Monday, November 30, 2009

ကမ္ဘာ့အကောင်းဆုံးဘာသာရေးဆု ပြဿနာ


အခုတလော အွန်လိုင်းပေါ်မှာ ရေပန်းတင်မက၊ ကုန်းပန်း လေပန်းပါ စားနေတဲ့ ဘာသာရေးဆိုင်ရာ သတင်းတစ်ပုဒ် ပလူပျံနေလေရဲ့ဗျို့။ အဲဒီသတင်းအတွက် ပေးထားတဲ့ Comment တွေဆိုလဲ စိတ်ဝင်စားစရာအလွန့်ကို ကောင်းပါဘိခြင်း။ စာဖတ်သူ အတော်များများလည်း ဖတ်ကြပြီးလောက်ရောပေါ့။ “ဗုဒ္ဓဘာသာက အကောင်းဆုံးဘာသာရေးဆု ကို ဆွတ်ခူးလိုက်သည်” ဆိုတဲ့ သတင်းလေ။ အတော်အတန်သိလောက်ပြီးဖြစ်ပေမဲ့ မသိရသေးသူများအတွက် သတင်းဆိုင်ရာ အချက်အလက် နည်းငယ်ကို အရင် တင်ပြပေးပါဦးမယ်။ ဒီလိုတဲ့----

ဆုရွေးချယ်ရေး စံချိန်စံညွှန်းများဖြစ်တဲ့
(၁) promoting personal and community peace,
လူတစ်ဦးချင်းစီနှင့် လူ့အသိုင်းအ၀ိုင်းတစ်ခုလုံး၏ ငြိမ်းချမ်းမှုကို မြှင့်တင်ရေး၊
(၂) increasing compassion and a sense of connection
ကိုယ်ချင်းစာနာမှုနှင့် ဆက်ဆံပေါင်းသင်းရေးဆိုင်ရာအသိကို တိုးမြှင့်ပေးရေး၊
(၃) encouraging preservation of the natural environment
သဘာဝပတ်ဝန်းကြင်ထိမ်းသိမ်းမှုကို အားမြှင့်ပေးရေး

ဆိုတဲ့ မူ (၃)ချက်နဲ့အညီ ကမ္ဘာပေါ်ရှိ ဘာသာတရားပေါင်း (၃၈) ခုကို သုတေသနပြုပြီး သက်ဆိုင်ရာဘာသာအသီးသီးတို့ရဲ့ ခေါင်းဆောင်ပေါင်း (၂၀၀) ကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။ ဘာသာရေးခေါင်းဆောင် အများစုက သူတို့ရဲ့မူရင်းဘာသာကို မဲမပေးပဲနဲ့ ဒီဆုနဲ့ အထိုက်အတန်ဆုံးဟာ ဗုဒ္ဓဘာသာတရားသာဖြစ်ပါတယ် ဆိုပြီး ဗုဒ္ဓဘာသာကိုပဲ “ကမ္ဘာ့အကောင်းဆုံးဘာသာတရား” အဖြစ် အသိအမှတ်ပြုပြီး မဲပေးခဲ့ကြပါသတဲ့။ အဲဒီထဲက ဘာသာရေးခေါင်းဆောင်တစ်ချို့ရဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေက ဒီလိုပါ။

မြောက်အိုင်ယာလန်နိုင်ငံရဲ့ မြို့တော် Belfast မှာနေထိုင်သူ ခရစ်ယန် ဘာသာရေးဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ Ted O'Shaughnessy ကတော့ သူ့အမြင်ကို ဒီလိုပြောပါတယ် “ကျုပ် ကက်သလစ်ခ်ဘုရားကျောင်းတော်ကို သိပ်ချစ်ပေမဲ့ ကျုပ်တို့ဟာ စာထဲပါတဲ့ မေတ္တာတရားဆိုတာကို ဟောပြောနေကြတာပဲ၊ နောက်ပြီး ဘုရားသခင်ရဲ့ အလိုတော်ကို သိရမယ် တဲ့။ အဲဒီဘုရားသခင်ရဲ့အလိုဆိုတာကလဲ လူသားတွေကို သတ်ဖြတ်နေတယ်လို့ သိရတဲ့အခါ ကျုပ် စိတ်အနှောက်အယှက်ဖြစ်လှတယ်၊ အဲဒါကြောင့် ကျုပ်ကတော့ ဗုဒ္ဓဘာသာဝင်တွေကိုပဲ
မဲပေးခဲ့တယ်”။

ပါကစ္စတန်နိုင်ငံက မူစလင်ဘာသာရေး ဓမ္မဆရာတစ်ဦးဖြစ်သူ Tal Bin Wassad ကလည်း သူ့အမြင်ကို ဘာသာပြန်ကနေ တစ်ဆင့် ဒီလိုပြောပါတယ် “ကိုင်းရှိုင်းတဲ့ မူစလင်ဘာသာဝင်တစ်ယောက်အနေနဲ့ ကျုပ်တွေ့နေ မြင်နေရတာက ပုဂ္ဂိုလ်ရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဘာသာရေးပြယုဂ်တွေထဲမှာ ဒေါသတွေ သွေးမြေကျမှုတွေ ဘယ်လောက်တောင် စီးဝင်နေတယ်ဆိုတာကိုပါပဲ၊ ဗုဒ္ဓဘာသာမှာတော့ အဲဒါမျိုး မတွေ့ရပါဘူး။ နောက်ပြီး ကျုပ်ရဲ့ အကောင်းဆုံးမိတ်ဆွေတွေဟာလည်း ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ကြပါတယ်”။

ဂျေရုစလင်မြို့က ဂျူးဘာသာဝင်တစ်ယောက်ဖြစ်သူ Rabbi Shmuel Wasserstein ကလည်း “ကျုပ် ဂျူးဘာသာတရားကို သိပ်မြတ်နိုးတာပေါ့ဗျာ၊ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးဘာသာတရားတစ်ခုလို့တောင် ကျုပ်ယူဆပါတယ်၊ ဒါပေမဲ့ ရိုးရိုးသားသား ၀န်ခံရရင်တော့ ဂျူးဘာသာရေးဆိုင်ရာ နေ့စဉ်ဝတ်ပြုဆုတောင်းမှုတစ်ခုဖြစ်တဲ့ Minyan မလုပ်ခင်မှာ နေ့တိုင်းနေ့တိုင်း ကျုပ် ၀ိပဿနာတရားအားထုတ်တယ်၊ အဲဒါ ၁၉၉၃ ခုနှစ်ကတည်းပဲ၊ ဒါကြောင့် ကျုပ် ဗုဒ္ဓဘာသာထဲပဲ မဲထည့်လိုက်တယ်” ဆိုပြီး သူ့ဆန္ဒကို ထုတ်ဖေါ်ခဲ့ပါတယ်။

သူတို့နည်းတူ အခြားအခြားသော ဘာသာရေးခေါင်းဆောင်များကလည်း သူတို့အကြောင်းပြချက်နဲ့ သူတို့ ဗုဒ္ဓဘာသာအပေါ် မဲပေးခဲ့ကြတယ် လို့ သတင်းက ဆိုပါတယ်။ ချုပ်လိုက်တော့ ဗုဒ္ဓဘာသာက မဲအများဆုံးရပြီး ကမ္ဘာ့အကောင်းဆုံး ဘာသာရေးဆုကို ဆွတ်ခူးလိုက်ပါတယ်။ ဒါပေမဲ့ ပြဿနာက “ဒီသတင်းဟာ အမှန်အကန်မှ ဟုတ်ရဲ့လား” ဆိုတဲ့မေးခွန်းအတွက် ပေးရမည့် အဖြေပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီဆုကို ရွေးချယ်ခဲ့တဲ့ ဆွင့်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အခြေစိုက်တယ်လို့ဆိုတဲ့ International Coalition for the Advancement of Religious and Spirituality (ICARUS) အဖွဲ့အစည်းဟာ အွန်လိုင်းပေါ်မှာ ရှာမရသလို အဖွဲ့ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Hans Groehlichen ဆိုသူကိုလည်း အခုထိ ဘယ်သူမှ ဆက်သွယ်လို့ မရဖြစ်နေပါတယ်။

Comment ပေးကြတဲ့လူတွေကို ကြည့်လိုက်မယ်ဆိုရင် သာမန် အွန်လိုင်းဝါသနာအိုးတွေသာမက ဘာသာရေးစိတ်ဝင်စားသူတွေ၊ ပါမောက္ခကြီးတွေအပြင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်တော်မူတဲ့ အဓိပတိဆရာတော်တောင် ပါပါသေးတယ်။ ဒါပေမဲ့ ဆရာတော်ဘုရားရဲ့ Comment ကတော့ ဆုနဲ့ပတ်သက်ပြီး ဘာမှ မပြောပါဘူး။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာတွေရဲ့ ကွာခြားချက်ကိုသာ ထောက်ပြသွားတာပါ။ ဒီအတွက် ဆရာတော်က စကားလုံး နှစ်လုံးကို သုံးခဲ့ပါတယ်။ Theocentric (ဖန်ဆင်းရှင်ပဓာန) နဲ့ Homocentric (လူသားပဓာန) ဆိုတဲ့ စကားလုံးတွေပါ။ ဒီစကားလုံးတွေကို သာမန်အင်္ဂလိပ်အဘိဓာန်ထဲရှာလို့ တွေ့ကြမှာ မဟုတ်ပါဘူး။ ဆရာတော်ဘုရားက ဗုဒ္ဓဘာသာဟာ လူကိုဗဟိုပြုတဲ့ဘာသာဖြစ်ပြီး တခြားဘာသာတွေကတော့ ဖန်ဆင်းရှင်ကို ဗဟိုပြုတဲ့ဘာသာတရားဖြစ်ကြောင်း ခွဲခြားပြပါတယ်။ ဆရာတော်ဘုရားရဲ့ မှတ်ချက် အချုပ်ကတော့ ဒီလောက်ပါပဲ။

