်သင့်မလုပ်ထိုက်တဲ့ တစ်ဘက်စွန်းနင်းအလုပ်မျိုးတွေလုပ်တတ်ကြတယ်။ အဲဒီလိုလုပ်ကြတော့ ဇာတ်လမ်းအရ သူတို့လိုချင်တဲ့ ပန်းတိုင်နဲ့ ဝေးသထက်ဝေးကြလေသတည်း ပေါ့။ နိုင်ငံရေးယုံကြည်မှုဟာ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို တကယ်ချစ်တဲ့နိုင်ငံရေးသမားတွေမှာတော့ စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေနဲ့ တွဲနေတယ်။ ကိုယ်ကောင်းစားရေးကို ဦးတည်ပြီး နိုင်ငံရေးလုပ်စားနေတဲ့ နိုင်ငံရေးသမားတွေမှာတော့ ရယူမှု၊ ပိုင်ဆိုင်လိုမှု၊ အာဏာမက်မောမှုတွေနဲ့ တွဲနေတယ်။ ဒီထက်ဆိုးတာက ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေပါ နောက်ကလိုက်တာတတ်တယ်။ ဒါဆိုရင် အကြမ်းဖက်မှု တစ်မျိုးမျိုးဆီ ဦးတည်နေပြီလို့ ယေဘုယျ တွက်ဆနိုင်တယ်။ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ကြမ်းတော့ ရမ်းတော့မယ်။ သတိထားရတော့မယ့်အခြေအနေပေါ့။

ဒါကြောင့် တိုင်းပြည်ထဲမှာ အကြမ်းဖက်မှုတစ်မျိုးမျိုးဖြစ်ပေါ်ပြီတဲ့ ဆိုရင် ဒုတိယအမျိုးအစား နိုင်ငံရေးသမားတွေဆီကပဲ များတယ်။ ကျနော်ပြောတဲ့ နိုင်ငံရေးသမားဆိုတာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရကိုပါ ရည်ရွယ်ပါတယ်။ အဲဒီတစ်ဘက်စွန်းနင်း အတ္တဆန်တဲ့ မျက်ကန်းနိုင်ငံရေးယုံကြည်မှုကြောင့် မဖြစ်သင့်/မဖြစ်ထိုက်၊ မရသင့်/မရထိုက်တာကို စိတ်ကူးယဉ်ပြီး အဲဒီကမှတစ်ဆင့် Fanaticism လို့ခေါ်တဲ့ အစွန်းရောက်မှုတွေဟာ မကြာမကြာ ဖြစ်ပွါးတတ်ပါတယ်။ နောက်ဆုံးတော့ ကျွဲနှစ်ကောင်ကြားက မြေဇာပင်ကြေရသလို သက်ဆိုင်ရာ ပြည်သူလူထုတွေပဲ ဒုက္ခရောက်ကြရရှာတယ်။ ဒီအဖြစ်အပျက်တွေဟာ ကျနော် အင်ဒိယနိုင်ငံမှာ နေတုန်းက မကြာမကြာကြားသိ၊ မြင်တွေ့နေရတယ်။ တော်ကြာ ဗုန်း၊ တော်ကြာ ၀ုန်း။ နိုင်ငံရေးယုံကြည့်မှုကမွေးဖွါးပေးလိုက်တဲ့ စိတ်ကူးယဉ်မှုတွေရဲ့ ရလာဒ်တွေပေါ့။ ကျနော် ဒီစာကိုရေးနေရင်း ကျနော့်သူငယ်ချင်းတစ်ယောက် မကြာမကြာပြောလေ့ရှိတဲ့ စကားတစ်ခွန်း သွားသတိရတယ်။ ငါကိုယ်တိုင် မင်းလုပ်အုပ်ချုပ်မှပဲ ဒီတိုင်းပြည်ကတော့ ကောင်းစားတော့မယ် တဲ့။ အချို့နိုင်ငံရေးသမားတွေမှာ အဲလိုအတွေးမျိုးရှိကောင်းရှိမယ်။ ဒါပေမဲ့ စွန့်လွှတ်အနစ်နာခံလိုမှုမပါတဲ့ နိုင်ငံရေးယုံကြည်ချက်ကတော့ သက်ဆိုင်ရာပြည်သူလူထုကို ဆင်းရဲတွင်းနက်သထက်နက်အောင် လုပ်တာကလွဲပြီး တခြားအကျိုးမရှိဘူးလို့ ကျနော်ဆိုချင်တယ်။

