Sunday, November 28, 2010

ငါးအရိုးမျက်နေလား


“ခံရခက်လိုက်တာကွာ”
လူအတော်များများ ခံရခက်နေကြလေရဲ့။ အကြောင်းအမျိုးမျိုးကြောင့် ခံရခက်နေကြသပေါ့။ ရွေးကောက်ပွဲမှာ ဖွတ်+ကြံ့က ကြိုတင်မဲနဲ့ အဓမ္မအနိုင်သွားလို့ ရွေးကောက်ပွဲဝင် ဒီမိုပါတီတွေနဲ့ အဲဒီပါတီတွေကို မဲပေးမိသူ ပြည်သူလူထုတစ်ရပ်လုံးကလည်း ခံရခက်နေကြတယ်။ စိတ်ပိုင်းဆိုင်ရာ ခံရခက်မှုတွေနဲ့အတူ အံတကျိတ်ကျိတ်နဲ့ပေါ့။ အစော်ကားခံရတာကိုး။ ဟိုလူက စောင်းလို့၊ ဒီလူကရွဲ့လို့ အခံရခက်နေရှာတဲ့ လူတွေလည်း မနည်းမနောပေပဲ။ ဒီလိုနဲ့ စိတ်ထဲမှာ ပြန်တွယ်ချင်ပေမဲ့ အခွင့်မသာလို့ ခိုးလိုးခုဖြစ်နေရရှာတဲ့ ခံရခက်မှုက တစ်မျိုး။

တစ်ခါတလေ ဘွတ်ဖိနပ်စီးပြီး လမ်းသွားရင် ဖိနပ်ကြားထဲ ခဲလုံးသေးသေးလေးတွေ တစ်လုံးစ နှစ်လုံးဝင်တတ်သေးရဲ့။ အဲလိုဖြစ်ပြီဆိုရင် လမ်းသွားရတာ အတော့်ကို ကသိကအောင့်နိုင်တာကလား။ လူကြား သူကြားထဲဆို အသာဆိုးသေးဗျာ။ ဆက်သွားဖို့လည်းခက်ခက်၊ ဖိနပ်ချွတ်ဖို့လည်းခက်ခက်နဲ့။ မသိမသာ မှေးပြီးလမ်းလျှောက်နေရတယ်။ ခြေထောက်က မျက်တဲ့မျက်တဲ့နဲ့ဆိုတော့ လမ်းသွားရတာ သိပ်မဖြောင့်ချင်ဘူး၊ ဟုတ်စ။ လူရှင်းတဲ့နေရာရောက်မှပဲ ဖိနပ်ချွတ်ပြီး ခဲထုတ်၊ ပြန်စီးရတာ။ အဲလိုမလုပ်လို့ကတော့ လမ်းလျှောက်တိုင်း ခိုးလိုးခုလုနဲ့၊ တယ်အဆင်မပြေလှဘူး။ ဒါလည်း ခံရခက်မှုတစ်မျိုးပေါ့။

ကျနော်လည်း ဒီနေ့ တော်တော်လေးကို ခံရခက်နေတယ်။ မနက်စာစားပြီးကတည်းက မျက်တဲ့မျက်တဲ့နဲ့ အနေခက်လိုက်တာများ၊ မပြောလိုက်ချင်ဘူး။ တစ်နေကုန်ပါပဲ။ ဖြစ်ပုံက ဒီလိုဗျာ့---