တစ်ချို့လဲ မဆီမဆိုင် ထေရ၀ါဒက ဘယ်လို၊ မဟာယာနကဘယ်လိုဆိုပြီး ဆရာလုပ်သွားကြပါသေးတယ်။ Comment အတော်များများကတော့ ဒီသတင်းကို ကြိုဆိုတဲ့အကြောင်း၊ သိရတာ ၀မ်းသာတဲ့အကြောင်း ရေးကြပါတယ်။ ဆန့်ကျင်ဘက်လုပ်ရေးတဲ့ လူတွေလဲ အတော်များများတွေ့ရလေရဲ့။ တစ်ချို့လဲ ဒီဆုကြောင့် ဘာသာရေး ပဋိပက္ခတွေ ပိုမိုများပြားလာနိုင်ကြောင်း ထောက်ပြကြပါတယ်။ လူတိုင်းလောက်နီးပါးဟာ ကိုယ်ကိုးကွယ်ယုံကြည်ရာဘာသာတရားကိုသာ အကောင်းဆုံးလို့ လက်ခံယူဆကြတဲ့အတွက် ဒီလိုဆုမျိုးဟာ တကယ်ရှိရင်တောင် ပြန်ဖျက်သိမ်းသင့်ကြောင်း အဆိုပြုထားလည်း တွေ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဒီသတင်းဟာ အစစ်အမှန်ဖြစ်ရင် ကြိုဆိုသင့်ပေမဲ့ အထက်မှာပြောခဲ့သလို
(၁) အဖွဲ့အစည်းဆိုင်ရာအချက်အလက်တွေ အင်တာနက်ပေါ်မရှိခြင်း၊
(၂) အဖွဲ့တည်ရာကို မညွှန်ပြခြင်း၊
(၃) ဖုန်းနံပါတ်နဲ့ အီးမေးလိပ်စာတွေ ပေးမထားခြင်း စတဲ့ အကြောင်းတွေကို သုံးသပ်ကြည့်ရင် ဒီသတင်းဟာ ကြက်သွန်နီသတင်းမျိုးဖြစ်ဖို့ ရှိကြောင်း ဝေဘန်ကြပါတယ်။ ကြက်သွန်နီဥဟာ အလွှာတစ်ခုပြီး တစ်ခုခွါလိုက်တဲ့အခါ နောက်ဆုံးအတွင်းသားမှာ ဘာမှမတွေ့ရပဲ လွှာသူမှာသာ မျက်စိစပ်ပြီး ကျန်ရစ်သလို ဒီသတင်းနောက်လိုက်နေရင်တော့ နောက်ဆုံးဘာမှမတွေ့ရပဲ အင်တာနက်ကြည့်ရလွန်းလို့ မျက်စိစပ်ပြီး ကျန်ရစ်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ကျနော်ရဲ့ မျက်စိတွေလည်း ဒီသတင်းနောက် စိတ်ဝင်တစားလိုက်ဖတ်ရင်း အခုတော့ စပ်နေပါပြီ။

မှတ်ချက်။ ။ စိတ်ဝင်စားသူများ အောက်ပါ Website တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါကြောင်း အသိပေးပါသည်။
Beliefnet

Friday, November 27, 2009

ဒါပါပဲ


အိမ်မက်တွေကို
ရေမရောပဲ မျိုချလိုက်တဲ့အခါ
လည်ချောင်းဝမှာ တစ်ဆို့
အတွေးတစ်ချို့ဖြစ်
ငါချစ်တဲ့ ငါနဲ့
ငါ့ကို ချစ်တဲ့ငါ
ဗလာအဖြစ် ကြွင်းကျန်
အရင်းခံက တပ်မက်မှု

နှစ်ချို့တဲ့ အတွေးအခေါ်
အရေးပေါ် အသုံးချကြည့်
နုပျိုတဲ့ ရလာဒ်မထွက်
ဒီလိုနဲ့ ငါ့ဘဝ
ငတ်တစ်လှည့် ပြတ်တစ်ခါ
ဇာတ်ဆရာလုပ်တဲ့ ကံကြောင့်
နပ်မမှန်တဲ့ ဒဿနတွေ
ယုတ္တိနဲ့ လွဲချော်ခဲ့

အလကားရတဲ့ စိတ်ကူးတစ်ချို့
ဈေးပေါပေါနဲ့ ပြန်ရောင်းဖို့ကျိုးစားရင်း
ဝယ်သူကို စောင့်မျှော်
ဒါပေမဲ့
အချိန်ဆိုတဲ့ ဓားထက်ထက်ကြောင့်
ရည်မှန်းချက်တွေ ငုတ်တိုဖြစ်
ငါချစ်တဲ့ ငါသည်ပင်
ငါအပိုင် မဟုတ်ပြန်ဘူး တဲ့

ဦးတည်ရာမဲ့တဲ့ အတွေးတစ်ခု
အရှိန်နဲ့ ပြေးလွှားနေစဉ်
ရှေ့မှာ လမ်းပိတ်
အတွေးကို နောက်ပြန်ဆုတ်
ကံလုပ်သမျှ လည်စဉ်းခံဖို့ စဉ်းစား
အိမ်မက်တွေကို ပြန်အံထုတ်
နှစ်ချို့အတွေးတွေနဲ့ ရောနှော
သဘောတရားကတော့
??? ဒါပါပဲ

Tuesday, November 24, 2009

ဖြေဆေး


အနေဝေးကွာလို့
နေရပ်ကို ခွါလာရတာကြောင့်
အလွမ်းပို ရင်နာပျောက်စေဖို့
ဖြေဆေးရယ် လို။

ဟို အပျို
ခင်ချိုချို ညက်ဆီက
ဘွင်ဖို ရွှင်စိုထက်စေမည့်
ပေစာလွှာ ဒီမောင်ရရင်ဖြင့်
အစဉ်သာ ရင်နာပျောက်မယ်ထင့်
ကဲ
ခွန်းဆင့် လက်ကမ်း။

Sunday, November 22, 2009

ထွက်ရပ်ပေါက်


ဒီတစ်ခါ ရွာတဲ့မိုး
အတွေ့အထိက တစ်မျိုး
နွေးအိ သလိုလိုနဲ့
မြေပြင်မှာ ငွေ့လျံထတယ်
ရနံ့က ဆိုး
အုံ---အွမ်း--အုံ---အွမ်း
(ဖားငယ်)

ညတုန်းက မင့်အော်သံ
သူကြားကာ လန့်နိုး
ဟိုလှည့် ဒီလှန်နဲ့
ပြန်အိပ်ရန် သူကြံလင့်
မင့်အသံ သူ့ကိုနှောက်တာကြောင့်
စိတ်ကောက်ကာ ရှူးနဲ့ပန်းတယ်
ထွက်ရပ်ပေါက် မျိုး
ကျွတ်---ကျွိ---ကျွတ်---ကျွိ
(အိမ်မြှောင်)

Saturday, November 21, 2009

စိမ်း


စိမ်းမူယာ စိမ်းဟန်ပြ
စိမ်းစကား သူဆို
စိမ်းရောင်ကို သူကြိုက်
စိမ်းလိုက်တဲ့ သူရယ်
စိမ်းတဲ့ လေသံနဲ့
စိမ်းဉာဏ်ကို သူဆင်လို့
စိမ်းပြတာပေါ့ ဟုတ်လား?

စိမ်းနိုင်ခွင့်ရှိသူရဲ့
စိမ်းသမျှ ခံမယ်
စိမ်းသံသရာ လည်စေတော့
စိမ်းလိုက်ပေါ့ လေ။

စိမ်းခေတ်မှာ မွေးသူထင့်
စိမ်းချစ်တဲ့ သူ
စိမ်းမူကို မြတ်နိုး
စိမ်းမျိုး အရာထောင်နဲ့
စိမ်းနိုင်ငံ ဖန်ဆင်းလို့
စိမ်းတပ်ကို ထူထောင်
စိမ်းသူတွေ လူစု
စိမ်းမှုနဲ့ အံတုကာ
စိမ်းပစ်မယ် တအား တဲ့။

စိမ်းကားတဲ့ ၀ါဒ
စိမ်းကာလ ရှည်ကြာ
စိမ်းဘာသာ မပြောင်း
စိမ်းကျောင်းမှာ စိမ်းဘွဲ့ကိုယူ
စိမ်းပါရဂူကျမ်းပြု စုဆောင်း။


စိမ်းသူကို ကြင်နာဆဲမို့
စိမ်းရင်မှာ စိမ်းအကြိုက်
စိမ်းလိုက်ပါလေ
စိမ်းခိုက်မှာတောင် ချစ်လို့
စိမ်းအဖြစ်နဲ့ ပျော်စေ
စိမ်းမေတွက် ဆုတောင်း
စိမ်းနိုင်စေကြောင်း ပေါ့။

