Sunday, August 22, 2010

လွမ်းစေတီ


လွမ်းစေတီ
ကမ်းခြေဆီ တောင်ယံထိပ်
မျှော်ဖူးသူ ဘ၀င်သိမ့်အောင်
ထူးလှပေသည်
တူနှစ်ကိုယ်
ဆုံပါခဲ့ နေညိုချမ်း
အလွမ်းကိုယ်ဆီနှင့်
ဆုံခွင့်တွေ အရှည်မျှော်လို့
ဟိုတောင်ပေါ် စေတီဦး
ဖူးလို့ ရည်မှန်း။

Friday, August 20, 2010

မြန်မာပတ်စ်ပို့မို့


အကျွန်ုပ်သည် မြန်မာမိသားစုစစ်စစ်မှ မွေးဖွါးပြီး ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်၏ အရိပ်အောက်တွင် ကြီးပြင်းလာခဲ့ရသူတစ်ယောက် ဖြစ်သည့်အားလျော်စွာ မြန်မာလူမျိုးဖြစ်ရခြင်းကို၎င်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်းကို၎င်း တစ်ခါဘူးမျှပင် ဂုဏ်ငယ်သည်ဟုဖြစ်စေ၊ သိမ်ငယ်သည်ဟုဖြစ်စေ ခံစားခဲ့ရဖူးခြင်းမရှိကြောင်း ဦးစွာပြောကြားလိုပါသည်။ ၀ံသာနုရက္ခိတစိတ်ဓာတ်ခေါ် ကိုယ့်အမျိုးနှင့် ကိုယ့်ဘာသာကို ချစ်သောစိတ်သည်လည်း မည်သည့်အရပ်၊ မည်သည့်ဒေသသို့ပင် ရောက်ရောက် ပျောက်ပျက်ဖူးသည်ဟုလည်း တစ်ခါဘူးမျှ မရှိခဲ့။ သို့သော် သို့သော်----။

“အကို အကို့လေယာဉ်လက်မှတ်အရဆိုရင် ဘန်ကောက်လေဆိပ်ကနေ လန်ဒန်ထွက်မည့်အချိန်က မနက် (၁) နာရီ (၁၀) မိနစ်မှာဆိုတော့ ဒီအချိန် ဘန်ကောက်လေယာဉ်စီးရင် သုဝဏ္ဏဘူမိလေဆိပ်ထဲမှာ အကြာကြီး စောင့်နေရဦးမှာ၊ အခုဒီက လေယာဉ်ထွက်မည့်အချိန်က (၉) နာရီနဲ့ (၅၅) မိနစ်ဆိုတော့ ဟိုရောက်တဲ့အခါ နောက်ထပ် လန်ဒန်ထွက်မည့် လေယာဉ်ကို လေဆိပ်ထဲထိုင်ပြီး (၁၅) နာရီလောက်တောင် စောင့်နေရမှာ ပျင်းစရာကြီး၊ ညလေယာဉ်ပြောင်းစီးပါလား”

ရန်ကုန်အပြည်ပြည်လေဆိပ်ထဲက TG Airways ကောင်တာမှာ ခရီးသည်များကို လက်မှတ် Checking လုပ်ပေးတဲ့ ညီမလေးက ကျနော့်လက်မှတ်ကြည့်ပြီး သနားသွားပုံရသည်။ ညထွက်မည့်လေယာဉ်ပြောင်းစီးဖို့ အကြံပြုသည်။

“ကျနော်လည်း အဲဒါပဲ စဉ်းစားနေတာဗျာ့၊ ဟိုရောက်တဲ့အခါ လေဆိပ်ထဲ အသိမရှိဘာမရှိနဲ့ တစ်ယောက်တည်း ထိုင်နေရမှာ အတော့်ကို ပျင်းစရာကောင်းမှာပဲ။ ဒါနဲ့ ဒီကထွက်မည့် လေယာဉ်ချိန် အခုမှကပ်ပြီးပြောင်းလို့ ဖြစ်နိုင်ပါ့လား”
သူ့စကားအရ ဖြစ်နိုင်ပုံရသော်လည်း သေချာအောင် မေးကြည့်ရသည်။

“ဖြစ်နိုင်ပါတယ် အကို၊ အဲဒါပြောင်းချင်ရင် အသေချာဆုံးက မြို့ထဲကဧဂျင်စီတွေမှာပဲ၊ ဒါပေမဲ့ ကျမတစ်ချက်ကြည့်ပေးမယ်လေ၊ ဖုန်းလှမ်းဆက်ကြည့်မယ်၊ ရလိုရငြားပေါ့၊ ခဏစောင့်နေပါနော်၊ အကို့နောက်မှာ ခရီးသည်တွေ ရှိနေတာဆိုတော့ ဟိုဘက်ခုံတန်းမှာ ခဏသွားထိုင်ပေးနေပါလား၊ ရရင် ဒီက၀န်ထမ်းတစ်ယောက်ကို အကို့ဆီလွှတ်ပြီး အကြောင်းကြားပေးပါ့မယ်၊ အဆင်ပြေလား အကို”
အလွန်ယဉ်ကျေးပျူငှါသော လေသံ၊ အမူအယာတို့ဖြင့် ပြောနေသော မြန်မာအမျိုးသမီးတစ်ယောက်ကို တွေ့ရသဖြင့် စိတ်ထဲ အံ့သြ၀မ်းသာမိသည်မှာ အမှန်ပင်။ သူပြောသည့်အတိုင်း ပြည်ပထွက်ခွါမည့် ခရီးသည်များ ခေတ္တနားနေရာ ခုံတန်းများတွင် သွားထိုင်နေလိုက်သည်။ ခုံတန်းတစ်ခုပေါ်ထိုင်ရင်း လိုက်ပို့သောအမကို ကြည့်လိုက်ရာ အပြင်ဘက်တွင် ရှာမတွေ့တော့။ ဖုန်းဆက်ကြည့်သည်။

“ဟလို---အမရေ၊ ဘယ်မှာလဲ အခု”
“အော်ဟုတ် မောင်လေး၊ အမအခု လမ်းရောက်နေပြီ၊ မောင်လေး အဆင်ပြေလား”
“ဟုတ်ကဲ့ ပြေပါတယ်အမ၊ အခုမောင်လေး လေယာဉ်ချိန်က အရမ်းစောနေလို့ ၀န်ထမ်းကောင်မလေးက ညလေယာဉ်နဲ့ ပြောင်းပေးဖို့ Checking လုပ်နေတယ်၊ ရရင်တော့ မောင်လေးအခုသွားစရာမလိုသေးဘူး၊ ညကျမှ အေးအေးဆေးဆေးထွက်လို့ရတယ်၊ ဘန်ကောက်လေဆိပ်ထဲ ထိုင်စောင့်နေစရာမလိုတော့ဘူးပေါ့ အမ”
“ဟုတ်လား မောင်လေး၊ အဲဒါဆို သိပ်ကောင်းတာပေါ့၊ တကယ်လို့ မောင်လေးလေယာဉ်ပြောင်းလို့ရရင် ဖုန်းပြန်ဆက်လိုက်နော်၊ အမပြန်လာခဲ့မယ်၊ ရပါစေလို့ ဆုတောင်းပေးတယ်နော် မောင်လေး”
“ဟုတ်ကဲ့ အမ၊ ရရ/မရရ ဖုန်းပြန်ဆက်လိုက်မယ်နော်၊ တော်ကြာ အမစိတ်ပူနေမှာစိုးလို့”
“အမယ်၊ ငါ့မောင် တော်တော် လိမ်မာနေတယ်ပေါ့၊ အမစိတ်ပူမှာ စိုးတတ်နေပြီ၊ အဲဒီစကားနဲ့တင် ငါ့မောင်ကို ပိုချစ်သွားပြီ၊ စိတ်ချ အမပြန်လာကြိုပါ့မယ်၊ ရပါစေ ငါ့မောင်ရေ့”
“ဟုတ်ကဲ့ အမ၊ ဟုတ် ဟုတ်၊ မောင်လေး အကျိုးအကြောင်း ပြန်ဆက်မယ်နော်၊ ဖုန်းကဒ်ထဲမှာ ပိုက်ဆံ နှစ်ကျပ်လောက်ကျန်သေးတယ်၊ တမင်ချန်ထားတာ အမနဲ့ စကားပြောရအောင်လို့လေ”
“ဟားဟားဟား ပလီတဲ့မောင်လေး၊ ငါ့မောင်အကြောင်း သိပါတယ်အေ့၊ မင်းကောင်မလေးဆီ ဆက်ဖို့ ချန်ထားတာများ မသိဘူးအောင့်မေ့နေတယ်ပေါ့၊ ကဲပါ--အမ ကားမောင်းရင်း ပြောနေရတာ၊ ခဏနေမှ ရ/မရ ပြန်ဆက်နော်”
“ဟုတ်ကဲ့ အမရေ့ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကားလည်း ကြည့်မောင်းနော်”
“အင်းပါ ကလေးရယ်၊ မင်းသာ အဆင်ပြေအောင်လုပ်၊ ကြားလား၊ ဘိုင့်နော်”
“ဘိုင့် အမ”

လေဆိပ်လိုက်ပို့သော အမသည် ကျနော် Checking ၀င်နေပြီဖြစ်တဲ့အတွက် စိတ်ချလက်ချ အိမ်ပြန်သွားလေပြီ။ အခုတော့ ရန်ကုန်လေဆိပ်ထဲမှာ ကျနော်တစ်ယောက်တည်း။ ဘေးနားမှာ စကားပြောဖေါ်မရှိ။ (၁၀) မိနစ်ခန့်ကြာသောအခါ လေဆိပ်ဝန်ထမ်းတစ်ယောက် ကျနော့်ဆီ ရောက်လာပြီး ကောင်တာက ခေါ်နေကြောင်း ပြောသဖြင့် ထသွားသည်။

“ရလား ညီမလေး”
ရောက်မဆိုက်ပင် ကျနော်မေးလိုက်မိသည်။
“ပြောင်းလို့မရဘူး အကို၊ ကျမ ရနိုင်တဲ့အနေအထားတွေ အကုန်လိုက်ကြည့်ကြည့်တယ်၊ အကို့လက်မှတ်က Discount ချထားတဲ့အချိန် ၀ယ်ထားတာက တစ်ကြောင်း၊ နောက်ပြီး ညလေယာဉ်မှာလည်း လူအပြည့်မို့ ခုံအလွတ်တစ်ခုမှ မကျန်တော့ဘူး၊ အဲဒီတော့ အကို အခုထွက်မည့်လေယာဉ်နဲ့ပဲ လိုက်သွားရတော့မှာ”

ကရုဏာလေသံဖြင့် ပြောရှာသည်။ ကျေနပ်ပါသည်။ အများကြီးကျေနပ်ပါသည်။ ဘာတတ်နိုင်မည်နည်း။ ဒီလိုဖြစ်ရတာ လက်မှတ်ဝယ်စဉ်တုန်းက ကျနော်ကိုယ်တိုင် သေသေချာချာစိစစ်ပြီး မ၀ယ်ခဲ့မှုကြောင့် ဖြစ်ရခြင်းဖြစ်သဖြင့် ကိုယ့်ကိုယ်ပင် အပြစ်ပုံရတော့သည်။

“အင်းလေ၊ မရတော့လည်း သွားရုံပေါ့၊ အခုလို ကူညီတာ အများကြီးကျေးဇူးတင်တယ်ဗျာ၊ တကယ်တော့ လက်မှတ်စ၀ယ်ကတည်းက ကျနော် သေသေချာချာ မကြည့်ခဲ့တာ၊ အဲဒါကြောင့် ဒီလိုဖြစ်ရတာ၊ ကဲ သွားပြီဗျာ၊ ကျေးဇူးနော် ညီမလေး”

ဝန်ထမ်းကောင်မလေးကိုနှုတ်ဆက်ပြီး ပါလာသောလက်ဆွဲအိပ်ကိုလွယ်ကာ အထွက်လူဝင်မှုကြီးကြပ်ရေးရုံးရှိရာ အပေါ်ထပ်သို့ တက်ခဲ့သည်။ တန်းစီနေသော လူတန်းရှည်ကြီးနောက်တွင် ၀င်တန်းလိုက်သည်။ ကျနော်အပေါ်ထပ်ရောက်သွားသောအခါ ဘန်ကောက်ထွက်မည့် TG-လေယာဉ်မှာ အထွက်ခရီးသည်များကို ခေါ်စပင်ပြုလေပြီ၊ ခဏနေသောအခါ လေယာဉ်ဝန်ထမ်းတစ်ယောက်လာခေါ်သဖြင့် လူဝင်မှုကြီးကြပ်ရေးတွင် တန်းမစီရတော့ပဲ သံတမန်များထွက်သောကောင်တာမှာ Checking-လုပ်ပြီး လိုက်သွားရသည်။ ဘန်ကောက်ထွက်မည့်ခရီးသည်များ လေယာဉ်ပေါ်သို့ တက်နေကြပြီဖြစ်သည်။ အများနောက်မှ ၀င်တန်းပြီး လေယာဉ်ပေါ်သို့ တက်ခဲ့သည်။ မှတ်မှတ်ရရ ကျနော့်ခုံနံပါတ်က ပြူတင်းပေါက်နားကပ်လျှက် အမှတ် (၄၃)။ စလက်မှတ်ဖြတ်ကတည်းက ဘန်ကောက်+ရန်ကုန် အသွားအပြန်ကို Window Seat ယူပြီး၊ လန်ဒန်+ဘန်ကောက် အသွားအပြန်ကို အလယ်ခုံယူထားသည်။

နံနက် (၉) နာရီ၊ (၅၅) မိနစ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ TG လေယာဉ်ကြီး စတင်ထွက်ခွါသည်။ လေယာဉ်ပေါ်ထိုင်ရင်း သုဝဏ္ဏဘူမိလေဆိပ်ထဲမှာ တစ်ယောက်တည်း ဘယ်လို အချိန်ဖြုန်းရမည်ဆိုသည်ကို စဉ်းစားနေရသည်။ (၁၅) နာရီဆိုသောအချိန်သည် နည်းနည်းနောနောမဟုတ်။ လေဆိပ်အပြင်ဘက်ထွက်ခွင့်မရပဲ နေ့ထက်ဝက်မက ရှည်ကြာသော ယင်းကာလအတွင်း အသိမရှိသောနေရာမှာ တစ်ယောက်တည်းနေရမည့်အဖြစ်ကို တွေးမိရင်းပင် ပျင်းလာမိသည်။ ဘယ်မှသွားလာခွင့်မရှိပဲ နှစ်ရှည်လများ ထောင်ကျနေသော ထောင်သားများ မည်သို့နေလေမည်မသိ။ မဆီမဆိုင် အကြောင်းအမျိုးမျိုးကြောင့် ထောင်ကျနေရရှာသူများကို ကိုယ့်အဖြစ်နှင့်နှိုင်းယှဉ်ကာ ကိုယ်ချင်းစာမိသေးတော့သည်။

ဘန်ကောက်လေဆိပ်ရောက်သောအခါ ဘန်ကောက်စံတော်ချိန်အရ နေ့လည်(၁၂)နာရီပင် ထိုးချေပြီ။ ဘန်ကောက်စံတော်ချိန်က မြန်မာပြည်ထက် တစ်နာရီအချိန်စောသဖြင့် ရန်ကုန်+ဘန်ကောက် ပျံသန်းချိန်တစ်နာရီမျှသာဖြစ်သော်လည်း မြန်မာပြည်မှ မနက်(၁၀)နာရီတွင်ထွက်သော လေယာဉ်သည် ဘန်ကောက်ရောက်သောအခါ တစ်နာရီရှေ့တိုးပြီး (၁၂)နာရီဖြစ်သွားတော့သည်။ လေဆိပ်ထဲ ရောက်ရောက်ချင်း Information Centre သို့သွားကာ လန်ဒန်ထွက်မည်ခရီးသည်များ နားနေလို့ရမည့် နေရာကို သွားစုံစမ်းရသည်။ ဒုတိယထပ်သို့ ညွှန်ကြားသဖြင့် ဒုတိယထပ်သို့ တက်သွားပြီး တစ်ယောက်တည်း ဟိုယောင်ယောင်ဒီယောင်ယောင်ဖြင့် ခုံတစ်ခုတွင်နေရာယူကာ အနီးရှိ Bangkok Post သတင်းစာတစ်စောင်ကို ကောက်ယူဖတ်နေလိုက်သည်။

“အချိန်သည် ကုန်ခဲလေစွာ့”
ယင်းသို့တွေးမိရင်း သိပ္ပံပညာရှင်ကြီး အိုင်စ်တိုင်း၏ “Relativity Theory” ကို ကြီးကြီးကျယ်ကျယ် သတိရလိုက်မိသဖြင့် တစ်ဆက်တည်း ယင်းနှင့်စပ်၍ သူပြောခဲ့ဖူးသောစကားများကို အမှတ်ရမိသေးတော့သည်။ အိုင်စ်တိုင်း၏ ကာလ+ဒေသဆိုင်ရာ အတွေးအခေါ်တစ်ခုဖြစ်သော ယင်းသီအိုရီထွက်လာသောအခါ ကမ္ဘာအရပ်ရပ်က ရူပဗေဒပညာရှင်ပေါင်းမြောက်များစွာတို့က ၎င်းတို့နားလည်သော ရှုထောင့်အမျိုးမျိုးမှဖွင့်ဆိုပြီး စာအုပ်များရေးသားကြလေရာ စာရင်းပြုစုထားသောစာအုပ်ပေါင်းသည်ပင် (၉၀၀) ကျော်ရှိသောဟူ၏။ သို့သော်လည်း အိုင်စ်တိုင်းကိုယ်တိုင်က သူ့၏ ကာလ+ဒေသဆက်စပ်မှုသဘောတရားကို အလွန်ရိုးစင်းသော ဥပမာဖြင့် ပြောကြားခဲ့ကြောင်း မှတ်သားခဲ့ရဖူးသည်။

တခါတုန်းက အိုင်စ်တိုင်းနှင့်ရင်းနှီးသော မိတ်ဆွေတစ်ယောက်က သူ၏အယူအဆကို မေးမြန်းသဖြင့် အိုင်စ်တိုင်းက--
“ဒီလိုလေ ကိုယ့်လူရဲ့၊ အချိန်ကြာတယ် သို့မဟုတ် မြန်တယ်ဆိုတာ မရှိပါဘူး၊ ကြာခြင်း/မြန်ခြင်းဆိုတာ အချိန်က လုပ်တာမဟုတ်ပါဘူး၊ လူတွေရဲ့ အယူအဆ၊ သို့မဟုတ် ခံစားချက်သာဖြစ်ပါတယ်။ ဥပမာဗျာ---ခင်ဗျားသိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ အတူတူနေရတဲ့အခါ အချိန်တွေ ဘယ်လောက်ပဲကုန်သွားကုန်သွား၊ ကြာတယ်မထင်ဘူးမဟုတ်လား၊ အဲ---ဒါပေမဲ့ ခင်ဗျားကို အလွန်ပူတဲ့ မီးဖိုပေါ်မှာ ငါးမိနစ်လောက်ထိုင်ခိုင်းမယ်ဆိုပါစို့၊ ခင်ဗျားဘယ်လိုခံစားမလဲ၊ တစ်မိနစ်ဆိုရင်တောင် သိပ်ကြာတယ်လို့ ထင်မှာပဲ မဟုတ်လား၊ ကျုပ်ရဲ့ ကာလ+ဒေသ သဘောတရားဆိုတာလဲ အဲဒီအပေါ်မှာပဲ အခြေခံထားတာပါဗျာ့၊ ခဲရာခက်ဆစ်ကြီးမဟုတ်ပါဘူး” လို့ ပြန်ပြီး အဖြေပေးခဲ့တယ်။

အခုလည်း ကျနော့်ခမျှာ အနားမှာ ချစ်ရမည့်သူက မရှိလေသောအခါ နေ့ထက်ဝက်မျှသော အချိန်ကို အလွန်ကြာမြင့်လေပြီဟု အထင်ရောက်နေလေရာ ထိုင်လို့လည်း အဆင်မပြေ၊ ထလို့လည်း သွားစရာကမရှိ၊ အိပ်ဖို့လုပ်ပြန်တော့လည်း နေရာက မကောင်းသောကြောင့် အချိန်ကုန်လိုကုန်ငြား သတင်းစာကိုသာ ကျိတ်မှိတ်ကာ ဖတ်နေရလေတော့သည်။ သတင်းစာတစ်စောင်ကို အသေးစိမ့်မဟုတ်သော်လည်း အတော်တန် လှန်လှောဖတ်ရှုပြီးသောအခါ ဖတ်စရာကုန်သွားသဖြင့် နောက်တစ်မျိုး အချိန်ဖြုန်းဖို့ ကြံစည်ရပြန်သည်။ သို့နှင့် ပါလာသော Laptop-ကိုဖွင့်လိုက်ရာ ကံအားလျော်စွာ လေဆိပ်ထဲအင်တာနက် အလကားသုံးခွင့်ပြုထားကြောင်း တွေ့လိုက်ရသည်။ အပျင်းပြေချက်ဖေါ်ချက်ဖက်ရှိလိုရှိငြား G-talk ဖွင့်ကြည့်ရာ ဘန်ကောက်တွင်ကျောင်းတက်နေသော သူငယ်ချင်းတစ်ယောက် အွန်လိုင်းရောက်နေသည်ကို တွေ့ရသဖြင့် လှမ်းနှုတ်ဆက်ဖြစ်သည်။

“ကိုယ့်လူကြီး နေကောင်းလားဟေ့၊ ကိုယ်တော့ အခုဘန်ကောက်လေဆိပ်ထဲ တစ်ယောက်တည်း ပျင်းလို့သေတော့မယ်၊ လန်ဒန်လေယာဉ်က မနက် တစ်နာရီကျော်မှတဲ့ဗျား”
“ဟုတ်လား သူငယ်ချင်း၊ ဘန်ကောက်ထဲလာမလား၊ လာမယ်ဆို အခုချက်ချင်း လာကြိုမယ်လေ”
“လာချင်တာပေါ့ သူငယ်ချင်းရ၊ ကိုယ်လည်း အမှုမဲ့အမှတ်မဲ့နဲ့ Transit Visa မယူခဲ့ဘူးဆိုတော့ လာလို့မရဘူးလေကွာ”
“အာ ကိုယ့်လူကလည်း စောစောကတည်းက ကိုယ်ဒီမှာရှိတာ သိသားနဲ့ကွာ၊ ယူခဲ့ရော့ပေါ့”
“ရှိတာသိပေမဲ့ အဲဒါကို သတိကို မရခဲ့တာပဲဟေ့၊ အဲဒါကြောင့်ဘာမှကို ကြိုတင်မလုပ်ခဲ့ရဘူး၊ နေဦးကွ၊ အောက်ဆင်းပြီး ကောင်တာမှာ သွားမေးကြည့်မယ်၊ လေဆိပ်ထဲ Transit Visa ယူလို့ရချင်ရမှာ”
“ရရင်တော့ ကောင်းတာပေါ့၊ သွားမေးကြည့်လေ၊ ရရင်ချက်ချင်းပြောနော်၊ ကိုယ်လာကြိုမယ်၊ စားပွဲသောက်ပွဲလေးနဲ့ ဧည့်ခံပါ့မယ် ဆရာရယ်”
“သွားရေကျအောင် မပြောနဲ့ဗျာ၊ ဒီမှာ ဘတ်ငွေမရှိလို့ ရေတောင် ၀ယ်မသောက်နိုင်ဖြစ်နေတာ၊ မနက်ကတည်းက လေယာဉ်ပေါ်မှာ ကျွေးတဲ့ မနက်စာလေးနဲ့ အသက်ဆက်နေရတာ၊ ကဲ ပြောနေတာကြာတယ်၊ သွားမေးလိုက်ဦးမယ်”

သူငယ်ချင်းနဲ့ ချက်တင်လုပ်ပြီး အောက်ထပ်ရှိ သတင်းစုံစမ်းရေးဌာနသို့ ဆင်းလာခဲ့သည်။ ကောင်တာမှာ ရုပ်ရေခပ်သန့်သန့်၊ အသက်(၂၈)နှစ်ဝန်းကျင်ရှိ ထိုင်းအမျိုးသမီးတစ်ယောက်ထိုင်နေသည်။ အနားကပ်ကြည့်သောအခါ မျက်နှာတွင် ၀က်ခြံအနည်းငယ်ရှိကြောင်း သတိပြုမိသည်။ အင်္ဂလိပ်စကားကို ရေလည်အောင်ပြောတတ်ကြောင်း သူနှင့်စကားပြောသောအခါ သိလိုက်ရသည်။ ယင်းထိုင်းအမျိုးသမီးက “ဘာအကူအညီပေးရမလဲ” ဆိုသည့် နိုင်ငံတကာသုံးဝါကျဖြင့် စတင်မိတ်ဆက်လိုက်သည်။