နောက်တစ်မျိုးယုံကြည့်မှုက ဘာသာရေး။ ပိုမိုအရေးကြီးတဲ့ ယုံကြည်မှုမျိုးလို့ဆိုနိုင်တယ်။ ဒါကြောင့် ပိုမို ဂရုစိုက်ဖို့လိုတယ်။ ဘာသာရေးယုံကြည့်မှုအများစုကတော့ မိရိုးဖလာနဲ့ အစဉ်အလာကိုပဲ အခြေခံကြတာများပါတယ်။ အဲဒီမိရိုးဖလာနဲ့ အစဉ်အလာဆိုတဲ့ လာနှစ်ခုဟာ အတော်သတိထားပြီး ကိုင်တွယ်တတ်ဖို့လိုတယ်။ မကိုင်တွယ်တတ်ရင်တော့ အလမ္ပယ်ဆရာပေါက်စ မြွေအဖမ်းမှားသလို ဒုက္ခရောက်သွားနိုင်တယ်။ ယနေ့ကမ္ဘာပေါ်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေကို သေသေချာချာစိစစ်လေ့လာလိုက်မယ်ဆိုရင် ဒီဘာသာရေးယုံကြည်မှုက မွေးဖွါးပေးလိုက်တဲ့ စိတ်ကူးယဉ်မှုတွေရဲ့ အကျိုးဆက်တွေဟာ ထက်ဝက်ကျော်ကျော်လောက်ပါနေတာ တွေ့ရမယ်။ ဒါတွေဟာ သက်ဆိုင်ရာဘာသာတရားတွေရဲ့ မိရိုးဖလာ ယုံကြည့်မှုနဲ့ အစဉ်အလာယုံကြည့်မှုဆိုတဲ့ အခြေခံယုံကြည်မှုတွေအပေါ် စိစစ်ဝေဘန်မှုဆိုတဲ့ အသိဉာဏ်ကို မစေစားလို့ဖြစ်တာလို့ ကျနော်လက်ခံတယ်။

ဘာသာတရားတိုင်းမှာ သူ့ကောင်းကွက်နဲ့ သူရှိကြတာကိုတော့ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ဒါပေမဲ့ တကယ်လို့များ ဟောဒီတစ်ကမ္ဘာလုံးမှာ ငါတို့ဘာသာတရားတစ်ခုတည်းသာရှိမယ်ဆိုရင် ဆိုတဲ့ စိတ်ကူးယဉ်မှုဟာ အထက်မှာ ကျနော်ပြောခဲ့တဲ့ အကြမ်းဖက်မှုမျိုးကို ဖြစ်စေတော့တာပါပဲ။ စိစစ်ဝေဘန်နိုင်တဲ့အသိဉာဏ်ကို အသုံးချပြီး မိမိလုပ်ရပ်ကို အမှားအမှန်ဝေဘန်နိုင်မယ်ဆိုရင်တော့ မိမိရဲ့ဘာသာရေးယုံကြည်မှုဟာ ကိုယ့်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ အသုံးကျတဲ့ ယုံကြည်မှုမျိုးဖြစ်မှာပါ။ ဒါကြောင့် ညီငယ်၊ ညီမငယ်လေးများကို သိပ်ချစ်တတ်တဲ့ ကျနော်ဟာ မိမိရဲ့ယုံကြည်မှုကို စိတ်ကူးယဉ်ကမ္ဘာထဲမှာ သိုဝှက်မထားပဲ လက်တွေ့ဘ၀မှာ ကျင့်သုံးနိုင်စေဖို့ ဟာရိုက်ဘီချာစတူးရဲ့ အဆိုလေးကို ကျနော့်ဘလော့မှ တစ်ဆင့် ဖြန့်ဖြူးဝေငှလိုက်တာပါ။

အစွန်းရောက်တယ်ဆိုတာ စိတ်ကူးယဉ်လို့ဖြစ်တာ၊ အသိဉာဏ်ကြောင့် မဟုတ်ဘူး၊ တဲ့။


No comments:

Post a Comment

The comment given by you is my teacher and treasure.