စိမ်းတဲ့အခါ သတိပြု
စိမ်းအုပ်စု အခက်ဝင်
စိမ်းမြင်ရင် ပစ်မှတ်ထား
စိမ်းသမားဆို ဖမ်းသတဲ့
စိမ်းသိရဲ့နော်။

စိမ်းအပေါ် မြတ်နိုးလို့
စိမ်းတန်ခိုး ပျက်ပျယ်
စိမ်းနားမှာ လူတွေပိတ်
စိမ်းလက်ထိပ် မခတ်ရစေကွယ်
စိမ်းအတွက် တောင်းဆုပြုတယ်
စိမ်းတဲ့သူရယ်။

စိမ်းပွဲ အခါခါနိုင်လို့
စိမ်းပြိုင်သမျှ စိမ်းပဲနိုင်စေ
စိမ်းပဲ ပိုင်စေ
စိမ်းဆု အရာအထောင်ချီရယ်
စိမ်းလည်မှာ ချိတ်စမ်းဗျာ့လေး။

မျက်ရည်တစ်စက်ရဲ့ သွန်သင်ချက်


သမုဒယ ဆိုတာ
ငါနားလည်တဲ့ အဓိပ္ပါယ်က
“အချစ်” တဲ့
သမုဒယရဲ့ နောက်မှာ
ထပ်သုံးတဲ့ စကားလုံး
ငါအများဆုံး ကြားဖူးတာက
“သစ္စာ” တဲ့
ဒါဆိုရင် သမုဒယ ဆိုတာ
“အချစ် သစ္စာ” ပေါ့။

မင်းကို ငါချစ်ခဲ့တယ်
ငါ့ရဲ့ အချစ်မှာ သစ္စာရှိတယ်
အဲဒါ ငါ့ရဲ့ “သမုဒယသစ္စာ” ပါပဲ
အဲဒီ သမုဒယဆိုတဲ့ သစ္စာကြောင့်
မင်းချကျွေးတဲ့ ဥပေက္ခာ ပြားရည်တွေကို
ငါတစ်ယောက်တည်း အခုထိ လျက်နေရတုန်းပါ
ချိုမြတဲ့ အရသာကို ရှာရင်းနဲ့
ငိုရတဲ့ ခဏတွေမှာ ကျတဲ့ မျက်ရည်စက်တွေကြောင့်
နောက်ထပ် အရသာတစ်မျိုးကို
ငါနားလည်လိုက်မိတယ်
အဲဒါက “ဒုက္ခ” တဲ့
သမုဒယရဲ့ အကျိုးဆက်လား?
ငါစဉ်းစားနေချိန်မှာ
အမှန်တရားလို့ အဖြေထွက်
အဲဒါလဲ “သစ္စာ” ပဲတဲ့
ချစ်တာရဲ့ ရလာဒ်
မေတ္တာဆိုတဲ့ ပြဇာတ်ရဲ့ နိဂုံး
အဆုံးရောက်မှ သိလိုက်ရတယ်
ဒါဟာ“အချစ်ဒုက္ခ” ပဲရယ်လို့
အပြစ်လုပ်သမျှကို ငါခံနိုင်ပေမဲ့
အချစ်ဒုက္ခကိုတော့ ငါကြောက်မိတယ်
ဒါကြောင့်
ဒုက္ခရဲ့ ဖန်ဆင်းရှင်
သမုဒယဆိုတဲ့ သံယောဇဉ်ကို
ပြန်ပြောရင်တောင် ရင်နာတယ်
အကြင်နာဇာတ်ကို ရုပ်သိမ်းပြီးမှ
ရင်နာတတ်လာတဲ့ ငါ
အခုတော့
မင်းကျွေးတဲ့ ဥပေက္ခာတွေကို ၀ါးမျိုရင်း
အထားသိုမှားခဲ့တဲ့ ငါ့အသည်းကို
ပြန်တည့်အောင် ကျိုးစားနေပါပြီ။

(for someone)

Thursday, November 19, 2009

မသိသူ သိစေ


တစ်စုံတစ်ယောက်
စိတ်ဓာတ်နောက်၍
ယွင်းဖေါက်မမှန်
စကားသံဖြင့်
လုပ်ကြံစွပ်စွဲ
ရှုပ်ချဆဲသော်
ငါလဲ လူပင်
ပုထုဇဉ်မို့
ဘ၀င်မြင့်မိုး
စိတ်မာန်ငြှိုးခဲ့။

ယင်းသို့ ဆိုးရွား
ဒီစိတ်ထားဖြင့်
သူ့အားပြန်လှန်
ငါလုပ်ကြံသော်
အမှန် မရောက်
ငါ့လမ်းပျောက်လိမ့်။

ထို့ကြောင့် ငါ့စိတ်
ဒေါသနှိပ်ကာ
ရန်ဖိတ်သူထံ
မတုန့်ပြန်လို
အကြံတစ်မျိုး
အလိုဆိုးဖြင့်
ရန်ငြှိုးရန်ပွါး
ငါမများလို
ငါ့အားမချစ်
သူမုန်းရစ်လဲ
ငါ့ချစ်အားကို
မဖြိုလိုဘူး။

ရန်လိုစိတ်မွေး
လာဆဲရေးသူ
အတွေးမြင်မှန်
ရရှိရန်နှင့်
အကြံဆိုးဖက်
သူ့ကိုဖျက်မည့်
ပက်စက်ဆန္ဒ
မှန်သမျှသာ
သူ့မှာပျောက်စေ
တောင်းဆုချွေသည်
ရန်ပြေ လင်းလို့ အေးစေဖို့။

Tuesday, November 17, 2009

သူ့သဘောထား


ငါ့ရှေ့မှာလာရပ်
မခန့်တဲ့ မင့်ပုံစံ
မဖြုံတဲ့ ဟန်မူယာ
ငါ့ကို လာလာကြည့်
မင့်မျက်စိ ပြူးကျယ်
တကယ်ကို မုန်းဖို့ကောင်း
မင့်အကြောင်း ငါအသိဆုံး။

အိပ်ယာဝင်ခါနီး
မင့်မျက်နှာသစ်
ငါ့ကို ပြူးကြည့်ခိုက်
သွားလဲ တိုက်လိုက်သေး
ငါရွံတတ်တာ မင်းအသိ
မင့်သွားတိုက်တဲ့အခါ
ငါ့မှာ အသက်အောင့်
အနေမဖြောင့်ဘူး။

အကြမ်းပတမ်း သွားတိုက်
အစက်တွေ ထွက်စင်
ငါ့မျက်နှာပြင် ကြည့်မကောင်း
မင့် သုတ်ပေးဖေါ်တော့ရသား
ဒါပေမဲ့ ငါသိတယ်
မင့်မျက်ခွက် ဆိုးဆိုး
ပုံအမျိုးမျိုးနဲ့
ပြူးတစ်ခါ ကျယ်တစ်လှဲ့
ရွဲ့တစ်ခါ မဲ့တစ်လှဲ့
ဟန်မတည့်တဲ့ မျက်ခွက်
ကြည့်တဲ့အခါ ကြည်လင်
ပီပြင်အောင်ဆိုတာကို။

တစ်ခါတစ်လေမှာ
ကျိုးကျဲတဲ မင့်သွားအကြား
အစားများလို့ အသားညှပ်
အနေမတတ်ဖြစ်တဲ့အခါ
ငါ့ရှေ့မှာ လာရပ်
သွားကြားက အသားထုတ်
ကော်နှုတ်ဖို့ မင်းပြင်
တွေးရင်းတောင် ငါအံချင်တယ်။

တစ်ခါတစ်ခါကျတော့
မင့်မျက်နှာပေါ်က မုတ်ဆိတ်
ပါးသိုင်းနဲ့ နှုတ်ခမ်းမွေး
ကုလားက အဖေခေါ်
အမြင်မတော်ရှိကာမှ
ဖုတ်ဖတ်ခါ ရေဆွတ်
ဆပ်ပြာနဲ့ နာနာပွတ်ပြီး
မင့်မျက်လုံးနင်းကန်ဖြဲ
ငါ့ကို ရဲရြဲပူးကြည့်
တစ်ချက်မှ မမှိတ်ဘူး
ဓားထိမှာတော့ မင်းကြောက်သား။

တစ်ခုတော့ ငါပြောမယ်
မင်း မုတ်ဆိတ်ရိပ်ပြီးတိုင်း
မင်းလိမ်းတဲ့ After-shave
ဘာတံဆိပ်လဲ ငါမသိ
မွှေးရနံ့သင်းသင်း
ငါ့ရှေ့က ဖြတ်ဆင်းတဲ့အခါ
ငါ့မှာ ရှူရိုက်
အဲဒါ ငါ့အကြိုက်ပေါ့။

ငါဆိုတဲ့ ငါက
မဟုတ်တာ မပြောဘူး
ဟုတ်တာပဲ ပြောမယ်
မင်းနားလည်ထား
ငါပြောတဲ့ စကား
ခါးချင်လဲ ခါးမယ်
နားလည်ဖို့ အဓိက
မှန်တာမှ မပြောရင်
ငါနာမည်ပျက်လိမ့်မယ်
ငါက မရှိတာကြံမပြော
မသိတာ ဟန်သဘောမဆောင်တတ်
မင့် ရေချိုးခန်းထဲက
အသိဉာဏ်မဲ့တဲ့
ကြည့်မှန်တစ်ချပ်။