“ကောင်လေးရေ့--- မနက်ဖန်အတွက် ငါးခေါင်းဟင်း ကောင်းကောင်းချက်မယ်ဟေ့၊ လွှေးဖို့သာ ပြင်ထားပေတော့”
ကျနော်နေတဲ့အဆောင်ပိုင်အဖိုးကြီးက အချက်အပြုတ်ဝါသနာ အတော့်ကိုပါတာကလား။ သူ့အသက်က (၈၄) နှစ်တောင်ရှိနေပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်က လက်ကျန်စစ်သားဟောင်းကြီး တစ်ဦးပေါ့။ ကျန်းမာရေးကလည်း ကောင်းသလားမမေးနဲ့။ ဟင်းချက်ကလည်း ကောင်းမှကောင်း။ ကျနော် လန်ဒန်ရောက်ကတည်းက အခုချိန်ထိအောင် သူချက်ကျွေးတဲ့ ဟင်း၊ ထမင်းပဲ အများဆုံးစားနေရတာ။ ကျေးဇူးဆပ်ရမယ်ဆိုရင်တော့ ဘယ်နှစ်ဘ၀တောင်ဆပ်ရမယ် မသိဘူး။ တကယ်ပါ။ သူက ဗြိတိရှနိုင်ငံသားတောင်ဖြစ်နေပါပြီ။ အသက်အရွယ်အရရော၊ နိုင်ငံသားအခွင့်အရေးအရပါ ခံစားခွင့်တွေရှိနေပြီဆိုတော့ အဆောင်မှာ သိပ်နေတယ်ရယ်လို့လည်း မရှိပါဘူး။ သွားနေတာပဲ၊ တစ်နေကုန်။ အဲ---အဆောင်မှာရှိနေပြီဆိုရင်တော့ ချက်နေပြီသာမှတ်။ အခုလည်း ချက်ထားပြန်ပြီ။ ငါးခေါင်းဟင်း တဲ့။

အဲဒီငါးခေါင်းဟင်းပေါ့ဗျား၊ ချက်ထားတဲ့ပုံက ချဉ်ငတ်စပ် အရသာနဲ့။ ငါးခေါင်းကို နနွင်းနဲ့နာနာနယ်၊ ဆီပူအရင်သပ်ပြီး ချက်ထားတာဆိုတော့ ငါးအနံ့ကလည်း ပျောက်နေပေတာကိုး။ ရှူးရှဲပေါင်းအိုးနဲ့ ပေါင်းချက်ချက်ထားတာဆိုတော့ အရိုးတွေတောင် နူးနေတာ။ ဒါပေမဲ့ မနူးတဲ့အရိုးတွေလည်း မနူးပေဘူး။ အဲဒီမှာတင် ပြဿနာဖြစ်တော့တာပဲ။ မြန်မာစကားပုံရှိတယ်မဟုတ်လား? “အစားမတော်တစ်လုပ်”တဲ့။ ငါးခေါင်းဟင်းကို စားကောင်းကောင်းနဲ့ စားလိုက်တာ ဘယ်အရိုးက ၀င်မွှေသွားတယ်မသိလိုက်ဘူး။ စားသောက်ပြီးတော့မှ လည်ချောင်းဝမှာ မျက်တဲ့မျက်တဲ့ အနေရခက်လိုက်တာဗျာ၊ မပြောပါနဲ့တော့။

အရေသောက်လည်း မကျ၊ အဖတ်စားလည်း မကျနဲ့ လည်ချောင်းမှာ သံယောဇဉ်တွယ်မိတဲ့ အရိုးရယ်ကြောင့် ကျနော့်ခမျာ တစ်နေကုန် စာဖတ်လည်း ကသိကအောင့်၊ ချစ်သူနဲ့ စကားပြောလည်း အဆင်မပြေဖြစ်နေရရှာသပေါ့။ ဒီလိုနဲ့ တစ်ခန်းတည်းအတူနေတဲ့ အကိုကြီးကို မေးကြည့်တယ်။ “လည်ချောင်းမှာအရိုးနင်တယ်ဗျာ၊ ဘာစားစား၊ သောက်သောက်မကျဘူး၊ အဲဒါ လုပ်ပါဦး၊ ဆေးလေးဝါးလေး ရှိရင်” ဆိုတော့ သူက ငှက်ပျောက်သီးစားတဲ့။ ဒါနဲ့ အဘိုးကြီး အပတ်စဉ်တိုင်းငှက်ပျောပွဲထိုးပြီး ပြန်စွန့်ထားတဲ့ ပွဲကျငှက်ပျောသီးတွေ တစ်လုံးပြီး တစ်လုံးစားကြည့်တယ်။ မကျရေးချ မကျဗျို့။ ခက်တော့ နေပြီ။ ဒီအတိုင်းဆိုရင်တော့ ဆေးရုံသွားပြီး ဓာတ်မှန်ရိုက်ရတော့မလိုဖြစ်နေပြီ၊ ဒုက္ခ။

