Friday, June 11, 2010

လူနဲ့ လူ့အသိုင်းအ၀ိုင်း



He who is unable to live in society, or who has no need because he is sufficient for himself, must be either a beast or a god.

Aristotle (384 BC-322 BC)

လူ့အသိုင်းအ၀ိုင်းထဲ မနေနိုင်တဲ့သူ၊ သို့မဟုတ် သူ့အတွက်ပြည့်စုံနေလို့ နေဖို့မလိုတဲ့သူဆိုတာ တိရစ္ဆာန် ဒါမှမဟုတ် နတ်ဒေ၀တာပဲ ဖြစ်ရမယ်။

အရစ္စတိုတယ်လ် (ဘီစီ၊ ၃၈၄-၃၂၂)

လွန်ခဲတဲ့ငါးနှစ်လောက်က အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်တက္ကသိုလ်မှာ ပညာသင်ယူနေစဉ်အတွင်း နိုင်ငံရေးဒဿနဘာသာရပ်ကို သင်ကြားပေးတဲ့ အဲဒီတုန်းက ဒဿနိကဗေဒဌာနမှူးဒေါက်တာရာဂျူးက အထက်ပါအရစ္စတိုတယ်လ်ရဲ့စကားကို အတန်းထဲမှာ ပြောခဲ့ဖူးတာ အမှတ်ရနေမိသေးတယ်။ မှတ်မှတ်ရရ "City and State" ဆိုတဲ့ Topic ကို သင်ကြားစဉ်မှာ ပြောခဲ့တာလို့ မှတ်မိနေပါတယ်။ အဲဒီတုန်းကတော့ စာမေးပွဲဖြေတဲ့အခါ သာမန်အမှတ်ရရုံ ဖတ်/မှတ်ခဲ့တာပါပဲ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လူလောကထဲ ကျင်လည်နေရစဉ်တစ်လျှောက် “လူဟာ တစ်ယောက်တည်းနေလို့ အဆင်မပြေတဲ့ သတ္တ၀ါတစ်မျိုးပဲ” ဆိုတဲ့အတွေးဟာ တဖြေးဖြေး ခေါင်းထဲဝင်ရောက်လာပါတယ်။ အဲဒီအတွေးကြောင့်ပဲ ဂရိဒဿနဆရာကြီး အရစ္စတိုတယ်ရဲ့ စကားကို ပြန်ရှာမိတယ်။ ဒါပေမဲ့ ဘယ်စာအုပ်ထဲပါမှန်းမသိလို့ ရှိစေတော့ဆိုပြီး ပစ်ထားလိုက်တာ ဒီကနေ့အထိပဲ ဆိုပါတော့။

ဒီနေ့တော့ ကံကောင်းထောက်မစွာနဲ့ အလင်းတန်းရဲ့ အဆိုအမိန့်သေတ္တာလေးထဲမှာ ပေါ်နေတာ တွေ့ရလို့ ဒီအတွေးကို ပြန်လည်ကောက်ယူမိတာပါ။ အရင်ပို့စ်တွေထဲမှာ “အတွေးအခေါ်တစ်ခုဟာ အချိန်ကာလတစ်ခုခုကို ကိုယ်စားပြုတာလည်းဖြစ်နိုင်တယ်၊ သို့မဟုတ် အချိန်ကာလအားလုံးကို ကိုယ်စားပြုတာလည်း ဖြစ်နိုင်တယ်” လို့ ကျနော်ရေးခဲ့ဖူးပါတယ်။ အဲဒီနှစ်မျိုးအနက် အရစ္စတိုတယ်လ်ရဲ့အထက်ပါ အတွေးအခေါ်ဟာ ဒုတိယအမျိုးအစားထဲပါတယ်လို့ ဆိုချင်ပါတယ်။ စာဖတ်သူ ကျေနပ်မှလက်ခံပါ။ လူတိုင်းလွတ်လပ်စွာ ကွဲလွဲခွင့်ရှိကြပါတယ်။ ကျနော့်ကိုယ်ပိုင်ခံယူချက်ကို တင်ပြခြင်းမျှသာဖြစ်ပါတယ်။

