Friday, July 30, 2010

နေရာဟောင်းသို့ တမ်းတခြင်း

ကိုယ့်အတွက် မယိုးနိုင်တဲ့ နေရာတစ်ခုရှိတယ်ဆိုရင် အဲဒီနေရာလေးဟာ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ မောင်းမကန်ရွာလေးပါပဲ။ ဒီနေရာလေးကို ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာ ငယ်စဉ် ကလေးဘ၀ကတည်းက ခွဲခွါခဲ့ရပါတယ်။ ဒါပေမဲ့ မှန်းလေတိုင်းအကြံမမြောက်တဲ့ဘ၀နဲ့ အသက်ရှင်နေရတဲ့ ကိုယ့်အဖို့ လွမ်းလေတိုင်း ပြန်ရောက်ဖြစ်အောင်တော့ နှစ်စဉ်ကျိုးစားရပါတယ်။

အခုလည်း မောင်းမကန်သို့ တစ်ခေါက်ပြန်ရောက်လို့ အခြေချမိပြန်ပါပြီ။ အခြေအနေအားလုံးဟာ မနှစ်ကအတိုင်းပါပဲ။ ဟောင်းမြင်းသောလမ်းများ၊ ရွက်နုတွေနဲ့ဝေပြီး ပင်ပျိုတို့နဲ့ အပြိုင်တင့်နေတဲ့ သစ်ပင်အိုကြီးများ၊ ရွာ့အ၀င်ဝမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကလည်း မပြောင်းမလဲ အရင်အတိုင်းပါပဲ။ မပြောင်းဆို ဘာမှကို မပြောင်းလဲပါဘူး။ တစ်ခုပဲ။ ညီမလေးသုံးယောက်အနက် အလတ်မမှာ သမီးလေးတစ်ယောက် ထပ်မွေးတယ်။ ဒီတော့ တူမလေးတစ်ယောက် ထပ်ရတာပေါ့ဗျား။ အလိုလိုနေရင်း (ကိုယ်လည်း ဘာမှမလုပ်ရပဲနဲ့) တူတွေ တူမတွေ တစ်ပုံကြီးဖြစ်နေပြီ။ ဦးလေးကြီးကို ဖြစ်လို့။

ဘယ်လိုပဲ ဟောင်းဟောင်း၊ ဘယ်လိုပဲ မပြောင်းမပြောင်း၊ ကိုယ့်ရွာရောက်ရင်တော့ ရွာစိတ်ပေါက်လာတာချည်းပါပဲ။ တောထဲဝင်၊ တောင်ပေါ်တက်၊ ပင်လယ်ခြေသွားနဲ့ တစ်ပတ်ဆိုတဲ့အချိန်ဟာ ဘယ်လိုကနေ ဘယ်လိုကုန်ဆုံးသွားမှန်းတောင် မသိလိုက်ပါဘူး။ အဖေအမေအဘိုးအဘွားတွေ မစုံတော့ပေမဲ့ လက်ကျန်မိသားစုဝင်တွေ၊ ဆွေမျိုးညာစား၊ အဲလေ ယောင်လို့၊ ဆွေမျိုးညာတကာတွေနဲ့ တွေ့ရတော့ ပျော်တာပေါ့။ ကိုယ်က နိုင်ငံခြားက ပြန်လာဆို မဟုတ်လား။ မောင်နှမတွေကတော့ ဂုဏ်ယူကြသပေါ့။ ပျော်ကြသပေါ့။ လက်ဆောင်ကောင်းကောင်းရကြပေတာကိုး။ ကိုယ်ပျော်သလို သူတို့လည်း ပျော်နေကြတာပဲပေါ့။ အပျော်ဆုံးကတော့ တူတွေ တူမတွေပေါ့။ ဘာလို့လည်းဆိုတော့ အင်္ဂလန်က၀ယ်လာတဲ့ ဘောလုံးအင်္ကျီတစ်ထည်စီရတဲ့အပြင်၊ မုန့်ဖိုး ပိုက်ဆံလည်းရကြတယ်။ ကားအစီးလုံးငှါးပြီး ဘုရားတွေလည်း အစုံလိုက်ဖူးကြရတယ်။ ဒီတစ်ခါသွားတဲ့ ရွာပြန်ခရီးကတော့ ကိုယ့်လုပ်အားတစ်ပြားသားမှ မပါပဲ မွေးထားတဲ့ ကလေးတွေကို ဘုရားဖူးပို့ သက်သက်လို့တောင် ဆိုနိုင်တယ်။ ဒါပေမဲ့ ပျော်ခဲ့ပါတယ်။ တအားကို ပျော်ခဲ့ပါတယ်။ ပြန်တောင် မပြန်ချင်ခဲ့ဘူး။ ဒါပေမဲ့ မတတ်သာတော့လည်း--------။

ဒီတစ်ခါ ရွာပြန်တာ အရင်တုန်းက မရောက်ဖူးတဲ့ နေရာနှစ်ခု ရောက်ဖြစ်ခဲ့တယ်။ တစ်ခုက ကနန်းတောင်။ နောက်တစ်ခုက ရှင်တောင်ပုံတောင်။ အဲဒီခရီးစဉ်အတွက် အမှတ်တရ တောလားလေးတွေ ရေးဖို့ စိတ်ကူးထားပါတယ်။ နောက်တစ်နေရာကတော့ မောင်းမကန်ရောက်တိုင်း မရောက်မဖြစ်၊ မသွားမဖြစ်တဲ့နေရာ။ “မျှော်ရစ်တောင်တော်”။ ရာဇ၀င်မှာ ဘယ်လို စာတင်ထားတယ် မသိရပေမဲ့ လက်ရှိအမြင်မှာတော့ အလွမ်းတွေရဲ့ စုဝေးရာနေရာလေးတစ်ခုဖြစ်နေတာ သေချာတယ်။ လွမ်းတတ်တဲ့လူတွေ လာရောက်လည်ပတ်ကြပြီး ပြန်သွားတော့လည်း အလွမ်းတွေတစ်ပုံကြီး ပြန်သည်လာရတတ်တဲ့ နေရာလေး။ အဲဒီနေရာလေးဟာ ကိုယ့်အတွက်တော့ ဘယ်ဘ၀ရေစက်လည်း မသိဘူး။ အခုစာရေးနေရင်းနဲ့လည်း ပြန်သွားချင်နေမိတယ်။ ဟိုးငယ်ငယ်ကတည်းက မကြာခဏရောက်ဖြစ်တဲ့နေရာလေးဖြစ်ပေမဲ့ မယိုးနိုင်အောင်ကို ဆွဲဆောင်မှုရှိတယ်။ ဒီတစ်ခါ ပိုထူးတယ်၊ ပြောရမယ်၊ ဘာလို့လည်းဆိုတော့ ဒီတစ်ခါ သွားတာ သူပါတယ်။ “သူ” ဆိုတာကတော့------။