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနဲ့ အောက်ထပ်ဆင်းပြီး ရေဗူးထဲ ရေဖြည့်တော့ ထုံးစံအတိုင်း မီးဖိုချောင်ထဲ အဖိုးကြီး ဟင်းချက်နေတာ တွေ့ရပြန်ရော။ “အဘရာ အဘချက်တဲ့ ငါးခေါင်းဟင်းစားပြီး လည်ချောင်းထဲ အရိုးမျက်နေတာ တစ်နေကုန်ပဲ၊ ဘာစားစား မကျဘူးဗျာ၊ နေရခက်လိုက်တာ” ဆိုတော့ သူက ပြောပြန်တယ်။ “ဟားဟား မပူနဲ့၊ အခုလည်း ငါးကြော်နေတယ်၊ မနက်ဖန်စားရဦးမယ်” တဲ့။ ကျနော့်ခများ ငါးအသံကြားတာနဲ့တင် လန့်နေရတဲ့အထဲ ငါးကြော်နေသေးသတဲ့ဗျား။ နောက်ပြီးမှ သူက “ငှက်ပျောသီးစားရတယ် ကောင်လေးရ” တဲ့၊ ဆက်ပြောပြန်တယ်။ “အာ---စားတာပဲ အဘရ၊ အဘပွဲထိုးပြီး စွန့်ထားတဲ့ ငှက်ပျောသီးတွေတောင် ကျနော်စားလို့ ကုန်ခါနီးနေပြီ” ဆိုတော့ သူက ဘာမှမပြောပဲ ငြိမ်နေတယ်။

ဒီလိုနဲ့ စိတ်ပိန်ပိန်နဲ့ အပေါ်ထပ်ပြန်တက်ပြီး မျက်တဲ့မျက်တဲ့ အရိုးကို မေ့လိုမေ့ငြား ရုပ်ရှင်ကြည့်နေတုန်း အပြင်က တံခါးလာခေါက်လို့ ဖွင့်ပေးလိုက်တယ်။ အဘလက်ထဲမှာ သံပုရာသီးတစ်လုံးကို ညှစ်ကောင်းရုံ အစိတ်လေးတွေ လေးစိပ် စိပ်၊ ကြွေပန်းကန်လေးထဲထည့်ပြီး ကိုင်ထားတာတွေ့ရတယ်။ “ကဲ ဘာမှမပူနဲ့၊ ညအိပ်ယာဝင်တဲ့အခါ သံပုရာရည်ကိုညှစ်သောက်ပေတော့၊ ငါးအရိုးမပြောနဲ့၊ ဆင်စွယ်တောင် ပျော့သွားမယ်၊ မယုံမရှိနဲ့ လက်တွေ့ပဲ ကောင်လေးရ” တဲ့။ ရပြန်ပြီ နောက်ထပ် ဆေးနည်းတစ်မျိုး။ အတွေ့အကြုံများတဲ့ လူကြီးစကားဆိုတော့လည်း နားထောင်ရတာပေါ့။ ကိုယ်က ဒုက္ခရောက်နေတာကိုး။ ဒီလိုနဲ့ ညအိပ်ယာဝင်တဲ့အထိတောင် မစောင့်နိုင်တော့ဘူး။ ကြည့်နေရင်းတန်းလန်း ရုပ်ရှင်ကားကို ရပ်ပြီး ကုတင်ပေါ် ပက်လက်အိပ်၊ ပါးစပ်ဖြဲပြီး စိပ်ထားတဲ့သံပုရာခြမ်းလေးကို လျှာမထိ၊ အာမထိ၊ လည်ချောင်းဝ တိုက်ရိုက်ရောက်အောင် ညှစ်ထည့်ပြီး နေနိုင်သလောက် ငုံထားလိုက်တယ်။ ချဉ်လိုက်တာဗျာ။ သွားထိရင် သွားကျိမ်းမှာစိုးရ၊ လျှာထိရင်လည်း ချဉ်တဲ့အရသာပိုဆိုးလို့ လည်ချောင်းထဲ တည့်တည့်ဝင်အောင် ပက်လက်အိပ်ပြီး ညှစ်သောက်တာတောင် သံပုရာရဲ့ အချဉ်ဓာတ်က တော်တော်ပြင်းထန်တာကလား။