ကမ္ဘာ့ဒဿနလောကကို ယနေ့အထိ ချုပ်ကိုင်ထားဆဲဖြစ်တဲ့ ဂရိခ်လူမျိုးတွေရဲ့ အတွေးအခေါ်ဟာ သမိုင်းကြောင်းအရ အရစ္စတိုတယ်မှာ အဆုံးသတ်နေတာ တွေ့ရမှာပါ။ ထေးလိဇ် (Thales, c.624-546 BCE) တို့လက်ထက်ကစပြီး အရစ္စတိုတယ်လ်တို့လက်ထက်အထိ ဘီစီရာစုနှစ် သုံးခုအတွင်းမှာ ပေါ်ထွန်းခဲ့တဲ့ ဂရိဒဿနဆရာကြီး (၁၄) ယောက်ရှိပါတယ်။ အဲဒီ (၁၄)ဦးသော ဆရာကြီးတို့အနက် ရှေ့ပိုင်းဆရာကြီး (၁၁) ဦးရဲ့ ဒဿနတွေမှာ ပြင်ပသဘာဝတရားကြီးကို ယေဘုယျအခြေခံထားတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းဆရာ (၃)ဦးဖြစ်တဲ့ ဆော့ခရတ္တိ၊ ပလေတိုနဲ့ အရစ္စတိုတယ်လ်တို့ကတော့ များသောအားဖြင့် လူနဲ့ လူ့အသိုင်းအ၀ိုင်းကို ဗဟိုပြုပြီး တွေးခေါ်ခဲ့ကြတာ တွေ့ရပါတယ်။

အဲဒီ (၁၄)ယောက်အနက် နောက်ဆုံးဖြစ်တဲ့ အရစ္စတိုတယ်လ်ကတော့ နောက်ဆုံးပိတ် အိပ်နဲ့လွယ်ဆိုသလို ယုတ္တိဗေဒအပါအ၀င်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးစတဲ့ နယ်ပယ်စုံကို ၀င်စားတွေးခေါ်ခဲ့ကြောင်း မှတ်တမ်းအတင်ခံရသူပါ။ အသက်ငယ်ငယ်နဲ့ သူ့ဆရာပလေတိုရဲ့ Academy မှာဆရာဖြစ်လာတဲ့ အရစ္စတိုတယ်လ်ဟာ ဆရာပလေတိုရဲ့ လက်ရုံးကြီးတစ်ဆူဖြစ်သလို ကျောင်းသူကျောင်းသားတွေရဲ့ လေးစားချစ်ခင်ရတဲ့ ဆရာတစ်ဆူလည်းဖြစ်ကြောင်းဆိုပါတယ်။ တကယ်တော့ ဂရိဒဿနသမိုင်းကြောင်းအရ သူ့ကို နောက်ဆုံးထားပေမဲ့ သူ့နောက်မှာ အတွေးအခေါ်ပညာရှင်တွေ မပေါ်ထွန်းခဲ့ဘူးလို့ မယူဆနိုင်ပါဘူး။ ဒါပေမဲ့ နောက်ပေါ်တဲ့ အတွေးအခေါ်ရှင်တွေဟာ အရစ္စတိုတယ်လ်ရဲ့ အယူအဆတွေကို လွှမ်းမိုးနိုင်လောက်အောင် သြဇာမညောင်းခဲ့ကြလို့သာ သူတို့ကို စာရင်းထဲ မထည့်တာလို့ ကျနော်လက်ခံပါတယ်။

လူသားကို ပဓာနပြုပြီးတွေးတဲ့ အရစ္စတိုတယ်လ်က လူကို မြင်ရာမှာ လူအသိုင်းအ၀ိုင်းထဲက လူကိုပဲ လူလို့သတ်မှတ်ပါတယ်။ ဒါဟာ သူ့ရဲ့ လူ့အဓိပ္ပါယ်ဖွင့်ဆိုချက်လို့လည်း ဆိုနိုင်ပါတယ်။ သူ့အလိုအရ လူဆိုတာ လူ့အသိုင်းအ၀ိုင်းထဲမှာပဲ နေရမယ်။ လူ့အသိုင်းအ၀ိုင်းထဲနေတဲ့သူမှသာလျှင် လူပီသတယ် လို့ ဆိုလိုချင်ပုံရပါတယ်။ သူ့စကားကို ထောက်ခံနိုင်သလို၊ ငြင်းဆိုခြင်းလည်း ပြုနိုင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၃၀၀)က အတွေးအခေါ်တစ်ခုကို အဖက်ဖက်ကတိုးတက်ဖွံ့ဖြိုးနေပြီးဖြစ်တဲ့ ယနေ့ခေတ်အမြင်နဲ့ ပြန်ကြည့်ရင်တော့ ပြည့်စုံသောအယူအဆတစ်ခုအနေနဲ့ သတ်မှတ်ချင်မှ သတ်မှတ်ကြမှာပါ။

