Saturday, November 13, 2010

အမေ့စကား


တောလား၊ ရေလားတွေ ရေးပြီးကတည်းက အသင့်ဝယ်ထားတဲ့ Kindle စာဖတ်စက်လေးနဲ့ပဲ အချိန်ကုန်နေလိုက်တာ ဘလောဂ်ပေါ် မတက်ဖြစ်တာတောင်ကြာလှပေါ့ဗျာ။ ဒီနေ့တော့၊ ဒီနေ့ဆိုတာ မြန်မာသက္ကရာဇ် (၁၃၇၂)-ခု၊ တန်ဆောင်မုန်းလဆန်း (၇)၊ စနေနေ့၊ ခရစ်နှစ် ၂၀၁၀၊ နိုဝင်ဘာလ (၁၃)-ရက်ပေါ့။ ဒီနေ့တော့ မရေးလို့မဖြစ်ဘူး၊ ဒီထက်ပိုပြောရရင်တော့ မရေးပဲကို မနေနိုင်တော့ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီနေ့ဟာ မြန်မာတစ်နိုင်ငံလုံးကလူတွေ သူတို့ဆန္ဒကို ထုတ်ဖေါ်ခွင့်ရတဲ့နေ့ ဖြစ်လို့ပါပဲ။ နိုဝင်ဘာလ (၇) ရက်နေ့မှာ ပြည့်သူတွေဟာ သူတို့ဆန္ဒမပါပဲနဲ့ အကြောက်တရားကြောင့် မဲသွားထည့်ခဲ့ကြရရှာတယ်။ ဒါပေမဲ့ ဒီနေ့တော့ သူတို့ရဲ့ ဆန္ဒအစစ်အမှန်တွေနဲ့ တစ်စုံတစ်ယောက်ကို မြင်ခွင့်၊ ကြည့်ခွင့်၊ သူပြောတာကို နားထောင်ခွင့်ရဖို့အတွက် တညီတညွတ်တည်း ၀မ်းပန်းတသာ ချီတက်ခွင့်ရခဲ့ကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည် (သို့) အမေစု။
ပြည်သူလူထုက ချစ်မြတ်နိုးလွန်းလို့ အမေစုဆိုတဲ့ နာမည်ကို ရင်ထဲကတင်မက နှုတ်ဖျားကပါ ခေါ်နေကြပါပြီ။ အမေဟာ ပြည်သူအားလုံးရဲ့ရင်ထဲကို ဆယ်စုနှစ် နှစ်ခုကျော်ကျော် နေရာဝင်ယူထားခဲ့ပြီး ဒီမိုကရေစီအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်မှန်သမျှကို စွတ်လွှတ်ထားခဲ့သူပါ။ ဒါ့ပြင် ဇနီးသည်တစ်ယောက်ရဲ့ရင်ထဲမှာ တည်ရှိနေတဲ့ ချစ်ခြင်းမေတ္တာနှင့် မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာများကိုပင်အံတုပြီး ယုံကြည်မှုအတွက် အထိမ်းအသိမ်းခံခဲ့သူပါ။ မလွမ်း ဘယ်ခါရှိမှာလဲ? ပုထုဇဉ်လူသားတစ်ယောက်ပေပဲလေ။ ဒါပေမဲ့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာတဲ့ အမျိုးသားဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်ရဲ့ ဈာပနကိုလည်း မသွားခဲ့၊ ချစ်လှစွာသော သားနှစ်ယောက်ကိုလည်း သွားမကြည့်ခဲ့။ သူမရဲ့ လွတ်လပ်တဲ့ ချစ်ခြင်းမေတ္တာကို မလွတ်လပ်သေးတဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် အစတေးခံနိုင်ခဲ့တယ်။

ဒီနေ့တော့ အမေစု ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ မှောင်နေတဲ့ မြန်မာ့နိုင်ငံရေးလောကကြီး တစ်ခုလုံးအတွက် အလင်းရောင်ပြန်ပေးဖို့ အမေစုရောက်လာခဲ့ပါပြီ။ မြန်မာပြည်အရပ်ရပ်မှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံး ၀မ်းသာအားရဖြစ်ကြမှာ အမှန်ပါပဲ။ အားလုံးနဲ့အတူ ကျနော်လည်း မျက်ရည်လည်မတတ် ၀မ်းသာနေရပါပြီ။ ဘာကို မျှော်လင့်လို့၊ ဘာရမှာမို့လို့ ၀မ်းသာနေကြ၊ ၀မ်းသာနေရပါသလဲ?