တစ်စိပ်ညှစ်ပြီး ခဏနေကြည့်တယ်၊ မျက်နေတုန်းပဲဗျို့။ ဒါနဲ့ လာစမ်း နောက်တစ်စိပ်။ ထပ်ညှစ်သောက်တယ်။ အဲပြီးတော့ ခဏနေလိုက်တယ်။ လည်ချောင်းဝမှာ ဘာမှမရှိတော့သလို ခံစားမိတယ်။ အယ်---အဘဆေးနည်း စွမ်းပြီထင်တယ်။ အခုဘာမှမခံစားရတော့ဘူး။ ဒါနဲ့ ရေတစ်ငုံနှစ်ငုံ သောက်လိုက်တယ်။ နေကြည့်တယ်။ သေချာတယ်။ အရိုးမမျက်တော့ဘူး။ အဟား----ပျော်လိုက်တာဗျား။ အရိုးနင်ရင် သံပုရာရေကို ဒီလိုဒီလို ညှစ်သောက်ရတယ်ဆိုတဲ့ အသိနဲ့ လက်တွေ့ပျောက်ကင်းသွားတဲ့ ကျနော့်အဖြစ်ကို ပြောပြချင်လိုက်တာ မပြောနဲ့တော့။ “သက်ကြီးစကား သက်ငယ်ကြား” လို့ အဆိုရှိသမို့လား။ ရှေးလူကြီးတွေရဲ့ အတွေ့အကြုံတွေက တန်ဖိုးဖြတ်လို့မရဘူးလေ။ အခုကျနော့်လည်ချောင်းဝမှာ အရိုးမျက်တဲ့ဒုက္ခကြီး အဘရဲ့ သံပုရာသီးအစွမ်းကြောင့် လုံးလုံးပျောက်ကင်းသွားပါပြီ။ ပျောက်ဆို သောက်ပြီး ငါးမိနစ်အတွင်းကို ပျောက်တာပါ။ မယုံမရှိနဲ့၊ လက်တွေ့။

Monday, November 22, 2010

(kindle) စာဖတ်စက်ကလေး


ကိုနေသစ်ရေ့ အမေးရှိတော့လည်း အဖြေသိရတာပေါ့ဗျား၊ Amazonkindle နဲ့ပတ်သက်ပြီး သိစရာတွေ၊ လေ့လာစရာတွေကတော့ အများကြီးပဲဗျာ့။ အခု ကိုနေသစ်မေးထားတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ပဲ အဖြေပေးပါ့မယ်။

လောလောဆယ် Run ထားတဲ့ Kindle ရဲ့ မူရင်း Format ကတော့ (၃)မျိုးရှိတာ တွေ့ရတယ်။ အဲဒါတွေကတော့---
(၁) Mobipocket Books (PRC or MOBI),
(၂) Plain text files (TXT) နဲ့
(၃) Amazon's Propietary, DRM-restricted format (AZW) ပေါ့။ အခုလောလောဆယ် Kindle ပေါ်တင်ထားတာကတော့ သိရသလောက် Roman အက္ခရာတွေနဲ့ချည်းပါပဲ။ လက်ရှိ ပေးထားတဲ့ Format နဲ့က Audio Files တွေဖြစ်တဲ့ MP3 and Audible (AA, AAX) files တွေကို အသံနဲ့ နားထောင်လို့လည်း ရပါတယ်။ Kindle DX က PDF Files တွေကိုလည်း ဖတ်လို့ပါတယ်။ ဒါပေမဲ့ အဲဒီဖိုင်တွေကိုတော့ Text-to-speech ပုံစံနဲ့ နားထောင်လို့တော့ မရဘူးပေါ့ဗျာ။ နောက်ပြီး PDF Files နဲ့လိုချင်ရင်တော့ သီးခြား Request လုပ်ရပါတယ်။ လုပ်ပုံက ဒီလိုဗျာ့---

PDF အပါအ၀င် ဘယ်လို Document မျိုးကိုမဆို Kindle's Native .AZW Format ထဲသွင်းလို့ရပါတယ် တဲ့။ တကယ်လို့ ကိုယ့် PDF file ကို စက်ထဲထည့်ချင်လျှင် အဲဒီဖိုင်ကို email နဲ့ သူတို့ဆီ ပို့ပေးရပါမယ်။ အဲဒီဖိုင်ကို .AZW format ပြောင်းပြီးတော့ ပြန်ပို့ပေးပါလိမ့်မယ်။ (ကျနော်ကတော့ တစ်ခါမှ မလုပ်ဖူးဘူးနော်)။ အဲဒီလို ပို့ပေးတဲ့အခါ ပိုက်ဆံပေးရတာလည်းရှိတယ်၊ မပေးရတာလည်းရှိတယ်။ တကယ်လို့ ကိုနေသစ်မှာ Kindle email address (စက်ဝယ်တုန်းက လုပ်ထားတဲ့ အီးမေးလ်၊ ကိုယ့်ကွန်ပျူတာထဲရှိ Kindle for PC document ထဲကိုလည်း အဲဒီအီးမေးလ်နဲ့ပဲ ၀င်ရပါတယ်။) ရှိပြီးသားဆိုရင် အဲဒီအီးမေးလ်ထဲကို အခမဲ့ ပြန်ပို့ပေးပါတယ်။ စက်ထဲတော့ ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ပြီး ကိုယ့်ဖာသာ ကိုယ်ပြန်ထည့်ရမှာပေါ့။