“ကျနော် လန်ဒန်သွားမည့် ခရီးသည်ပါ၊ ကျနော့်လေယာဉ်က မနက် (၁) နာရီမှဆိုတော့ အချိန်တော်တော်စောနေသေးတယ်၊ အဲဒါကြောင့် ဘန်ကောက်မြို့ထဲ သူငယ်ချင်းရှိတဲ့ဆီ ခဏ၀င်လယ်ချင်လို့ပါ၊ ကျနော်သိချင်တာက ဒီလေဆိပ်ထဲမှာ Transit Visa ထုလို့ရလား ဆိုတာပါခင်ဗျား”
“အော် ဟုတ်လား၊ အကို့ပတ်စ်ပို့က ဘာအမျိုးအစားပါလဲ၊ ဟို ဘယ်နိုင်ငံပတ်စ်ပို့ကို ကိုင်ထားပါသလဲရှင်၊ တဆိတ် ကြည့်ပါရစေလား”
“အော် ဟုတ်ကဲ့၊ ဒီမှာပါ၊ ကျနော်က မြန်မာနိုင်ငံကပါ၊ မြန်မာပတ်စ်ပို့ပဲ ကိုင်ပါတယ် ခင်ဗျား”
“အော်--ဒါဆိုရင်တော့ ဒီမှာ Transit Visa ထုမပေးပါဘူးရှင်”
“ဘန်ကောက်ထဲဝင်ဖို့ တစ်ခြားနည်းလမ်းလေးများ မရှိဘူးလား ခင်ဗျား”
“တရားဝင်ဆိုရင်တော့ Transit Visa နဲ့မှ ၀င်လို့ရမှာပါရှင့်၊ အဲဒါမပါရင် ၀င်လို့မရပါဘူး”

ပြီးလေပြီ။ ကျနော်ရှေ့ဆက်ပြီး စောဒကတက်ခွင့်မရှိတော့၊ အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ လေဆိပ်ထဲ ထိုင်စောင့်နေရုံက လွဲပြီး တခြားနည်းလမ်းမရှိတော့။ ကွန်ပျူတာပြန်ဖွင့်လိုက်သည်။ အင်တာနက်ပေါ်မလာတော့။ သို့သော် သုဝဏ္ဏဘူမိလေဆိပ် Website ကြီးပေါ်လာသည်။ ယင်းတွင် လေဆိပ်ထဲမှာ (၁၅) မိနစ်မျှသာ အင်တာနက် ဖရီးသုံးဖွင့်ပြုကြောင်း၊ (၁၅)ထက်ကျော်ပါက ပိုက်ဆံဖြင့် ၀ယ်သုံးရမည်ဖြစ်ကြောင်း ရေးထားသည်ကို ဖတ်လိုက်ရသည်။ တော်ပါပြီ၊ ပိုက်ဆံအကုန်မခံလိုတော့ပြီ။ သို့သော် သူငယ်ချင်းဆီ အကြောင်းကြားဖို့ ကိစ္စကရှိသေးသည်။

အိပ်ထဲတွင်ပါလာသောဖုန်းကို ဖွင့်ကာ မြန်မာပြည်မှာသုံးခဲ့သည် Sim card ကိုဖြုတ်ပြီး ယူကေတွင်သုံးသည့် O2 Sim card ကို ထည့်လိုက်သည်။ Roaming Charge ဖြင့် O2 Line ရှင်းရှင်းလင်းလင်း ၀င်လာသည်။ ဖုန်းထဲ ပိုက်ဆံကုန်နေသဖြင့် ဖုန်းဖြင့်ပင် (၁၅) ပေါင်ဖိုး Top-up လုပ်လိုက်ရသည်။ “အော် သူများနိုင်ငံတွေများ သူတို့သက်ဆိုင်ရာနိုင်ငံသူ/သားတွေ အစစအရာရာလွယ်ကူအဆင်ပြေအောင် လမ်းကြောင်းတွေဖွင့်ပေးထားပါလား” ဟူသောအတွေးဝင်လာသဖြင့် မြန်မာနိုင်ငံထဲက လူကြီးမင်းများကို မေတ္တာပင် လှမ်းပို့လိုက်မိသေးတော့သည်။

ဖုန်းထဲရှိ သူငယ်ချင်းဖုန်းနံပါတ်ကိုရှာခေါ်ပြီး လေဆိပ်မှာ Transit Visa မပေးကြောင်းပြောရသည်။ သူက “ဘာကြောင့် မပေးရသလဲ” ဟုမေးသဖြင့် မြန်မာနိုင်ငံသားဖြစ်ရခြင်းကို လွန်စွာဂုဏ်ယူလေ့ရှိသော ကျနော့်ခမျှာ ဤတစ်ကြိမ်မှာတော့ဖြင့် စိတ်အားသိမ်ငယ်စွာနှင့်ပင်---

“မြန်မာပတ်စ်ပို့မို့ တဲ့ သူငယ်ချင်းရေ့” ဟုသာ ပြောနိုင်ရှာလေတော့သည်။


Sunday, August 15, 2010

တောင်သမန်ရဲ့ ဆည်းဆာယံ


ဝင်နေချည် ရေကိုညွှန်း
ရွန်းလုလု အပြန်
ခက်မယ်ဇယ် အင်းရေပေါက်
ဆင်းသောက်တဲ့ဟန်
ဆည်းဆာယံ
တောင်သမန် အင်းဘေး
ရှက်ကိုးနေဟန်နှင့်
နှစ်ကိုယ်တူ လေအဝှေ့မှာ
ထွေးဖက်လို့ နွေး။

(ချစ်သူအတွက်)
-------------

ဝင်နေချည် ရွန်းလုလု
ရေနုမှာ တောက်လာ
ခက်မယ်ဇယ် အင်းရေဆင်း
ငုတ်သောက်ထဲ့အခါ
မင်းနဲ့ ငါ
ဘီယာခွက်ကိုင်ရင်း
သုတ်သီးသုတ်ပြာနှင့်
တောင်သမန် အင်းရေစပ်ကို
ရှူးပေါက်ဖို့ဆင်း။

(သူငယ်ချင်းအတွက်)


Saturday, August 14, 2010

ပြီးမှ စာလုပ်မယ်


မနက်ခင်း
မိုးလင်းသို့ ရောက်ပြီ
စာလုပ်မည် ရည်ကာမှန်း
ဖွင့်စမ်းငဲ့ လက်ပ်တော့အစုတ်
ပလုပ်တုတ် ပလုံစီနဲ့
ဆူညံတဲ့ နှုတ်ဆက်သံ
G-talk မှာ လာလို့ထပ်
ကမ္ဘာအရပ်ရပ်က၀င်လာ
ဟုတ်ကဲ့ပါ ပြန်ပြောရင်း
E-mail ထဲဝင်မိပြန်
ဟိုသူ့ထံ စာပြန်
ဒီသူ့ထံ ပုံပို့
Facebook မှာ မက်ဆေ့ပေါ်
ခဏလေးနော် ၀င်မိ
Blog ဆီလည်း သွားဦးမှ
ရေးပြီးသား အဟောင်းပြန်ဖတ်
မထူးခြားတဲ့ ပို့စ်တွေ
စာလုပ်မည် အချိန်ကြည့်တော့
ဟောဗျာ
ညနေ ငါးနာရီထိုးပါလား
ရေမိုးချိုး ထမင်းစား
ဘုရားရှေ့မှာ ခဏထိုင်
ပုတီးကိုင် မြန်မြန်စိမ့်
အရဟံ နဲ့ ဗုဒ္ဓေါထပ်
တပတ်ပြည့်အောင် အားတင်း
ဒီညသတင်းက သိပ်မကောင်း
ချာနယ်ပြောင်းလို့ ကြည့်ဦးမယ်
ဟိုက် ရှာလပတ်ရည်
ငါကြိုက်တဲ့ ရုပ်ရှင်ကား
အကောင်းစား စာရင်းဝင်
ကြည့်ချင်နေတာ ကြာပေါ့
ပွဲပြီးတော့မှ စာလုပ်မယ်
ရည်ရွယ်ရင်း အချိန်ကြည့်တော့
ည (၁၂) ထိုးပြီ
ကဲ ဒီနေ့တော့ အချိန်မရှိ
မနက်ဖန်မှ စာလုပ်မယ်
စိတ်ကူးကယ် ခေါင်းမှာစွက်
အိပ်ယာထဲ ၀င်လို့စင်း
မိုးစင်စင် အလင်းရောက်
စာလုပ်ဖို့ ရည်ရွယ်ပြန်
ကွန်ပျူတာထံ ခလုပ်နှိပ်
G-talk ထဲမှာ မက်ဆေ့ထား
အကို နေကောင်းလား တဲ့။
ဒီလိုနဲ့-----ဒီလိုနဲ့-----။

Wednesday, August 11, 2010

ခြေရာခံခြင်း


ငှက်တစ်ကောင်
ခေါင်းပေါ်က ပျံတိုင်း
လေလှိုင်းတစ်ချက်ဝှေ့
မင်းအတွေ့ ငါ့ကိုငြိ
ငါသိလိုက်တယ်
ငါ့နောက်ကွယ်
မင်းဘယ်ရောက်နေလဲ။

ကြွက်တစ်ကောင်
ငါ့ရှေ့က ဖြတ်ပြေး
အမှိုက်လေး တစ်စကျန်ရစ်
ပြန်စစ်ဖို့ ကောက်ကြည့်
ဟော သိပြီ
မင်းရဲ့ ဖိနပ်အစ
ဟိုဘက်ခြံထဲကပဲ။

Sunday, August 8, 2010

အမေအိုရဲ့ ဂုဏ်ပြုသံ


မှတ်မိသေးလား သူငယ်ချင်း
ဒို့များ အတူလမ်းထွက်လို့
ဝမ်းအတွက်ကိုတောင် မငဲ့ကွက်
အသက်ကိုလည်း အမှုမထား
မတရားတာကို တော်လှန်ဖို့
အော်သံတွေ အသကုန်ပေး
“အရေးတော်ပုံ အောင်ရမည်”
တူညီတဲ့ စိတ်ဓာတ်တွေနဲ့
ထိတ်လန့်စရာတွေ အလေးမပြု
တစ်ခုတည်းသော ပန်းတိုင်အတွက်
ချီတက်ခဲ့ကြတာ ဒီနေ့ပေါ့။

မင်းနဲ့ငါအတူ ရင်ဘောင်တန်း
မျှော်မှန်းတဲ့ ပန်းတိုင်အတွက်
လက်တစ်ဘက်ကို မြှောက်ချီ
တန်းစီကာ ချီတက်ခဲ့
ဒို့ရဲ့ အနာဂတ်အတွက်ပေါ့။

“ဒိုင်း” ဆိုတဲ့ အသံတစ်ခု
သတိပြုမိလိုက်တဲ့ အချိန်မှာ
ငါ့ကမ္ဘာပြိုပျက်
မင်းအသက် ဆက်မရှူ
ရင်ပူတဲ့ ငါ့လက်တွေနဲ့
မင်းကို ထွေးဖက်ထားခဲ့ရတယ်။

သွေးကွက်ထဲ လဲပြို
မင်းကိုယ်ကို ငါထူရင်း
မင်းလက်ထဲ ခွပ်ဒေါင်းအလံ
ပြိုမလဲအောင် ကူကိုင်
မနိုင့်တနိုင် မင်းကိုထမ်းလို့
လာလမ်းကို ပြန်ချိန်မှာ
အိမ်ဝက ဆီးလို့ကြို
မျက်ရည်စို တဖြိုင်ဖြိုင်နဲ့
မင်းအမေအို ဆိုတဲ့စကား
ငါ့နားမှာ အမြဲကြားယောင်
“သားမောင် သူရဲကောင်းကြီး” တဲ့။

(၈-လေးလုံးအရေးတော်ပုံအတွင်း အသက်ပေးဆပ်လိုက်ရသော ရဲဘော်များကို ရည်စူးလျှက်)

Thursday, August 5, 2010

အပြန်လမ်းမှ လွမ်းသစ္စာ


အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးလေပြီ။ မျှော်ရစ်ဒေသသည်ကား ဆည်းဆာနေ၏ ရောင်ပြန်ဟတ်မှုကြောင့် ပိုမိုလှပနေသည်။ ညနေခင်းရောက်လာသည်နှင့်အမျှ ပင်လယ်ပြင်ကို ဖြတ်၍ တသောသော တိုက်ခတ်နေသော လေနုတွင် အအေးဓာတ်ပိုမိုပါလာသယောင် ခံစားရသည်။ ကလေးများကား ကျောက်ကြိုကျောက်ကြားတွင် ပြေးလွှားဆော့ကစားနေကြဆဲ။ အိမ်ပြန်ဖို့ မည်သူမှ သတိရကြဟန်မတူ။ ကျနော့်မျက်လုံးအစုံသည် ပင်လယ်ပြင်သို့ ငေးမောကြည့်ရှုနေမိသည်။ တစ်စုံတစ်ခုကို စဉ်းစားနေသည်လော၊ ကိုယ်တိုင်ပင် သတိမပြုမိ။

“အကို ဒီမှာပဲ နေရစ်တော့မယ် ထင်တယ်နော်”
တစ်စုံတစ်ယောက်သောသူ အနားလာပြီးပြောမှ သတိဝင်လာသည်။ မနက်ကတည်းက လိမ်းလာသော ရွှေဘိုသနပ်ခါးရနံ့သည် သူ့ကိုယ်မှ ထွက်မပြေးသေး။ တိုက်ခတ်လာသော ပင်လယ်လေနုအေးနှင့်အတူ ကျနော့်နှာခေါင်းကို ဖြတ်သန်းသွားသော သူ့၏မွှေးရနံ့ကြောင့် လှည့်မကြည့်ပဲပင် ကိုယ့်အနား သူရောက်လာကြောင်း သတိပြုမိသည်။ လှည့်မကြည့်ပဲ တုန့်ပြန်ဖြစ်သည်။

“ဟုတ်တယ် ဥ၊ ကိုယ် ပြန်တောင်မပြန်ချင်တော့ဘူး၊ ဒီနေရာလေးက သိပ်ကိုသာယာတာပဲ၊ နေရတာ စိတ်ချမ်းလည်း သာတယ်၊ ပြီးတော့ ကိုယ့်စိတ်ကို တစ်စုံတစ်ယောက်က ဆွဲထားသလိုမျိုး ကိုယ် ခံစားနေမိတယ်”
ရည်ရွယ်ချက်ဖြင့် တမင်ပြောလိုက်ခြင်းဖြစ်သည်။ သူ့ဆီက ထွက်လာမည့်စကားကို ထီထိုးထားသူပမာ မျှော်လင့်နေမိသည်။

“ဧကန္တတော့၊ အကို့စိတ်ကို အလောင်းစည်သူ မိဖုရားသုံးယောက် ဖမ်းစားထားပြီထင်တယ်၊ ဟင့် ဟင့် ဟင့်”
ကိုယ်မျှော်လင့်ထားသော တုန့်ပြန်မှုမျိုးမဟုတ်သဖြင့် တစ်ဖက်လှည့်၍ သူမမြင်အောင် သက်ပြင်းတစ်ခုချလိုက်မိသည်။ ရင်ထဲမှာကား ဆို့နစ်မွန်းကြပ်လျှက်။ တိုက်ခတ် ဖြတ်သန်းလာသော ပင်လယ်လေကို တ၀ကြီးရှူပစ်လိုက်သည်။ ယင်းသည့်နောက် တစ်ခုခု ပြောဖို့ အားယူလိုက်သည်။

“အကို အမကြီးက ပြန်ချိန်တန်ပြီတဲ့၊ လေးနာရီတောင်ခွဲတော့မယ်၊ မောင်းမကန် ကမ်းခြေဘက် လှည့်ဝင်ဦးမယ်လို့လည်း ပြောနေတယ်၊ အဲဒီ သွားဦးမယ် မဟုတ်လား၊ သွားရအောင်နော်၊ ညီမလေးလည်း ကမ်းခြေမရောက်ဖြစ်တာ ကြာနေပြီ သိလား အကို”
ဖူးစာကံ ခေချေပြန်ပေါ့။ ညီမငယ်က အနားလာပြီး သွားဖို့ သတိလာပေးလေပြီ။ ရင်ထဲကစကား အားတင်းကာပြောမည်ပြုလေတိုင်း အမကခေါ်၊ ညီမကအော်နှင့် လွဲရမည့်အချစ်ကံနှယ် ဘယ်သံသာဝဋ်ကြွေးကများ အပြစ်ပေးလေသည်မသိ။

“အော်---ဟုတ်ကဲ့ ညီမလေး၊ အကိုလည်း ကမ်းခြေသွားချင်ပါတယ်၊ သွားကြတာပေါ့၊ အဲဒီရောက်မှ ဟာနေတဲ့ ဗိုက်တွေ ဖြည့်ကြရဦးမယ်၊ ညီးလည်း ဆာနေပြီ မဟုတ်လား”
ပါးစပ်ထဲရောက်ရာပေါက်ရာ ပြောလိုက်ရတော့သည်။ စိတ်ထဲမှာတော့ ညီမလေးကို ခေါင်းခေါက်ချင်နေသည်။ အကို့အတွက် နည်းနည်းပါးပါး အလိုက်သိပေးသည်ဟူ၍မရှိ။ အကို့ကို တစ်သက်လုံး လူပျိုကြီးဘ၀နှင့်ပင် နေစေချင်ကြလေရော့ထင့်။ မတတ်သာပြီမို့ ကံကိုပင်ယုံစားကာ နောက်တစ်ကြိမ်လာမည့်အခွင့်ကိုသာ စောင့်ရပေတော့မည်။

“ဆာတာပေါ့ အကိုရ၊ နေ့လည်က တ၀တပြဲစားထားတာတွေလည်း ဒီအချိန်ဆို ကုန်ပေါ့၊ ဒါနဲ့ အကိုက ဟိုကျောက်တုံးကြီးကို ဘာဖြစ်လို့ စိုက်ကြည့်နေရတာလဲ၊ ကိုယ့်ကိုယ်ကို အလောင်းစည်သူမင်း ၀င်စားတယ်များထင်နေလို့လား”
ကျနော့်ညီမလေးသည် နောက်တောက်တောက် အလွန်ပြောချင်ဆိုချင်သူလေးဖြစ်ရာ အကိုဖြစ်သူကိုပင် မညှာမတာ နောက်ပြောင်တတ်သူဖြစ်သည်။ တခြားနေရာမှာဆို ကျနော်ရှက်မည်မဟုတ်။ အခုတော့ သူ့ရှေ့တည့်တည့်မှာ အမေးခံလိုက်ရသဖြင့် ကျနော့်ခမျာ မျက်နှာမထားတတ်အောင်ပင် ဖြစ်ရရှာတော့သည်။

“ဟဲ့ ကောင်မလေး၊ ဟောဗျာ၊ ဘာတွေမေးနေတာလဲ၊ ဒုက္ခပါပဲ”
ကျနော်ပူထူနေသလောက် ညီမလေးက တဟားဟား ရယ်မောနေသဖြင့် လူကြီးရှက်တော့ရယ် ဆိုသလို ကျနော်လည်း ရောယောင်ကာ ရယ်လိုက်ရတော့သည်။ သူ့မျက်နှာကို ကြည့်လိုက်တော့ ပြုံးစိစိ၊ တစ်မျိုးပင် ချစ်ဖို့ကောင်းသေးတော့သည်။

“ကဲ ခင်မူရေ့---ညီးအကိုကတော့ အလောင်းစည်သူမင်း ၀င်စားလား/မ၀င်စားလားတော့ မသိဘူး၊ ဟိုကျောက်တုံးကြီးရဲ့ အဖမ်းစားခံနေရတာတော့ သေချာနေပြီ၊ ဒီတောင်က မြန်မြန် မခွါလို့ကတော့ နေမြင့်လေ အရူးရစ်လေဖြစ်မှာ ငါတော့ မြင်ယောင်မိသေးတယ် သိလား”
အရေးထဲ သူကပါ ၀င်လှော်သဖြင့် ထိုင်ရာက အမြန်ထလိုက်ရတော့သည်။ ဆက်ထိုင်နေပါက ညီိမနှင့် သူ၏ ကျီစယ်မှုတွင် ကျနော်ရေတိမ်နစ်ရပေတော့မည်ထင့်။

“ကဲကဲ၊ သွားဆိုလည်း သွားကြပေတာပေါ့ နှမတော်တို့၊ နောက်မနေကြပါနဲ့တော့၊ တော်ကြာ နှမတော်နှစ်ပါး ၀ိုင်းဝန်းကျီစယ်ဒဏ်ကို မခံနိုင်အားသမို့ ငါကိုယ်တော်ရှင်မြတ် ဟိုကျောက်တုံးကြီးအပေါ် ခုန်ချပြီးသေပွဲဝင်မိလိမ့်မကွဲ့”
မထူးတော့ပြီမို့ အလောင်းစည်သူလေသံဖြင့် သူတို့လိုရာသို့ပင် အရောက်ပို့ပေးလိုက်ရပေတော့သည်။

“ကလေးတွေ စုံပြီလား မီးငယ်”
ကားပေါ်ရောက်သည်နှင့် အမကြီးက ကျနော့်အောက်ကြပ်ကြပ်ညီမလေးကို လှမ်းမေးသည်။ မီးငယ်သည် ကျနော်တို့အိမ်တွင် အိမ်မှုကိစ္စအ၀၀ကို စေ့စေ့စပ်စပ်ဆောင်ရွက်တတ်သည့်အပြင် ကလေးများလေးစားကြောက်ရွံ့ရသောသူတစ်ယောက်လည်းဖြစ်သည်။ ညီမငယ်ကဲ့သို့မဟုတ်၊ အမြဲတမ်း ခပ်တည်တည်နေတတ်သည်။ အသက်မကြီးသေးသော်လည်း လူကြီးလွန်စွာဆန်သဖြင့် ကလေးအားလုံးက မီးငယ်ကို ချစ်ကြောက်ရိုသေကြသည်။ မီးငယ်အမိန့်ကို နာခံသည်။ ထို့ကြောင့် အမကြီးက သူ့ကို ကလေးထိမ်းရာထူးပေးထားခြင်း ဖြစ်ဟန်တူသည်။

“ဟုတ် မမကြီး၊ ကလေးတွေတော့ စုံပါပြီ၊ အကိုလေးက တံတားပေါ်မှာ ရှိသေးတယ်၊ သူ့ကို စောင့်နေကြတာ”
ကျနော်ကြားအောင် တမင်လေသံမြင့်ပြီး ပြောလိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်သည်။ မျှော်ရစ်တံတားပေါ်က ကျနော်မဆင်းချင်သေး။ ဆည်းဆာအလှကို နောက်ဆုံးဓာတ်ပုံ ရိုက်ယူလိုက်ချင်သေးသည်။ သို့သော်လည်း ယင်းအတွက် နောက်ထပ် မိနစ် (၂၀) စောင့်ရပေဦးမည်။ ကျနော်အတ္တဆန်လို့ မဖြစ်တော့။ အများကို ဦးစားပေးရမည်။ နှေးကွေးသော ခြေလှမ်းများဖြင့် မော်တော်ကားရှိရာသို့ လျှောက်လာသည်။ နောက်မှာ ကျန်ရစ်သော မျှော်ရစ်တောင်တော်ကို သမင်လည်ပြန် တစ်ချက်လှည့်ကြည့်ဖြစ်သည်။ “နေရစ်ပေဦးတော့”။ ရင်ထဲက နှုတ်ဆက်လိုက်သည်။

အိမ်ပြန်ခရီးသည် လူတိုင်းအတွက် ပျော်စရာဖြစ်ကောင်းဖြစ်မည်မှန်သော်လည်း ကျနော့်အတွက် မမှန်ကြောင်း မျှော်ရစ်က ထွက်လာသောအခါ ကျနော်ခံစားရသည်။ ဆုံနိုင်ခွင့်တွေ ကြုံခဲ့ပါလျှက်နှင့် လွဲခဲ့ရသောဖူးစာကံကို ပြန်မျှော်လင့်နေမိသည်။ နောက်တစ်ခါဟူသောအခွင့်သည် ကျနော့်အတွက် မရှိခဲ့သော် ဤဘ၀ဤမျှနှင့်ပင် ဆုံနိုင်ခွင့်အတွက် လက်လျော့ရတော့မည်ထင့်။

“ပင်ပန်းသွားပြီလား ညီလေး”
ကားရှေ့ခန်းမှာ ငုငုငိုင်ငိုင်ထိုက်လိုက်လာသော ကျနော့်ကိုကြည့်ပြီး ကားဆရာမေးခွန်းထုတ်သည်။

“ဟုတ် အကို၊ နည်းနည်းအေးသလိုပဲ”
စကားရှာပြောလိုက်ရသည်။ ကိုယ့်အဖြစ်နှင့်ကိုယ်မို့ တေမိကို မေ့ဆေးပေးထားသည့်ပမာ ကျနောနှုတ်ဆိတ်နေချင်သည်။ ကားကလေးသည် မောင်းမကန်ကမ်းခြေသို့ ဦးတည်လျှက် တရိပ်ရိပ်ပြေးနေသည်။ လမ်းဘေးဝဲယာ သစ်ပင်ကြီးငယ်များက ကားအဖြတ်တွင် ယိမ်းယိုင်ကာ လက်ပြနှုတ်ဆက်နေကြသည်။ ရင်ထဲမှာ အလွမ်းငွေ့ပိုလာသလိုလို ခံစားရသည်။ မြင်မြင်သမျှအရာအားလုံးသည် ကျနော့်ကို နှုတ်ဆက်နေကြသည်ချည်း ကျနော့်မျက်လုံးထဲ မြင်ယောင်နေသည်။ အပြန်လမ်း၏ လွမ်းမောဘွယ်အဖြစ်သည် မအောင်မြင်သူ၏ နှလုံးသားကို ပိုမို အထီးကျန်စေသယောင်ပင်။