Friday, November 13, 2009

ပဉ္စသိခ် ရင်ဖွင့်သံ


(၁)
နေ၀န်းငယ်ပုံ--ပမာပြုလို့---အလှဂုဏ်စုတဲ့ မောင့်ချစ်သူရယ်-----
မောင့်ရင်ခွင်ထဲ---နှစ်သက်စွဲလမ်းလွန်း---လှတယ်--၊
ချစ်သူ့ကိုဖန်ကာ ဆင်းတဲ့---မေ့ဖခင်ကိုလည်း---ဦးတင်ကန်တော့လို့---
ကျေးဇူးတင်ကြောင်း----လျှောက်ထား----ချင်ပါတယ်--------။

(၂)
လေပြေသော့သော့---တိုက်ခတ်လို့လာရင်လေ---ကိုယ်နေခက်ခက်---ချွေးစက်တို့---သွေ့ချောက်သလိုပေ---
ရေဆာသူ ရေသောက်မှ----ပြေပျောက်မည့် သူ့အာသာလိုလည်းလေ-----
တရားဓာတ်ဝင်---မြတ်ရှင်အရဟံလိုပ---
မေ့မေတ္တာ ဒီမောင်ရမှ---ဘ၀င်ကျလို့--နေရမယ်ထင်---ပေ။

(၃)
ကိုယ်မှာနာကျင်----ရောဂါဝင်--တဲ့သူ---ဆေးပေးမှ ပျောက်ရသလို---
ဆာလောင်မွတ်သိမ့်သူက---အစာကိုတမ်းတသည့်နှယ်လေ---
လောင်ကျွမ်းတဲ့မီးလျံ---ရေဖျန်းပါမှ--ငြိမ်းမယ်နှမရေ---
မောင့်ရင်ပူမီးလည်း---အချစ်ရေစင်နဲ့--ဖျန်းမှ ငြိမ်းမယ်လေ---။

(၄)
ကြာပဒုံအစုံတင့်တဲ့---အေးမြတဲ့--ရေကန်အလယ်---
နွေနေချည် အပူငြိမ်းစေဖို့---ဆင်ပြောင်တို့ သက်ဆင်းကြတယ်---
ဒီမောင်လည်းလေ---ရင်ပူအသည်းပူတွေ---အေးစေချင်ရဲ့--
မေ့ရင်ခွင်ကြား---မေသနားလို့ ချစ်ကြင်---ခိုနားချင်ပြီလေ---။

(၅)
ဦးကင်းထက်မှာ---ချွန်းအစိုက်ခံထားရတဲ့--ဆင်ပြောင်ကြီးလိုပဲ---
မောင့်အသည်းဦးကင်မှာ---အချစ်ချွန်းစူးနစ်လို့ဝင်ပြီလေ---
စေလိုရာ စေတော့ချစ်သူရေ---မေပြုသမျှ---နုပြဖို့ အဆင်သင့်ပါပေ--
အကြောင်းလည်း မရှာချင်ပြီ---ခေါင်းထဲ ချာချာ---လည်---။

(၆)
မေ့အပေါ် စွဲလမ်း----အသည်းလည်း ကျွမ်းလုနေပြီ---
မောင့်စိတ်ကလည်း---အမြဲ မေ့ဆီမှာတည်---
ဆင်ခြင်ကာတွေးဆတဲ့---အသိနဲ့လည်း မောင်ဝေးခဲ့ရပြီ---
ငါးမျှားချိတ်ငုံ မိထားတဲ့--ငါးသဘွယ်--မေဆွဲရာ မောင့်အသည်း---အစဉ်အမြဲလိုက်လို့---ပါနေ---ပြီ။

(၇)
မြတ်ရှင်ထံပါးမှာ---ဆုတစ်ခု တောင်းလိုက်ချင်တယ်မေ---
ညှို့ယူတဲ့ မျက်ဝန်းနဲ့---မောင့်ကို--ကြည့်လှဲ့စေချင်--မျက်ဝန်းစုံ--ဆုံလျှင်---မေ့ရင်ခွင် မောင်မှေးလို့---
မေက ထွေးဖက်---ဘယ်လိုမှ ရုန်းမထွက်နိုင်တော့စေ---
တောင်းတဲ့ဆုလည်း---ပြည့်ဝချင်တယ်လေ---။

(၈)
ကေသာဆံညွန့်---ပြေလျော့သည့်ပုံ--မေ့အာရုံ မောင်စွဲလမ်း---အမြဲပဲတမ်းတမိနေတယ်လေ---
အေးမြမှု--တရံတခါကြုံလည်း---မအေးမြမှု--အခါတစ်ရာပုံခဲ--
ရှင်မြတ်အရဟံထံတော်ပါး---လှူဒါန်းတဲ့စေတနာ---အကျိုးပေးများလှသလိုပဲကွယ်--
မောင့်ရင်မှာလည်း---မေ့ချစ်ခြင်းနဲ့---လွန်များလှပါတယ်---။

(၉)
လောကဓံစုစု---အံတုတဲ့အရှင်---သခင်မြတ်များ ထံတော်ပါးဝယ်---
မောင်လေပြုခဲ့---ကောင်းမှုတို့ ရာထောင်ချီနေ---
အကျိုးတွေပေးတဲ့--နေ့ရက်နဲ့ ကြုံတဲ့အခါလေ---မောင်တစ်ယောက်တည်း မခံစားလိုပေ---
မေနဲ့တွဲလို့သာ---စံစား---အမှန်တရားပါပဲ---ချစ်သူ သက်ထားရေ---။

(၁၀)
မြေပြင်မဟာ---ပထ၀ီတဲ့---ကြည့်စမ်းကွဲ့ မောင့်ချစ်သူရယ်---
ထုထည်ကြီးမား----များပြားလှတာ မေအသိကွယ်--
မောင့်ကောင်းမှုများ---မြေပြင်အလား---ပြုထားခဲ့ပေ---
အကျိုးရယ်ပေးလို့---စံစားဖို့အချိန်ရောက်ရင်လေ---မေ့နဲ့အတူသာ---ဒီမောင်မှာ ခံစားပါရစေ---။

(၁၁)
သကျနွယ်စင်---သာကီဝင် အရှင်မြတ်ဘုရား---ဈာန်တရားဖက်ပျော်တာ---
သမာဓိနဲ့ ပညာ--သတိကိုလည်း စွဲစွဲမြဲ တည်တန့်စေကာ---
နိဗ္ဗာန်ရွှေနန်းသို့---တက်လှမ်းဖို့ စိတ်ဇောကြွသလို---
မောင်လည်းကွယ် အတူပါပဲ---မေ့ကို ရွယ်မှန်းလို့---အချစ်ဇောတို့---ကြွယ်ရချေပြီလေ---။

(၁၂)
မြတ်ရှင်တော်---ပါရမီဘုန်းငဲ့---သဗ္ဗဉ်ရွှေဉာဏ်---
ပိုင်ဆိုင်ကာ အနိုင်ရလို့---နှစ်သက်ကြည်နူး---ရွှင်မြူး--ရသလို---
မောင့်ရင်မှာလည်း---မေ့ကိုစွဲ--အမြဲ---လွမ်းကာရယ်---
တူနှစ်ကိုယ် ဆုံရမှ---မောင့်ဘ၀အစဉ်--ပျော်ရွှင်မယ်တအား---မေနားလည်ပါကွယ်---။

(၁၃)
မောင့်မြတ်သခင်---အရှင်သိကြားက---သနားလို့ ဆုချွေမယ်ဆိုရင်လေ---
မောင်ရချင်တဲ့ ဆုကို ဆိုချင်---ဟိုအရင်ရှေးကတည်းကလေ---
စွဲလမ်းမက်မော---အချစ်ဇောနဲ့ဝေ---မေသာ မောင့်အတွက်---
သခင်ပေးတဲ့---ဆုထူး--ဖြစ်တယ်လေ---။

(၁၄)
မေ့ဖခင်---ကချေသည်နတ်ဖုရား---တင့်တယ်လှပေ---
အင်ကြင်းရုံ ဖုံဖုံပွင့်တဲ့---ပင်မင်းနဲ့လည်း---နှိုင်းကာတူနေ---
မေ့ဘ၀ဖန်---သူကြံကာ ဆင်းလို့---မောင်နဲ့ဆုံရ ဒီဘ၀မျက်မြင်---ကျေးဇူးတော်မှီး
ယောက္ခမလောင်းကြီးကို---စောင်းသံတီးလို့---တောင်းပန်ပြီးတော့ ရှိခိုးဦးတင်ပေ----။


Thursday, November 12, 2009

အများအကျိုး


သစံ္စ ပုနပိ သစ္စန္တိ၊
ဘုဇမုက္ခိပ္ပ ဥစ္စတေ။
သကတ္ထော နတ္ထိ နတ္ထေ၀၊
ပရဿတ္ထ မကုဗ္ဗတော။
(မောဂ္ဂလာနပဥ္စိကာ)

အများအကျိုး၊ မသည်ပိုးက
ကိုယ်ကျိုးမရ၊ မျိုးမလှဘူး
သစ္စမှန်ရိုး၊ စကားမျိုးကို
လက်ရုံးမြှောက်ကာ့၊ ဆိုသင့်စွာ့ရှင့်။
(ရှေးဆရာများ)

Unless one helps other,
No one's benefit results,
Assert it's absolutely true,
Raising one's own arm up.
(Ancient Admonition)



Wednesday, November 11, 2009

မီးခတ်ကျောက်သဘောတရား


It takes two flints to make a fire.

