Thursday, April 15, 2010

ရွှေသမင်ဘယ်ကထွက်


နင်လားဟဲ့ အာဖဂန်
ဘာ ပါကစ္စတန်တုန်း
ဗုန်းကလေးတစ်လုံးလောက်ဖေါက်
လူကလေးတစ်ယောက်နှစ်ယောက် သေပြရုံနဲ့
သတင်းလောကကို ချုပ်ကိုင်
လွှမ်းမိုးနိုင်မယ်များ ထင်သလား?

ဒို့မြန်မာလည်း မခေပါဘူး
သေမထူး နေမထူးတွေပါပဲ
သူဖေါက်သူသေ၊ ကိုယ်ဖေါက်သူသေ
အသက်တွေပေးလှူလို့
အားကျမခံ မိုးသို့ညံအောင်
ဗုန်းပေါက်သံတွေ ကြားနေရသလို
ကမ္ဘာ့သတင်းလောကမှာ
မြန်မာ့ဗုန်းသတင်း ရေပန်းစားလို့
လူကြိုက်များ အဲလေ လူသိများနေပါပြီဗျာ့။

သောက်သူက နင်းကန်သောက်ပြီး
မှောက်သူက မှောက်နေတဲ့သင်္ကြံမှာ
ဖေါက်သူကလည်း ဖောက်ပေသမို့
သုန်းချင်းကိုင်းတောင်မှ
ရောက်သူက ရောက်နေပေပေါ့။

ဒါပေမဲ့ အာဖဂန်ဗုန်း
ပါကစ်ဗုန်းပေါက်မှုတွေမှာ
တရားခံရှာရတာမခက်
တာလီဘန်က သူတို့လက်ချက် ဆိုကိုးဗျာ့။

မြန်မာဗုန်းမှာတော့ဖြင့်
လက်သည်ကို မတွေ့မူ
မသမာသူကို ယိုးစွပ်
ထိုးညွတ်တဲ့ လက်ချောင်း
ဟိုအဖွဲ့လေလား ၀ါးတားတား
ဒီအဖွဲ့လိုလို ဟိုတိုတိုနဲ့
အရင်းစစ်တော့ အမြစ်မြေကဆိုသလို
နောက်ဆုံးတော့
“ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်” တာပါပဲ။

ဘယ်သောအခါမှ မဖေါ်နိုင်ခဲ့တဲ့ ဗုန်းပေါက်မှုတွေ
အကြောင်းရှာတော့ ခေါင်းမှာချာချာလည်
တစ်ခုပဲ သိတယ်
ဒို့မြန်မာပြည်မှာလေ
နိုင်ငံရေး တလှုပ်လှုပ်ဖြစ်တိုင်း
ပြည်သူကို အာရုံပြောင်းစေဖို့
ဒီလူကို အာဏာညောင်းစေဖို့
ဘယ်သူသေသေ၊ ငတေမာရင် ပြီးစတမ်း
ခရီးလမ်းမှာ လာမရှုပ်လေနဲ့
နောက်ကွယ်က ကြိုးကိုင်လို့
မရိုးနိုင်တဲ့ ဒီအာဏာအတွက်
ဖေါက်မယ်ကွဲ့ ဗုန်း
“၀ုန်း---၀ုန်း---၀ုန်း----”


4 comments:

  1. Cheers...hit to bull eye (the way of expression), but sorry for those lost lives.......

    ReplyDelete
  2. ကြိုက်သဗျ။ ဒီကဗျာကို လွတ်ကြိုက်

    ReplyDelete
  3. အာာားးဟားးးးးးးးးးးမိုက်ဒယ် မိုက်ဒယ်...ကဗျာကလန်ထွက်နေတာပဲ။။

    ကဗျာဖတ်ရင်းနဲ့ သုန်းချင်းကိုင်း ဆိုတာကို စဉ်းစားနေတာ...ဘာပါလိမ့်ပေါ့ဆိုပြီးးးး
    ဟွန်းးတော်တော်ဆိုးးးးးးးးးးးးးးး နောက်မှ င်္သချိုင်းကုန်းမှန်း သိတော့တယ်။. ဦးကြီးးးလူနောက်။

    ဒါပေမယ့်မိုက်တယ် ကဗျာက (((အာာားးးးးးး)))

    ပြေးပြီဗျိုးးးးးးးးးးးးးးးးဗုံးဖောက်တော့မယ်တဲ့..ကြောက်ဒယ် ကြောက်ဒယ် ကြောက်ဒယ်... :P

    ReplyDelete
  4. အော်...ထွက်လည်းထွက်နိုင်တဲ့ ရွှေသမင်တွေရယ်....
    မြန်မာမျိုးလည်း ပြုတ်တော့မယ်....

    ReplyDelete

The comment given by you is my teacher and treasure.