ကားသည် လာလမ်းအတိုင်းမသွားပဲ ရိပ်သာတစ်ခုဆီသို့ ဦးတည်မောင်းနှင်နေသည်။ မောင်းမကန်ရွာသည် အိမ်ခြေနှစ်ထောင်ကျော်ရှိ ရွာကြီးဖြစ်သည့်အပြင်၊ မျှော်ရစ်၊ ပင်လယ်ကမ်းခြေနှင့် ရေပူစမ်းတို့ပါ ရှိနေသဖြင့် ရပ်ဝေးရပ်နီးမှာ ရွှေဧည့်သည်များကို ဆွဲဆောင်အားကောင်းလျှက်ရှိလေသည်။ ရွာသူရွာသားများမှာလည်း ဘာသာသာသနာကို လွန်စွာလေးစားကြည်ညိုသူများဖြစ်ပေရာ ကျောင်းကန်စေတီပုထိုးများဖြင့် စည်းကားသိုက်မြိုက်လှပေသည်။ ကျနော်ငယ်စဉ်ကတည်းကပင် ရွာမှာ ဘုန်းတော်ကြီးကျောင်းပေါင်း (၇)ကျောင်းမျှရှိလေပြီ။ အခုကျနော်ပြန်ရောက်သွားချိန်တွင် နောက်ထပ်ရိပ်သာကြီးတစ်ခု ထပ်မံတိုးနေသည်ကို တွေ့ရသည်။ ကျနော်တို့ကားလေးသည် ထိုရိပ်သာသို့ ဦးတည်မောင်းနှင့်နေခြင်းဖြစ်ကြောင်း ကားဆရာပြောပြသဖြင့် သိရသည်။

ရိပ်သာသို့ ၀င်ရာလမ်းတွင် သီဟိုဠ်သရက်ပင် အမြောက်အများစိုက်ပျိုးထားသည်ကို တွေ့ရသည်။ အသီးမှန်သမျှတို့၏ အစေ့အဆံအများစုသည် အသီး၏အထဲတွင်သာ နေရာယူဖြစ်ထွန်းသော ဓမ္မတာရှိသော်လည်း ထားဝယ်စကားဖြင့် “ရှစ်က္လစ်သီး”ခေါ်သော သီဟိုဠ်သရက်သီးမှာ တစ်မူထူးခြားကာ အစေ့အဆံသည် အသား၏အပြင်ဘက်သို့ ထွက်လျှက်ရှိသည်။

“အကိုလေး ဟိုအပင်က ဘာသီးခေါ်လဲ သိလား”
ညီမငယ်က သူ့ထုံးစံအတိုင်း ကျနော့်ကို ပညာစမ်းလေပြီ။
“အမယ်၊ သိတာပေါ့ ညီမလေးရ၊ အဲဒါ “ရှစ်က္လစ်သီး”လေ”
ရိုးရိုးပင် ပြန်ဖြေလိုက်သည်။ သူလိုချင်သောအဖြေမဟုတ်မှန်း ကျနော်သိပါသည်။ သို့သော် ဘာပေါက်ကရပြောဦးမည်လဲဟုသိလိုသဖြင့် အများသိပြီးသားအမည်အတိုင်းပင် အဖြေပေးလိုက်သည်။

“ဘယ်ကလာ၊ အကိုလေးကလည်း အလိုက်တာ၊ အဲဒါ “လိပ်ခေါင်းသီး” လို့ခေါ်တယ် မှတ်ထား”
သီဟိုဠ်သရက်သီးကို လိပ်ခေါင်းသီးဟု ကြံကြံဖန်ဖန်ပြောသဖြင့် ကျနော့်မှာ စားဖို့ပင် ရွံရှာမိသေးသည်။ ယင်းသို့နှင်နှင်ပင် ညီမငယ်သည် လမ်းတောက်လျှောက်တွေ့ရာအပင်များ အသီးများကို သူ့စိတ်ကူးတည့်ရာ နာမည်အမျိုးမျိုးပေးပြီး ဟာသလုပ်ရင်း လိုက်ပါလာသဖြင့် ကျနော့်ရင်ထဲရှိ အလွမ်းများပင် တဖြေးဖြေး ငုတ်ကွယ်လျှက်ရှိပေတော့သည်။

ရိပ်သာအ၀င်ဝတွင် ဆိုင်းဘုတ်ကြီးတစ်ခုကို အနီးရောင်အောက်ခံတွင် အဖြူရောင်စာလုံးကြီးဖြင့် “ပရမတ်ဓာတ်ပေါက်လိုလျှင် ဤရိပ်သာသို့ဝင်” ဟုရေးထားသည်ကို တွေ့ရသည်။ ယင်းစာတမ်းကို ဖတ်ပြီး စိတ်ထဲ တစ်မျိုးတစ်မည်ပင် ခံစားမိရသေးသည်။ တခြားရိပ်သာသို့ သွားပါက ပရမတ်ဓာတ်ပေါက်မည်မဟုတ်ကြောင်း ပြောင်းပြန်တွေးမိသဖြင့် မရယ်မိအောင် မနည်းမျိုသိပ်ထားလိုက်ရသည်။ ယင်းဆိုင်းဘုတ်ကြောင့်ပေလော မပြောတတ်၊ ရိပ်သာသို့ လာရောက်တရားရှုမှတ်သူများ အလွန်ပေါကြောင်း ကြားသိရသည်။ ကျနော်တို့ကားကလေး ရိပ်သာဝင်းထဲ ရောက်သွားချိန်မှာ ညနေ ငါးနာရီကျော်လေပြီ။

မောင်းမကန်ရှိဘုန်းကြီးကျောင်းနှင့် ရိပ်သာမှန်သမျှသည် တောင်ခြေတွင်တည်ရှိကြသော်လည်း ဤရိပ်သာမှာ တစ်မူထူးခြားကာ ပင်လယ်ကမ်းစပ်တွင် တည်ထောင်ထားခြင်းဖြစ်သည်။ ရိပ်သာထဲကနေ ကြည့်လိုက်ပါက မောင်းမကန်ပင်လယ်၏ လှိုင်းခေါင်းဖြူဖြူလေးများကို အတိုင်းသားမြင်နေရသည့်အပြင် ပင်လယ်ပြင်၏ လေနုနုကိုလည်း အခါမလပ်ရရှိနေသည်ဖြစ်ရာ ကျနော့်မှာ အကယ်၍ ရိပ်သာမဆောက်ပဲ ဟိုတယ်ဆောက်ပါက ပိုကောင်းမည်လောဟုပင် အကုသိုလ်အဖြစ်ခံလျှက် တွေးမိချေသေးသည်။

ကားပေါ်က ဆင်းသည်နှင့် ပင်လယ်ပြင်ကို အတိုင်းသားမြင်နေရသည်ဖြစ်ရာ ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ကန်တော့ဖို့ပင် မေ့လျော့ကာ ကမ်းစပ်သို့ အပြေးသွားမိလေသည်။ ရေကျပြီးကာစ သဲခုံပြင်ကို ခြေချမိသည်နှင့် ကျနော့်မှာ လှည့်ပြန်ချင်စိတ်မရှိတော့ပဲ ဤနေရာမှပင် မောင်းမကန်ကမ်းခြေအရောက် လမ်းလျှောက်လိုစိတ်ပေါက်လာသဖြင့် ကားကိုမစောင့်ပဲ သွားနှင့်ဖို့ ပြောရတော့သည်။ အဖွဲ့သားများမှာလည်း ကျနော့်နည်းတူ သဲသောင်ယံပေါ် လမ်းလျှောက်ပြေးလွှာလိုကြသူများချည်းဖြစ်ပေရာ အားလုံးကားပေါ်မှ ဆင်းလျှက် ကမ်းခြေတောက်လျှောက် လမ်းလျှောက်ပွဲ ကျင်းပရလေတော့သည်။ ထိုအထဲတွင် သူကား ပါမလာ။ ကားပေါ်ထိုင်ကျန်ရစ်သဖြင့် “စိမ်းကားလေခြင်း”ဟု တွေးမိကာ သက်ပြင်းရှည်ရှည်တစ်ခုပင်ကိုပင် လူမမြင်အောင် ချလိုက်ရလေသည်။

လေနုသည် ညင်းသော့သော့တိုက်ခတ်နေသည်။ လှိုင်းခေါင်းဖြူဖြူလေးများကလည်း သူဦးငါအလျင် ကမ်းစပ်သို့ အပြေးလာနေကြသည်။ သဲသောင်ပြင်ပေါ်က ဂဏန်းပေါက်စ ရာပေါင်းများစွာတို့လည်း လူအလာတွင် သက်ဆိုင်ရာတွင်းအသီးသီးသို့ ၀င်ပြေးနေကြသ်။ ကလေးများလည်း ရေစပ်တွင် ဟစ်အော်ပြေးလွှား ဆော့ကစားနေကြသည်။ မိနစ် (၂၀) ခန့်လျှောက်မိကြသောအခါ ရှေ့နားတွင် တောင်ကျချောင်းငယ်တစ်ခုကို တွေ့ရသည်။ စီးလာသောဖိနပ်များကို ချွတ်လျှက် ချောင်းငယ်ကို ဖြတ်ကျော်ရသည်။ ချောင်းကျော်သည်နှင့် မောင်းမကန်ကမ်းခြေ၏ သင်္ကေတဖြစ်သော ပင်လယ်ကဗွီးပင်ကြီးများကို လှမ်းမြင်နေရသည်။ လေအလာတွင် ယိမ်းထိုးလှုပ်ရှားလျှက် လာရောက်သော ဧည့်သည်များကို အကဖြင့် ဖျော်ဖြေနေသယောင်ပင်။

ဓာတ်ပုံတဖြတ်ဖြတ်ရိုက်ဖြစ်သည်။ တဖြေးဖြေးနှင့် ကမ်းခြေရင်းသို့ ရောက်လာခဲ့ကြသည်။ နေ၀င်ဆည်းဆာအလှကို ကြည့်ရှုခံစားနေကြသော ဧည့်သည်များကိုလည်းတွေ့ရသည်။ ကမ်းနဖူးသဲသောင်ပြင်ရှိ အဒေါ်ဆိုင်တွင် ခဏထိုင်ကာ အအေးသောက်ကြသည်။ ကားဖြင့်လိုက်ပါလာသော အဖွဲ့သားများလဲ ရောက်နှင့်နေကြပြီဖြစ်သည်။

“လမ်းလျှောက်လို့ ကောင်းလား အကို၊ ကျမလည်း လမ်းလျှောက်ချင်တာပဲ၊ ကလေးနှစ်ယောက်ပါနေလို့ သိလား”
ခုံပေါ်တွင်ထိုင်လိုက်သည်နှင့် သူအနားရောက်လာသည်။ ဟာနေသော ကွက်လပ်ကို တစ်ခါဖြည့်ဆည်းခဲ့ပြန်ပြီ။ အပြစ်တော်တင်မည်စိုးသောကြောင့်ထင့်၊ ရောက်မဆိုက်ပင် သူ လမ်းလျှောက်ရင်း လိုက်မလာနိုင်ကြောင်းကို ဖွင့်ဟရှာသည်။ ရင်ထဲမှာ အကျေနပ်ကြီး ကျေနပ်သွားမိသည်။ စားပွဲတွင် အားလုံး ၀ိုင်းထိုင်နေသဖြင့် နှစ်ကိုယ်ကြားပြောရမည့်စကားများလည်း ပါးစပ်ဖျား ရောက်မလာနိုင်ကြတော့။ ကံခေသူ၏ အဆုံးသတ်ပွဲမှာ ဆုံးဖြတ်ရဲတဲ့ သတ္တိနည်းခဲ့လေသော ကျနော်သည် သူ့မျက်နှာကို နောက်ဆုံးအကြည့်ဖြင့်သာ ကျေနပ်ခဲ့ရလေတော့သည်။

နေ၀င်လေပြီ။ အမှောင်ထု လွှမ်းလုလုတွင် ခရီးစဉ်ကို ရပ်နားကာ အိမ်ပြန်လမ်းသို့ မြန်းကြရတော့မည်။ အားလုံးကို နှုတ်ဆက်လိုက်သည်။ မျှော်ရစ်ကိုလှမ်းနှုတ်ဆက်သည်။ မောင်းမကန်ကမ်းခြေကို နှုတ်ဆက်သည်။ ထို့နောက် သူ့ကို နှုတ်ဆက်သည်။ မနက်ဖန် ကျနော် မောင်းမကန်က ခွါရတော့မည်။ တစ်နှစ် သို့မဟုတ် နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်--------။ ဤနေရာသို့ ပြန်ရောက်နိုင်ဦးလော မပြောတတ်။ ပျော်ရာမှာမနေရ၊ တော်ရာမှာနေရသည့်ကျနော့်ဘ၀အတွက် နောက်တစ်ခါသူ့နှင့်ဆုံခွင့်သည် အပြောင်းအလဲများစွာနှင့် ကြုံရမည်ဆိုပါက ကျနော်-------------ကျနော်--------------။





Wednesday, August 4, 2010

အလောင်းစည်သူမင်း၏ မိဖုရားကျောက်ရုပ်


“မောင်လေး ဒီတစ်ခေါက် မျှော်ရစ် သွားဦးမှာလား”
အမမေးခွန်းကို ကျနော်ချက်ချင်းပြန်မဖြေပါ၊ အဘယ့်ကြောင့်ဆိုသော် အမ သိလျက်သားနှင့် တမင်မေးခြင်းဖြစ်ကြောင်း ကျနော်အတတ်သိနှင့်နေသည်။ ကျနော် မေးခွန်းပြန်ထုတ်မိသည်။
“ဘာလဲ အမက လိုက်မပို့ချင်လို့လား”
“အမယ်၊ ငါ့မောင် ဘယ်သွားချင်သွားချင်၊ လိုက်မပို့ခဲ့တာ ရှိလို့လား၊ ငါ့မောင်သွားမယ်ဆို အမလိုက်ပို့ဖို့ အဆင်သင့်၊ ကြိုတင်သိနေလို့ ကားတောင် ငှါးထားပြီးပြီ၊ မနက်ဖန် မနက်ကားထွက်မယ်၊ ထုံးစံအတိုင်း ကလေးတွေပါမယ်၊ ထမင်းချိုက်၊ ဟင်းချိုက်နဲ့ စားစရာတွေ အကုန်စီစဉ်ပြီးပြီ၊ တစ်ခုပဲ၊ ရာသီဥတုကတော့ စိတ်မချရဘူး၊ မိုးရွာနိုင်တယ် မောင်လေးရဲ့”
“ကိစ္စမရှိပါဘူး အမ၊ မိုးရွာလည်း မောင်လေးတော့ သွားရမှာပဲ၊ မျှော်ရစ်မှ မသွားရရင် မောင်လေး အသက်တိုလိမ့်မယ်”

ယင်းသို့ပြောလိုက်သောအခါ ကျနော့်အမ ပြူးသွားလေတော့သည်။ တစ်မျိုးမထင်စေလိုပါ၊ အမမျက်လုံးအစုံ ပြူးကျယ်သွားခြင်းကို ဆိုလိုခြင်းသာ ဖြစ်ပါသည်။ တစ်ခါတုန်းက အမမေးခွန်းတစ်ခု မေးခဲ့ဖူးသည်။
“မောင်လေးက မောင်းမကန်လာတိုင်း ဘာဖြစ်လို့ မျှော်ရစ်ကို မဖြစ်မနေ သွားသွားနေရတာလဲ”ဟူ၍။

ကျနော့်မှာ တိကျသော အဖြေမရှိပါ။ ထို့ကြောင့် တိကျရေရာသော အဖြေမျိုးကိုလည်း ကျနော်မပေးနိုင်ခဲ့ပါ။ သွားချင်သောကြောင့်ဟုသာ အဖြေပေးခဲ့နိုင်ပါသည်။ စောဒကတက်သော မေးခွန်းမျိုး ထပ်မံအမေးမခံရသောကြောင့်သာ တော်သေးသည်ဟု စိတ်ဖြေခဲ့ရသည်။ အမှန်အားဖြင့် အမကိုယ်တိုင်သည်ပင် မျှော်ရစ်ကို သွားရမည်ဆိုပါက အမြဲတမ်းပျော်ရွှင်နေသည်ချည်း။ သွားမည်ဆိုသည်နှင့် လူစုပြီး ကားငှါးဖို့ အဆင်သင့်ဖြစ်နေတတ်သည်မှာ ကျနော့်အမ၏ ချစ်စရာကောင်းသော အကွက်တစ်ကွက်ပင်။

ကလေးများမှာ ကျောင်းအားရက် မဟုတ်သည်ကတစ်ကြောင်း၊ ကနန်းတောင်သို့သွားပြီးသည့်အတွက် ပင်ပန်းနေကြသည်ကတစ်ကြောင်း၊ မျှော်ရစ်တောင်သို့ မကြာခဏရောက်ဖူးနေကြသည်ကတစ်ကြောင်းကြောင့် အားလုံးမလိုက်ဖြစ်ကြတော့။ သို့သော်လည်း ပရိသတ်အင်းအားက နည်းသွားသည်ဟုမရှိ၊ နှစ်ဆယ်ကျော်နေသည်ချည်းပင်။ ဤခရီးတွင် နောက်တိုးလိုက်ပါသူများလည်း မနည်း။ ယင်းတို့အနက် မောင်းမကန်၏ စူပါဆရာမလေးလည်း အပါအ၀င်ဖြစ်သည်။ ယင်းသည့်ကြောင့်ပေလော မသိ၊ ကျနော့်ရင်ထဲ ပိုမိုပျော်ရွှင်နေသယောင်။ တိတ်တခိုးမျှော်လင့်ခဲ့ဖူးသော အဖြေတစ်ခုအတွက် နှစ်ပေါင်းများစွာလွန်စေပြီးမှ အနီးကပ်မြင်ခွင့်ကလေးမျှရမည့် အခွင့်အရေးသည်ပင် ကျနော့်ရင်ကို နွေးထွေးစေခဲ့သည်။

နံနက်ခင်း အလင်းရောက်နေပြီဖြစ်ပေသည့် မိုးရာသီ၏ သဘာဝအလှည့်အပြောင်းမှာ ညောင်းရသောခရီးသည် နွေးထွေးသောရင်ကို အေးမြစေလေရော့ထင့်။ ကားပေါ်တွင် လိုက်ပါမည့်သူများ အဆင်သင့်နေရာယူကြပြီးချိန်မှာ ကားဆရာ၏ “လူစုံပြီနော်”ဟူသောမေးခွန်းအသံနှင့်အတူ သူ၏ကားစက်အသံသည်လည်း နိုးထအော်မြည်လာလေသည်။

“ဟုတ်ကဲ့၊ စုံပါပြီဆရာ”၊ အုပ်စုခေါင်းဆောင်ဖြစ်သော ကျနော့်အမက ဖြေသည်။ “လမ်းဆုံရောက်ရင် ဆရာမလေးကို ခေါ်ရဦးမှာနော်၊ အဲဒီမှာ ကားခဏရပ်ပေးဦး” အမက ဆက်ပြောသည်။ အိမ်ရှေ့မှ ကားဘီးစတင်လိမ့်ထွက်သည်နှင့် ပြိုလုလုမိုး၏ တဖွဲဖွဲရွာသွန်းမှုကြောင့် မိုးစက်မိုးပေါက်များ မနားတမ်းလာမှန်ကြသဖြင့် ကားမှန်များကို ပိတ်လိုက်ကြရသည်။

မောင်းမကန်လမ်းဆုံ။ ။ယင်းလမ်းဆုံသည် ရွာ၏ အစည်ကားဆုံးသော နေရာတစ်ခုဖြစ်သည်။ ရွာရှိ ဘုံဆိုင်မှန်သမျှနှင့် စတိုးဆိုင်အကြီးအငယ်အရွယ်အလတ် အစုံရှိသည့်အပြင် ထားဝယ်မြို့ပေါ်သို့ ယင်းလမ်းဆုံမှ စတင်ထွက်ခွါရသည်။ မောင်းမကန်ကမ်းခြေသို့ ယင်းလမ်းဆုံမှ တစ်ဆင့်သွားရသည်။ အနီးအပါးရွာများသို့လည်း ယင်းလမ်းဆုံမှပင် ထွက်ခွါကြရသည်။ အခုသွားရမည့် မျှော်ရစ်ခရီးကိုလည်း ယင်းလမ်းဆုံမှပင် တာထွက်ကြရပေဦးမည်။ ယင်းလမ်းဆုံတွင် ဆရာမလေး နေသည်။ သူ့ကို ယင်းလမ်းဆုံတွင် ခေါ်တင်ခဲ့ရမည် တဲ့။ လမ်းဆုံသို့မရောက်သေးခင်မှာပင် ကျနော့်မျက်လုံးအစုံက သူစောင့်နေမည့်နေရာကို ကြိုတင်မြင်ယောင်နေမိသည်။ “တစ်ယောက်တည်းလော၊ အဖေါ်နှင့်လော”ဟု စဉ်းစားမိချိန်တွင် ရင်ဘတ်ပင် တုန်ခါသွားသည်ဟု ထင်ယောင်လာရသည်။

“ပွမ် ပွမ် ပွမ်-------”၊ လမ်းဆုံရောက်သောအခါ ကားဆရာ ဟွန်းတီးပြီး အချက်ပြလိုက်သည်။ နေ့လည်စာစားဖို့ အစားအသောက်ထည့်ထားသော စတီးချိုက်လေးကိုကိုင်ကာ ဆရာမလေးထွက်လာသည်။ ကျနော်ပျော်သွားသည်။ သို့ပေတည့် သူ့နောက်မှ ကပ်လျှက် နှစ်နှစ်နှင့် သုံးနှစ်အရွယ်ကလေးမလေးနှစ်ယောက်ပါလာသဖြင့် ဇဝေဇ၀ါ ဖြစ်သွားရပြန်သည်။ “မတွေ့ရသော သုံးလေးနှစ်အချိန်ကာလအတွင် ဤမျှပင် ပြောင်းလဲ ခဲ့ချေပြီလော” ကျနော် မဆီမဆိုင်တွေးဖြစ်သည်။ အနားရောက်လာသောအခါ “အကို အဲဒါ ကျမသမီးလေး နှစ်ယောက်လေ”။ မပွင့်တပွင့်လှမ်းပြောသည်။ ကျနော်ကမ္ဘာပျက်သည်သို့ ခံစားလိုက်ရသည်။ “အော်---သူ့မှာ မိသားစုတွေနဲ့တောင် ဖြစ်နေပြီကော” ပူလောင်သောအတွေးများ ၀င်ခိုနားလာသဖြင့် ရွာနေသောမိုးသည်ပင် အေးမြမှုကို မပေးစွမ်းနိုင်တော့ကြောင်း ကျနော့်ရင်ဘတ်ထဲက သိနေသည်။

လမ်းဆုံမှ ကားစထွက်လိုက်သည်။ မိုးသည် သည်းသည်းမဲမဲ ရွာနေသည်။ ကားမှန်ကို ၀ိုက်ပါဖြင့် မနားတမ်းသုတ်ပေးနေရသည်။ ကျနော့်ရင်ထဲက အငြှိုးပင် ကူးစက်သွားလေသည်လား မပြောတတ်၊ အခုမှ မိုးကလည်း ပိုမိုသည်းထန်လာသည်။ မိုးသည်းသည်းနှင့်အတူ လေပြင်းလည်း တိုက်ခတ်နေသေးရာ လမ်းဘေးဝဲယာရှိ သစ်ပင်ကြီးငယ်တို့ ယိမ်းထိုးလှုပ်ရှားနေကြသည်။ တစ်ပင်နှင့်တစ်ပင် ယိမ်းထိုးထိတွေ့ ကျီစယ်ခွင့်ရသဖြင့် သစ်ပင်ကြီးငယ်တို့ ဒီလေဒီမိုးကို ကျေးဇူးတင်နေကြလိမ့်မည်ထင့်။ ကျနော့်ရင်မှာတော့ အပြင်လေပြင်းနှင့်အတူ မုန်တိုင်းထန်နေသည်။ အပြင်ဘက်မကြည့်နိုင်တော့။ မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။