ပြီးခဲ့တဲ့သတင်းပတ် (ဂျွန် ၇ ရက်နေ့) က ထွက်လာတဲ့ Telegraph သတင်းစာရဲ့ အင်တာနက်စာမျက်နှာပါ သတင်းတစ်ပုဒ်က ကမ္ဗောဒီးယားနိုင်ငံမှာ အသက် (၂၉)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို တောထဲမှာ တွေ့လို့ခေါ်လာခဲ့ရကြောင်း ဆိုထားပါတယ်။ သူ့ကို Rochom P'ngieng လို့နာမည်ပေးထားပေမဲ့ အများကတော့ Jungle Woman (တောတွင်းသူ) လို့ပဲ ခေါ်ကြပါတယ်။ သူဟာ လူ့အသိုင်းအ၀ိုင်းရဲ့အပြင်ဘက်တောထဲမှာ နှစ်ပေါင်းများစွာနေခဲ့ရလို့ လူ့သားတစ်ဦးရဲ့အပြူအမူတွေ ပျောက်ဆုံးနေသူပါ။ ကမ္ဗောဒီးယားနိုင်ငံသုံးဘာသာစကားတွေဖြစ်တဲ့ ခမာ(Khmer)နဲ့ ဖနန်း (P'nang) ဘာသာစကားတွေကိုလည်းတစ်ခုမှ မပြောတတ်သလို၊ အသံထွက်သမျှတွေဟာ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အော်ဟစ်သံလိုပါပဲတဲ့။ လမ်းလျှောက်ပြီးမသွားတတ်တဲ့အတွက် တွားသွားနေရတယ်လို့ဆိုပါတယ်။ အ၀တ်အစားတွေဝတ်ပေးရင်လည်း ပြန်ပြန်ချွတ်ပစ်ပြန်သတဲ့။ (ကြည့်ရဲဘူး)။

ဒီအမျိုးသမီးဟာ အရစ္စတိုတယ်လ်စကားအရ လူမပီသသူဖြစ်ပါတယ်။ တစ်နည်းအားဖြစ် တိရစ္ဆာန်သာသာလူသားလို့တောင် ဆိုနိုင်ပါတယ်။ ကမ္ဗောဒီယားသားတွေကလည်း သူ့ကို "Half-animal girl" (တိရစ္ဆာန်တစ်ပိုင်းကညာ) လို့ခေါ်ဆိုကြကြောင်း သတင်းစာကရေးထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အပြုအမူတွေအားလုံးဟာ တိရစ္ဆာန်တစ်ကောင်ရဲ့ အမူအကျင့်တွေချည်းဖြစ်နေလို့ပါတဲ့။ ဒီအမျိုးသမီးရဲ့အဖြစ်အပျက်ဟာ အရစ္စတိုတယ်လ်ရဲ့ စကားကို ထောက်ခံနေသလိုပါပဲ။ ဒါဟာ အလွန်မြင်သာတဲ့ မြင်ကွင်းတစ်ခုပါ။

ဒါပေမဲ့ အရစ္စတိုတယ်လ်စကားရဲ့ အဓိပ္ပါယ်ဟာ ဒီလောက်နဲ့ ရပ်နေမှာမဟုတ်ပါဘူး။ အချို့လူတွေဟာ လူ့အသိုင်းထဲတော့ နေကြပါရဲ့။ ဒါပေမဲ့ လူတွေနဲ့ အဆက်အဆံမလုပ်ချင်ကြတာတွေလည်း တွေဖူးကြမှာပါ။ ဒီလိုအဆက်မလုပ်ချင်ခြင်းရဲ့အကြောင်းကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဲဒီထဲမှာ လူတွေနဲ့နေရင် အပြစ်မြင်တတ်လွန်းတဲ့အကျင့်ရှိတာလည်းပါနိုင်သလို ကိုယ့်ချို့ယွင်းချက်ကို အများမသိစေချင်တာလည်း အကြောင်းတစ်ခုအနေနဲ့ပါဝင်တယ်။