Louisa May Alcott (1832-1888)


မီးဖြစ်ဖို့အတွက် မီးခတ်ကျောက် နှစ်ခုလိုတယ်။

(လူးဝစ်ဆာ မေ အောကော့တ်)

သူငယ်ချင်းသို့ (၁၅)

မိတ်ဆွေကြီး ကိုပုလင်းထောင်၊ ဟဲဟဲ စိတ်မဆိုးနဲ့နော်။ ကိုနှင်းမောင်နဲ့ တင်စားချင်လို့ပါ သူငယ်ချင်းရာ။ ကိုယ့်လူက ချောင်းတာမြောင်းတာ ၀ါသနာ ခပ်ပါပါဆိုတော့ ကိုနှင်းမောင်နဲ့ နင်လားငါလား သဘောတူပေသကိုးဗျာ့။ ကျမ်းခန့်သာလို့ မာပါစနော်။ စာမရေးဖြစ်တာ ကြာလို့ သတိလဲ လွန်စွာ့လွန်စွာ ရပေသမို့ကြောင့် အခုလို စာတစ်တန် ပေတစ်ဖွဲ့ ရေးလိုက်ရကြောင်းပါဗျား။ သူငယ်ချင်းဆီစာမရေးဖြစ်တာ ပြန်တွက်ကြည့်ရင် လတွေတောင် တော်တော် ပတ်လည်သွားပြီ။ မြန်မာပြည် ခေတ္တပြန်ပြီး ပြန်ရောက်တည်းက မရေးဖြစ်တာ အခုထိပဲ။ ဘယ့်နှယ်လဲ စင်မြင့်မှာ အဆင်တင့်ရဲ့ မဟုတ်လား သူငယ်ချင်း။

ရွှေမန်းမှာ နေသရမ်းလို့ အပူလွှမ်းတဲ့အကြောင်း မနေ့က အွန်လိုင်းက အသိတစ်ယောက်ပြောပြလို့ သိရသဗျာ့။ ကိုယ့်လူနေတဲ့ ရွှေမန်းတောင်ခြေမှာတော့ ဘယ်လိုနေမယ် မသိဘူး။ အရိပ်ကောင်းကောင်း သစ်ပင်ကြိုအကြားက ချွေးသံရဲရဲစုံတွဲတွေကို သုတေသနပြုပြီး နောင်လာနောင်သားများအတွက် “ရွှေမန်းတောင်ခြေ ဆောင်ကြာမြေ” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းတစ်ခုလောက် ပြုစုရေးသားခဲ့ပါဦး သူငယ်ချင်း။ အလကား အကောင်းပြောတာပါဗျာ။ တကယ်သွားမရေးနဲ့နော်။ တော်ကြာ တက္ကသိုလ်ဆရာ နာမည်ပျက်နေဦးမယ်။

ကိုယ်လဲ လန်ဒန်ရောက်နေတာ အခုဆို သုံးနှစ်ထဲတောင် ရောက်နေပြီ။ အခုထိ နေသားမကျသေးဘူး ကိုယ့်လူရေ့။ ချမ်းချက် အေးချက်ကတော့ ရက်စက်ပါပေ့။ အခုစာရေးနေတဲ့အချိန်တောင် လေလုံခန်းထဲမှာ စောင်ပတ် ချောင်ကပ်ပြီး တုန်တုန်ရီရီနဲ့ ရေးနေရတာကလား။ တစ်ယောက်တည်းမို့ ပိုချမ်းတယ်လို့ ထင်နေလားတော့ ကိုယ့်ကိုယ် ကိုယ်တောင် မသိဘူးဗျို့။ ချမ်းတာတော့ အမှန်ပဲ။
“အာကာကို လွှာပုံပြုပါလို့
မေရုကိုတဲ့ စုတံချီ
သမုဒ်ရေ မင်လုပ်လို့
ချမ်းတာတွေ စာသီကုံးရရင်
ဆုံးအံမထင်”
လို့တောင် ပြောင်းဆိုရမလိုဖြစ်နေပြီ။

ချမ်းပါတယ်ဆိုကာမှ ဒီရာသီကျမှ ကျောင်းကလဲ မပျက်မကွက် နေ့တိုင်းနီးပါး တက်နေရသေးသဗျား။ ကျောင်းလခသွင်းပြီး ဘဏ်ထဲလဲ အသက်ရှင်ရုံပဲ ကျန်တော့တယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ ပွင့်လင်းတဲ့ ပညာရေးစနစ်အောက်မှာ စာသင်ရတာတော့ ကောင်းပါတယ်။ ကိုယ်တို့ဆီနဲ့ တခြားစီပေါ့ သူငယ်ချင်း။ ကိုယ်တို့ဆီဆိုလို့ ပြောရဦးမယ်။ အခုတစ်လော အင်တာနက်သတင်းစာမျက်နှာတွေမှာ မြန်မာပြည်ပညာရေးအကြောင်း တော်တော်များများ ရေးလာတာတွေ့ရတယ်။ ဘာတဲ့--အဝေးသင်နဲ့ကျောင်းပြီးတဲ့ ကျောင်းသူကျောင်းသားတွေ အရာရှိအရာခံလို ရာထူးမျိုးတွေ မရနိုင်ဘူး၊ ဒေးနဲ့ပြီးတဲ့ သူတွေပဲ ရာထူးရဖို့ အလားအလာများတယ် လို့ရေးထားတာ ဖတ်လိုက်ရရဲ့။

လောလောဆယ် မြန်မာပြည်မှာ ဒေးတက်နိုင်တာ ချမ်းသာတဲ့အသိုင်းအ၀ိုင်းနဲ့ စစ်တပ်ထဲက ရာထူးရှိတဲ့မိသားစုဝင် သားသမီးတွေလောက်ပဲ တက်နိုင်ကြတာ ကိုယ့်လူအသိပဲ မဟုတ်လား။ ဒီကတည်းက ပညာရေးစနစ်ကို အကွက်ကျကျ အချိန်ယူပြီး ဖျက်ဆီးပစ်နေတယ် ဆိုတာ အရမ်းသိသာနေပြီ။ အဓိပ္ပါယ်က နောင်တစ်ချိန်မှာ သူတို့မိသားစုဝင်တွေပဲ တိုင်းပြည်ကို ဆက်လက်ကိုင်တွယ်လုပ်စားသွားမည့်သဘော။ သာမန်ပြည်သူလူတမ်းစားတွေကတော့ ရရစားစားနဲ့ တိုးတက်ဖို့ရာ သိပ်မမြင်မိဘူး။ ဒီလိုနဲ့ပဲ တိုင်းပြည်ရဲ့ လူတမ်းစား ကွာဟမှုဟာ နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဆက်လက်တည်တန့်နေဦးတော့မှာပဲ။ ရင်လေးပါဘိ သူငယ်ချင်း။

နောက်တစ်ခုဖတ်လိုက်ရသေးတယ်။ ကမ္မ၀ါစာကိုင်ပြီး ရွှေတိဂုံဘုရားပေါ်တက်မိလို့ အဖမ်းခံရတဲ့ သတင်း။ ဖတ်ဖတ်ချင်း မျက်လုံးတောင် ပြူးမိတယ်ဗျို့။ ဘယ်နှယ်ဗျာ၊ ကမ္မ၀ါစာကိုင်ဘုရားတက်တာ ဖမ်းရတယ်လို့။ သူတို့အကြောင်းပြချက်ကို သိရတော့ ပိုတောင် ရယ်ချင်စရာကောင်းသေးတယ်။ နိုင်ငံတော် အေးချမ်သာယာရေးကို ထိပါးစေမှု ဆိုပဲ။ မြန်မာပြည်တွင်းက ဆရာတော်သံဃာတော်တွေတော့ ဒုက္ခပဲဗျို့။ ရဟန်းခံစတဲ့ သံဃာ့ဆိုင်ရာ ကံကြီးကံငယ်ကိစ္စတွေအတွက် ဒီကမ္မ၀ါစာက မရှိမဖြစ်အမိန့်ပြန်တမ်းတွေဖြစ်ကြောင်း ဖတ်ရဖူးတယ်။ အခုလို ဖမ်းလားဆီးလာလုပ်ရင်တော့ ဘုန်းကြီးဝတ်ရဲတဲ့ လူတွေတောင် တော်တော်ရှားသွားလိမ့်မယ် ထင်ပါရဲ့ဗျာ။

၂၀၀၇-ခုနောက်ပိုင်းမှာ ဗုဒ္ဓမြတ်စွာရဲ့ ဟောကြားချက်တွေလဲ အကျိုးပေးတာ ပြောင်းပြန်တွေ ဖြစ်ကုန်ပြီနဲ့ တူတယ်နော်။ မေတ္တာပို့တဲ့ ဘုန်းဘုန်းတွေလည်း အဖမ်းခံရတယ်။ ဆွမ်းလောင်းတဲ့ လူတွေလည်း အရေးယူခံရတယ်။ အများကောင်းကျိုးဆောင်ရွက်သူတွေလည်း မသက်သာဘူး။ အခုတစ်ခါ ကမ္မ၀ါစာကိုင်တာကိုလည်း ဖမ်းပြန်သတဲ့။ ကိုယ်တော့ နားမလည်တော့ဘူးဗျို့။ ရှင်းပါဦးဗျာ။ ကျုပ်တော့ စဉ်းစားလေ ခေါင်းရှုပ်လေပဲ။ “သတ္တ၀ါတွေ ပျက်စီးချိန်တန်ရင် မှားယွင်းတဲ့ နည်းစနစ်တွေဟာ နည်းမှန်လမ်းမှန်တွေလို့ အထင်ခံရတတ်တယ်” ဆိုတဲ့ရှေးဆရာကြီးများရဲ့ မိန့်မှာချက်တွေသာ မှန်ရင်တော့ သိပ်မကြာခင်မှာ တစ်ခုခုတော့ ကျိမ်းသေဖြစ်တော့မှာဗျို့။