“ညက အိပ်ရေးမ၀ဘူးလား ညီလေး”
ကားဆရာမေးခွန်း။ ကျနော့်ကို ကြည့်ပြီး ညက အိပ်ရေးပျက်သောကြောင့် ကားပေါ်မှာ အိပ်ငိုက်နေသည်ဟု ထင်ပုံရသည်။
“အော် ဟုတ်ကဲ့ အကို၊ ညကအိပ်ယာဝင်တာ နည်းနည်းညဥ့်နက်သွားလို့ပါ”
ကျနော် ညာပြောလိုက်ရသည်။ အမှန်တော့ ရင်အပူကို လူမသိအောင် ဟန်ဆောင်နေခြင်းမျှသာဖြစ်ကြောင်း ကိုယ်ကိုယ်တိုင်သာသိပါသည်။ မိုးသည်းထန်နေဆဲ။ လေပြင်းတိုက်ခတ်နေဆဲ။ ထို့အတူ ကျနော့်ရင်ထဲမှာလည်း ကမ္ဘာပျက်နေဆဲ။ လူတစ်ယောက်၏ မျှော်လင့်ချက်ပျက်စီးသွားခြင်းသည် ထိုလူ၏ကမ္ဘာလေး ပျက်စီးသွားခြင်းပင် မဟုတ်ပါလော။ ကျနော့်ကမ္ဘာသည် ယင်းသို့သောနည်းဖြင့် ကျေမွခဲ့ရချေပြီတည်း။ ထို့ကြောင့် ကျနော့်နှလုံးသားသည်လည်း သုညကမ္ဘာက ပြာမှုံလေးတစ်ခုအဖြစ်နှင့်သာ ဆက်လက်လွင့်မျောနေလေတော့သည်။

မျှော်ရစ်သို့သွားရာ ကားလမ်းကလေးသည် မဆိုးလှသော်လည်း အတက်အဆင်း အကွေ့အကောက်များ၊ မြန်မာပြည်လမ်းများထုံးစံအတိုင်း လမ်းလယ်ခေါင်တွင် ရေတွင်းရေကန်များဖြင့် ပြည့်နက်နေသည်ဖြစ်ရာ ကားဆရာမှာ အတော်ပင် ဂရုစိုက်ပြီး မောင်းနှင်နေရရှာသည်။ ထို့ပြင် မိုးကလည်း သည်းထန်၊ လေကလည်း ပြင်းပြန်သဖြင့် မောင်းမကန်ရွာမှသည် (၇) မိုင်သာသာရှိသော ဤခရီးမျှကိုပင် တစ်နာရီကျော်ကျော် မောင်းနှင်ပြီးသည်နောက်မှ မျှော်ရစ်တောင်တော်သို့ ရောက်ရတော့သည်။

မျှော်ရစ်ဒေသ၀န်းကျင်တစ်ခုလုံးသည် အုံ့ဆိုင်း ညိုမှောင်လျက်ရှိလေသည်။ ဒီမိုး ဒီရေ ဒီလေပြင်းကို အံတုလျှက် ကျနော်တို့အလျင်ရောက်နှင့်နေသော ဧည့်သည်အချို့ကိုလည်း တွေ့လိုက်ရသည်။ ပျော်စရာခရီးကို ထွက်လာသူများဖြစ်သည့်အလျောက် မိုးရွာနေခြင်းသည်ပင် သူတို့အတွက် ပျော်စရာတစ်ခုဖြစ်နေလေသည်ထင့်။ အပေါ်အင်္ကျီကိုချွတ်ပြီး ကေသာမစိုအောင် မိုးအုပ်လျှက် ဆင်မယာဉ်သာခြေလှမ်းဖြင့် မနှေးမမြန် လျှောက်နေသော မိန်းကလေးများကိုလည်း တွေ့ခဲ့ရသည်။ မျှော်ရစ်တောင်ခြေရှိ ဈေးဆိုင်တမ်းကလေးမှာ ၀ယ်ယူသူကင်းမဲ့ကာ ခြောက်သွေ့လျှက် ရှိလေသည်။ အလည်လာသူဧည့်သည်အများစုမှာ စားစရာသောက်စရာ အပြည့်အစုံယူပြီး လာလေ့ရှိကြရာ မျှော်ရစ်ဈေးဆိုင်များမှာ အလွန်ရောင်းရသည်ဟု ဘယ်သောအခါမျှ မရှိခဲ့။ တစ္ဆေမခြောက်ရုံတမယ် လူအနည်းငယ်ဖြင့် ဈေးဆိုင်များကို ဖွင့်ထားရရှာကြသည်။ သို့သော် ဒေသအသီးသီးက မနုဿလူသားများသည် သည်နေရာ၊ သည်ဒေသသို့ လာကြသည်၊ ပတ်ကြသည်။

သည်မျှော်ရစ်ဝန်းကျင်သည် မည်သည့်ရွာနှင့်မျှ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါ။ မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ကင်းနီ၊ ယင်ကြီး စသော ရွာများသည် မောင်းမကန် ကမ်းခြေတောက်လျှောက်တည်ထားသော ရွာကြီးများဖြစ်သည်။ မျှော်ရစ်သို့ မော်တော်ကာဖြင့်သွားပါက ယင်းရွာများကို ဖြတ်သန်းရသည်။ မျှော်ရစ်သွားကားလမ်းကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် ကမ်းရိုးတမ်းရွာများကို ဖြတ်သန်းဖေါက်လုပ်ထားသည်။ မျှော်ရစ်သည် ယင်ကြီးရွာအဆုံး ပင်လယ်ပြင်သို့ ထိုးထွက်နေသော အငူတွင်တည်ရှိသည်။ သို့သော် ယင်ကြီးရွာနှင့်ကား သက်ဆိုင်ခြင်းမရှိ။ ယင်းကမ်းရိုးတမ်းရွာများရှိ ဘုန်းကြီးကျောင်းများက အဖွဲ့အစည်းတစ်ခုဖွဲ့ကာ မျှော်ရစ်ဒေသနှင့် မျှော်ရစ်တောင်တော်ဘုရားကို စုပေါင်းပြီး ၀ိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ထားကြသည်။

သည်းသောမိုးအောက်မှာ ရွှဲသောကိုယ်ကို အခြောက်ခံဖို့ ဆိုင်တစ်ဆိုင်အနီးတံစက်မြိတ်တွင် ကားရပ်လိုက်သည်။ ကားပေါ်မှ အသီးသီးဆင်းကြပြီးနောက် ဆိုင်ထဲသို့ အပြေးဝင်ခဲ့ကြရတော့သည်။ ခနော်ခနဲ့နှင့် တဲသာသာဆိုင်ကလေးသည် ကျနော်တို့အုပ်စုဝင်လိုက်သည်နှင့် ယိမ်းယိုင်သွားလေသလားပင် အောင့်မေ့ရသည်။ ဆိုင်အိုလေးအတွင်း မိုးမပက်နိုင်သည့်နေရာတွင် အသာထိုင်ကာ မိုးအတိတ်ကို စောင့်နေကြရသည်။

“ဒီကလေးနှစ်ယောက်က ကျမညီမလေးရဲ့ကလေးတွေပါ၊ သူတို့အမေက ဘန်ကောက်မှာသွားအလုပ်လုပ်နေတော့ ကျမပဲသူတို့လေးတွေကို ကျွေးမွေးပြုစုနေရတာပေါ့၊ ကိုယ့်လက်ထဲ ကြီးပြင်းလာကြတော့လည်း ကျမရင်ထဲက မွေးတဲ့သမီးလေးတွေလိုကို သံယောဇဉ်ကြီးမိနေပြီပေါ့ အကိုရယ်”
ဘယ်အချိန်က ရောက်နေသည်မသိ၊ နောက်ကအသံကြောင့် လှည့်ကြည့်ဖြစ်သည်။ သူ့ကို တွေ့ရသည်။ ကျနော့်ရင်ထဲကို သူဝင်ကြည့်လိုက်သည်ထင့်။ ကျနော့်၏ပျက်စီးသွားသော အိမ်မက်ကမ္ဘာလေးကို ပြန်လည်တည်ဆောက်ပေးခဲ့သည်။ မိုးအသံနှင့်ရောနှောနေသော သူ့အသံတွင် တုန်ခါမှု တစ်ခုခုရှိနေကြောင်း သတိပြုလိုက်မိသည်။ ရင်ထဲမှာရုတ်တရက်ဖြစ်ပေါ်လာသော ၀မ်းမြောက်မှုကို ပတ်ဝန်းကျင်အမြင်မကပ်အောင် အတော်ထိမ်းပြီးမှ---
“အော်----ဟုတ်လား၊ အကိုက ဆရာမကလေးတွေလို့တောင် အောင့်မေ့နေမိတာ၊ တော်သေးတာပေါ့”။ ကျနော့်ပါးစပ်က လွှတ်ကနဲ ထွက်သွားသည်။

“ဘာကို တော်သေးတာလဲ အကို”၊ သိသိကြီးနှင့်မေးသည်လော၊ မသိယောင်ဆောင်မေးသည်လော ကျနော်မဝေခွဲတတ်။ စကားလမ်းကြောင်း လွှဲဖယ်ပြောလိုက်ရသည်။

“အော်၊ ဒီကလေးတွေကို အခုလို အနီးကပ်စောင့်ရှောက်ပေးမည့်သူရှိနေတော့ တော်သေးတာပေါ့လို့ ပြောတာပါဆရာမရယ်”
ရင်ထဲမှာ တကယ်ပြောချင်သောစကားက တခြား၊ ပြောလိုက်ရသောစကားက တခြား။ ကျနော်သတ္တိနည်းခဲ့ပါသည်။ မရဲလို့ လွဲခဲ့ရပေါင်းလည်း များချေပြီ။ လွဲခဲ့ဖူးသောအခါများစွာထဲ အခုတစ်ခါကိုလည်း ပေါင်းထည့်ပြီး ဆက်လက်ရေတွက်နေရပေဦးတော့မည်ထင့်။

မိုးတိတ်လေပြီ။ တိတ်သည်ဟုဆိုသည်ထက် အားပျော့သွားသည်ဟုဆိုက ပိုမိုမှန်ကန်ပါလိမ့်မည်။ မသည်းသော်လည်း တဖွဲဖွဲတော့ ရွာနေဆဲ။ နံနက် (၁၀) နာရီခွဲကျော်ကျော်အချိန်ဖြစ်သည်။ ပါလာသော ဟင်းနှင့်ထမင်းချိုက်ကြီးငယ်များကို ကိုယ်စီကိုယ်စီသယ်ယူပြီး ဟိုဘက်မျှော်ရစ်တောင်တော်သို့ သွားရန်စိုင်းပြင်းနေကြသည်။ ကလေးများက တစ်ယောက်မှ ဆိုင်ထဲထိုင်မနေချင်ကြ။ မိုးထဲရေထဲ ပြေးလွှားဆော့ကစားနေလိုကြသည်။ သူတို့အမေများကို ကြောက်သဖြင့်သာ ငြိမ်နေကြခြင်းဖြစ်သည်။ မိုးတိတ်လို့ အပြင်ထွက်ခွင့်ရပြီဆိုသည်နှင့် ဟိုဘက်တောင်တော်သို့ ပြေးဖို့ ပြင်ကြတော့သည်။

ကျနော်တို့အဖွဲ့ရောက်နေသောတောင်ကို “မော်ရစ်”တောင်ဟုခေါ်ပြီး ဟိုဘက်ပင်လယ်ထဲက တောင်ကိုမူ “မျှော်ရစ်” တောင်ဟုခေါ်ကြောင်း ရေးထားသောဆိုင်းဘုတ်များက ပြောပြနေကြသည်။ သို့သော်လည်း မည်သူကမျှ “မော်ရစ်တောင်” သွားမည်မပြောကြ။ “မျှော်ရစ်တောင်” သွားမည်ဟုသာ ပြောကြသည်။ အမှန်အားဖြင့် “မော်ရစ်နှင့် မျှော်ရစ်” တောင်နှစ်ခုသည် ညီအမပင်ဖြစ်ပါသည်။ စာပေရာဇ၀င်မှာ မည်သို့ရေးဖွဲ့ခဲ့ကြသည် မသိရသော်တည့် ပါးစပ်ရာဇ၀င်များမှာ ဟိုလူတစ်မျိုးပြော၊ ဒီလူတစ်ဖုံဆင်ဖြင့် သတင်းစုံလင်လှသည်။ ဟိုးယခင်ကဆိုလျှင် တောင်ညီအမနှစ်ဖေါ်တို့ကို ပင်လယ်ရေခြားထားသဖြင့် ပင်လယ်ရေမြင့်တက်လာချိန်တွင် ဤဘက်မော်ရစ်တောင်မှ ဟိုဘက်ပင်လယ်ထဲရှိ မျှော်ရစ်တောင်ကို သွားနိုင်ခွင့်မရှိတော့။ သို့သော်လည်း ယခုအခါမှာ တောင်နှစ်ခုအကြား ခြားထားသော ပင်လယ်ပြင်ကို ဖြတ်ပြီး ကော်ကရစ်တံတားကြီးတစ်ခု ခိုင်မာစွာတည်ဆောက်ပြီးဖြစ်သောကြောင့် ဒီဘက်မှသည် ဟိုဘက်ဆီသို့ အလွယ်တကူပင် ကူးသန်းသွားလာနိုင်ကြတော့သည်။

တံတားပေါ်မှာရပ်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်လျှင် အနီးအပါးကကျောက်ဆောင်ကျောက်သားများ၊ ခပ်လှမ်းလှမ်းက မောင်းမကန်ပင်လယ်ရေမျက်နှာပြင်နှင့် ဟိုးအဝေးက ထိုးထောင်မတ်စောက်သော တောင်ကြီးများကို လှပခန့်ငြားစွာတွေ့မြင်နိုင်သည်။ ဓာတ်ပုံဝါသနာအိုးများအတွက် အလှပဆုံး ရှုခင်းရှုကွက်ကို ပေးနိုင်သော နေရတစ်ခု ဖြစ်ပေလိမ့်မည်။ ကျနော်သည်ပင် ပါလာသော ဒစ်ဂျစ်တယ်ကင်မရာအသေးလေးဖြင့် ရသလောက် ရိုက်ဖြစ်ခဲ့သည်။ ရောက်တိုင်းသွား၊ သွားတိုင်းရိုက်ထားသော မျှော်ရစ်ဒေသဓာတ်ပုံများသည်လည်း ကျနော့်ကွန်ပျူတာထဲ GBများစွာနေရာယူလျှက်ရှိလေပြီ။ တံတားပေါ်မှာ ကျနော်တစ်ယောက်တည်းရပ်ပြီး သဘာဝအလှအပအားလုံးကို ခံစားနိုင်စွမ်းမရှိပါ။ ခံစားနိုင်သည့်တိုင် ပြည့်စုံသောခံစားမှုမျိုး မဖြစ်နိုင်သည်ကို ကျနော့်ရင်ထဲက သိနေသည်။ ထို့ကြောင့် သူအလာကို စောင့်နေမိသည်။

“အရမ်းလှတာပဲနော်”၊ သူ့နှုတ်ခမ်းလေးတွေ ပွင့်လာသည်။
“ဟုတ်တယ်၊ အရမ်းကို လှတာပဲ၊ ဒီလိုအလှအပမျိုး မြို့ကြီးပြကြီးတွေမှာ မရနိုင်ဘူး၊ ဒါကြောင့် အကိုတော့ မြို့သူ/မြို့သားတွေကို တကယ်သနားမိတယ် သိလား” ဟာသနှော၍ ပြောမိသည်။

“အဲဒါကြောင့် ကျမက အကို့ကို သနားနေတာပေါ့လို့” မပွင့်တပွင့်အပြုံးဖြင့် သူတုန့်ပြန်သည်။

“ဘာဖြစ့်လို့” သူဘာပြောမည်ဆိုသည်ကို ကြိုတင်သိနေလင့်ကစား ကျနော်မေးခွန်းထုတ်ဖြစ်သည်။

“သနားတာပေါ့လို့၊ ငယ်ငယ်ကတည်းက ရွာမှာမနေပဲ ဟိုသွားဒီသွားနဲ့၊ ဒီလောက်လှပတဲ့ သဘာဝရှုမျှော်ခင်းတွေကို အကို ငတ်မွတ်နေမှာသေချာလို့ပေါ့။ အဲဒါကြောင့် သနားနေမိတာ”
စကားတတ်သော သူ့ပါးစပ်ကို သော့ခတ်ထားနိုင်စွမ်း ကျနော့်မှာ မရှိခဲ့။ တစ်ခုခုပြန်ပြောဖို့ အားယူလိုက်သည်။ လိုချင်သော စကားလမ်းကြောင်းပေါ်တင်ပေးဖို့ ကျနော်ကျိုးစားကြည့်သည်။

“အော် အဲဒါကြောင့်လား၊ အဲဒါကြောင့်ဆိုရင်တော့ မသနားပါနဲ့။ အဲဒီထက် ပိုပြီးသနားစရာကောင်းတာ အကို့မှာ ရှိတယ် သိလား”
သူ့ရဲ့ တုန့်ပြန်မှုကို မျှော်လင့်နေမိသည်။ ကျနော့် ရင်တွေ တုန်ခါလာသလို ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းအစုံပွင့်လာသည်။

“အကို့မှာ ဘာများ အခြားသနားစရာရှိနေသေးလို့လဲ၊ ပြည့်စုံနေတာပဲမဟုတ်လား”
ကျနော့်ရင်ဘတ်ထဲ သူဝင်ကြည့်လိုက်ကြောင်း ကျနော်သိလေပြီ။ ပြောချင်သော စကားကို အရဲစွတ်ပြီးပြောဖို့ အချိန်ရောက်ပေပြီ။ မိုးရွာပြီးခါစ ဖြစ်သော်လည်း ရင်ထဲမှာ ရှိမ်းရှိမ်းဖိန်းဖိန်းဖြစ်လာသလို ခံစားလိုက်ရသည်။ အားယူလိုက်သည်။ ထိုစဉ်----

“မောင်လေး----ဟေး မင်းထက်----လာလာ မြန်မြန်လာ၊ ဒီမှာ မျှော်ရစ်ဆရာတော်ဘုရား နေ့ဆွမ်းဘုဉ်းပေးခါနီးပြီ၊ ဆွမ်းကပ်ကြရအောင်”
အမ လှမ်းခေါ်သံဖြစ်သည်။ အားယူထားသမျှ ဘယ်ဆီရောက်ကုန်သည်မသိ။ ကျနော့်စိတ်ထဲ အမကို နည်းနည်းစိတ်ဆိုးသွားသည်။ အလိုက်ကမ်းဆိုးမသိဟု စိတ်ထဲရေရွတ်လိုက်မိသည်။ သို့သော် အမကို အရမ်းချစ်ပါသည်။ အားလုံးထက်ပိုချစ်ပါသည်။ အမသည်ပင် အမေ၊ အမသည်ပင် အဒေါ်၊ အမသည်ပင် ကျနော့်ဘ၀ရဲ့ တစ်ခုတည်းသော တွယ်တာစရာဖြစ်သည်။ သည်အမကို ကျနော်စိတ်ချမ်းသာအောင် ထားရမည်။ အမခေါ်ရာသို့ အပြေးသွားလိုက်သည်။ သူ့ကို လှည့်ကြည့်ဖြစ်သည်။ သူ နောက်ကကပ်လိုက်လာသည်။ မျှော်ရစ်တောင်တော်ကျောင်းဆရာတော်ဘုရားကို နေ့ဆွမ်းဆက်ကပ်ကြသည်။ နေ့ဆွမ်းဘုဉ်းပေးရင်း ဆရာတော်အမိန့်ရှိသော မျှော်ရစ်အကြောင်း တစ်စေ့တစ်စောင်း ကြားသိခွင့်ရခဲ့သည်။

“မင်းတို့ မောင်းမကန်ရွာသူ/ရွာသားတွေ ဒီကို မကြာမကြာလာနေကြတာ တွေ့တာပဲ၊ ဒါပေမဲ့ မင်းတို့ထဲမှာ ဒီမျှော်ရစ်တောင်ရဲ့ အကြောင်းကို ကောင်းကောင်းပြောနိုင်တဲ့သူ ရှိသလားကွဲ့” သက်တော်ရွယ်တော် (၇၄)နှစ်ခန့်ရှိပြီဖြစ်သော ဆရာတော်ဘုရားက အမိန့်ရှိလိုက်ရာ ငယ်စဉ်က အတန်းထဲ ဆရာမေးခွန်းထုတ်ခံရသည့်ပမာ ကျနော်တို့အဖွဲ့သားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိစိလုပ်နေကြရတော့သည်။ အမှန်အားဖြင့် မည်သူမျှ ဂဂနန သိသူမရှိပါ။ ကျနော်တို့အဖွဲ့ထဲမှာသာမဟုတ်၊ ဤရွာနီးချုပ်စပ်က လူသားမှန်သမျှသည်လည်း သိကြလိမ့်မည်မထင်ပါ။ လူတိုင်းနီးပါး ပါးစပ်ရာဇ၀င်မျှနှင့် ပြောဟောနေကြသော်လည်း ဤတောင်တော်၏ လျှို့ဝှက်ဆန်းကျယ်သော အဖြစ်သနစ်ကို တကယ်သိသူမှာ လွန်စွာမှပင် ရှားပါးလှပါသည်။ ဆရာတော်က ဆက်လက်အမိန့်ရှိပါသည်။

“မင်းတို့ အလောင်းစည်သူ မိဖုရားသုံးယောက်ရဲ့ ကျောက်ရုပ်တွေဆီ ရောက်ပြီးကြပြီလား”။ ယင်းမေးခွန်းကြောင့် ကျနော့်မှာ ပြောမပြတတ်အောင်ပင် စိတ်ဝင်စားသွားသည်။

အလောင်းစည်သူမင်း။ ဤမင်းသည် ပထမမြန်မာနိုင်ငံတော်၏ တတိယမင်းဆက်ဖြစ်သည်။ ဘုရင်အနော်ရထာနှင့် ကျန်စစ်သားပြီးလျှင် ပုဂံနန်းမွေကို သက်ဦးဆံပိုင် ဆက်ခံခွင့်ရသော ဘုန်းရှင်ကံရှင်မင်းတစ်ပါးဖြစ်သည်။ တိုင်းတစ်ပါးသားနှင့် ချစ်ရည်လူးနေသော သမီးတော်ရွှေအိမ်သည်ကို ကုလားမျိုးနွယ်နှင့် မရောစပ်စေလိုသော ခမည်းတော်ကျန်စစ်မင်းကြီးသည် အမျှော်အမြင်ကြီးမားစွာဖြင့် သမီးတော်ရွှေအိမ်သည်ကို မွန်မင်းသားတစ်ပါးနှင့် နေရာချပေးခဲ့သည်။ ရွှေအိမ်သည်အတွက် ရင်နာကောင်းနာမည်ဖြစ်သော်လည်း မြန်မာလူမျိုးများနှင့် တိုင်းပြည်အတွက် မင်းကောင်းမင်းမြတ်တစ်ပါးကို ရရှိခဲ့သည်။ ထိုမင်းကား အလောင်းစည်သူပင်တည်း။ လက်ရုံးရည်နှလုံးရည်အလွန်ပြည့်ဝကြောင်း ရာဇ၀င်အစောင်စောင်ရေးသားထားသည်ကို ဖတ်ရှုနိုင်ပါသည်။

အလောင်းစည်သူမင်းသည်
(၁) ဘိုးတော်ကျန်စစ်မင်းကြီး၏ ကတိသစ္စာပြယုဂ်တစ်ခုလည်းဖြစ်သည်။
(၂) မွန်+မြန်မာချစ်ကြည်ရေး၏ သ၀ဏ်လွှာတစ်ခုလည်းဖြစ်သည်။
(၃) မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်ပေးရာ လက်နက်စကြာတစ်ခုလည်းဖြစ်သည်။ ထို့ပြင်
(၄) စာပေရာဇ၀င်၊ ပါးစပ်ရာဇ၀င်များဖြင့် ပြည့်နှက်နေပြီး အလွန်စိတ်ဝင်စားဘွယ်ကောင်းသော မင်းတစ်ပါးလည်းဖြစ်နေပြန်သည်။
(၅) ကျနော်တို့ရွာ၏ “မောင်းမ+ကံ” ဟူသော အမည်သည်ပင် အလောင်းစည်သူမင်းနှင့် ဆက်စပ်လျှက် ရှိနေပေရကား---
မျှော်ရစ်တောင်ဆရာတော်ဘုရား ပါးစပ်မှ ဤမင်းနာမည် ပါလာသောအခါ ကျနော်သည် ဆရာတော် ဆွမ်းဘုဉ်းပေးရာ စားပွဲအနီးတိုး၍ ထိုင်လိုက်မိသည်အထိပင် စိတ်ဝင်တစား ဖြစ်သွားရတော့သည်။

“အဲဒီကျောက်ရုပ်ဆိုတာ တကယ်ရှိလို့လားဘုရား” မရဲတရဲမေးလိုက်ရသည်။ အငေါက်ခံရမှာလည်း စိုးရသေးသည် မဟုတ်လော။
“အေး၊ ရှိတယ် တကာလေးရ၊ တကယ်တော့ လူတိုင်းမြင်နေရတဲ့ ကျောက်တုန်းကြီးတွေပါပဲ၊ မင်းတို့ လည်းရောက်ဖူး၊ မြင်ဖူးကြပြီးသားပါ၊ ဒါပေမဲ့ ဘယ်သူမှ မသိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါမျိုးက ကာယကံရှင်ကိုယ်တိုင် ပြောပြမှ သိရမည့် ကိစ္စမျိုးကိုးကွဲ့” ဆရာတော် အေးအေးဆေးဆေးပင် အမိန့်ရှိသည်။ ဆရာတော်သည် ဆက်လက်ပြောပြလိုဟန်ရှိနေသည်။ ထို့ကြောင့် ကျနော်က---
“ဒါဆို ဆရာတော့်ကို အဲဒီမိဖုရားတွေက ပြောခဲ့တယ် ဆိုတဲ့သဘောလားဘုရား” ကျနော် မေးခွန်းထုတ်လိုက်သည်။