အဲလိုမဟုတ်ပဲနဲ့ Wireless စနစ်နဲ့ Whispernet ကနေတစ်ဆင့် ကိုယ့်စက်ထဲအော်တိုပို့ပေးစေချင်ရင်တော့ one MB ကို (၁၅) ဆင့် နှုံးနဲ့ ယူပါတယ်။ အဲဒါတော့ ဘဏ်ကဒ်ရှိမှ အဆင်ပြေမှာပေါ့။ တကယ်တော့လည်း ဒီ kindle ရဲ့ပုံစံတစ်ခုလုံးက ဘဏ်ကဒ်ရှိမှပဲ အဆင်ပြေတာကလား၊ အလကားပေးတဲ့ စာအုပ်တွေကို ဒေါင်းလုဒ်လုပ်လို့ ရပေမဲ့ ပိုက်ဆံနဲ့ ၀ယ်ရတဲ့ စာအုပ်တွေကျပြန်တော့ ဘဏ်ကဒ်နဲ့မှ အဆင်ပြေတာကိုးဗျာ့။

Amazonkindle ကုမ္ပဏီက Format အတော်များများကို Convert လုပ်ပေးတာတွေ့ရပါတယ်။ အဲဒီထဲမှာ
(၁) Microsoft Word (DOC, DOCX),
(၂) HTML (HTML, HTM),
(၃) Text (TXT),
(၄) PDF, JPEG (JPEC, JPG),
(၅) GIF, PNG, and BMP format တွေပါဝင်ပါတယ်။

Document အတော်များများကို တစ်ကြိမ်တည်းနဲ့ Convert လုပ်ပေးလို့ရတယ်လို့ ဆိုပါတယ်။ ကိုယ့်စက်ထဲထည့်သွင်းလိုတဲ့ document ကို .ZIP file လုပ်ပြီး ပို့ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက်တော့ ရှိပါတယ်။ တစ်ခါပို့ရင် Document ပေါင်း (၁၀၀) အထိပဲ လက်ခံပါတယ်။ Amazon က အဲဒီဖိုင်တွေကို Unzip လုပ်၊ Convert လုပ်ပြီး ကိုယ့်ဆီပြန်ပို့ပေးပါတယ်။ အဲဒီလိုလုပ်တာ သိပ်တော့မကြာပါဘူး။ အလွန်ဆုံးမှ (၁၀) မိနစ်ကနေ မိနစ်(၂၀) အတွင်း ပြီးပါတယ်။ Document တွေကို နဂိုရှိရင်းစွဲ Title တွေအတိုင်း ပြန်ပို့ပေးတယ်လို့ ဆိုပါတယ်။

ကဲဒီလောက်ဆိုရင် အတော်အတန်သိလောက်ပါပြီဗျာ့နော်။ တစ်ခုတော့ရှိတယ်။ ကိုယ့်ဆီဖရီးပြန်ပို့ပေးစေချင်ရင်တော့ www.amazon.com/myk ထဲဝင်ပြီး ကိုယ်ပိုင် Kindle's e-mail address တစ်ခုလောက်တော့ လုပ်ထားလိုက်။ အိုကေနော်။ အားလုံးအဆင်ပြေပါစေ။