မနှစ်က ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့တဲ့ သတင်းတစ်ပုဒ်ကို ပြန်မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ သြစ်ထရေးလိယနိုင်ငံမှာ အဖေလုပ်သူက ကိုယ့်သမီးကို ကိုယ်တိုင်ပြန်ယူပြီး အနှစ်(၂၀)လောက် မြေအောက်တိုက်ခန်းထဲထည့်ထားပြီး ပေါင်းသင်းနေထိုင်ခဲ့တယ်။ အဲဒီမှာပဲ သမီးတွေ သားတွေမွေးပါတယ်။ မွေးလာတဲ့ကလေးတွေဟာ အပြင်ပလောကနဲ့ ဘာအဆက်အစပ်မှ မရှိပါဘူး။ သူတို့ရဲ့မျက်စိရှေ့မှာ မြင်ရတဲ့ လူသားဆိုလို့ သူတို့အမေနဲ့ အဖေတဖြစ်လဲ အဘိုးပဲရှိပါတယ်။ သူတို့လေးတွေရော မိဘနှစ်ဦးစလုံးပါ အရစ္စတိုတယ်စကားအရ လူပီသခွင့်မရကြတော့ပါဘူး။ အထူးသဖြင့် ဒီအဖြစ်အပျက်ရဲ့ အဓိကတရားခံဟာ အဖေတဖြစ်လဲ အဘိုးဖြစ်တဲ့အတွက် ဒီလူကြီးဟာ လူဖြစ်ပါလျှက် လူ့စိတ်မရှိ၊ တိရစ္ဆာန်စိတ်ရှိတဲ့သူ လို့ဆိုနိုင်ပါတယ်။ အရစ္စတိုတယ်လ်ရဲ့ စကားအရ ဒီလိုလူမျိုးကို Beast သားရဲတိရစ္ဆာန်လို့ သတ်မှတ်နိုင်ပါတယ်။ လူဟာ လူစိတ်ရှိဖို့ လိုအပ်ပါတယ်။ လူ့စိတ်ဟာ လူရဲ့ တန်းဖိုးပါပဲ။

အချို့ကျတော့လည်း ကိုယ်နေတဲ့ အသိုင်းအ၀ိုင်းဟာ နေချင်စရာမကောင်းလောက်အောင်ဖြစ်လာတဲ့အခါ တစ်ကိုယ်တည်းနေရတာကို ပိုမိုသဘောကျတတ်ကြတာလည်း တွေ့ကြရမှာပါ။ ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့တရားတော်မြောက်များစွာထဲက ဒီနေရာနဲ့ ဆက်စပ်မှုရှိတဲ့ စကားတော်တစ်ခွန်းရှိပါတယ်။ “ဧကဿ စရိတံ သေယျော၊ နတ္ထိ ဗာလေ သဟာယတာ (ဓမ္မပဒ)” တဲ့။ “လူမိုက်မှာ ပေါင်းသင်းထိုက်တဲ့ ဂုဏ်မရှိတဲ့အတွက် တစ်ယောက်တည်းနေရတာ ပိုကောင်းတယ်” လို့ ဘုရားက ဟောခဲ့ပါတယ်။ ကောသမ္ဘီပြည်က ရဟန်းတွေ ၀ိနည်းစည်းကမ်းတစ်ခုအပေါ်ငြင်းကြခုံကြရင်းက နောက်ဆုံး ခိုက်ရန်ဖြစ်တဲ့အထိဖြစ်လာပြီး ဘုရားရှင်ကိုယ်တော်တိုင် ဖျန်ဖြေလို့တောင် မပြေတော့လို့ တစ်ပါးတည်း ပါလိလေယျကတောအုပ်ထဲမှာ တစ်ဝါတွင်းလုံး ကြွရောက်သီတင်းသုံးခဲ့ရကြောင်း ဓမ္မပဒစာအုပ်ထဲ ဖတ်ခဲ့ရဖူးပါတယ်။

အရစ္စတိုတယ်လ်ကတော့ ဒါမျိုးကို “သူ့အတွက်ပြည့်စုံနေလို့ နေဖို့မလိုတဲ့သူဆိုရင်တော့ နတ်ဒေ၀တာပဲဖြစ်ရမယ်” လိုဆိုပါတယ်။ ဟုတ်ပါတယ်။ ဘုရားဟာ နတ်ဒေ၀တာပါပဲ။ ဘယ်လိုနတ်ဒေ၀တာလဲဆိုတော့ “၀ိသုဒ္ဓိနတ်ဒေ၀တာ” ဖြစ်ကြောင်း စာပေက ဆိုထားပါတယ်။ ဘုရားရှင်တို့ရင်ထဲမှာ ဘယ်လို ကိလေသာအညစ်အကျေးမှ မကျန်မရှိ ပကတိသန့်စင်ပြီးသားဖြစ်တဲ့အတွက် ဘုရားရှင်တို့ကို ၀ိသုဒ္ဓိဒေ၀ သို့မဟုတ် အလွန်စင်ကြယ်သောနတ်ဒေ၀တာ လို့ ခေါ်ကြောင်း မှတ်သားရပါတယ်။