“အေး၊ ဟုတ်တယ်၊ သူတို့ကိုယ်တိုင်ပြောပြခဲ့တာ၊ အိမ်မက်ထဲမှာတောင် မဟုတ်ဘူး၊ အပြင်မှာလာပြီးပြောပြတာ” ဆရာတော်သည် ပြောရင်း ပြောရင်း အားပါလာဟန်ရှိလေသည်။ ဆက်လက်ပြီး ဆရာတော်ဘုရားက
“လွန်ခဲ့တဲ့ ငါးလခန့်ကပဲ တကာလေး”
ယင်းသို့ပြောပြီး ဆွမ်းစားဆောင်၏ အပြင်ဘက်ရှိ ပင်လယ်ရေပြင်သို့ ငေးမော ကြည့်ရှုနေတော်မူလိုက်သည်။

---------------------

ညနေငါးနာရီလောက် နေ၀င်သွားသည်နှင့် တပြိုင်နက် မျှော်ရစ်တောင် ပတ်ဝန်းကျင်သည် လှိုင်းသံလေသံများမှတစ်ပါး အခြားမည်သည့်လူသားအသံမှ ကြားရခြင်းမရှိနိုင်တော့ပေ။ မျှော်ရစ်ဒေသတွင် လူနေအိမ်ဟူ၍မရှိ။ အနီးအပါး မော်ရစ်တောင်တက်လမ်းဘေးများတွင် အနည်းငယ်ရှိသော်လည်း မျှော်ရစ်တောင်တော်နှင့် အတော်လှမ်းကွာသေးသည်။ နေထိုင်သူများမှာလည်း တံငါသည်များနှင့် ဈေးသည်အနည်းစုသာဖြစ်သည်။ မျှော်ရစ်တောင်တော်ဘုရားပေါ်မှာ အလှည့်ကျတာဝန်ယူရသော ဂေါပကလူကြီးများသည်ပင် (၄)နာရီထိုးသည်နှင့်တပြိုင်နက် တံခါးသော့ပိတ်ပြီး အိမ်ပြန်သွားလေ့ရှိကြသည်။ ထို့ကြောင့် ညနေဆည်းဆာအချိန်ရောက်လျှင် မျှော်ရစ်တောင်တော်သည် လူသူလေးပါး ကင်းဆိတ်လျှက်ရှိနေပေတော့သည်။

“ဆရာတော်ဘုရား၊ တပည့်တော်မတို့ ၀င်လာခဲ့မယ်နော်ဖရာ့”
အသံကြားသဖြင့် တစ်ပါးတည်း ပုတီးစိမ့်ကာ ဘုရားအာရုံပြုနေသော မျှော်ရစ်ဆရာတော်ကြီးသည် ပုတီးကို ကုတင်ပေါ်ခဏတင်ထားလျှက်--
“အိမ်း အိမ်း၊ ၀င်ခဲ့ကြ၊ ၀င်ခဲ့ကြ” ဟုဆိုကာ ၀င်ခွင့်ပြုလိုက်သည်။ အလွန်ချောမောလှပသော အမျိုးသမီးသုံးယောက် တန်းစီကာ ဆရာတော်ဘုရား သီတင်းသုံးတော်မူရာကျောင်းထဲ ၀င်လာခဲ့ကြသည်။ တောက်ပြောင်သော အ၀တ်အစားများကို ၀တ်ဆင်ထားပြီး မွေးကြိုင်သော ရနံ့များကိုလည်း ထုံသင်းထားကြောင်း သတိပြုမိလိုက်သည်။ အကြီးဆုံးဖြစ်ဟန်တူသော အမျိုးသမီးက အစိမ်းရောင်ဝမ်းဆက်ကို လှပသေသန့်စွာဝတ်ဆင်ထားသည်။ အလတ်ဖြစ်ဟန်တူသူက အနီရောင်နှင့် အငယ်ဆုံးအမျိုးသမီးက ပန်းနုရောင်ဝမ်းဆက်ကို ၀တ်ဆင်ထားကြောင်း ဆရာတော်အမြင်အားဖြင့် သတိထားလိုက်သည်။

“နေပါဦးတကာမလေးတို့၊ ဒီအချိန်ကြီးကျမှ ဘယ်ကရောက်လာကြတာတုန်းကွဲ့၊ ထားဝယ်မြို့ပေါ်က ဆင်းလာကြရင်တော့ အပြန်နောက်ကျနေတော့မှာပဲ၊ ခါတိုင်းဆို ဒီအချိန် လူသူလေးပါး လာလေ့မရှိကြတော့ဘူး၊ ဘုန်းကြီးဒီမှာနေတာ နှစ်အတော်ကြာပြီ၊ အခုလို အချိန်ကြီး လာတာ တကာမလေးတို့သုံးယောက် ပထမဆုံးပဲ၊ ကဲပြောပါဦး ဘယ်ကရောက်လာကြတာတုန်း” ဆရာတော်ဘုရားက မနားတမ်းစကားပြောပြီး စိတ်ဝင်တစား မေးခွန်းထုတ်လိုက်သည်။

“ရှင် တော်တော်ရက်စက်တာပဲ၊ ကျမတို့သုံးယောက်ကို ပစ်ထားပြီး အဝေးထွက်သွားတယ်၊ အခုမှ ဘာမသိယောင်ဆောင်နေတာလဲ၊ ပြန်လာလို့တော်သေးတယ်၊ ပြန်မလာရင် လိုက်ခေါ်မလို့ လုပ်နေတာ”။ အစိမ်းရောင်ဝမ်းဆက်နှင့် အကြီးဆုံးအမျိုးသမီးထံမှ ထွက်လာသော စကားသံကြောင့် ဆရာတော် တအံ့တသြဖြစ်သွားရတော့သည်။ အစိမ်းရောင် အ၀တ်အစားများကို တမင်ရွေးချယ်ကာ ၀တ်ခဲ့လေရော့သလား မပြောတတ်၊ ထွက်လာသော စကားများမှာ ခပ်စိမ်းစိမ်းများပင်ဖြစ်သည်ဟု ဆရာတော် မှတ်ချက်ပြုလိုက်သည်။

“ဟဲ့ ဟဲ့၊ တကာမလေး၊ ဘာတွေ ပြောနေတာတုန်း၊ ဘယ်သူ့ပြောနေတာတုန်း၊ ဘုန်းကြီးက ဒီမှာလေ” ဆရာတော်လည်း ယောင်နနဖြစ်ပြီး ပြောရတော့သည်။

“ဘယ်သူ့မှ ပြောမနေဘူး၊ ရှင့်ကိုပဲ ပြောနေတာ၊ တကယ်တည်းမှပဲ၊ ဒီမှာနေရတာ ပျင်းနေပါတယ်ဆို သူက လာလိုက်သွားလိုက် လုပ်နေသေးတယ်၊ ဒိရှေ့တော့ ဘယ်မှ မသွားနဲ့တော့ ဒီကျောင်းမှာပဲ တစ်သက်လုံးနေ၊ မောင်တော်လည်း သိပ်မကြာခင်ပြန်လာတော့မှာပဲဟာ”

“ဗျာ” ဆရာတော်ဘုရားပါးစပ်က ယင်းမျှသာ ထွက်နိုင်ရှာတော့သည်။ ထို့နောက်မှ ဆရာတော့်စိတ်ထဲတွင် ဥစ္စာစောင့်မတွေများလေလားဟု သံသယ၀င်တော်မူလာပြီးလျှင်----

“တကာမလေးတို့က ဒီတောင်မှာနေတဲ့ ဥစ္စာစောင့်မလေးတွေလား” ဆရာတော်မရဲတရဲ မေးလိုက်သည်။
“ဘာဥစ္စာစောင့်မှ မဟုတ်ဘူး၊ မိဖုရား မိဖုရား၊ အလောင်းစည်သူမင်းကြီးရဲ့ နန်းတော်ထဲက မိဖုရားတွေ၊ သိပြီလား” ယင်းအဖြေကြောင့် ဆရာတော်ဘုရား ပိုမိုအံ့သြသွားရပြန်လေပြီ။

“ဟဲ့ တကာမလေး၊ အလောင်းစည်သူမင်းဆိုတာ ဟိုးရှေးရှေးတုန်းက မြန်မာရာဇ၀င်ထဲပါတဲ့ ပုဂံမင်းတစ်ပါးပဲ၊ ညီးတို့က ဘယ်လိုလုပ်ပြီး သူ့မိဖုရားဖြစ်နေရပြန်တာတုန်း”
ဆရာတော်လည်း မထူးတော့ပြီမို့ သူတင်ကိုယ်တင်ပြောရတော့သည်။

“ကိုယ်တော့်ကို ပြောပြရတာ တော်တော်ကြပ်တာပဲ၊ နားလည်းမလည်ဘူး၊ မိဖုရားပါဆို မိဖုရားပေါ့၊ အလောင်းစည်သူမင်း ဖောင်စကြာနဲ့ တိုင်းခန်းလှည့်လည်တာ မကြားဖူးဘူးလား ကိုယ်တော်”
ယင်းသို့ ဘောက်ဆတ်ဆတ်မေးသဖြင့် ဆရာတော်ဘုရားက ကြားဖူးကြောင်း အမိန့်ရှိလိုက်ရာ----

“ကျမတို့သုံးယောက်က မင်းကြီးတိုင်းခန်းလှည့်လည်ရာမှာ ပုဂံနေပြည်တော်က ပါလာတဲ့ မိဖုရားငယ်တွေပဲ၊ ဒီတောင်ဒေသရောက်တော့ ကျမတို့သုံးယောက်ကို ဒီမှာပဲ နေခဲ့၊ မောင်တော်မကြာခင်ပြန်လာခဲ့မယ်ဆိုပြီး ထားခဲ့တာ အခုထိပဲ၊ ထွက်သွားကတည်းက အခုထိပေါ်မလာသေးဘူး၊ လာဖို့တော့ နီးနေပါပြီလေ၊ ကျမတို့ သုံးယောက်လည်း မင်းကြီးထွက်သွားပြီးကတည်းက တစ်နေ့တစ်နေ့ မျှော်မျှော်နေရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရတာ၊ ကျမတို့က ဒီမှာ မောင်တော်မင်းကြီးအလာကို မျှော်ပြီးကျန်ရစ်ခဲ့ရတာ၊ နှစ်ပေါင်းရှစ်ရာကျော်သွားပြီ၊ ဒီမှာကျောက်ရုပ်လုပ်ပြီး စောင့်နေကြရတာ။ ရှင်က နည်းနည်းမှ မသနားဘူး၊ ကိုယ်ချင်းမစာဘူး၊ ထွက်သွားလိုက်ပြန်လာလိုက်နဲ့၊ အဲဒါကြောင့် အခုလာပြောတာ၊ နောက်ဆို ဘယ်မှထွက်မသွားနဲ့တော့၊ ဒီမှာပဲနေရမယ်”
အမျိုးသမီးအကြီးက မနားတမ်းပြောပြလိုက်တော့သည်။

သို့သော်လည်း ဆရာတော်သည် ဇဝေဇ၀ါဖြင့် မယုံကြည်နိုင်သေး။ အိပ်မက်လည်းမဟုတ်၊ အပြင်မှာ တကယ်ဖြစ်နေကြောင်း သေချာအောင် ကိုယ့်ပေါင်ကိုယ် ဆိတ်မိသည်အထိ အူကြောင်ကြားဖြစ်နေခဲ့ရသည်။

“ကျောက်ရုပ်လုပ်ပြီးနေတာဆိုတော့ ဘယ်နားမှာလဲ အဲဒီကျောက်က၊ ငါဒီတောင်ဝန်းကျင် လျှောက်သွားနေခဲ့တာကြာပြီ၊ လူနဲ့တူတဲ့ကျောက်ရယ်လို့ တစ်ခါမှ မတွေ့ဖူးပါဘူး” ဆရာတော်စပ်စုလိုက်သည်။

“လူနဲ့တူလို့ကော ဖြစ်မှာတဲ့လား၊ ဒီနေရာကို လူတိုင်းလာနေကြတာ၊ လူနဲ့တူအောင် ကျောက်ရုပ်ဖန်ဆင်းထားရင် လာလည်တဲ့လူတွေ ရုပ်ရုပ်သဲသဲနဲ့ ကျမတို့ ဒီမှာကောင်းကောင်းနေလို့တောင် ရမှာမဟုတ်ဘူး၊ နေပါဦး၊ ရှင်က ရှင်တို့ယောက်ျားပစ္စည်းနဲ့ မိန်းမပစ္စည်းကို ကွဲကွဲပြားပြား ခွဲခြားတတ်ရဲ့လား”
ယင်းသို့အမေးခံလိုက်ရသောကြောင့် ဆရာတော့်ခမျာ အူကြောင်ကြောင် ဖြစ်သွားရပြန်သည်။ ဘာကို ဆိုလိုလေသနည်းဟု စဉ်းစားရင်း အတွေးပေါက်သွားသောအခါ
“အင်း၊ ဟုတ်ကဲ့၊ ခွဲခြားတတ်ပါတယ်၊ ဘာခက်လို့လဲ၊ အရှင်းကြီးပဲဟာ” ဆရာတော်လည်း စိတ်မရှည်ချင်တော့။ ဘာတွေလာပြောနေမှန်းလည်းမသိဟု စိတ်ထဲရေရွတ်နေမိသည်။

“ဒါဖြင့်ရင် အဲဒီကျောက်တုံးတွေက ဘယ်နားမှာလဲ” ဆရာတော်သိချင်လာသည်။
“ဒီမျှော်ရစ်တောင်တော်ရဲ့ အနောက်တောင်ထောင့်မှာရှိတယ်၊ ပင်လယ်ရေကျတဲ့အချိန်ဆို အထင်းသားမြင်နိုင်တယ်။ အလယ်က ကျောက်တုံးက ကျမပဲ၊ ဘေးက ကျောက်တုံးကြီးနှစ်ခုကတော့ သူတို့နှစ်ယောက်ပဲ၊ အခုလိုက်ကြည့်မလား၊ ပြမယ်” ဟု ပြောလေရာ ဆရာတော်ဘုရားက----
“အခုတော့ မကြည့်သေးပါဘူး၊ ရှိတယ်ဆိုလည်း ပြီးတာပါပဲ၊ အဲဒီဘက်မှာ ကျောက်တုံးတစ်ခု ခပ်ဆန်းဆန်းရှိနေတာတော့ သတိပြုမိတယ်၊ တကာမလေးပြောတာ အဲဒီကျောက်တုံးကြီးဖြစ်မယ်ထင်တယ်၊ ပုံစံက ဟိုလိုလို ဒီလိုလိုနဲ့ဆိုတော့ ဘုန်းကြီးလည်း ကြာကြာမကြည့်ရဲပါဘူး” အမိန့်ရှိလိုက်ရာ အမျိုးသမီးသုံးယောက်မှာ တဟားဟား ရယ်မောရင်း----
“ပြန်လိုက်ပါဦးမယ် ကိုယ်တော်၊ အားတဲ့အခါ ထပ်လာကြည့်နော်” ဟုပြောပြီးကျောင်းပေါ်မှ ဆင်းသွားလေတော့သည်။

ဆရာတော်ဘုရားလည်း ယောင်ယမ်းပြီး ကုတင်ပေါ်က စိမ့်ပုတီးကို လှမ်းကိုင်လိုက်ပြီးမှ စိတ်ရှုပ်ထွေးသဖြင့် အပြင်ဘက် ကြည့်လိုက်ရာ အမျိုးသမီးသုံးယောက်၏ အရိပ်အယောင်မျှပင် မြင်ခွင့်မရတော့ပဲ မြင်ကွင်းမှ ပျောက်ချင်းမလှ ပျောက်ဆုံးသွားလေတော့သည်။

----------------------------

“ဆရာတော် အချိုပွဲလေး ဘုဉ်းပေးတော်မူပါဦးဘုရား”
အနားက ယပ်တောင်ခပ်ရင်း ဆရာတော်ကို လျှောက်ထားလိုက်ရသည်။ စကားတွေ အများကြီးပြောလိုက်ရသည့်အတွက် ဆရာတော် မောသွားဟန်ရှိသည်။ ငှဲ့ထားသော ရေနွေးကို အသာယူပြီး တစ်ငုံသောက်လိုက်သည်။ ယင်းသည့်နောက်---

“မင်းတို့ထမင်းစားဖို့ လုပ်ကြတော့၊ စားပြီးမှပဲ အဲဒီဘက်သွားကြည့်ကြပေါ့၊ ကလေးတွေနဲ့ဆိုတော့ ကြည့်လဲ သွားကြဦး၊ ကျောက်တုံးတွေပေါ်က ချော်ကျရင် မသက်သာဘူး၊ အေးအေး ဆေးဆေးလည်း စားကြ၊ သောက်ကြ၊ အနားယူဖို့ လာကြတာဆိုတော့ လောလောလောလော မလုပ်ကြနဲ့၊ ဘုန်းကြီးလည်း ခဏအနားယူလိုက်ဦးမယ်” ဟု ပြောကာ စားပွဲပေါ်ကရေနွေးခွက်ကိုကိုင်ကာ မော့သောက်ရင်း တစ်ခုခုကို လေးလေးနက်နက် စဉ်းစားတွေးတောနေဟန်ဖြင့် ငြိမ်နေတော်မူလိုက်သည်။

ဘုန်းကြီးပြီးလျှင် ကျောင်းသားများ စားသောက်ရသည့်ထုံးစံအတိုင်း ကျနော်တို့အဖွဲ့သားများအားလုံး ပျော်ပျော်ပါးပါး စားသောက်ကြလေသည်။ ကျနော့်မှာ ဆရာတော်ဘုရားအမိန့်ရှိသော ကျောက်တုံးကို သွားကြည့်လိုစိတ်ပြင်းပြနေသဖြင့် ထမင်းပင် ကောင်းစွာမစားနိုင်ပဲ ရှိချေသည်။ မိန်းကလေးများမှာလည်း ဆရာတော်ဘုရားပြောပြသည်ကို ယုံနိုးနိုး/ မယုံနိုးနိုးဖြင့် ပြုံးစိစိလုပ်နေကြလေသည်။ မည်သို့ဆိုစေ၊ ဤတောဤတောင်ထဲ တစ်ပါးတည်းဧကစာကျင့်ပြီး သီတင်းသုံးတော်မူနေသော ဆရာတော်သည် လုပ်ကြံလည်ဆယ်၍ပြောမည် မဟုတ်သည်ကိုကား ကျနော် အလေးအနက် ယုံကြည်ပေသည်။ ကျနော်တို့ မောင်းမကန်မှာ နေ့စဉ်ပြောနေ၊ ကြားနေရသော ပါးစပ်ရာဇ၀င်သည်လည်း ဤမျှော်ရစ်တောင်၏ အကြောင်းပင်ဖြစ်သည်။ ဥစ္စာစောင့်ပေါသည်၊ နတ်ကြီးသည်၊ စသည်ဖြင့် တွေ့ဖူးကြုံဖူးသူများမှ တစ်ဆင့် အမျိုးမျိုးပြောဆိုသံ ကြားနေရသော်လည်း ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျတွေ့ပြီး ပြောသည်ကို မကြားခဲ့ရစဖူး။ ထို့ကြောင့် ကျနော်သည် ဆရာတော်ပြောပြသော အကြောင်းအရာပေါ် အလွန်ပင် စိတ်ဝင်စားပြီး အလေးထားကာ မှတ်သားခဲ့ရတော့သည်။

ပင်လယ်ပြင်ကို ဖြတ်သန်း၍ တိုက်ခတ်နေသော လေနုအေးသည် နေ့လည်စာစားသောက်ကြပြီးနောက် ကျောက်ဆောင်ကျောက်တုံးများပေါ်တွင် အနားယူအပန်းဖြေနေကြသော ကျနော်တို့အဖွဲ့သားများကို လန်းဆန်းတက်ကြွစေရုံမက အိပ်ပြန်ချင်စိတ်ကိုပင် ပျောက်ကွယ်သွားစေနိုင်လောက်အောင် ဆွဲဆောင်အားကောင်းလွန်းနေဘိသည်။ အနားယူနေသော ကျောက်ဆောင်ပေါ်မှ အောက်ဖက်သို့ ကြည့်လိုက်သောအခါ ဆရာတော်ဘုရား အမိန့်ရှိသော အလောင်းစည်သူမိဖုရားသုံးယောက်တို့၏ ကျောက်တုံးများကို အတိုင်းသားမြင်နေရသည်။ အလယ်ခေါင်က ကျောက်တုံးကြီးသည် ဘာလိုလို ညာလိုလို ဟန်ပေါက်နေသဖြင့် မိန်းကလေးများမှာ မကြည့်ရဲပဲ တစ်ဘက်လှည့်နေကြရရှာသည်။ အရင်တုန်းက ကြည့်မိရှုမိကြမည်ဖြစ်သော်လည်း ယခုကဲ့သို့ အကြောင်းအရာကို သိထားခြင်းမရှိသဖြင့် သာမန်အားဖြင့်ပင် ကြည့်ကြပေမည်။ ယခုမူ ဆရာတော်ကြီးစကားကြောင့် ယင်းကျောက်တုံးကြီးက ဘာကို ကိုယ့်စားပြုသည်ဆိုသည်ကို သိလိုက်ရသဖြင့် သူတို့ခမျှာ အနားပင်မကပ်ရဲပဲ ကွေ့ပတ်ကာ သွားနေရရှာတော့သတည်း။
(လက်ညောင်းသွားပြီဗျာ၊ နောက်မှပဲ ဆက်ရေးတော့မယ်၊း))






Tuesday, August 3, 2010

ကနန်းတောင်တက်ခရီးစဉ်

“အမ မနက်ဖန် ဘယ်သွားရင်ကောင်းမလဲ”
“နေဦးခဏ၊ စဉ်းစားလိုက်ဦးမယ်။ အင်း---ဟုတ်ပီ၊ ကနန်းတောင်သွားမယ်”
“ဘယ်လဲ အမ ကနန်းတောင်ဆိုတာ”
“ကျောက်ထွတ်ရွာအလွန်မှာ၊ လောင်းလုံမရောက်ခင် ဖြတ်လမ်းက သွားလို့ရတယ်။ ဒါပေမဲ့ အမ တစ်ခါမှ မရောက်ဖူးသေးဘူး။ သူများတွေတော့ သွားနေကြတာပဲ၊ အဲဒီသွားရင် မကောင်းဘူးလား”
“အာ---ကောင်းသားပဲ၊ ကျနော်လည်း တစ်ခါမှ မရောက်ဖူးသေးဘူး၊ ရောက်ဖူးဖို့နေနေသာသာ၊ အဲဒီနာမည်တောင် အခုအမပြောမှ သိရတာ၊ အဲဒီပဲ သွားကြရအောင်၊ ကားစီစဉ်လိုက်နော်”
“ဟုတ်ကဲ့၊ မောင်လေး”

မောင်းမကန် ခဏရောက်ခိုက် လည်ချင်ပတ်ချင်လှသောကျနော့်ခမျှာ တစ်နေ့တစ်နေ့ ဘယ်သွားရရင် ကောင်းမလဲဟုသာစဉ်းစားရင်း အမနှင့်တိုင်ပင်နေရလေသည်။ မောင်းမကန်မှာ မွေးသော်လည်း ငယ်စဉ်ဘ၀ကတည်းက ရန်ကုန်မှာ ကြီးပျင်းလာရသူမို့ ကိုယ့်ရပ်ကိုယ့်ဒေသအကြောင်း ဘယ်နေရာမှာ ဘာရှိသည်ဟု ဂဂနနသိခွင့်မရခဲ့။ ကျနော်သွားသင့်သည်ထင်သောနေရာများကို အမကပင် စီစဉ်ပေးရလေရာ အမသည်ပင် ကျနော့်၏ လမ်းညွှန်ဖြစ်နေရှာလေသည်။ အခုလည်း သွားသင့်သည့်နေရာကို အမနှင့်ပင် တိုင်ပင်ရလေပြီ။ တကယ်တော့ ကျနော့်အမသည်လည်း ကျနော့်နှင်နှင် အတတအမျိုးသမီးတစ်ယောက်ပင်ဖြစ်ချေသည်။ သို့ပင်တည့် ဒီမိသားစုဘ၀လေးထဲမှာ ပြေးကြည့်မှ ဒီအမတစ်ယောက်သာ ကျနော့်အတွက် ခင်တွယ်အားထားရာ ဖြစ်လေရာ ဘာပဲလုပ်ချင်လုပ်ချင် အမသည်ပင် ကျနော်၏ တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်နေခဲ့ရတော့သည်။