ကဲပါလေ၊ ပြောရတာ နှလုံးအောင့်ပါတယ်။ ပြောချင်တော့ပါဘူး။ ဒါပေမဲ့ ကိုယ့်လူကိုတော့ သတိပေးရဦးမယ်။ ကိုယ့်လူက မဟုတ်မခံစိတ်ဓာတ်ကလည်းရှိ၊ နောက်ပြီး မြန်မာပြည်ထဲမှာ နေနေတာဆိုတော့ ကြည့်ကျက်လုပ်ဟေ့။ တော်ကြာ ဘုန်းကြီးကျောင်းသွားပြီး ၀ါဆိုသင်္ကန်းကပ်မှုနဲ့ အဖမ်းခံနေရဦးမယ်။ ဗုဒ္ဓဘာသာထွန်းကားလှပါသည် ဆိုတဲ့ မြန်မာပြည်ထဲမှာ ကုသိုလ်အရေးတောင် ဖြောင့်ဖြောင့်တန်းတန်းလုပ်ခွင့်မရှိဘူး။ အဲဒါမျိုးကို အခြားဘာသာဝင်သိရင်တော့ လက်ခုပ်တီးနေကြမှာ အသေအချာပဲ။ တီးလည်း တီးနေကြတာပဲလေ။ လက်ရှိစစ်အစိုးရသာ မြဲနေရင်တော့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာလည်း မကြာမီပျောက်ကွယ်သွားမှာပဲ။

သူငယ်ချင်းဆီ စာရေးတာ ရောကောသောကောတွေတောင် ဖြစ်ကုန်ပြီ။ စိတ်ထဲပေါ်လာလို့ ရေးလိုက်တာပါ ကိုယ့်လူရာ။ ကိုယ့်အတွက်တော့ အစစအရာရာ စိတ်ချပါ။ ဒီမှာကျောင်းတက်ရတာလဲ အဆင်ပြေပါတယ်။ ငွေရေးကြေးရေးလည်း ကျောင်းလခပေးပြီးပြီဆိုတော့ သိပ်မပူတော့ပါဘူး။ အိမ်လွမ်းတာနဲ့ ချမ်းတာ နှစ်ခုကလွဲရင် ကျန်တာ အားလုံး အဆင်ပြေပါတယ်။ ကိုယ့်လူလည်း အစစအရာရာ ဂရုစိုက်ဖို့ မှာချင်ပါတယ်ဗျား။ စိတ်လိုက်မာန်ပါတော့ သွားမလုပ်နဲ့ဗျို့။ တော်ကြာ ဆောက်ပြီးကာစ ကိုယ့်လူအိမ်ကြီး စစ်တပ်တမ်းလျားဖြစ်သွားဦးမယ်။ တော်ပြီ။

အသိမှားတို့ ကျက်စားချိန်


ယေဘုယျေန ဟိ သတ္တာနံ၊
ဝိနာသေ ပစ္စုပ္ပဋ္ဌိတေ။
အနယော နယရူပေန၊
ဗုဒ္ဓိမာဂမ္မ တိဋ္ဌတိ။
(၀ဇိရဗုဒ္ဓိ)

ပျက်စီးချိန်တန်၊ အကြောင်းဖန်က
သိဉာဏ်အမှု၊ ထိုမှတ်စုတွင်
နည်းတုလွဲမှား၊ မှန်တရားသို့
အများသူငါ၊ ထင်တတ်စွာ၏။
(ဋီကာဆရာမှတ်ချက်)


ကမ္မာပရာဓသတ္တာနံ၊
ဝိနာသေ ပစ္စုပ္ပဋ္ဌိတေ။
အနယော နယရူပေန၊
ဗုဒိၶမာကမ် တိ႒တိ။
(သုတၱႏၲနီတိ/စတုရာရကၡ)

အကုသိုလ်ဖျက်၊ ကံနှိပ်စက်က
နည်းပျက်မှားမူ၊ နည်းမှန်ဟူသို့
ဗိုလ်လူများထံ၊ အသိဉာဏ်ဝယ်
ပျက်ရန်ချိန်မှတ်၊ ရောက်လာတတ်၏။
(နီတိဆုံးမစာ)


အဓိပ္ပါယ် တလွဲကောက်ခံရသော ဆိုရိုး/စကားပုံများ


ကမ္ဘာပေါ်ရှိ လူမျိုးစုအသီးသီးတွင် ယင်းတို့ရိုးရာအလိုက် အစဉ်အလာအရ သုံးနှုံးပြောဆိုကြသော “ဆိုရိုးစကား” များနှင့် အဖြစ်အပျက်တစ်ခုကို ပုံပမာခိုင်းနှိုင်းကာ တင်စားပြောဆိုကြသော “စကားပုံ” များဟု နှစ်မျိုးနှစ်စားရှိကြောင်း စာဖတ်သူတိုင်း သိကြပြီးဖြစ်သည်။ ယင်းဆိုရိုးစကား/ စကားပုံများအနက် အချို့စကားပုံ/ဆိုရိုးစကားများမှာ သက်ဆိုင်ရာ လူမျိုးစုအတွင်း အသုံးများလာရာမှ တွင်ကျယ်ကာ နောင်လာနောင်သားများအတွက် မှတ်သားဖွယ်၊ လိုက်နာဖွယ်များအထိ ဖြစ်လာရသည်။ သို့သော် အချို့စကားပုံးများမှာမူ သက်ဆိုင်ရာလူမျိုးစုအတွင်း ဖြစ်ပေါ်သည်မဟုတ်ဘဲ အခြားလူမျိုးစုတစ်ခုခုက ထိုလူမျိုးစုတို့အကြောင်းကို မြင်တွေ့ကြားသိရပြီး သမုတ်ခေါ်ရိုးပြုကြရာမှ ပေါ်လာခြင်းဖြစ်ကြောင်း နားလည်ရသည်။

ထို့အပြင် စကားပုံနှင့် ဆိုရိုးစကားအချို့မှာမူ သက်ဆိုင်ရာလူမျိုးစုအတွင်း စတင်ပေါ်ပေါက်လာသည်လော? သို့မဟုတ် အခြားလူမျိုးစုတစ်ခုခုက သတ်မှတ်သုံးနှုံးခဲ့ကြသည်လော? တိတိကျကျ ပြောဆိုဖို့ရာ ခက်လှသည်ကိုလည်း တွေ့နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသို့သော ဆိုရိုး/စကားပုံများတွင် သက်ဆိုင်ရာလူမျိုးစုက သတ်မှတ်ထားသော အဓိပ္ပါယ်နှင့် အခြားလူမျိုးစုတို့က သတ်မှတ်ထားသော အဓိပ္ပါယ်ဟု အဓိပ္ပါယ်နှစ်မျိုး ရောနှောပါဝင် နေတတ်သောကြောင့်ဖြစ်သည်။ ဒီနေရာမှာ စကားပုံနှစ်ခုကို ဥပမာအဖြစ် ထုတ်နှုတ်ပြောပြချင်သည်။

(၁) ကုလားမနိုင်၊ ရခိုင်မဲ/ ကုလားမနိုင်၊ ရခိုင်မေး
(၂) ထားဝယ်ရိုး ကြက်သူခိုး/ ထားဝယ်အရိုး ကြပ်ခိုး

မြန်မာတို့နေ့စဉ်ပြောဆိုသုံးနှုံးနေကြသော စကားများတွင် အထက်ပါ စကားနှစ်မျိုးအနက် ပထမအမျိုးအစားကို လူအတော်များများ ပြောဆိုနေကြသည်ကို ကြားသိနိုင်သည်။ တစ်စုံတစ်ယောက် စိတ်ဆိုးဒေါသထွက်သောအခါ “ခုတ်ရာတခြား၊ ရှရာတခြား” ဟူရာ၌ကဲ့သို့ ဒေါသဖြစ်သူက သူတကယ်စိတ်ဆိုးနေသူအပေါ် သူ့ဒေါသကို မပြ၀ံ့သောကြောင့်ဖြစ်စေ၊ မပြလိုသောကြောင့်ဖြစ်စေ မဆီမဆိုင် အနားရှိ နိုင်လောက်သော သူတစ်ယောက်ယောက်အပေါ် အခြောက်တိုက် ရန်မယ်ရှာကာ ဆူဆဲမာန်မဲမှုမျိုးကို ပြုတတ်သည်။ ယင်းအဖြစ်အပျက်သည် အစိုးရရုံးများမှာသော်၎င်း၊ ပုဂ္ဂလိကရုံးများမှာသော်၎င်း အခါအားလျော်စွာ ဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။