ကျနော်အပါအ၀င် အားလုံးလိုချင်တဲ့အရာကတော့ “လွတ်လပ်ရေး” ပါပဲ။ အချုပ်အချယ်၊ အတားအဆီးတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ပြည်သူအတော်များများဟာ ကိုယ့်ကိုယ်ကို အချုပ်အချယ်တွေထဲမှာ နေကြရရှာတယ်လို့တောင် သိကြဟန်မတူတော့ပါဘူး။ နေနေကျဖြစ်နေကြပုံပါပဲ။ ဒါပေမဲ့ ယနေ့ကမ္ဘာကြီးဟာ သတင်းမီဒီယာအစွမ်းသတ္တိကြောင့် အလွန်ကျဉ်းမြောင်းသွားပြီဖြစ်လို့ ပြည်သူလူထုအတော်များများ လည်းမျက်စိပွင့်၊ နားပွင့်ဖြစ်နေကြပါပြီ။ အုပ်ချုပ်သူတွေက အဘက်ဘက်က ပိတ်ဆို့ဖို့ ကျိုးစားနေကြပေမဲ့ ပိတ်လေပွင့်လေဖြစ်နေတဲ့ခေတ်ကြီးကိုတော့ လွန်ဆန်လို့မရနိုင်ခဲ့ကြပါဘူး။ လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းတစ်လုံးထဲကို ကမ္ဘာကြီးတစ်ခုလုံး ၀င်နေရာယူထားလိုက်ပြီဆိုတာ သူတို့လည်း သဘောပေါက်လောက်ပါပြီ။

မျက်စိပွင့်နားပွင့်ဖြစ်လာတာနဲ့အမျှ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို အကျဉ်းကျနေသူတွေအဖြစ် သိမြင်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ သူတို့အမျှော်လင့်ဆုံးဟာ ဒီအကြပ်အတည်းကို ဖြေရှင်းပေးနိုင်တဲ့သူကိုပါပဲ။ ဒီအတွက် အမေစုကို တောင့်တနေခဲ့ကြပါတယ်။ နှစ်ပေါင်း (၂၀)လုံးလုံး စောင့်စားနေခဲ့ကြရပါတယ်။ (၆၂) နှစ်လုံးလုံး အင်္ဂလိပ်ကျွန်ဘ၀ရောက်ခဲ့ကြတုန်းက ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကို ယူပေးခဲ့ပါပြီ။ သို့ပေမဲ့ ကိုယ့်မင်းကိုယ့်ချင်းဘ၀မှာ လွတ်မြောက်မည်ကြံကာမှ နှစ်ပေါင်း (၅၀) နီးပါး စစ်အုပ်ချုပ်ရေးစနစ်အောက်ကို ပြန်လည်ရောက်ခဲ့ကြရရှာပြန်ပါတယ်။ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးခံဘ၀မှာ အကျင့်သားရနေကြပေမဲ့ ရင်ထဲမှာတော့ တစ်နေ့နေ့လွတ်မြောက်ရေးဆိုတဲ့ မျှော်လင့်ချက် ကိုယ့်စီနဲ့ချည်းပဲလို့ ထင်ပါတယ်။

ဒီမျှော်လင့်ချက်ကို အားဖြည့်ပေးနိုင်တဲ့သူ ဒီနေ့တော့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ဒိအတွက် မြန်မာတစ်ပြည်လုံးကသာမက တစ်ကမ္ဘာလုံးကပါ ၀မ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးတွေကလည်း အမေစုရဲ့လွတ်မြောက်မှုအတွက် ၀မ်းသာအားရနဲ့ နှုတ်ခွန်းဆက် ကြိုဆိုနေကြပါတယ်။ အမေစုနောက်မှာ ပြည်သူတစ်ရပ်လုံးသာမက တစ်ကမ္ဘာလုံးကပါ ရပ်တည်နေတယ်ဆိုတာ ဒီနေ့မှာ သက်သေပြလိုက်ပါပြီ။ ဒါပေမဲ့ လက်ရှိစစ်အုပ်ချုပ်ရေးအောက်မှာ အမေစုဘာလုပ်ပေးနိုင်မလဲ? ဆိုတဲ့မေးခွန်းကိုတော့ မမေးမဖြစ် မေးရမှာပါပဲ။ ဒိအတွက် သူမက လွတ်လွတ်ချင်းပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ We have to "work in unison" to achieve our goals . “လိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက် ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ဆောင်ကြရမည်” တဲ့။ အမေ့စကားနားထောင်ရမည့် အချိန်ကျရောက်ပါပြီ။


2 comments:

  1. မောင်လေးရေ..အမေစုအတွက်ရေးထားတာလေး ကောင်းလိုက်တာ..။ ပြည်သူအားလုံးပျော်ရွှင်နေကြတာ တော့အမှန်ပါပဲ..။

    ReplyDelete
  2. အမေစု လွတ်မြောက်လာတဲ့အတွက် အရမ်းဝမ်းသာမိတဲ့ထဲမှာ ကြယ်ပြာလဲပါတယ် ... ပို့စ်လေးကိုသေချာဖတ်သွားပါတယ်

    ReplyDelete

The comment given by you is my teacher and treasure.