အမနှင့်တိုင်ပင်ပြီးနောက် ညီမငယ်များနှင့် ယင်းတို့၏ မြောက်များလှစွာသော ပုစုခရုသားကောင်ပေါက်လေးများကို သယ်ဆောင်သွားနိုင်ဖို့အရေး မောင်းမကန်ရွာအတွင်း ကားကြီးကြီးတစ်စီးရှာဖွေရတော့သည်။ အမနှင့် ညီမလေးသုံးယောက်မှ မွေးသောကလေးများမှာ လွန်စွာများပြားလေရာ ကျနော့်မှာ တူ+တူမအလွန်ပေါများသော ဦးလေးကြီးဖြစ်ခွင့် ကောင်းစွာရရှိခဲ့လေသည်။ သို့သော်လည်း ယင်းသို့ တူ+တူမများသည့်အလျောက် မောင်းမကန်သို့ တစ်ခေါက်ပြန်လေတိုင်း ထိုသားကောင်ပေါက်လေးများအတွက် ၀ယ်သွားရသောလက်ဆောင်မှာလည်း တနင့်တပိုးပင်ဖြစ်တော့သည်။ အခုတစ်ခေါက် မောင်းမကန်ပြန်ခါနီးတွင် ကမ္ဘာ့ဖလားဘောလုံးရာသီနှင့် တိုက်ဆိုင်နေသဖြင့် လူအသီးသီးမှာ ဘောလုံးပိုးထိုးနေကြချိန်ဖြစ်လေရကား ကလေးများအတွက် လက်ဆောင်ကို စဉ်းစားကြည့်ရာတွင် ဘောလုံးအင်္ကျီမှတစ်ပါး အခြားလက်ဆောင်များကို မမြင်ပဲရှိလေသည်။ ထို့ကြောင့် လန်ဒန်မြို့လယ်ခေါင်ရှိ Lillywhite-အမည်ရှိ အား+ကာပစ္စည်းများရောင်းချရာ အထပ်ငါးထပ်ရှိ စတိုးဆိုင်ကြီးသို့ မိတ်ဆွေတစ်ယောက်နှင့်သွားကာ ဘောလုံးအင်္ကျီများကို စတာလင်ပေါင်ငွေများစွာသုံးလျှက် ၀ယ်ခဲ့ရလေတော့သည်။

လန်ဒန်မြို့လည်ခေါင်ရှိ Lillywhite စတိုးဆိုင်ကြီးမှ ၀ယ်လာသော အင်္ကျီအကောင်းစားများကို ၀တ်ဆင်လျှက် ပျော်ရွှင်နေကြသော တူ+တူမလေးများကို မြင်ရသောအခါ ဦးလေးကြီးဖြစ်သော ကျနော့်မှာ များစွာပျော်ရွှင်မိပေသည်။ သို့သော်လည်း ယင်းအကောင်းစားအင်္ကျီအသီးသီးကို ၀တ်ဆင်ကာ တောထဲတောင်ထဲသွားရမည့်အရေးအပေါ် အလွန်ပျော်ရွှင်နေသော ကလေးများကိုကြည့်ကာ ကျနော့်မှာ ရယ်ချင်စိတ်ပင် များစွာပေါ်ဘိသေး၏။ “ခုတ်ရာတခြား၊ ရှရာတခြား” ဟူဘိသို့ ၊ သို့မဟုတ် လန်ဒန်က ဆရာဝန်မတစ်ယောက်၏ စကားနှင့်ပြောရလျှင် “သနပ်ခါးတခြား၊ မျက်နှာတခြား” ဆိုသကဲ့သို့ ကလေးများဝတ်ဆင်ထားသော အင်္ကျီအကောင်းစားများနှင့် သွားရမည့်တောတောင်ခရီးမှာ များစွာပင် မလိုက်ဘက်ပဲရှိနေပေတော့သည်။

ကနန်းတောင်သို့ ချီတက်ရန်အတွက် ငှါးထားသောကားမှာ မောင်းမကန်တွင် အကောင်းဆုံးဟု သိရ၏။ ယင်းကားမှာ မနှစ်ကလည်း ကျနော်ငှါးခဲ့ဖူးသော ကားဖြစ်လေရာ ကျနော်မောင်းမကန်ရောက်ကြောင်း ကြားသိရလျှင် ကားဆရာမှာ ဘယ်အချိန်ကားလာငှါးမည်လဲဟု မျှော်လင့်စောင့်စားနေသောဟူ၏။ ကနန်းတောင်သို့သွားရသောခရီးသည် မောင်းမကန်နှင့် လွန်စွာဝေးကွာခြင်းမရှိသော်လည်း ခက်ခဲသောတောတောင်လမ်းများကို ဖြတ်သန်းသွားရမည်ဖြစ်သဖြင့် မိုးလင်းမှ မိုးချုပ်သည်အထိ နေ့တစ်ဝက်ခရီးအတွက် မြန်မာကျပ်ငွေ (၇)သောင်းတိတိပေးရလေသည်။ မိုးလင်းသည်နှင့် မနက်စာ အသီးသီးစားကြပြီးသောအခါ မည်သည့်လူသားမှ တကူးတက ကြည့်ရှုလိမ့်မည်မဟုတ်သောယင်းခရီးကို လိုက်ပါမည့်ကလေးများမှာ အင်္ကျီအကောင်းစားများကို ကိုယ်စီကိုယ်စီဝတ်ဆင်ကာ ပျော်တပြုံးပြုံးဖြစ်နေကြတော့သည်။ အငယ်ဆုံးညီမလေးမှမွေးသော သားယောက်ျားလေးသုံးယောက်အနက် အလတ်ကောင်သည် နှာစေးနေသဖြင့် ထွက်ပြူလုလုဖြစ်နေသောနှပ်ကို တအားညှစ်လိုက်ရာ လေအဝေ့တွင် မြေသို့မကျပဲ သူ့ပါးပြင်ပေါ် အဖတ်လိုက်ပြန်ကပ်နေသဖြင့် သူ့၏အသစ်စက်စက် အင်္ဂလန်ဘောလုံးအင်္ကျီနှင့် သုတ်လိုက်သည်ကို မြင်ရသောအခါ ကျနော့်မှာ များစွာနှမျောမိချေသေး၏။

ကနန်းတောင်ခရီးစဉ်လိုက်ပါမည့်သူများ ကားပေါ်တွင် အသီးသီးနေရာယူပြီးသောအခါ မောင်းမကန်မှ စတင်ထွက်ခွါဖို့အရေး ကားဘီးစတင်လှိမ့်လိုက်ရာ ကလေးများမှာ “ဟေးးးးးးးးး” ဟု အသံကျယ်ကြီးဖြင့် အော်လိုက်ကြသဖြင့် ကျနော်ပင် ရောယောင်အော်မိပေသေး၏။ ကလေးလူကြီး နှစ်ဆယ်ကျော်ကို တင်ဆောင်ထားရသောကားကလေးသည် မောင်းမကန်တောင်သို့ တက်သောအခါ စက်သံများစွာမည်သဖြင့် ကနန်းတောင်သို့ ယနေ့ရောက်မှ ရောက်နိုင်ပါမည့်လောဟု အတွေးဝင်ကာ ကျနော့်မှာ ပူပင်ရချေသေးသည်။ မောင်းမကန်တောင်ကို ဖြတ်ကျော်ပြီးနောက် တောရှည်ရွာလေးသို့ရောက်ကြသည်။ ယင်းရွာအလွန် ထားဝယ်မြို့သို့သွားသောလမ်းပေါ်ရောက်သောအခါ ကတ္တရာလမ်းမှကြဉ်ဖဲကာ မြောက်ဘက်သို့သွားသော မြေနီလမ်းကလေးအတိုင်း မောင်းနှင်းလာခဲ့သည်။ လမ်းတစ်လျှောက် ကျနော်မသိသော ရွာများစွာကို ဖြတ်ကျော်ခဲ့ပြီးသည်နောက် အလွန်စိမ်းစိုသော လယ်ကွင်းပြင်ကြီးများကို မျက်စိတစ်ဆုံးမြင်ခွင့်ရလေပြီ။

“၀ါဆိုဝါခေါင်၊ ရေဖောင်ဖောင်” ဆိုသည့်အလျောက် မိုးများလှသော အောက်ပိုင်းဒေသက လယ်ကွင်းပြင်များထဲရှိ စပါးပင်များမှာ ရေတစ်ဝက် ကုန်းတစ်ဝက် နစ်လျှက်ရှိသည်။ သို့သော်လည်း မိုးဦးအစကတည်းက စိုက်ပျိးထားခဲ့သော စပါးပင်များမှာ များစွာရှည်နေပြီဖြစ်ရကား မြင်ကွင်းတစ်ခုလုံးသည် အစိမ်းရောင် ကမ္ဗလာကြီးဖြင့် လွှမ်းခြုံထားသည့်နှယ် ကြည့်ရှုသူတို့မျက်လုံးကို များစွာလန်းဆန်းစေလေသည်။ ယင်းလယ်ကွင်းပြင်ကြီးများကို ဖြတ်ကျော်ကာ မိနစ်သုံးဆယ်ခန့် မောင်းနှင်ပြီးသောအခါ ကျနော်တို့ကားကလေးသည် နောက်ထပ်ကျနော်မသိသော ရွာတန်းရှည်ကြီးတစ်ခုသို့ ရောက်ပြန်လေ၏။ ထိုရွာမှာ ကျောက်ထွတ်ရွာဟု သိရသည်။ ကျောက်ထွတ်ရွာအလွန်ရောက်သောအခါ “ဗောဓိတစ်ထောင်ဘုရားသို့” ဟုရေးထားသော ဆိုင်းဘုတ်လေးတစ်ခုကို တွေ့သဖြင့် ယင်းအညွှန်းတိုင်း လိုက်သွားလေရာ ကနန်းတောင်သို့မရောက်ပဲ နောက်ထပ်လယ်ကွင်းပြင်များကို တွေ့ရပြန်သည်။ အနီးအပါးက ဖြတ်သွားဖြတ်လာသူများကို မေးလိုက်သောအခါမှ လမ်းမှန်ကို ရွေးချယ်ကာ သွားနိုင်ကြတော့သည်။ ဖြစ်ပုံမှာ လမ်းဘေးတွင် စိုက်ထောင်ထားသော ဆိုင်းဘုတ်သည် လေအဝေ့တွင် တစ်ပတ်လည်လျှက် လမ်းမှန်ကို မညွှန်နိုင်ပဲ ရှိလေတော့သည်။ သို့သော်လည်း ကျနော်တို့မှာ မရောက်ဖူးသောနေရာဖြစ်သဖြင့် မည့်သည့်အရပ်ရောက်ရောက် ပျော်ရွှင်နေကြလေသည်။

လမ်းမှန်ပေါ် အတော်အတန်မောင်းနှင်ပြီးသောအခါ လွန်စွာကြီးကျယ်ခန်းနားသော မုခ်ဦးတစ်ခုကို အထင်အရှားတွေ့ရတော့သည်။ “ဗောဓိတစ်ထောင်ဘုရား” ဟု အင်္ဂတေစာလုံးကြီးဖြင့်ရေးကာ အနီရောင်ဆေးချယ်ထားသော ဧရာမမုခ်ဦးကြီးကိုကြည့်ပြီး ယင်းမုခ်ဦးအလွန်တွင် အလွန့်အလွန်ကြီးကျယ်သော အဆောက်အဦးများရှိလိမ့်မည်ဟု မျှော်လင့်မိလေ၏။ သို့သော်လည်း အ၀င်လမ်းမှာ သစ်ရွက်အစို အခြောက်အပုတ်အဆွေး ရှုပ်ထွေးလျှက် ကားငယ်တစ်စီးမောင်းနှင့်နိုင်ရုံမြေလမ်းကလေးတိုင်း ဆက်လက်မောင်းနှင့်လာရာ တစ်နေရာတွင် ရေစီးမသန်သော ချောင်းငယ်တစ်ခုကို ဘွားကနဲတွေ့ရပြန်၏။ ယင်းချောင်းငယ်ကိုဖြတ်ကျော်ပြီးနောက် တောင်ကမူလေးတစ်ခုပေါ်သို့ အတင်းမောင်းတက်လိုက်ရာ လမ်းပေါ်တွင် ထိုးထိုးထောင်ထောင်ထွက်နေသော ကျောက်တုံးနှင့် ကားဘော်ဒီဆောက်မိသဖြင့် ကမ္ဘာပျက်သည့်နှယ် မည်သံကြီးထွက်ပေါ်လာသည်။ ကားပေါ်ပါလာသူအားလုံး အလန့်ထညက်ဖြစ်ပြီး အော်ဟစ်ကြလေရာ ကားဆရာမှာလည်းမနေသာ သူ့ကားအတွက်စိုးရိမ်ကာ ပြေးဆင်းပြီး ကြည့်ရတော့သည်။ အတန်ငယ် ပွန်းပဲ့ရုံမှတပါး ဘာမှကြီးကြီးကျယ်ကျယ်ထိခိုက်ခြင်းမရှိသဖြင့် သက်ပြင်းရှည်ရှည်ချနိုင်ပြီး ဆက်လက်မောင်းနှင်ရလေတော့၏။

ယင်းကိုးယိုးကားယားလမ်းကျဉ်းလေးကို ဆယ်မိနစ်ခန့် မောင်းနှင့်ပြီးသောအခါ ဘုရားရုပ်တုတော်ပေါင်းများစွာကို ဖူးတွေ့ရတော့သည်။ အ၀င်လမ်းတွင် စိုက်ထူထားသော ဧရာမမုခ်ဦးကြီးကိုမြင်ပြီး စဉ်းစားခဲ့ဖူးသည့်အတိုင်း အတွင်းဘက်တွင်ကား ကြီးကျယ်ခန်းနားသော အဆောက်အဦးများကို တစ်ခုတစ်လေမျှပင် မတွေ့ရချေ။ သယ်ကယ်မိုး၊ ပျဉ်ချပ်ကာ၊ ရေနံချေးသုပ်ကျောင်းအိုလေးနှစ်ဆောင်ခန့်နှင့် တောထွက်ဘုန်းကြီး နှစ်ပါးလောက်မျှကို တွေ့ရလေသည်။ သို့သော်လည်း “ဗောဓိတစ်ထောင်ဘုရား” ဆိုသည့်အတိုင်း ဗုဒ္ဓရုပ်ပွါးတော်ပေါင်း မြောက်များစွာထုတ်လုပ်ထားသည်ကို ဖူးတွေ့ရလေ၏။ လူသူအရောက်အပေါက်အလွန်နည်းပါးလှသော ဤတောဤတောင်ထဲမှာ မည်သည့်ရည်ရွယ်ချက်ဖြင့် ပိုက်ဆံငွေကြေးအမြောက်အများအကုန်အကျခံပြီး ဤရုပ်ပွါးတော်များကို ဖန်ဆင်းထားလေသနည်း ဟု ကျနော့်မှာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေမိသေးသည်။

ဗောဓိတစ်ထောင်ကျောင်းအတွင်း ရောက်သည်နှင့် ကားပေါ်မှဆင်းကာ ခဏနားကြရသည်။ အောက်ရောက်သောအခါ ကလေးများမှာ ကားမူးသဖြင့် အော့သူကအော့ အံသူကအံဖြစ်နေရာ အိပ်ထဲတွင် အသင့်ပါလာသော ပါရာစီတမောလ်များကို ဆိုင်သော/မဆိုင်သောမသိ ပျောက်လိုပျောက်ငြား တစ်ယောက်တစ်လုံးစီတိုက်ရသေး၏။ ကားရပ်သောနေရာအနီးတွင် ပေါက်ရောက်နေသော မင်းဂွတ်ပင်ကြီးတစ်ပင်တစ်ပင်မှာ ရာပေါင်းများစွာသော မင်းဂွတ်သီးတို့ မှည့်ဝင်းကြွေကျနေသည်ကို မြင်ရသောအခါ မင်းဂွတ်သီးကြိုက်လှသော မောင်းမကန်သားများခမျှာ ဣနြေ္ဒပင် မဆည်နိုင်ပဲ အပြေးအလွှား ကောက်စားဖို့ စိုင်းပြင်းကြတော့သည်။ သို့သော်လည်း ကျောင်းထိုင်ဘုန်းကြီးဖြစ်ဟန်တူသော ဦးပဇင်းကြီးက စားလို့မရတဲ့ အသီးများဖြစ်ကြောင်း အမိန့်ရှိသဖြင့် လက်ထဲရောက်နှင့်ပြီးသော မင်းဂွတ်သီးအမှည့်များကို နှမျောတသစွာနှင့်ပင် လွှင့်ပစ်လိုက်ရလေ၏။ ထိုအခါမှပင် ဤလောကတွင် စားမရသော မင်းဂွတ်သီးမျိုးလည်း ရှိသေးကြောင်း မှတ်သားရလေတော့သည်။

“ဗောဓိတစ်ထောင်ဘုရား”ကျောင်းဝင်းသည် ကနန်းတောင်ကြီး၏ ခြေရင်းကြပ်ကြပ်တွင် တည်ရှိသည်ဖြစ်ရာ ယင်းကျောင်းဝင်းထဲမှတစ်ဆင့် တောင်ပေါ်သို့တက်လမ်းကို ရှာရပြန်သည်။ တောင်ပေါ်တက်လမ်းကို ရှာတွေသောအခါ ကျနော့်မှာ အမောပင်ဆို့မိသည်။ မြင့်မားစောက်မတ်သောကနန်းတောင်သို့ တက်ရာလမ်းသည် သီးခြားဖေါက်လုပ်ထားသောလမ်းမျိုးမဟုတ်မူပဲ သဘာဝကျောက်တုံးကျောက်သားများအတိဖြင့်ပြီးရာ မတော်လို့ ချော်ကျပါက သေဘွယ်ရာသာ ဖြစ်ချေသည်။ သို့သော်လည်း ယင်းတောင်ကြီးပေါ်သို့ ဤသို့သောလမ်းမှ တက်ရမည်ဆိုသောအခါ ကျနော့်မှာ စိတ်ထဲကျိတ်၍ ပျော်နေမိပေသေးသည်။ ကားမူးသောကလေးများနှင့် မိန်းကလေးများမှာ တောင်တက်လမ်းကို မြင်ကြရသောအခါ လုံးချေထားသော စက္ကူကဲ့သို့ မျက်နှာရှုပ်မဲ့လျက်ရှိကြလေသည်။ ကျနော့်မှာလည်း သူတို့မျက်မှာများကို မြင်ရသောအခါ အားပေးစကားပြောကြားရင်း သနားခြင်းများစွာ ဖြစ်ရသေးတော့သည်။

သို့သော်လည်း စိမ်းလန်းစိုပြေသောသစ်ပင်ကြီးငယ်တို့ ဝေေ၀ဆာဆာပေါက်ရောက်နေသော ကနန်းတောင်ကြီးပေါ်သို့ စတင်တက်ရောက်ရသောအခါ ကလေးငယ်များမှာ ထွက်လာစဉ်ကနည်းတူ “ဟေးးးးးးးးးး”ကနဲ အော်လိုက်ရာ ပဲ့တင်သံရိုက်ခတ်လျှက် တစ်တောလုံးဆူညံသွားသကဲ့သို့ အောင့်မေ့ရလေသည်။ ထိုအခါကျမှပင် ကျနော်တို့ဖွဲ့သားများလုံး အားတက်လာကာ တောင်ပေါ်သို့ အမြန်ရောက်အောင် တပျော်တပါး တက်ခဲ့ကြတော့သည့်။ တောင်ခြေတွင် ကျောင်းနေဦးပဇင်းကြီးများစိုက်ထားသော ရုံးပတေပင်များမှ အသီးတစ်ချို့ကို မြင်သောအခါ ညီမငယ်က “အကို အဲဒါ ဘာသီးလဲ သိလား” ဟု မေးသဖြင့် ရုံးပတေသီးဖြစ်ကြောင်းပြောရာ “မဟုတ်” ဟုဆိုလေ၏။ သူကဆက်၍ “အဲဒါကို မယားငယ်သီး” ဟုခေါ်ကြောင်းပြောသဖြင့် ဘာ့ကြောင့်လဲဟုမေးသောအခါ “ချွဲသောကြောင့်” ဟုဖြေသဖြင့် ကျနော့်မှာ ညီမလေး၏ ဟာသဉာဏ်ကို အသိအမှတ်ပြုလိုက်ရသေးသည်။

အတန်ငယ်တက်လာမိသောအခါ တောင်တက်လမ်းတောက်လျောက် ပေါက်ရောက်နေသော ဂွေးတောက်ပင်များကို ကြည့်ပြီး “အကို အဲဒါဘာပင်လဲ သိလား” ဟုမေးပြန်၏။ ကျနော်လည်း ဒီတစ်ခါတော့ ရိုးရိုးဖြေလို့မဖြစ်တော့ကြောင်း နားလည်သဖြင့် “အမျိုးသားပင်” ဟုဖြေလိုက်ရာ ညီမငယ်က မဟုတ်ကြောင်းပြောပြီး “အဲဒါကို မယားကြီးပင်”လို့ခေါ်ကြောင်းပြောသည်။ ဘာ့ကြောင့်လဲဟုမေးရာ “ခါးသောကြောင့်” ဟုဆိုသဖြင့် ကျနော့်မှာ ညီမလေးကို ကျိတ်၍ ချီးကျူးရပြန်၏။ ထိုအခါကျမှပင် မယားတစ်ခါမှ မရဖူးသေးသော လူပျိုကြီးကျနော့်ခမျာ “မယားကြီးကခါး၍ မယားငယ်ကချွဲကြောင်း” အသဲစွဲအောင် မှတ်သားလိုက်ရပြန်တော့သည်။ ထို့အပြင် တောင်တက်ရင်း ခါးသောအရသာနှင့် ချွဲသောအရသာနှစ်ခုကို မည်သို့မည်ပုံပေါင်းစပ်လျှင်ကောင်းမည်နည်းဟု စဉ်းစားမိကာ အိမ်ထောင်ပြုရမည့်အရေးတွေးပြီး ချွေးပင်ထွက်ချေသေးတော့၏။

ယင်းသို့ ဟေးလားဝါးလား ကျီဇယ်နောက်ပြောင်ရင်း တက်လာခဲ့ကြရာ အတန်ငယ်ကြာသောအခါ တောင်ထိပ်တစ်ခုပေါ်သို့ ရောက်လာသဖြင့် ကနန်းတောင်ထိပ်သို့ရောက်ပြီမှတ်ကာ ပျော်မည်ကြံတုန်း “မောင်လေး ဟိုဘက်ဆက်တက်ရဦးမယ်” ဟု နောက်ကပါလာသောအမသံကြားသဖြင့် ကျနော့်ပါးစပ်ဖျားသည် လက်ထဲပါလာသော ရေဗူးဝသို့ အမှတ်တမဲ့ သွားတေ့မိလေတော့၏။ ရာသီဥတုမှာ အုံ့အုံ့ဆိုင်းဆိုင်းဖြစ်နေသော်လည်း တစ်ကိုယ်လုံးမှာ ချွေးသီးချွေးပေါက်များဖြင့် ရွှဲနစ်လျက်ရှိလေပြီ။ “ရှေ့ဆက် ဘယ်လောက်တက်ရဦးမလဲ အမ” ဟုမေးသဖြင့် “နောက်ထပ် တောင်နှစ်လုံးဆက်တက်ရဦးမယ်” ဟုပြောလေရာ ကျနော့်ခမျာ ဤခရီးလာမိသည်ကို မှားသည်ဟူ၍ပင် ထင်မိသေးတော့၏။

နောက်ထပ်တောင်တစ်လုံးသို့ တက်ရာလမ်းသည် ပိုမိုမတ်စောက်လျှက်ရှိသောကြောင့် ရှေးကထက် များစွာသတိထားရတော့သည်။ ကျနော့်အမခမျာလည်း အသက်လေးဆယ်ကျော်အရွယ်ဖြစ်သည့်အလျောက် သူ့မောင်သွားရာ တစ်ကောက်ကောက် လိုက်ပါရလင့်ကစား များစွာပင်ပန်းနေသဖြင့် ကျနော့်စိတ်ထဲ အတော်ပင် သနားမိရသေးသည်။ တောင်ထိပ်တစ်ခုပေါ်ရောက်သောအခါ ကျောက်သားများအတိပြီးသဖြင့် နားခိုစရာသစ်ပင်ကြီးငယ်များမရှိတဲ့အပြင် နေကလည်း ထွက်ပြူလာသေးရာ အမခမျာ တောင်ထိပ်ပေါ် ထီးဆောင်းရသော အဖြစ်ရောက်ရရှာလေသည်။ ယင်းတောင်ထိပ်မှ တစ်ဆင့် ဟိုဘက်ကြည့်လိုက်သောအခါ ကနန်းတောင်မကြီးကို မြင်ရလေပြီ။ ရောက်ခါနီးပြီဟူသောအမှတ်ဖြင့် အားတင်းကာ တက်လာရသော်လည်း ချွေးထွက်များသဖြင့် လွန်စွာမောဟိုက်နေကြလေသည်။ တောင်မကြီးသို့ တက်ရာလမ်းသည် တောပန်းကလေးများဖြင့် လွန်စွာပဏာတင့်လျှက်လှပနေသော်လည်း မတ်စောက်လွန်းသဖြင့် ချော်ကျပါက ပွဲချင်းပြီးသေနိုင်ရာ များစွာသတိထားရလေ၏။ ယင်းသို့အားဖြင့် ကျနော်တို့ တောင်တက်အဖွဲ့သည် မောမောပန်းပန်းနှင့်ပင် ကနန်းတောင်ထိပ်ဆီသို့ အန္တရာယ်ကင်းရှင်းစွာ ရောက်ခဲ့ကြရလေတော့သည်။