ယင်းသို့သော အပြုအမူမျိုးကို အလုပ်ရှင်ကိုယ်တိုင်လည်း ပြုလုပ်လေ့ရှိသည်မဟုတ်၊ အောက်လက်ငယ်သားတို့ကလည်း ပြုလုပ်ကြသည်တော့မဟုတ်။ အလုပ်ရှင်နှင့် အောက်လက်ငယ်သားတို့အကြား တာဝန်ရှိသူ တစ်စုံတစ်ယောက်မှာ ယင်းအပြုအမူများ မကြာခဏဖြစ်လေ့ဖြစ်ထရှိသည်ကို တွေ့မြင်နိုင်သည်။ ဥပမာ-သက်ဆိုင်ရာ လုပ်ငန်းတစ်ခုရဲ့ မန်နေဂျာဆိုပါတော့။ သူ့ကို သူ့အထက်အရာရှိ၊ သို့မဟုတ် လုပ်ငန်းရှင်က အကြောင်းတစ်မျိုးမျိုးကြောင့် အပြစ်တင်ကျိမ်းမောင်းသောအခါ သူ့အထက်အရာရှိ/လုပ်ငန်းရှင်ကို ပြန်မပြောဝံ့သောကြောင့် တစ်စုံတစ်ရာတုန့်ပြန်ခွင့်မရသောအခါ ထိုသူများရှေ့တွင် ထွက်လာသော ဒေါသကို မျိုသိပ်ထားရင်း အောက်လက်သားများနှင့် တွေ့သောအခါမှ ယင်းမျိုသိပ်ထားသောဒေါသ ယိုစီးပေါက်ထွက်လေ့ရှိသည်။

ယင်းသို့သော အဖြစ်အပျက်မျိုးကို ဘေးလူများက “ကုလားမနိုင်၊ ရခိုင်မဲ” သည်ဟု အမှတ်ပြုထားသည်။ ရခိုင်ပြည်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းစပ်သဖြင့် နှစ်ပြည့်တစ်ပြည်ကဲ့သို့ တစ်ဘက်ကမ်းမှ ကုလားများလည်း ၀င်ရောက်နေထိုင်နေကြရာ ကုလားတစ်ဝက် ရခိုင်တစ်ဝက်ကဲ့သို့ ဖြစ်နေသည်။ တစ်စုံတစ်ယောက်သောသူက ကုလားများနှင့် ခိုက်ရန်ဖြစ်သောအခါ အများစုဖြစ်သော ကုလားများကို နိုင်လောက်သောအခြေအနေမရှိသဖြင့် အနည်းစုဖြစ်၍ နိုင်လောက်သောရခိုင်လူမျိုးများကို မဲ၍ ဖိသည်ဟု ဆိုလိုဟန်ရှိသည်။ ကျနော်ငယ်စဉ်တုန်းကလည်း အမေဆူသောအခါ အမေ့ကို တစ်စုံတစ်ရာပြန်မပြောသော်လည်း ညီမငယ်များကို စိတ်တိုတိုနှင့် နိုင်စားလေ့ရှိသည်။ ယင်းသောအခါ အမေသည် “ကုလားမနိုင်၊ ရခိုင်မဲ” ဟုပြောလေ့ရှိသည်ကို မှတ်မိသေးသည်။ သို့သော် ယင်းသို့ မြန်မာလူမျိုးများ နားလည်နေသော ယင်းဆိုရိုးစကားအဓိပ္ပါယ်ကို ရခိုင်လူမျိုးများက လက်ခံကြပါ၏လော? အများစုလက်ခံမည် မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့မှာလည်း ထိုဆိုရိုးအတွက် သူတို့အဓိပ္ပါယ်နှင့် သူတို့ရှိနှင့်ပြီးဖြစ်သောကြောင့်တည်း။

ငယ်စဉ်ကျောင်းသားဘ၀မှာ ရှိခဲ့ဖူးသော မိတ်ဆွေအပေါင်းအသင်းများအနက် ရခိုင်ပြည်နယ်မှ ကျောင်းသားများလည်း အတော်များများ ပါဝင်သည်။ ကျနော့်တပည့်များနှင့် သူငယ်ချင်းအများစုသည် ရခိုင်လူမျိုးများဖြစ်ကြသည်။ လုပ်ဖေါ်ကိုင်ဖက်များ၊ ကောင်းတူဆိုးဖက်များဖြစ်ကြသည်။ အချို့မှာ နိုင်ငံရေးဝါသနာအလွန်ကြီးသူများလည်း ဖြစ်ကြသည်။ အထူးသဖြင့် ရခိုင်လူမျိုးများအပေါ် မှတ်ချက်တစ်ခုပေးပါ-ဟုဆိုလာလျှင် ကျနော်ပေးမည့်မှတ်ချက်သည် “ရခိုင်လူမျိုးများသည် လူမျိုးရေးစိတ်ဓာတ်အလွန် ပြင်းထန်သူများဖြစ်ကြသည်” ဟူသတည်း။ မြန်မာနိုင်ငံတွင် ရခိုင်လူမျိုးများလောက် လူမျိုးရေးစိတ်ဓာတ်ပြင်းထန်သော လူမျိုးများ ရှားပေလိမ့်မည်။ ရခိုင်လူမျိုးများ လူမျိုးရေးစိတ်ဓာတ်ပြင်းထန်းရခြင်းအကြောင်းများတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဖြတ်ကျော်ဝင်ရောက်လာသော ကုလားများသည်လည်း အကြောင်းတစ်ခု ဖြစ်ဘွယ်ရှိသည်။ ဤပို့စ်တွင် ယင်းအကြောင်းများကို အကျယ်/အရှည်မရေးလိုပြီ။

အထက်ပါဆိုရိုးစကားကို ပြန်ဆက်ရပါမူ---အကယ်၍ တစ်စုံတစ်ယောက်သောသူသည် ရခိုင်လူမျိုးတစ်ယောက်ယောက်ရှေ့တွင် အထက်ပါအတိုင်း “ကုလားမနိုင်၊ ရခိုင်မဲ” ဟုပြောဆိုခဲ့သော် ထိုသူ့ကို ရခိုင်လူမျိုးများက ကျေနပ်ကြမည်မဟုတ်။ သို့မဟုတ် ယင်းစကားပုံကို “ကုလားမနိုင် ရခိုင်မေး” ဟု ပြင်ပေးပါလိမ့်မည်။ ကျနော်ကိုယ်တိုင် ယင်းသို့ ပြင်ပေးခြင်းကို ခံခဲ့ရဖူးသည်။ အတူနေသူငယ်ချင်းများအနက် ကိုမြတ်ခိုင်သည် လူပိန်သလောက် လေထွားသောသူဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သုံးသပ်ကြည့်က ရုပ်ပိုင်းဆိုင်ရာတွင် လေနှင့် အရိုးသာများ၍ နာမ်ပိုင်းဆိုင်ရာတွင်မူ ဒေါသနှင့် အကြွားသာ များလေသည်။ သူ့အကြောင်းမသိသူတစ်ဘက်သားကို ဆယ်မိနစ်လောက်အတွင်း ကျအောင် ပြောနိုင်စွမ်းရှိသည်။ ကျနော်ကိုယ်တိုင် ကျခဲ့ဖူးကြောင်း ရိုးသားစွာ ၀န်ခံပါသည်။ ကိုမြတ်ကျော်ရှေ့တွင် “ကုလားမနိုင်၊ ရခိုင်မဲ” ဟူသောစကားကို အမှတ်တမဲ့ ပြောခဲ့ဖူးသည်။ ကိုမြတ်ကျော်က မကျေနပ်။ သို့သော်လည်း စိတ်ဆိုးဟန် တစ်စုံတစ်ရာမပြပဲ ရှင်းပြသည်။

ယင်းဆိုရိုးစကားမှာ မြန်မာလူမျိုးတို့ အဓိပ္ပါယ်အကောက်လွဲနေခြင်းသာဖြစ်ကြောင်း၊ အမှန်အဓိပ္ပါယ်မှာ “ကုလားမနိုင်၊ ရခိုင်မေး” သာဖြစ်ကြောင်းပြောသည်။ သူကဆက်လက်၍---ရခိုင်လူမျိုးများသည် ကုလားများနှင့် ရာစုနှစ်ပေါင်းများစွာ အတူနေလာကြရသဖြင့် အခါအားလျော်စွာ တိုက်ရ ခိုက်ရသည်များလည်းရှိရာ ကုလားများကို အနိုင်ရဖို့အရေး အစဉ်သဖြင့် နည်းလမ်းများကို ကြံဆထားကြရကြောင်း၊ ထို့ကြောင့် ကုလားကို အနိုင်ရနိုင်သည့် နည်းလမ်းများသည် ရခိုင်လူမျိုးစုတွင် အမြဲတမ်းအဆင်သင့်ရှိနေကြောင်း၊ ကုလားများနှင့် ခိုက်ရန်ဖြစ်ဖွယ်တစ်စုံတစ်ခုရှိသဖြင့် အနိုင်ရလိုသောသူသည် ရခိုင်လူမျိုးများကို မေးကြရကြောင်း ပြောပြကာ ယင်းသို့သောအကြောင်းကြောင့် အထက်ပါ ဆိုရိုးနှစ်မျိုးအနက် “ကုလားမနိုင်၊ ရခိုင်မဲ”သည်မှား၍ “ကုလားမနိုင် ရခိုင်မေး”သည်သာ မှန်ကြောင်း ရှင်းလင်းကာ နိဂုံးချုပ်သည်။ သူရှင်းပြမှ ကျနော်လည်း ယင်းအဓိပ္ပါယ်ကို ကောင်းစွာနားလည်လာရတော့သည်။ ယင်းအတွက် ကိုမြတ်ကျော်ကို ကျေးဇူးတင်ပါ၏။