ဒါပေမဲ့ အဲဒီလို အစစအရာပြည့်စုံပြီးဖြစ်တဲ့ ဘုရားရှင်တို့တောင်မှ တောထဲ ကြာကြာနေလို့မဖြစ်ပါဘူး။ မဟာလူသားခန္ဓာကိုယ်နဲ့ တည်ဆောက်ထားတဲ့ ဘုရားမြတ်စွာဟာလည်း အချိန်တန်တော့ လူ့အသိုင်းအ၀ိုင်းထဲ ပြန်ဝင်လာရတာပါပဲ။ လူ့အကျိုးကို သည်ပိုးဆောင်ရွက်နိုင်တဲ့လူဟာ လူ့အသိုင်းထဲနေတာ အကောင်းဆုံးပါပဲ။ လူ့အသိုင်းအ၀ိုင်းထဲနေတဲ့သူသာလျှင် လူ့အကြောင်း ကောင်းကောင်း/ဆိုးဆိုးတွေကို နားလည်ပြီး ကိုယ့်အသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူသားဟာ လူအများနဲ့ နေနိုင်သူဖြစ်ရပါ့မယ်။ ဒါဖြင့်ရင် လူအများနဲ့ နေနိုင်သူဖြစ်အောင် ဘာတွေလိုအပ်ပါသလဲ။ ဒီမေးခွန်းဟာ အလွန်ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ အတိုဆုံးအဖြေတစ်ခုကို တောင်းဆိုမယ်ဆိုရင်တော့ အဲဒီလိုအပ်ချက်ဟာ “နားလည်မှု”ပါပဲ။

“နားလည်မှု”။ ဟုတ်ပါတယ်။ No man is perfect “ပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး” တဲ့။ သူမပြည့်စုံတာကို မြင်နေဖို့လိုသလို ကိုယ့်မပြည့်စုံတာကို သိနေဖို့လည်း အရေးကြီးလှပါတယ်။ လူ့အသိုင်းအ၀ိုင်းမှာ နေနေသမျှ ဒီလို သူ့လိုအပ်ချက် ကိုယ်လိုအပ်ချက်တွေကို သိရှိပြီးနေတဲ့အခါ ချွတ်ယွင်းချက်ကို တွေ့တိုင်း ခွင့်လွှတ်နိုင်လာပါတယ်။ ဒါကို ကျနော်က “နားလည်မှု” လို့ အမည်ပေးပါတယ်။ အချို့က လူတစ်ယောက်အပေါ် အလွန်အထင်ကြီးမိတတ်တာမျိုးရှိပါတယ်။ အဲဒီကိုယ်အထင်ကြီးတဲ့လူမှာ ချို့ယွင်းချက်တစ်ခုခုတွေ့လာတဲ့အခါ နားလည်မှုမပေးနိုင်ပဲ အဆိုးမြင်မှုတွေ ၀င်လာတတ်ပါတယ်။ ဒါဟာ တစ်ဘက်လူရဲ့ချို့ယွင်းချက်မဟုတ်ပါဘူး။ အထင်ကြီးမိသူရဲ့ ပြစ်ချက်သာဖြစ်ပါတယ်။ သူက အစကတည်းက တစ်ဘက်လူကို လူလို့မြင်မထားတဲ့အတွက် တစ်နည်းအားဖြင့် သူ့လိုအထင်ကြီးစရာကောင်းတဲ့လူမှာလည်း ချို့ယွင်းချက်တစ်ခုခုတော့ ရှိနိုင်တယ်ဆိုတာ လက်ခံမထားမိတဲ့အတွက် ဒီလိုဖြစ်ရတာပါ။