တောင်ထိပ်ပေါ်ရောက်ချိန်မှာ သံဃာတော်များနေ့လည် ဆွမ်းဘုန်းပေးချိန်ဖြစ်သဖြင့် ပါလာသော ဟင်းများနှင့် အချိုပွဲများကို ဆက်ကပ်ခွင့်ရသဖြင့် ဆွမ်းအလှူကုသိုလ်ဦးစွာယူရလေပြီ။ တောင်ထိပ်ပေါ်တွင် (၂၈) တောင်ခန့် စေတီတော်နှစ်ဆူနှင့် အတော်အတန်ကြီးမားသော တန်ဆောင်းအိုကြီးတစ်ဆောင်၊ သံဃာတော်များသီတင်းသုံးသော သစ်သားကျောင်းလေး သုံးကျောင်းကို တွေ့ရသည်။ တောထွက်ဦးပဇင်းကြီးတစ်ပါးနှင့် ကိုရင်လေးပါးခန့်သီတင်းသုံးကြောင်းသိရသည်။ လွန်စွာဝေးလံသီခေါင်ပြီး လူသူအရောက်အပေါက်နည်းပါးလှသော ဤတောဤတောင်မျိုးမှာ ခက်ရာခဲဆစ်သီတင်းသုံးပြီး တောရဆောက်တည်နေကြသည်ကို ဖူးတွေ့ရသောအခါ စိတ်ထဲတွင် လွန်စွာပင်
ကြည်ညိုမိပေတော့သည်။

ကနန်းတောင်ထိပ်ပေါ်မှ ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခွင်သည် စိမ်းလန်းစိုပြေသော တောင်စဉ်တောင်တန်းကြီးများ၊ မျက်စိတစ်ဆုံးရှိ လယ်ကွင်းကြီးများဖြင့် လွန်စွာလှပနေသည်ကို အားပါးတရ မြင်ရလေရာ တက်လာစဉ်ကရှိဖူးသော အမောမှန်သမျှသည် အဘယ်သို့လွင့်စဉ်ကုန်သည်မသိ၊ ရင်ဘတ်ပင်အေးမြလျက် ချွေးခခြင်းများလည်း ရပ်စဲကုန်လေပြီ။ တောင်ပေါ်သံဃာတော်များ နေ့ဆွမ်းဘုဉ်းပေးပြီးသောအခါ ပါလာသောဆွဲချိုက်အသီးသီးကို ဖွင့်ကာ တပျော်တပါး စားသောက်ကြလေသည်။ အိမ်တွင်နေ့စဉ် စားနေရသော ထမင်းနပ်ပေါင်းများစွာသည် ယခုကဲ့သို့ တောင်စဉ်အထပ်ထပ်ကို ဖြတ်ကျော်လာခဲ့ရပြီးမှ စားရသော ထမင်းတစ်နပ်နှင့် ယှဉ်လိုက်သောအခါ များစွာပင် မျက်နှာငယ်ရှာမည်ကို တွေးမိသဖြင့် အိမ်မှာကျန်ရစ်သော ထမင်းအိုးများကို အလွန်ပင်သနားမိသေးတော့၏။

တောင်ထိပ်ပေါ်တွင် နေ့လည်စာထမင်းကို တ၀တပြဲ တပျော်တပါး စားသောက်ကြပြီးနောက် အရပ်လေးမျက်နှာမှ တိုက်ခတ်လာသော ကောင်းပေ့ညွတ်ပေ့ဆိုသည့် လေကောင်းလေသန့်များကို ဗုံးပေါလအောရှူရှိုက်ရင်း တစ်ရေးတမော အိပ်စက်အနားယူခွင့်ရသောအခါ “လူ့ဘ၀၏ ချမ်းသာသုခဟူသည် ဤသည်ပင်ဖြစ်ချေအံ့” ဟု တွေးတောမိပေသေးသည်။ လေညင်းတိုက်ခတ်သဖြင့် သစ်ရွက်မောင်နံတို့ ပွတ်ခတ်သံကို ကြားရစဉ်တွင်၎င်း၊ ငှက်ဖိုငှက်မတို့ ခွန်းတုန့်ကျီစယ်သံကို နားထောင်ရစဉ်တွင်၎င်း တောတောင်သဘာဝတို့၏ ငြိမ်းချမ်းခြင်းရသသည် ကမ္ဘာပေါ်တွင် မည်သည့်အရသာနှင့်မျှ နှိုင်းယှဉ်နိုင်အံ့မထင်ကြောင်း တွေးမိပြန်သောအခါ----
“စိမ့်ပုတီးနှင့် ရိပ်ကြီးကိုခိုမှီး
စည်းစိမ်ဆို မလာမကပ်လေနဲ့
တောရပ်မှာ မောင်ပျော်တော့မှာမို့
လူ့ဘောင်ကယ် ခွါမြန်း။
သင်္ကန်းဖန်ရည်စွန်းနှင့်
သပိတ်ကယ်ရင်ဝယ် ပွေ့ပါလို့
မေချစ်ကို ကြဉ်ဖယ်ခဲ့တော့မယ်
ကျွတ်ဖို့ ရည်မှန်း”။

လို့တောင် ရင်ထဲမှာတောတောင်အရသာကိုခံစားရင်း ရေရွတ်မိသေးတော့သည်။

တစ်နေ့လယ်လုံး တောင်ထိပ်ပေါ်တွင် အပန်းဖြေအနားယူကြပြီးနောက် လူကြီးလူငယ်တစ်ယောက်မကျန် အလှူငွေရသမျှကောက်ခံပြီး ရသမျှအလှူငွေများကို ကျောက်ထိုင်ဆရာတော်ဦးပဇင်းကြီးလက်သို့ အပ်နှံလှူဒါန်းပြီး ပြန်လည်ဆင်းသက်လာခဲ့ကြသည်။ အပြန်လမ်းသည် တက်လာရာလမ်းနှင့်မတူ၊ ခပ်ပြေပြေတောင်ဆင်းလမ်းဖြစ်သဖြင့် အတန်အသင့် သက်သာငြား များစွာဒူးညောင်းလျက်ရှိချေသည်။ တောင်ဆင်းလမ်းတောက်လျောက်တွင်လည်း ဗုဒ္ဓရုပ်ပွါးတော်များကို တောင်ထိပ်မှ တောင်အောက်ရောက်သည်အထိ တည်ထားသည်ကို တွေ့ခဲ့ရလေသည်။ ရုပ်ပွါးတော်တစ်ဆူလျှင် ကျောက်ထီးတော်တစ်လက် မိုးအုပ်ထားသည်ကို တွေ့ရသည်။ ကျနော်တို့ရောက်စဉ်အခါ ရုပ်ပွါးတော်များကို ဆေးချယ်သခြင်းများပင် မပြုလုပ်ရသေးပေ။ အင်္ဂတေသွန်းပုံစံများအတိုင်းပင်ဖြစ်သည်။ ရည်ရွယ်ချက် မည်သို့ရှိသည်မသိရသော်လည်း ဤမျှများပြားသော ရုပ်ပွါးတော်များကို ထုလုပ်တည်ထားနိုင်သည်မှာ တော်ရုံသတ္တိ၊ ငွေကြေးများဖြင့် မရနိုင်ကြောင်း သိသာလှပေသည်။

ကနန်းတောင်မကြီးမှ အဆင်း တောင်ခြေသို့ရောက်အခါ ယခင်မုခ်ဦးကြီးနည်းတူ မုခ်ဦးကြီးတစ်ခုကို ခန့်ညားထည်ဝါစွာ တည်ဆောက်ထားသည်ကို တွေ့ခဲ့ရသည်။ မုခ်ဦးတွင် ကလေးလူကြီး အားလုံးစုပေါင်းကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြသေးသည်။ ယင်းနောက် ကျနော်တို့တောင်တက်အဖွဲ့သားများကို တင်ဆောင်လာသော မော်တော်ကားလေးသည် မောင်းမကန်ရွာကြီးဆီသို့ ဦးတည်ကာ မောင်းနှင်လာခဲ့ကြတော့သတည်း။


Sunday, August 1, 2010

သူရဲကောင်းမဖြစ်သော်တည့်



“ဒိုင်း၊ ဒိုင်း”

လင်မယားနှစ်ယောက်လုံးရဲ့ ရင်ဘတ်ကိုယ်စီမှာ သွေးစအသီးသီး စွန်းထင်းသွားချိန်တွင် ကျနော့်လက်တွေ တုန်တုန်ရီရီဖြစ်နေသည်။ ငယ်စဉ်ကတည်းက ရွာဦးကျောင်းဆရာတော်ခြေရင်းမှာမှီခိုပြီး သင်လာသမျှဘုန်းကြီးကျောင်းပညာသည် သူ့အသက်မသတ်ဖို့၊ အထူးသဖြင့် လူ့အသက်မသတ်ဖို့ကို အတန်တန်ဆုံးမခဲ့သည်။ သို့သော် ကျနော့်ကို ဤဒွန္နယာထဲအရောက်ပို့ဆောင်ပေးခဲ့သူမှာ အခြားမဟုတ်၊ ကျနော့်ရဲ့ မခံချင်စိတ်။ ဒီစိတ်ကြောင့်ပင် ကျနော် လူသတ်သမားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့မိသည်။ ကျနော်လူသတ်ခဲ့သည်။ တစ်ယောက်တည်းမဟုတ်။ နှစ်ယောက်တောင်မှ။ မယားကိုလည်းသတ်သည်။ လင်ကိုလည်းသတ်သည်။ အဘယ့်ကြောင့်ပါနည်း။ ဒီလင်၊ ဒီမယားအသက်ရှင်နေသေးသမျှ များစွာသောသမီးပျိုတို့၏ ဘ၀ပန်းလေးများ ဆက်လက် ကျေနွမ်းနေကြရပေဦးမည်။ ကျနော် သူတို့လေးတွေ၏ ဘ၀ပန်းများ ဆက်လက်လန်းဆန်းခွင့်ရကြစေဖို့ သွေးစွန်းသော လက်ပိုင်ရှင်တစ်ယောက်အဖြစ်ကို ခံယူလိုက်သည်။ ကျနော် နောင်တမရပါ။ လုပ်သင့်သည်ကို ကျနော်လုပ်ခဲ့ခြင်းမျှသာဖြစ်သည်။ ဒီအတွက် သူရဲကောင်းအဖြစ်ကိုလည်းမခံယူလို၊ လူမိုက်ဖြစ်သည်ဟုလည်း ဆိုချင်ဆို။ ကျနော့်အကြောင်းနှင့် ကျနော်ပင်။


ပြောရလျှင် ကျနော့်ဘ၀၏ ဆင်းရဲမွဲတေမှုကိုပင် အပြစ်တင်ရတော့မည်ထင့်။ ကျနော်လူပျင်းတစ်ယောက်မဟုတ်သည်ကို ကျနော့်ရွာတစ်ရွာလုံးသိသည်။ မိသားစုဆင်းရဲပုံကို အကျယ်မချဲ့လိုတော့။ အဖေက ပျံကျအလုပ်သမား။ အမေက ခေါင်းရွက်ဗြတ်ထိုးဈေးသည်။ ဖရဲသီးပေါ်ချိန်ဖရဲသီး၊ ကြံပေါ်ချိန် ကြံ၊ ရရာအလုပ်လုပ်ရင်း မိသားစုဘ၀လေး ပြိုကွဲမသွားအောင် ရှာကျွေးသည်။ တစ်နေ့လုပ်မှ တစ်နပ်စာမျှရသောဝင်ငွေသည် မိသားစုတစ်ခုလုံး၏ ၀မ်းဗိုက်ကို ကြာလေကပ်လေ ဖြစ်လာစေသောအခါ ကျနော်မနေနိုင်တော့။ အိမ်ထောင်ပြုလေပြီဖြစ်သော ကျနော့်အမတွေက ယောင်နောက်ဆံထုံးပါ ယောက္ခအိမ်ပေါ် အခန့်သားတက်နေနိုင်ကြချိန်တွင် လူပျိုလူလွတ်ဖြစ်သော ကျနော့်တစ်ယောက်တည်း မိဘနှစ်ပါး၏ အရိပ်အောက်က မခွါနိုင်သေး။ တစ်သက်လုံး မိဘလုပ်စာကို ချို့ချို့ငဲ့ငဲ့ကပ်စားခဲ့ရသမျှ အရွယ်ရောက်လာသောအခါ ရှက်တတ်လာသည်။ ထို့ကြောင့် လက်ကျန်မိသားစု၏ စားဝတ်နေရေးကို တာဝန်ယူဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။ သို့သော် သို့သော်------။

ဆင်းရဲသောနုံချာသော ကျနော့်ဘ၀ကို အဘယ်သူက ကယ်တင်ပါ့မည်နည်း။ ရွာမှာ အရွယ်ရောက်သူတိုင်း နိုင်ငံခြားပိုးထိုးနေချိန်တွင် ကျနော့်မှာ စိတ်ပင်မကူးရဲသေး။ စင်ကာပူ၊ မလေးရှား၊ ယိုးဒယား ဆိုတဲ့ အသံတွေ နားနှင့်မဆံ့ ကြားနေရပေသည့် ကျနော့်နှင့် လားလားမျှသက်ဆိုင်သည်ဟု မအောင့်မေ့ခဲ့။ ရွာမှာပင် ရရာအလုပ်လုပ်ရင်း ၀င်ငွေရှာဖို့ ဆုံးဖြတ်လိုက်သည်။ သို့နှင့် ထမင်းကျွေးမည့်အလုပ်လိုက်ရှာဖြစ်သည်။ လူဖြစ်လောက်တဲ့ အလုပ်တစ်ခုမှ ရွာမှာမရှိ။ ရရစားစား ကုန်သွားသည်ချည်းပင်။ တစ်ခါတစ်ရံ အကြွေးပင် တင်လိုက်သေးသည်။ ထိုရောအခါ အကြွေးဆပ်ဖို့ပါ အလုပ်ပိုလုပ်လာရတော့သည်။ သမင်မွေးဘိ၊ ကျားစား၏သို့ ကျနော်လုပ်သမျှ လုပ်အားခသည် အိပ်ကပ်ထဲ ခိုအောင်းနေသည်ဟု တစ်ခါဖူးမျှမရှိခဲ့။ မနက်စာ၊ နေ့လည်စာ၊ ညစာဆိုသော ထမင်းသုံးနပ်အတွက် ရှာရသည်မှာ မသက်သာလှ။

အလုပ်ကပြန်လာတိုင်း အမေက ကျနော့်နဖူးပေါ်က ယိုစီးကျနေသောချွေးစလေးများကို ယုယညင်သာစွာသုတ်ပေးရှာသည်။ အမေ့မေတ္တာတစ်ခုတည်းကသာ ကျနော့်ဘ၀ရဲ့ အမောမှန်သမျှကို ပြေပျောက်စေသည်ဟု ခံစားရသည်။ အမေ့ကို သနားသည်။

“အမေ ဈေးထဲထွက်ပြီး ဖရဲသီးမရောင်းပါနဲ့တော့လား၊ ကျနော်လုပ်ကျွေးနိုင်နေပြီပဲဟာ”။ အမေ့ကို မချိတင်ကဲ ပြောဖြစ်သည်။

“အော် သားရယ်၊ ဒီအလုပ်က အမေ့အတွက် မပင်ပန်းပါဘူးကွဲ့၊ ငါ့သားလေး မမွေးခင်ကတည်းက အမေဒီအလုပ်လုပ်ပြီး ရှာကျွေးလာခဲ့တာပဲဟာ၊ သားလည်း သားလုပ်နိုင်သလောက်ပဲလုပ်ပါ၊ အမေလည်း အလုပ်လုပ်မှာပေါ့ကွယ်၊ ဒီအလုပ်က အမေ့တို့ကို ဂုဏ်မငယ်စေပါဘူး သားလေးရယ်၊ ဒီအလုပ်နဲ့ပဲ အမေတို့ မိသားစုဘ၀လေး ရပ်တည်ခဲ့တာပဲ မဟုတ်လား”။ အမေရဲ့ တုန့်ပြန်စကား။

ကျနော့်နှလုံးသားက မခံယူနိုင်သော စကားများပင်။ အမေ့အသက် ခြောက်ဆယ်ကျော်ပြီ။ အခုထိ မနားရသေး။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်ကတည်းက လုပ်ခဲ့သောအလုပ်ကို အမေ့ခမျှာ အခုထိ မစွန့်လွှတ်နိုင်သေး။ တခြားလည်း အမေဘာမှ မလုပ်တတ်။

ကျနော်ဒီအတိုင်းနေလို့ မဖြစ်မှန်း တဖြေးဖြေးသိလာသည်။ နေ့စဉ်နှင့်အမျှ နားမဆံ့ကြားနေရသည့် စင်ကာပူ၊ မလေးရှား၊ ယိုးဒယားဆိုသော စကားလုံးများကို သတိပြုမိလာသည်။ “ရွာက ဘယ်သူက ယိုးဒယားမှာ အလုပ်သွားလုပ်ပြီး အိမ်ကို ပိုက်ဆံဘယ်လောက်ပြန်ပို့နိုင်သတဲ့” ဆိုသော သတင်းများကို အားကျလာသည်။ နုံချာလွန်းတဲ့ ကျနော့်မိသားစုနှင့် ကျနော့်ဘ၀၏ ရှေ့ရေးကို တွေးကြည့်လိုက်သောအခါ ထိုသတင်းများသည် ကျနော့်အတွက် အားဆေးသဘွယ်ဖြစ်လာခဲ့ရသည်။ ကျနော်ဆုံးဖြတ်ချက်တစ်ခု မရဲတရဲချမိသည်။ “ငါ ယိုးဒယား သွားအလုပ်လုပ်မည်” ဟူ၍။ သို့သော် အဘယ်သို့ သွားရမည်နည်း။ နုံချာတဲ့ ကျနော့်ဘ၀မှာ အပေါင်းအသင်းဆိုသူများမှာလည်း ကျနော့်နှင်နှင် ချာတူးလန်များပင်ဖြစ်လေရာ သူတို့ကိုလည်း အားကိုးလို့ မဖြစ်နိုင်။ ထိုရောအခါ ကျနော်ကိုယ်တိုင်ပင် လိုက်စုံစမ်းရတော့သည်။

“မေးပါများ စကားရ” ဆိုသလို ရွာတစ်ပတ်လည် ဟိုမေးသည်မေးလုပ်လိုက်သောအခါ လမ်းစတစ်ခု သွားတွေ့သည်။ ကော့သောင်ကို သွားတဲ့အဖွဲ့နဲ့လိုက်သွားပြီး ယင်းမှတစ်ဆင့် ဟိုဘက်ကမ်း ကူးနိုင်သတဲ့။ ဟုတ်ပေပြီ။ ဒီလမ်းကြောင်းသည် ငါ့ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းပင်ဖြစ်ချေမည်။ ကျနော် မလိမ်မိုးမလိမ်မာ ဆုံးဖြတ်သည်။ ယင်းဆုံးဖြတ်ချက်အရ အမေ့ကို အရင်တိုင်ပင်သည်။ အမေ့က မသွားစေလို။ သို့သော်လည်း အတန်တန်ပြောဖန်များသောအခါ အမေလည်းမတားနိုင်တော့။ ကျနော့်သဘောဟု အခွင့်ပေးလိုက်သည်။ အမေ့ခါးကြားမှာ ကျစ်ကျစ်ပါအောင်လိပ်ထားသောဈေးရောင်းရငွေ အနည်းငယ်ကို ကျနော့်လက်ထဲထည့်ပေးသည်။ ကျနော်မယူချင်ပါ။ သို့သော် ငြင်းဆိုဖို့ရန် ခွန်အားလည်း ကျနော့်မှာမရှိ။ ကျနော်သွားမည့်ခရီးက ငွေလိုသည်။ ကျနော့်လက်ထဲ ဘာမှမယ်မယ်ရရ စုဆောင်းထားသည်ဟုမရှိ။ ထို့ကြောင့် အမေ့ချွေးနည်းစာကိုပင် စိတ်မကောင်းခြင်းကြီးစွာဖြင့် လက်ဖျန့်ယူခဲ့ရသည်။

အိမ်အိုပေါ်ရှိ ဘုရားကျောင်းဆောင်အိုလေးထဲတွင် ဗုဒ္ဓရုပ်ပွားတော်လေးတစ်ဆူ သီတင်းသုံးတော်မူသည်။ ကိုးကွယ်သူက ဆင်းရဲရှာသဖြင့် ဘုရားစဉ်သည်လည်း တောက်ပခွင့်မရရှာပေ။
“တပည့်တော် မိဘနှစ်ပါးကို ချမ်းသာစွာထားနိုင်ဖို့အတွက် နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်မှာမို့ တပည့်တော်အား သနားသဖြင့် စောင့်ရှောက်တော်မူပါဘုရား”။ ဘုရားရှေ့ ကျုံ့ကျံ့လေးထိုင်ကာ လေသံတိုးတိုးဖြင့် မရဲတရဲ အသနားခံလိုက်သည်။

ဘုရားကို ဦးသုံးကြိမ်ချပြီး ပြန်အထတွင် အမေနောက်က ရပ်နေသည်။ အမေ့မျက်နှာကို မော်ကြည့်လိုက်မိသည်။ အမေ့မျက်ဝန်းမှာ မျက်ရည်စတွေ စိုနေသည်။ ကျနော်အမေ့ကို ပထမဦးဆုံးအကြိမ် ခွဲခွါခြင်းဖြစ်သည်။ အမေ့ကို ကန်တော့လိုက်သည်။
“ငါ့သားလေး သွားလေရာမှာ ဘေးမသီရန်မခပါစေနဲ့ကွယ်”။ အမေဆုပေးသည်။
အဆုံးသတ်စကားလုံးမှာ အမေ့အသံအနည်းငယ် တိတ်ဝင်သွားသည်ကို သတိပြုမိသည်။ ကျနော်ရင်ဘတ် ကွဲအက်သည်သို့ ခံစားရသည်။ သို့သော် ဒီမေ၊ ဒီရေနဲ့ ဒီမြေကို စွန့်ခွါပြီး ကျနော့်ဘ၀ရဲ့ အနာဂတ်ကို ထူထောင်ဖို့ ဒီခရီးကို ကျနော်သွားရတော့မည်။
“သား သွားတော့မယ်နော် အမေ”။ အမေ ခေါင်းညိတ်လိုက်သည်။

အ၀တ်အစားအနည်းငယ်ထည့်ထားသော အိပ်အဟောင်းလေးကိုလွယ်ပြီး အိမ်ပေါ်ကနှေးကွေးသော ခြေလှမ်းများဖြင့် ကျနော်ဆင်းလာခဲ့သည်။ ကော့သောင်သို့ ထွက်မည့်ကားရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ကျနော့်ကျောပြင်ကို အမေကြည့်နေမည်မှာသေချာသည်။ ကျနော်နောက်ပြန်မလှည့်ဖြစ်အောင် အားတင်းပြီး ဆက်သွားခဲ့ရသည်။ ဤသည်ပင် ကျနော့်ဘ၀ရဲ့ ခရီးအစ မဟုတ်ပါလော။

ကားပေါ်တွင် ထိုင်လိုက်သောအခါ ကျနော့်နည်းတူ ရည်ရွယ်ချက်ကိုယ်စီဖြင့် ဘ၀ကြမ်းကို ဖြတ်သန်းမည့်သူများကို တွေ့လိုက်ရသည်။ ထိုအထဲတွင် မိန်းကလေးများလည်းပါသည်။ ဘာသွားလုပ်ကြမည်နည်း၊ ကျနော် မသိ။ မေးလည်း မမေးမိ။ ကျနော့်ရွာသားများကိုလည်းတွေ့ရသလို အခြားရွာမှလာသော မိန်းကလေးများကိုလည်းတွေ့ရသည်။ အားလုံးစွန့်စားကြမည့် မျက်နှာကိုယ်စီရှိကြသည်ချည်း။ ကျနော် အားတက်လာသည်။ လူစုံသလောက်ရှိသောအခါ ကားစက်စနှိုးသည်။ ကားထွက်ခါနီးမှ အပြေးအလွှားရောက်လာသူများကိုလည်း တွေ့ရသည်။ ကားတစ်စီးလုံးပြည့်ညပ်သွားသည်။