Saturday, November 13, 2010

အမေ့စကား


တောလား၊ ရေလားတွေ ရေးပြီးကတည်းက အသင့်ဝယ်ထားတဲ့ Kindle စာဖတ်စက်လေးနဲ့ပဲ အချိန်ကုန်နေလိုက်တာ ဘလောဂ်ပေါ် မတက်ဖြစ်တာတောင်ကြာလှပေါ့ဗျာ။ ဒီနေ့တော့၊ ဒီနေ့ဆိုတာ မြန်မာသက္ကရာဇ် (၁၃၇၂)-ခု၊ တန်ဆောင်မုန်းလဆန်း (၇)၊ စနေနေ့၊ ခရစ်နှစ် ၂၀၁၀၊ နိုဝင်ဘာလ (၁၃)-ရက်ပေါ့။ ဒီနေ့တော့ မရေးလို့မဖြစ်ဘူး၊ ဒီထက်ပိုပြောရရင်တော့ မရေးပဲကို မနေနိုင်တော့ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီနေ့ဟာ မြန်မာတစ်နိုင်ငံလုံးကလူတွေ သူတို့ဆန္ဒကို ထုတ်ဖေါ်ခွင့်ရတဲ့နေ့ ဖြစ်လို့ပါပဲ။ နိုဝင်ဘာလ (၇) ရက်နေ့မှာ ပြည့်သူတွေဟာ သူတို့ဆန္ဒမပါပဲနဲ့ အကြောက်တရားကြောင့် မဲသွားထည့်ခဲ့ကြရရှာတယ်။ ဒါပေမဲ့ ဒီနေ့တော့ သူတို့ရဲ့ ဆန္ဒအစစ်အမှန်တွေနဲ့ တစ်စုံတစ်ယောက်ကို မြင်ခွင့်၊ ကြည့်ခွင့်၊ သူပြောတာကို နားထောင်ခွင့်ရဖို့အတွက် တညီတညွတ်တည်း ၀မ်းပန်းတသာ ချီတက်ခွင့်ရခဲ့ကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည် (သို့) အမေစု။
ပြည်သူလူထုက ချစ်မြတ်နိုးလွန်းလို့ အမေစုဆိုတဲ့ နာမည်ကို ရင်ထဲကတင်မက နှုတ်ဖျားကပါ ခေါ်နေကြပါပြီ။ အမေဟာ ပြည်သူအားလုံးရဲ့ရင်ထဲကို ဆယ်စုနှစ် နှစ်ခုကျော်ကျော် နေရာဝင်ယူထားခဲ့ပြီး ဒီမိုကရေစီအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်မှန်သမျှကို စွတ်လွှတ်ထားခဲ့သူပါ။ ဒါ့ပြင် ဇနီးသည်တစ်ယောက်ရဲ့ရင်ထဲမှာ တည်ရှိနေတဲ့ ချစ်ခြင်းမေတ္တာနှင့် မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာများကိုပင်အံတုပြီး ယုံကြည်မှုအတွက် အထိမ်းအသိမ်းခံခဲ့သူပါ။ မလွမ်း ဘယ်ခါရှိမှာလဲ? ပုထုဇဉ်လူသားတစ်ယောက်ပေပဲလေ။ ဒါပေမဲ့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာတဲ့ အမျိုးသားဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်ရဲ့ ဈာပနကိုလည်း မသွားခဲ့၊ ချစ်လှစွာသော သားနှစ်ယောက်ကိုလည်း သွားမကြည့်ခဲ့။ သူမရဲ့ လွတ်လပ်တဲ့ ချစ်ခြင်းမေတ္တာကို မလွတ်လပ်သေးတဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် အစတေးခံနိုင်ခဲ့တယ်။

ဒီနေ့တော့ အမေစု ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ မှောင်နေတဲ့ မြန်မာ့နိုင်ငံရေးလောကကြီး တစ်ခုလုံးအတွက် အလင်းရောင်ပြန်ပေးဖို့ အမေစုရောက်လာခဲ့ပါပြီ။ မြန်မာပြည်အရပ်ရပ်မှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံး ၀မ်းသာအားရဖြစ်ကြမှာ အမှန်ပါပဲ။ အားလုံးနဲ့အတူ ကျနော်လည်း မျက်ရည်လည်မတတ် ၀မ်းသာနေရပါပြီ။ ဘာကို မျှော်လင့်လို့၊ ဘာရမှာမို့လို့ ၀မ်းသာနေကြ၊ ၀မ်းသာနေရပါသလဲ?