ဒီသဘောကို Give and Take “အပေးအယူ” သဘောလို့လဲ ဆိုနိုင်ပါတယ်။ သူ့လိုအပ်ချက်ကို ကိုယ့်ဖက်က နားလည်ပေးလိုက်တဲ့အခါ ကိုယ့်လိုအပ်ချက်ရှိတဲ့အခါလည်း သူ့ဘက်က နားလည်ပေးလာနိုင်ပါတယ်။ သို့မဟုတ် သူ့ဘက်က နားလည်မပေးနိုင်တာမျိုးကို တွေ့ရင်လည်း ဒါဟာ သူ့ရဲ့ လိုအပ်ချက်တစ်ခုပဲလို့ ကိုယ့်ဖက်က ဆက်ပြီးနားလည်ပေးလိုက်ရင် စိတ်ထဲမှာ အတုံးအခဲတွေဟာ ပြေလျော့သွားနိုင်ပါတယ်။

တကယ်တော့ လူ့အသိုင်းအ၀ိုင်းထဲနေသူမှန်သမျှ အဆင်မပြေမှုဆိုတာ တစ်မျိုးမဟုတ်တစ်မျိုးနဲ့ တွေ့နေရမှာချည်းပါပဲ။ အဲဒီအခါမှာ အထက်မှာပြောခဲ့သလို နားလည်မှုရှိတဲ့လူဟာ ခွင့်လွှတ်နိုင်တဲ့အစွမ်းသတ္တိတွေရလာပါတယ်။ အမှန်တော့ နားလည်မှုလွဲလို့ ခွင့်မလွှတ်နိုင်ကြတာပါ။ ခွင့်မလွှတ်နိုင်မှုဖြစ်ပေါ်လာလိုက်တာနဲ့ တစ်ဦးနဲ့ တစ်ဦးကြားမှာ ဆန့်ကျင်မှုဆိုတဲ့ ပဋိပက္ခသဘောတွေ ၀င်လာပါတယ်။ အဲဒီပဋိပက္ခတွေဟာ အမှိုက်ကစ ပြဿာဒ်မီးလောင်ဖြစ်ပြီး ကမ္ဘာ့စစ်ပွဲကြီးတွေဖြစ်ရတဲ့အထိ ကြီးထွားလာနိုင်ပါတယ်။

ဒါကြောင့်အရစ္စတိုတယ်က လူဟာ လူ့အသိုင်းအ၀ိုင်းထဲမှာ ရှိနေရမယ်၊ လူ့အသိုင်းအ၀ိုင်းထဲ ရှိမနေနိုင်ရင်တော့ တိရစ္ဆာန် ဒါမှမဟုတ် နတ်ဒေ၀တာပဲ ဖြစ်ရမယ် လို့ဆိုခဲ့ဟန်တူပါတယ်။ လူ့အသိုင်းထဲနေဖို့အတွက် “နားလည်မှု” ရှိရမယ်လို့ ကျနော်အဆိုပြုပါတယ်။ လူ့အသိုင်းအ၀ိုင်းထဲမနေနိုင်တဲ့အခါ မေးစရာ မေးခွန်းက “ငါဟာ တိရစ္ဆာန်လား ဒါမှမဟုတ် နတ်ဒေ၀တာလား” ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို လူပါလို့ အဖြေပေးရင်တော့ လူ့အသိုင်းအ၀ိုင်းထဲဆက်နေနိုင်အောင် ကျိုးစားရပါလိမ့်မည်။ အဲဒီအတွက် လက်ကိုင်ထားရမှာက ကျနော်အဆိုပြုခဲ့တဲ့ “နားလည်မှု”ပါပဲ။

Saturday, June 5, 2010

အညာသားလေးများ


မြန်မာလူမျိုးများ ဆိုရိုးပြုနေကျ စကားတစ်ခွန်းရှိသဗျာ့ “သံပုရာသီးလို ကြီးလေ ချဉ်လေပဲ” တဲ့။ ဒီစကားကို ဘယ်နေရာမှာ သုံးလဲဆိုတာ စာဖတ်သူတို့သိပြီးသားမို့ ထပ်မပြောတော့ပါ။ ဒါပေမဲ့ သိပံ္ပခေတ်ကြီး တိုးတက်ထွန်းကားလာတာနဲ့အမျှ ချဉ်တဲ့ သံပုရာသီးတွေလဲ ချိုကုန်ပါပြီ။ မြန်မာပြည်မှာ နေတုန်းက အင်္ဂလိပ်စာသင်တဲ့ကျောင်းသားတစ်ယောက်က သံပုရာအချိုသီးတွေ ယူလာပြီး မကြာခဏကျွေးတာ စားခဲ့ရဖူးတယ်။ မြန်မာရာဇ၀င်မှာလည်း ဖတ်ဖူးသမို့လား၊ ကျန်စစ်သားရဲ့ အရိန္ဒမာလှံနဲ့ထိုးလိုက်ရင် ချဉ်တဲ့အသီးတွေအားလုံး ချိုသွားတယ်ဆိုတာလေ။