ကားဘီးစလိမ့်ချိန်တွင် အမေ့ကို စိတ်ထဲက မှန်းပြီး ဦးချလိုက်သည်။ “နေရစ်ပေဦးတော့ အမေရယ်”။စိတ်ထဲက ရေရွတ်ဖြစ်သည်။ ကားပေါ်ပါလာသူများအားလုံး ပျော်ရွှင်နေသည်ကိုတွေ့ရသည်။ ကျနော့်တစ်ယောက်တည်းကသာ ကျန်ရစ်သောအမေအိုကို စိတ်မချနိုင်ဖြစ်ပြီး တွေဝေနေသည်။ လမ်းတစ်လျှောက် လှပလွန်းသော ရှုမျှော်ခင်းများကိုလည်း အာရုံမ၀င်စားနိုင်ခဲ့။ ရှေ့ဆက်ရမည့် ခရီးကို မည့်သို့ရှိလေမည်နည်း၊ ကျနော် တွေးကြည့်နေမိသည်။ မျက်လုံးများ တဖြေးဖြေး မှေးစင်းလာသည်။ ဘေးက ဟေးလားဝါးလား ရယ်သံမောသံများလည်း နားထဲမ၀င်လာတော့။

“အမေရေ့----အမေ၊ သားပြန်လာပြီ၊ အမေ့အတွက် သား ပိုက်ဆံတွေ အများကြီးရှာလာခဲ့တယ်သိလား။ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာမလိုတော့ဘူး သိလား၊ သားရှာလာတဲ့ ပိုက်ဆံနဲ့ အိမ်မှာပဲ ကုန်စုံဆိုင်လေးတစ်ခုဖွင့်မယ်နော်၊ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာ မလိုတော့ဘူးနော်၊ အေးအေးဆေးဆေး အိမ်မှာနေပြီး အရိပ်ထဲ ဈေးရောင်းလို့ရပြီ၊ သိလား အမေ”။ ရောက်ရောက်ချင်း ကျနော်မနားတမ်း အားရ၀မ်းသာ ပြောလိုက်သည်။ ကျနော့်ကို မြင်တော့ တုန်တုန်ရီရီဖြစ်နေသည်။ ကျနော့်ဦးခေါင်းကို ဖက်ထားပြီး “ငါ့သားလေး ဘေးမသီရန်မခ ပြန်ရောက်လာတာကိုပဲ အမေ၀မ်းသာလှပါပြီကွယ်”။ အမေစကားဆိုသည်။ ၀မ်းသာလွန်းသော အမေ့မျက်ဝန်းတစ်စုံက ကျနော့်ကို နွေးထွေးစေသည်။ ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းများလည်း ကျနော်ပြန်ရောက်ကြောင်း ကြားသဖြင့် လာမေးကြသည်။ အမေ့ရဲ့ အိမ်အိုလေး ကျနော်ပြန်ရောက်တဲ့မှာ ပြန်လည်စိုပြေလာသည် ဟုခံစားလိုက်ရသည်။ တစ်ယောက်တစ်ပေါက် မေးခွန်းများကို ကျနော်ဖြေနေရသည်။ အားလုံးပျော်နေကြသည်။

ဆူဆူညံညံအသံဗလံများကြောင့် လန့်နိုးလာသည်။ “အော်---ငါအိမ်မက် မက်နေတာပါလား”။ အိမ်မက်လေးကို ပြန်တမ်းတနေမိသည်။ အိမ်မှုံစုတ်ဖွါးဖြင့် အပြင်ဘက်ကြည့်လိုက်သည်။ ကော့သောင်သို့ပင် ရောက်နေချေပြီကော။ ကားဂိတ်တွင် အသားဖြူဖြူနှင့် မွန်လူမျိုးဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်က လာကြိုနေသည်။ သူနှင့်အတူ ရနောင်းကမ်းဘက် လိုက်မည့်သူများကို စာရင်းယူသည်။ ကျနော်လည်း စာရင်းပေးလိုက်သည်။ မိန်းကလေးအများစုဖြစ်သည်ကို တွေ့ရသည်။ ကျနော်တို့အုပ်စု အားလုံးဆယ်ရောက်ခန့်ရှိမည် ထင်သည်။ ထိုအမျိုးသမီးခေါ်ဆောင်ရာသို့ လိုက်ပါသွားကြသည်။ အိမ်ကြီးတစ်လုံးပေါ်သို့ ရောက်ကြသည်။ ကျနော်တို့အုပ်စုကို မိန်းမ၊ ယောက်ျားခွဲခြားထားသည်။ နှစ်အုပ်စုဖြစ်သွားသည်။ သွားရမည့်ခရီးစဉ်ကို ပြောပြသည်။ ဟိုဘက်ကမ်းရောက်က မည်သို့မည်ပုံနေထိုင်ရမည်ကိုလည်း ပြောပြသည်။ အထူးသဖြင့် မိန်းကလေးများကို သီးသန့်ခေါ်တွေ့သည်။ ဘာတွေပြောသလဲ ကျနော်မမေးမိ။ ကျနော်နှင့် မဆိုင်ဟု တွက်ထားခဲ့သည်။ ကျနော့်ပန်းတိုင်မဟုတ်။ ကျနော့်ပန်းတိုင်က ဟိုဘက်ကမ်း ရောက်လျှင် အလုပ်ကောင်းကောင်းရှာမည်၊ ငွေစုမည်၊ ရသမျှ အမေ့ဆီ ပြန်ပို့မည်။ ကျနော့်ပန်းတိုင်က ဤမျှသာ။

ဟိုဘက် ရနောင်းကမ်းသွားမည့် မော်တော်တစ်စီးပေါ်သို့ တက်ကြရသည်။ မိန်းမကြီးလည်းပါသည်။ ကျနော်တို့အားလုံးကို လှေဝမ်းဗိုက်ထဲသို့ ၀င်စေပြီး အပေါ်က တာလပတ်များဖြင့် အုပ်လိုက်သည်။ လှေဝမ်းထဲ ဘာမှမမြင်ရ။ မှောင်မည်းနေသည်။ မိန်းမယောက်ျားမကွဲတော့။ အတူတူပူးကပ်နေကြရသည်။ ဤလှေဝမ်းမှာ ငါးထည့်သော နေရာဖြစ်သည်။ ကော့သောင်ကမ်းမှ ဖမ်းရသမျှ ငါးများကို ဤလှေဝမ်းဗိုက်အတွင်းထည့်ပြီး တစ်ဘက်ကမ်းသို့ ပို့ရသည်။ အခုတော့ ငါးနေရာတွင် မနုဿလူသားများ အစားဝင်ယူနေရသည်။ ငါးပုတ်အနံ့ဖြင့် လှေဝမ်းတစ်ခုလုံး နံစော်နေသည်။ အထဲရောက်ရောက်ချင်း အော့အံချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် ကျနော်ရွေးချယ်ခဲ့သော လမ်းပင် မဟုတ်ပါလား။ သည်းခံရပေဦးတော့မည်။ ဒုက္ခ၏ ဦးစွာနှုတ်ဆက်သံကို ကျနော်မနာခံလို့ မဖြစ်။ ရှေ့ဆက် ဒိထက်ဆိုးမည်ကို တွေးမိလိုက်သည်။

လှေစထွက်သောအခါ မော်တော်စက်သံကြောင့် နားကွဲမတတ်အူသည်။ အချို့မိန်းလေးများ လှိုင်းမူးသဖြင့် အော့အံနေကြသည်။ လေကောင်းလေသန့်ရှူရှိုက်ခွင့်မရ။ လှေဝမ်းဗိုက်ကျဉ်းကျဉ်းလေးထဲတွင် ငါးပိသိပ်ငါးချဉ်သိပ် လိုက်ပါခဲ့ရသည်။ တာမောစခန်းခေါ် ကြားခံစစ်ဆေးရေးစခန်းသို့ ရောက်သောအခါ ကျနော်တို့ကို ခေါ်လာသောမွန်မကြီးက သက်ဆိုင်ရာကို ဘာတွေသွားပြောနေသည်မသိ။ သက်ဆိုင်ရာက လှေပေါ်ဆင်းလာပြီး စစ်ဆေးခြင်းမပြု။ အပေးအယူတစ်ခုခုရှိမည်ဖြစ်ကြောင်း ကျနော်တွေးမိသည်။ ခဏနေသောအခါ မော်တော်ပြန်ထွက်လာသည်။ ရနောင်းကမ်းဘက်သို့ တဖြေးဖြေးဆိုက်ကပ်နေကြောင်း သိရသည်။

တစ်ဘက်ကမ်းသို့ မော်တော်ဆိုက်ကပ်လေပြီ။ ကမ်းနဖူးတွင် မွန်အမျိုးသားတစ်ယောက် ရပ်စောင့်နေသည်။ ဟိုအမျိုးသမီး၏ ယောက်ျားဖြစ်ကြောင်း နောက်မှသိရသည်။ ကျနော်တို့အဖွဲ့ကို သူတို့နေထိုင်ရာ အိမ်ကြီးသို့ ခေါ်ဆောင်လာခဲ့သည်။ အိမ်ကြီးဆိုသော်လည်း သူတို့ပိုင်သည်တော့ ဖြစ်ဟန်မတူ။ အငှါးအိမ်ဖြစ်ပုံရသည်။ အိမ်ပေါ်သို့ရောက်သောအခါ မွန်လင်မယားက ဇာတိစပြသည်။ ကျနော်တို့ယောက်ျားလေးများကို စပ်ဆိုင်ရာမှာ အလုပ်သွင်းပေးမည်၊ လုပ်အားခ သုံးပုံတစ်ပုံကို ပေးရမည်ဟုဆိုသည်။ ဘာမှမတတ်နိုင်၊ သူ့လက်ခုပ်ထဲကရေဘ၀ရောက်သွားလေပြီမို့ သွန်လိုသွန် မှောက်လိုမှောက်ချေတော့။ ပြုသမျှ နုရတော့မည်။ နောက်တစ်နေ့တွင် မနီးမဝေးရှိ ငါးအလုပ်ရုံတစ်ခုတွင် အလုပ်ရသည်။ မြန်မာအလုပ်သမား အများစုဖြစ်ကြောင်းတွေ့ရသည်။ ထိုင်းအလုပ်သမားအနည်းငယ်ကိုလည်း တွေ့ရသည်။ မိန်းကလေးများကိုမူ မည်သည့်အလုပ်ပေးသည်ဟု မသိရသေး။

ငါးအလုပ်ရုံတွင် အလုပ်လုပ်ရင်း အပေါင်းအသင်းရလာသည်။ အလုပ်သမားအများစုမှာ စုဖို့ဆောင်းဖို့ သတိမရကြ။ ရလာသမျှ လုပ်အားခကို သုံးပစ်ဖြုန်းပစ်သည်ချည်း။ ကျနော့်မှာ အလွန်ခင်စရာကောင်းသော ထိုင်းမိတ်ဆွေတစ်ယောက်ရသည်။ အစစအရာရာကူညီသည်။ စိတ်သဘောကောင်းသည်။ သို့သော် ကျနော့်ခမျှာ ပျော်ရွှင်ခွင့်မရ။ တပင်တပန်းလုပ်ပြီး ရလာသောလုပ်အားခ သုံးပုံတစ်ပုံကို မွန်လင်မယားလက်ထဲ ထည့်ထည့်ပေးနေရသည်။ မပေးလျှင် ထိုင်းရဲလက်ထဲအပ်မည်ဟု ချိန်းခြောက်သည်မှာလည်း အခါခါ။ ထောင်ထဲနေပြီး ဘ၀သေနေသည်နှင့်စာလျှင် အပြင်မှာ ရှင်သန်ခွင့်ရသည်ကို အမြတ်ဟု ယူဆကာ ဖြစ်သမျှကို ကျိတ်မှိတ်ခံရင်း ကျနော်နေခဲ့ရသည်။

ရက်အတန်ကြာသောအခါ သတင်းတစ်ခု ကြားရသည်။ ကျနော်နှင့်အတူပါလာသော မိန်းကလေးများကို ဇိမ်ခန်းပို့မည် တဲ့။ ယင်းအတောအတွင်း ကျနော်တို့အဖွဲ့ထဲက ရုပ်သန့်သန့်မိန်းကလေးသုံးယောက်ကိုလည်း ထိုင်းရဲလက်သို့အပ်ကာ ပျော်ပါးစေသည်ဟုကြားရသည်။ ဤသို့သော နည်းလမ်းဖြင့် လူကုန်ကူးသော မွန်လင်မယားတို့သည် ထိုင်းရဲနှင့် အပေးအယူမျှလျှက်ရှိကြောင်းလည်း ကြားသိလိုက်ရသည်။ မြန်မာမိန်းကလေးများအတွက် ကျနော့်ရင်တွေ နာကျင်လာသည်။ နှမချင်းစာနာစိတ်က ကျနော့်ကို သွေးအေးခွင့်မပြုတော့။ ကျနော့်သွေးတွေ ဆူဝေလာသည်။ မွန်လင်မယားကို ဆုံးမချင်စိတ်ပေါက်လာသည်။ အနိုင်ကျင့်လွန်းသည်ဟု ခံစားရသည်။ ကိုယ့်မြန်မာအချင်းချင်း လုပ်ရက်ပလေတယ် ဆိုသည့်အတွေးက ကျနော့်ဦးဏှောက်ကို အဆင်အခြင်မဲ့သွားစေသည်။ ထို့ကြောင့် ထိုင်းသူငယ်ချင်းကို အကူအညီတောင်းရသည်။ သေနတ်တစ်လက်ရှာပေးဖို့။

လျောလျောလျှူလျှူပင် ကူညီသည်။ ပစ်နည်းခတ်နည်းကိုပါ ကျကျနနသင်ပေးသည်။ စိတ်တည်ငြိမ်အောင်ထားဖို့ အရေးကြီးကြောင်းပြောသည်။ တစ်ပတ်ခန့်ကြာသောအခါ ကျနော့်ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ လုပ်ရတော့သည်။ သေနတ်နှင့်လက်ကို ရင်းနှီးအောင် မကြာခဏလေ့ကျင့်ရသည်။ လွဲချော်၍မဖြစ်။ သူ့အသက်မပါလျှင် ကိုယ့်အသက်ပေးလိုက်ရမည့်ကိစ္စဖြစ်သည်။ ကျည်ဆံတစ်တောင့်မှာ အသက်တစ်ချောင်းပါရမည်။ အချိန်၊ နေရာ၊ ကွက်တိဖြစ်အောင် စဉ်းစားစီစဉ်ရသည်။ တစ်ခါဖူးမျှ လုပ်ခဲ့ဖူးခြင်းမရှိသော စွန့်စားမှုမျိုးကို ကျနော်လုပ်ဖို့ ဆုံးဖြတ်ထားလေရာ တွေးမိတိုင်း ကြက်သီးမွှေးညင်းများပင် ထူထူထောင်ထောင်ဖြစ်လာသည်အထိ ကျောစိမ့်မိသည်။ ကြောက်သည်လော၊ လန့်သည်လော ဝေခွဲမရသော ခံစားချက်မျိုးလည်း ခဏခဏပေါ်ပေါ်လာတတ်သည်။

ညသည် လရောင်မှုံပြပြအလင်းရောင်အောက်တွင် အိပ်မောကျနေသည်။ ခပ်ဝေးဝေးမှ ခွေးအူသံသဲ့သဲ့ကြားရသည်။ ကျနော်စတည်းချရာ တဲစုတ်လေးထဲမှ အပြင်ထွက်ကြည့်လိုက်သည်။ ခါတိုင်းထက် ပိုမိုတိတ်ဆိတ်နေသယောင်။ ပတ်ဝန်းကျင်က ပုရစ်အော်သံဖြင့် စည်ဝေနေသည်။ လူသံသူသံကား ဘာမှမကြားရ။ တစ်နေ့တာ အလုပ်ပင်ပန်းလွန်းသဖြင့် ၀န်းကျင်ရှိလူသားအားလုံး အိမ်မောကျနေချိန်ဖြစ်သည်။ မွန်လင်မယားလည်း အခုလောက်ဆို သျှူးနေလောက်ပြီဖြစ်ကြောင်းတွက်ဆမိသည်။ ဒီလောက်တောင် လူစိတ်ကင်းမဲ့လွန်းသောလူများ ဒီဘ၀မှာ ဆက်လက်နေထိုင်ခွင့်မပေးသင့်ကြောင့် ကျနော့်ဘ၀အသိက နိုးဆော်နေသည်။ ကိုယ့်လုပ်အားခကို ခေါင်းပုံဖြတ်မှု၊ မြန်မာအချင်းချင်း ရောင်းစားမှုဆိုသော ပုဒ်မများဖြင့် ကျနော် ဖြေရှင်းရတော့မည်။ ခြောက်လုံးပြူးသေနတ်ကို လက်ဖြင့်ကျစ်ကျစ်ပါအောင် ကိုင်လိုက်သည်။ ကျည်ဆန်ခြောက်တောင့် ပြည့်မပြည့်ပြန်စစ်လိုက်သည်။ သေချာပြီဆိုသောအခါ မွန်လင်မယားနှစ်ယောက် အိပ်မောကျရာ အိမ်ကြီးဆီ အသာချဉ်းကပ်သွားသည်။

ရင်ဘတ်ထဲ တဒိတ်ဒိတ်ခုန်နေသည်။ သည်နေ့မှ သေနတ်ကလည်း ခါတိုင်းထက် ပိုလေးနေသလို ခံစားရသည်။ လက်ဖြင့် မကြာခဏ ဆဆပြီး ကိုင်ကြည့်သည်။ ချိန်ကြည့်သည်။ မောင်းဖြုတ်လုလု စမ်းကြည့်သည်။ အိုကေ။ အိမ်ထဲဝင်ပြီး မွန်လင်မယားနှစ်ယောက်တို့စံမြန်းရာ အိပ်ခန်းတံခါးကို အသာတွန်းဖွင့်လိုက်ရာ ကံအားလျော်စွာ အတွင်းက ဂျက်ထိုးမထား။ သို့သော် တံခါးဖွင့်သံကြောင့် လင်မယားနှစ်ယောက်လုံးနိုးသွားသည်။ ကျနော့်လက်ထဲမှာ ကိုင်ထားသော သေနတ်ကို တွေ့သောအခါ ပြူးကျယ်သော၊ အသနားခံသော မျက်လုံးလေးလုံး ကျနော့်ကို စုပြုံကြည့်နေကြသည်။ စဉ်းစားချိန်များများ ပေး၍မဖြစ်။ ဆုံးဖြတ်ပြီးသည့်အတိုင်း အကောင်အထည်ဖေါ်လိုက်သည်။ ယောက်ျား၏ ရင်ဝသို့ ချိန်ကာ ကျည်တစ်တောင့် ပစ်ထည့်လိုက်သည်။ ထထိုင်နေတဲ့ သူ့၏ ကိုယ်လုံးမှာ ကျည်တွန်းအားကြောင့် အိပ်ခန်းနံရံသို့ ကပ်သွားသည်။ ထို့နောက် သူ့မယား၏ ရင်ဘတ်သို့ နောက်ကျည်တစ်တောင့် ထည့်ပေးလိုက်သည်။ လွဲစရာအကြောင်းမရှိ။ လေ့ကျင့်ထားသော လက်ဖြင့် အနီးကပ်ဖြုတ်ရခြင်းဖြစ်သည်။ လင်မယားနှစ်ယောက်လုံး ပွဲချင်းပီး လျောသွားသည်။ အနားမှာ အိပ်ပျော်နေသော ငါးနှစ်အရွယ် သမီးလေးတစ်ယောက် အိမ်ယာမှ လန့်နိုးလာသည်။ သေနတ်ပြောင်းကို ကလေးဆီ ဦးတည်လိုက်သည်။ သို့သော် “သူ့မှာ အပြစ်မရှိ”ဆိုသောအသိက ကျနော့်ကို တားဆီးလိုက်နိုင်သည်။ နေပစေတော့။ သူ့ကံနဲ့သူ ရှိပစေတော့။ ဒီမိသားမှာမှ ညီးကလေးလာပြီး လူဖြစ်ရှာပေသကိုး။ ကျနော် ထားခဲ့သည်။ အိမ်ပေါ်က ဆင်းလာသည်။

သူ့နာမည်က “မြတ်မြတ်”။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ သမင်မျက်လုံးပိုင်ရှင်လေး တစ်ယောက်။ ကျနော်တို့အုပ်စုထဲမှာ ရုပ်အချောဆုံးမိန်းကလေးဖြစ်သည်။ အပြောအဆို သွက်လက်ချက်ချာပြီး လူရည်လည်ဟန်လည်းတူသည်။ မွန်လင်မယားနှစ်ယောက်၏ ထိုင်းနယ်ခြားစောင့်ရဲတွေကို မျက်နှာလို မျက်နှာရ လာဒ်ထိုးမှုတွင် သားကောင်ဖြစ်ခဲ့ရသူလေး။ ထိုင်းရဲများ၏ အသုံးတော်ခံတဖြစ်လဲ အများနည်းတူ မကြာမီ ဇိမ်ခန်းသို့ အပို့ခံရတော့မည့်ဆဲဆဲ။ ကျနော် ကယ်တင်နိုင်ခဲ့သည်။ သူ့တစ်ယောက်တည်းကို မဟုတ်။ အခြားမိန်းကလေးများကိုလည်း ကျနော် ကယ်တင်လိုက်နိုင်သည်။ အပင်ပေါ်က ကြွေကျလို့ မြေသို့ခရရှာလင့်ကစား နင်းခြေခံဘ၀မျိုးသို့ မရောက်သေးသည့်အတွက် ပန်ဆင်လိုသူအဖို့ တော်ဝင်ထိုက်နေဆဲ။ အဖတ်ဆည်နိုင်သေးတဲ့ဘ၀နဲ့ ဆက်လက်ရပ်တည်နိုင်သေးတဲ့အတွက် ကျနော်သည် သူတို့လေးတွေ၏ ကယ်တင်ရှင်ဖြစ်ခဲ့ရသည်။

“ကျေးဇူးတင်လိုက်တာ ကိုသက်ရယ်၊ ဒီတစ်သက်တော့ ကျမတို့ဘ၀က ကိုသက်ပေးတဲ့ အရှက်နဲ့ပဲ ဆက်ပြီး ရှင်သန်ကြရတော့မှာပါ၊ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင်”။ မြတ်မြတ်က ဆိုလာသည်။
“မင်းတို့ဘာသာ ရှေ့ဆက်ပြီး ကြည့်လုပ်ကြပေတော့၊ ငါကတော့ ဒီမှာနေလို့ မဖြစ်တော့ဘူး”။ ဗလုံးဗထွေးပြောလိုက်မိသည်ထင့်။ ကျနော့်မှာ စကားများများပြောဖို့ အချိန်မရှိ။ ပြေးရပေဦးမည်။ အားပေးစကားအနည်းငယ်ပြောပြီး အသင့်စောင့်နေသော သူငယ်ချင်းလက်ထဲ သူ့သေနတ်ပြန်အပ်ကာ မိုးမလင်းခင် ရနောင်းကမ်းက လစ်ထွက်လာခဲ့သည်။ ကံအားလျော်စွာ ကော့သောင်သို့ ထွက်မည့် မော်တော်တစ်စီးနှင့်တွေ့သဖြင့် တက်လိုက်လာခဲ့သည်။

အကျည်းတန်သော၊ ယုတ်မာသော၊ ကိုယ်ချင်းမစာသော၊ ကိုယ့်အမျိုးကို တိုင်းတစ်ပါးသို့ပြန်ရောင်းစားသော မွန်လင်မယားကို ကလဲ့စားချေခွင့်ရခဲ့သော ကျနော့်နှလုံးသားသည် အပြန်လမ်းတွင် ပေါ့ပါးနေသယောင်။ ကျနော့်အိပ်ကပ်ထဲတွင်ကား သုံးစရာငွေတစ်ပြားသားမှ မရှိ။ အမေ့ကို ဘယ်သို့ပြောရမည်နည်း။ ကိစ္စမရှိ။ အမေသည် သားပြောသမျှ ယုံသည်ချည်း။ အမေစိတ်မဆင်းရဲအောင် ညာရဦးတော့မည်။
“ချစ်စွာသောအမေနဲ့ အေးအတူ၊ ပူအမျှ နေထိုင်ဖို့ သားပြန်လာပါပြီအမေ”၊ ကျနော့်ရင်ထဲက တိတ်ဆိတ်စွာ ဆိုဖြင့်သောစကား။ စထွက်လာစဉ်က ကားပေါ်တွင် မက်ခဲ့ရသော အိမ်မက်လှလှလေးကို ပြန်လည် သတိရနေမိသည်။
“အော် အိမ်မက်တွေသာ တကယ်ဖြစ်လာခဲ့ရင်-------------”။

မြန်မာမိန်းကလေးများ ရောင်းစားခံရသော ဘ၀မှ လွတ်ကင်းကြပါစေကြောင်း ဆန္ဒပြုလျှက်--------------။

မှတ်ချက်။ ကြေကွဲစရာကောင်းလှသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဘလော့ဂ်ပို့စ်ရှည်မည်စိုးသောကြောင့် အကျဉ်းချုပ်ရေးထားခြင်းမျှသာဖြစ်ပါသည်။ ဓာတ်ပုံကို အင်တာနက်မှ ယူထားပါသည်။