ကျနော်အပါအ၀င် အားလုံးလိုချင်တဲ့အရာကတော့ “လွတ်လပ်ရေး” ပါပဲ။ အချုပ်အချယ်၊ အတားအဆီးတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ပြည်သူအတော်များများဟာ ကိုယ့်ကိုယ်ကို အချုပ်အချယ်တွေထဲမှာ နေကြရရှာတယ်လို့တောင် သိကြဟန်မတူတော့ပါဘူး။ နေနေကျဖြစ်နေကြပုံပါပဲ။ ဒါပေမဲ့ ယနေ့ကမ္ဘာကြီးဟာ သတင်းမီဒီယာအစွမ်းသတ္တိကြောင့် အလွန်ကျဉ်းမြောင်းသွားပြီဖြစ်လို့ ပြည်သူလူထုအတော်များများ လည်းမျက်စိပွင့်၊ နားပွင့်ဖြစ်နေကြပါပြီ။ အုပ်ချုပ်သူတွေက အဘက်ဘက်က ပိတ်ဆို့ဖို့ ကျိုးစားနေကြပေမဲ့ ပိတ်လေပွင့်လေဖြစ်နေတဲ့ခေတ်ကြီးကိုတော့ လွန်ဆန်လို့မရနိုင်ခဲ့ကြပါဘူး။ လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းတစ်လုံးထဲကို ကမ္ဘာကြီးတစ်ခုလုံး ၀င်နေရာယူထားလိုက်ပြီဆိုတာ သူတို့လည်း သဘောပေါက်လောက်ပါပြီ။

မျက်စိပွင့်နားပွင့်ဖြစ်လာတာနဲ့အမျှ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို အကျဉ်းကျနေသူတွေအဖြစ် သိမြင်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ သူတို့အမျှော်လင့်ဆုံးဟာ ဒီအကြပ်အတည်းကို ဖြေရှင်းပေးနိုင်တဲ့သူကိုပါပဲ။ ဒီအတွက် အမေစုကို တောင့်တနေခဲ့ကြပါတယ်။ နှစ်ပေါင်း (၂၀)လုံးလုံး စောင့်စားနေခဲ့ကြရပါတယ်။ (၆၂) နှစ်လုံးလုံး အင်္ဂလိပ်ကျွန်ဘ၀ရောက်ခဲ့ကြတုန်းက ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကို ယူပေးခဲ့ပါပြီ။ သို့ပေမဲ့ ကိုယ့်မင်းကိုယ့်ချင်းဘ၀မှာ လွတ်မြောက်မည်ကြံကာမှ နှစ်ပေါင်း (၅၀) နီးပါး စစ်အုပ်ချုပ်ရေးစနစ်အောက်ကို ပြန်လည်ရောက်ခဲ့ကြရရှာပြန်ပါတယ်။ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးခံဘ၀မှာ အကျင့်သားရနေကြပေမဲ့ ရင်ထဲမှာတော့ တစ်နေ့နေ့လွတ်မြောက်ရေးဆိုတဲ့ မျှော်လင့်ချက် ကိုယ့်စီနဲ့ချည်းပဲလို့ ထင်ပါတယ်။

ဒီမျှော်လင့်ချက်ကို အားဖြည့်ပေးနိုင်တဲ့သူ ဒီနေ့တော့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ဒိအတွက် မြန်မာတစ်ပြည်လုံးကသာမက တစ်ကမ္ဘာလုံးကပါ ၀မ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးတွေကလည်း အမေစုရဲ့လွတ်မြောက်မှုအတွက် ၀မ်းသာအားရနဲ့ နှုတ်ခွန်းဆက် ကြိုဆိုနေကြပါတယ်။ အမေစုနောက်မှာ ပြည်သူတစ်ရပ်လုံးသာမက တစ်ကမ္ဘာလုံးကပါ ရပ်တည်နေတယ်ဆိုတာ ဒီနေ့မှာ သက်သေပြလိုက်ပါပြီ။ ဒါပေမဲ့ လက်ရှိစစ်အုပ်ချုပ်ရေးအောက်မှာ အမေစုဘာလုပ်ပေးနိုင်မလဲ? ဆိုတဲ့မေးခွန်းကိုတော့ မမေးမဖြစ် မေးရမှာပါပဲ။ ဒိအတွက် သူမက လွတ်လွတ်ချင်းပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ We have to "work in unison" to achieve our goals . “လိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက် ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ဆောင်ကြရမည်” တဲ့။ အမေ့စကားနားထောင်ရမည့် အချိန်ကျရောက်ပါပြီ။