မြန်မာလူမျိုးအသိုင်းအ၀ိုင်းမှာ သက်ဆိုင်ရာ လူကြီးမိဘဆရာသမားတွေက ကလေးငယ်တွေကို မလိမ်ဖို့မညာဖို့ ဆုံးမသွန်သင်လေ့ရှိကြတယ်။ အလွန်ကောင်းမွန်တဲ့ အလေ့အထ တစ်ခုပေါ့ဗျား။ ဒါပေမဲ့ ဆိုးတဲ့ကလေးတွေကတော့ ဒီလောက်သွန်သင်ဆုံးမနေတဲ့ကြားထဲက ရအောင်ဆိုးနေကြတုန်းပေါ့။ ဆိုးမှာပေါ့၊ ကလေးပေပဲကိုး။ အချို့ကလေးများကျတော့လည်း လူကြီးတွေက ဘာမှမပြောရပဲနဲ့ကို ကောင်းနေကြတာ တွေ့ဖူးပါရဲ့။ ဒီတော့ မေးခွန်တစ်ခုက “ကလေးတစ်ယောက်ဆိုးခြင်း/ကောင်းခြင်းဆိုတဲ့ ပြဿနာဟာ လူကြီးမိဘတွေရဲ့ ဆုံးမသွန်သင်မှုနဲ့ တိုက်ရိုက်သက်ဆိုင်သလား” ဆိုတာပါပဲ။ ကလေးတစ်ယောက်ရဲ့ ကောင်းခြင်း/ဆိုးခြင်းဖြစ်ဖို့အရေး ဗီဇနဲ့ ပတ်ဝန်းကျင်ဟာ ဘယ်အတိုင်းအတာအထိ အရေးပါသလဲ ဆိုတာကိုလဲ ပညာရှင်များ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပါပြီ။

အနောက်တိုင်းက မနုဿဗေဒပညာရှင်တွေကတော့ ကလေးငယ်တွေရဲ့ ဒီပြဿနာကို သိပံ္ပနည်းကျလေ့လာကြပါတယ်။ အဲဒီလေ့လာချက်အရ ထွက်လာတဲ့ အဖြေတစ်ခုကတော့ “The more plausible the lie, the more quick-witted they will be in later years and the better their abiliy to think on their feet.” ဆိုပဲဗျား။ “ကလေးငယ်တွေဟာ ယုတ္တိရှိရှိညာတတ်လေလေ နောက်ပိုင်းသူတို့ကြီးပြင်းလာတဲ့အခါ ပိုမိုဉာဏ်သွက်လေလေဖြစ်ပြီး ကိုယ်ပိုင်စဉ်းစားနိုင်တဲ့စွမ်းရှည်သတ္တိ ပိုကောင်းလေလေပါပဲ” တဲ့။ ဟုတ်၏/ မဟုတ်၏ကိုတော့ ကိုယ်မွေးထားတဲ့ကလေးတွေကိုပဲ ပြန်ကြည့်ကြပေတော့။

ဒီစူးစမ်းလေ့လာမှုကို လုပ်ခဲ့ကြတာကတော့ ကနေဒါနိုင်ငံ၊ တိုရန်တိုတက္ကသိုလ်၊ ကလေးငယ်လေ့လာရေးသိပံ္ပဌာနက ညွှန်ကြားရေးမှူး Dr Kang Lee ဦးဆောင်တဲ့ ကနေဒါပညာရှင်အဖွဲ့ပါ။ ဒီအဖွဲ့ကနေပြီးတော့ အသက် (၂) နှစ်ကနေ (၁၆) နှစ်အထိ ကလေးငယ်ပေါင်း (၁၂၀၀) ကို သေသေချာချာလေ့လာခဲ့ကြပါတယ်။ သူတို့လေ့လာချက်အရ ကလေးငယ်တွေဟာ အသက် (၂)နှစ်အရွယ်မှာ (၂၀)ရာခိုင်နှုံး လိမ်တတ်ကြပါသတဲ့။ အသက် (၃)နှစ်အရွယ်ကလေးတွေကတော့ ရာခိုင်နှုံး (၅၀) လောက်ကို လိမ်တတ်ကြဆိုပဲ။ အဲ---အသက်(၄) နှစ်ရောက်လာရင်တော့ သူတို့ရဲ့ လိမ်တတ်တဲ့ ရာခိုင်နှုံးဟာ (၉၀) အထိရှိသွားပြီး ရာခိုင်နှုံးပြည့်လောက်နီးပါး လိမ်တတ်တဲ့ အရွယ်ကတော့ အသက် (၁၂)နှစ်တဲ့ဗျား။ ဒီအရွယ်ရောက်လာရင် ကလေးအားလုံးလောက်နီးပါး ညာတတ်ကြပါသတဲ့။

ဒါပေမဲ့ ကလေးဘ၀မှာ ဒီလိုလိမ်တတ်တာဟာ အသက်ကြီးလာတဲ့အခါ အဆိုးဘက်ထက် အကောင်းဘက်ကို ပိုမိုဦးတည်စေတယ်လို့ သိပံ္ပပညာရှင်တွေက ဆိုပါတယ်။ ဒေါက်တာခန်းလီက “မိဘလုပ်သူတွေဟာ ကိုယ့်ကလေး လိမ်ညာပြီးစကားပြောတတ်တဲ့အကျင့်ရှိတဲ့ကိစ္စအပေါ် မစိုးရိမ်သင့်ပါဘူး၊ ကလေးအားလုံးဟာ လိမ်တတ်ကြတာချည်းပါပဲ၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတဲ့ကလေးတွေဟာ ပိုပြီး အလိမ်တော်တတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတာ့ သူတို့ဟာ သူတို့ပြောတဲ့စကားလမ်းကြောင်းကို ဖုံးဖိနိုင်ကြလို့ပါပဲ၊ သူတို့ကြီးပြင်းလာတဲ့အခါ (အဲဒီအစွမ်းအစကြောင့်ပဲ) သူဌေးကြီးတွေ ဖြစ်လာနိုင်ပါတယ်” လို့မှတ်ချက်ပြုခဲ့ပါတယ်။

သိပံ္ပသုတေသနပြုချက်အရ “လိမ်ညာမှုထဲမှာ သူတို့အကျိုးအစီးအပွါးအတွက် အချက်အလက်ကို ထိမ်းချုပ်နိုင်မှု၊ သတင်းအရင်းအမြစ်တွေကို ပေါင်းစပ်နိုင်မှုမျိုးလို ဦးဏှောက်ကို အလုပ်ပေးစေတဲ့ စွမ်းရည်တွေ အမြောက်အများ ပါဝင်နေတယ်” လို့ဆိုပါတယ်။ ဒီလိုပါဝင်နေမှုကြောင့် ကလေးတွေရဲ့ ဦးဏှောက်ဟာ ပိုမိုဖွံ့ဖြိုးလာပြီး အရေးကြီးတဲ့လုပ်ဆောင်မှုတွေ၊ ယုတ္တိရှိရှိနဲ့ စနစ်တကျတွေးတော့ကြံဆတတ်မှုတွေပါ ဖြစ်လာရပါတယ် ဆိုပဲ။ နောက်ပြီး သုတေသနပညာရှင်တွေ ဆက်ပြောတာက “ကလေးငယ်ဘ၀မှာ ဒီလိုလိမ်တတ်တဲ့အကျင့်ဟာ နောက်ပိုင်းကြီးပြင်းလာတဲ့အခါ စာမေးပွဲခိုးဖြေတာတို့ လူဆိုးလူလိမ်ဖြစ်တာတို့နဲ့ ဘာမှမဆိုင်ပါဘူး” တဲ့။

ကဲ--အဲဒီတော့ ကလေးရှိတဲ့ မိဘများ ကိုယ့်ကလေး လိမ်ညာတတ်တဲ့အကျင့်ရှိနေရင် အသာလွှတ်ထားလိုက်ကြဗျာ၊ တစ်ခုတော့ ရှိတယ်နော်၊ အဲလိုလွှတ်ထားလိုက်ပြန်ရင်လည်း သံပုရာသီးလို ဖြစ်သွားမှာလည်း စိုးရသေးတယ်။ ဒါဆိုရင်တော့ မပူနဲ့၊ အရိန္ဒမာလှံနဲ့သာ ထိုးလိုက်၊ တစ်ခါတည်း ချိုသွားစေရမယ်။