နောက်တစ်မျိုးမှာ ထားဝယ်လူမျိုးတို့၏ စကားပုံနှင့် မြန်မာလူမျိုးတို့ နားလည်နေသော အဓိပ္ပါယ်ဖြစ်သည်။ တစ်ခါက ကျနော်သည် ကျနော့်ပါမောက္ခနှင့် အတူလမ်းလျှောက်သွားစဉ် ဘာကိုအကြောင်းပြုလိုက်မှန်းမသိ။ ပါမောက္ခက ကျနော့်ကို “မင်းတို့ ထားဝယ်လူမျိုးတွေက မရိုးသားတဲ့နေရာမှာတော့ ဆိုရိုးစကားတောင်တွင်တယ်ကွ” ဟုကောက်ကာငင်ကာပြောသဖြင့် “ဘယ်လိုတွင်တာလဲ ခင်ဗျား” ကျနော်က ပြန်မေးရာ “ထားဝယ်ရိုး ကြက်သူခိုး” ဆိုတာ မင်းလည်း သိသားပဲကွ” ဟု ဆရာက ဖြေသည်။ ဆက်လက်၍ “မင်းတို့ထားဝယ်လူမျိုးတွေ ဘယ်လောက်ရိုးသားတယ်ပြောပြော၊ ကြက်တော့ အနည်းဆုံး ခိုးကြသေး ဆိုပဲကွ” တဲ့။ ကျနော့်ရင်ထဲမှာ အောင့်သီးအောင့်သက်ခံစားလိုက်ရကြောင်း ရင်ဖွင့်ပါသည်။ မည်သူမဆို ကိုယ့်ကိုဖြစ်စေ၊ ကိုယ့်အမျိုးကို ဖြစ်စေ “မရိုးသားဘူး” ဟု အပြောခံရ သတ်မှတ်ခံရသောအခါ နာကျင်ကြလိမ့်မည် ထင်ပါသည်။ သို့သော် ကျနော့်ရင်က နာကျင်မှုကို ကျနော့်ဆရာရှေ့မှာ ဖွင့်မပြခဲ့ပါ။ သူ့ပြောစကားကို မသိမသာပဲ မှတ်ထားလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ဆရာကို ပြန်ချေပနိုင်သည့် စကားလုံးလည်း ကျနော့်မှာ အဆင်သင့်မရှိ။ ဆရာပြောသမျှ ရေငုံနှုတ်ပိတ် နေခဲ့ရသည်။ သို့သော် “ဒီစကားအမှန်ပဲလား” ကျနော်သိချင်လှသည်။

တစ်နေ့ မောင်းမကန်ရွာမှ ရန်ကုန်တွင် ပြောင်းရွှေ့နေထိုင်သော အိမ်နီးချင်း အမေကြီး ဒေါ်အိုကြည်နှင့်တွေ့သောအခါ ယင်းဆိုရိုးစကားသည် အမှန်ဖြစ်ပါသလော? မေးကြည့်ရာ အမေကြီးခမျှာ မျက်လုံးပြူးသွားလေတော့သည်။ “ဟဲ့ သားငယ် (အမေကြီးက ကျနော့်ကို ချစ်သဖြင့် သားငယ်-ဟုသာခေါ်လေ့ရှိသည်) ဆိုရိုးစကားက အဲလို မဟုတ်ဘူးကွဲ့၊ အဲဒါ မြန်မာလူမျိုးတွေ အကြားမှား၊ အမှတ်မှားဖြစ်ပြီး ကိုယ်လိုရာ အဓိပ္ပါယ်ကို ဆွဲပြောနေကြတာ၊ အမေတို့ ထားဝယ်ရိုးရာအစဉ်အလာ ပြောရိုးဆိုစဉ်စကားပုံက “ထားဝယ်အရိုး၊ ကြပ်ခိုး” ကွဲ့၊ ဆိုရိုးစကားလည်း မဟုတ်ဘူး၊ အဲဒါ “စကားပုံ” လို့ခေါ်တယ်။ ရိုးသားမှုကို ပုံပြုတင်စားပြီး တွင်လာတဲ့ စကားပဲ၊ မြဲမြဲမှတ်ထား သားငယ်ရဲ့” ဟု အမေကြီးက ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်သည်။

ထို့ပြင် သူက ဆက်လက်ပြီး “အမေတို့ ထားဝယ်သူ ထားဝယ်သားတွေ ဘယ်လောက်ရိုးသားတယ်ဆိုတာကို အဲဒီစကားပုံနဲ့တင် တော်တော် ဂုဏ်ယူထိုက်နေပြီ သားငယ်ရ၊ “ကြပ်ခိုးစင်” ဆိုတာ သားငယ်သိတယ်မဟုတ်လား၊ အမေတို့ထားဝယ်က အိမ်တိုင်းမှာ ရှိတာပေါ့၊ အဲဒီပေါ်မှာ အခြောက်ခံဖို့ ထင်းအစိုတွေ၊ တစ်ခါတစ်ခါ မခြောက်သေးတဲ့ ငါးအစိုတွေ တင်တင်ထားရတယ်၊ ကြပ်ခိုးစင်ပေါ်တင်ထားရင် ရေရှည်လည်းခံတယ်၊ ပြီးတော့ ကြပ်ခိုးဆိုတာ အမေတို့ ရိုးရာဗမာ့ဆေးနည်းမှာ ဆေးအမယ်တစ်ခုပဲကွဲ့၊ ထားဝယ်လူမျိုးတွေရဲ့ ရိုးသားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ထားဝယ်လူမျိုးတစ်ယောက်ယောက်သေတဲ့အခါ အရိုးကိုယူပြီး ကြပ်ခိုးစင်ပေါ်တင်ထားရတယ် လို့ဆိုလိုတာ သားငယ်ရဲ့၊ မင့် ဆရာနဲ့တွေ့ရင် အမေပြောသလို ပြန်ပြောပြလိုက် ကြားလား သားငယ်” ဟု စိတ်ပါလက်ပါ ရှင်းပြလိုက်သည်။ ကျနော်လည်း အဲဒီအခါကျမှပဲ ဘ၀င်တွေ ဘာတွေကျပြီး စိတ်သက်သက်ရာ ရသွားတော့သည်။ သို့သော် စကားမစပ်သဖြင့် ဆရာ့ကို တစ်ခါမှ ပြန်ရှင်းပြခွင့် မရှိ။ နောင်လည်း ရှင်းပြနိုင်တော့မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ကျနော့်ဆရာသည် ၂၀၀၅-ခုနှစ်က ဆုံးပါးသွားရချေပြီတည်း။

အထက်ပါ ဆိုရိုးစကားနှင့် စကားပုံများနည်းတူပင် သက်ဆိုင်ရာလူမျိုးစုက သတ်မှတ်ထားသော အဓိပ္ပါယ်က တစ်မျိုး၊ အခြားလူမျိုးစုများက နားလည်ထားသော အဓိပ္ပါယ်တစ်မျိုးအားဖြင့် အဓိပ္ပါယ်နှစ်မျိုးထွက်သော စကားပုံများလည်း အများအပြားပင် ရှိနှင့်ဦးမည်ဖြစ်သည်။ အကယ်၍ ယင်းသို့သော ဆိုးရိုး/စကားပုံများကို ပြောခွင့်၊ သုံးခွင့်ကြုံသဖြင့် ပြောရ၊ သုံးရတော့မည့်အခါမှာ အလွန်သတိထားသင့်ကြောင်း တင်ပြလိုရင်း ဖြစ်သည်။ လူမျိုးစုတစ်ခုခု၏ စကားပုံ/ဆိုရိုးများကို မိမိတို့နားလည်ထားသည့်အတိုင်း ထိုလူမျိုးများရှေ့တွင် ပြောဆိုသုံးနှုံးမိပါက သက်ဆိုင်ရာလူမျိုးစုတို့၏ ဂုဏ်သိက္ခာကို ထိပါးသကဲ့သို့ဖြစ်တတ်ကြောင်း ကျနော့်ကိုယ်တွေ့နှင့် ယှဉ်ကာ တင်ပြလိုက်ရပါသတည်း။

Tuesday, November 10, 2009

ရွက်ကြွေတစ်ခုရဲ့ မှတ်စုဟောင်း


အမြင့်ဝေယံ
သစ်ပင်စံတဲ့ ငါ့ဘဝ
နေပူအတွေ့ကိုလည်း ခံခဲ့ဖူးပြီ
လေပူအဝှေ့ကိုလည်း ခံခဲ့ဖူးပြီ
အဲဒီအခါမျိုးမှာ
ငါ့အဖြစ်ကို ခါးသီး
လောကကို နာကျည်းခဲ့ဖူးတယ်။

နံနက်ခင်းတစ်ခုရဲ့
နေရောင်ချည်နုနုအောက်မှာ
လေပြေအေးမြမြတို့
ညှင်းသော့သော့ တိုက်ခတ်လာတဲ့အခါ
သာယာတဲ့ လောကအလယ်မှာ
ငါနေတဲ့ အကိုင်းတံကို ခိုစီးရင်း
ငါ့ဘ၀ဟာ ပျော်ရွှင်ခဲ့ဖူးတယ်။


အကိုင်းထက်နား
ငှက်များစွာတို့ရဲ့
မညှာတိုးကျိတ်
ထိုးဆိတ်တဲ့ ဒဏ်ကိုခံလိုက်ရချိန်မှာတော့
မလှန်နိုင် အံကျိတ်လို့
ငါ့မျက်လုံးတွေကို မှိတ်ထားခဲ့ရတယ်။

ငှက်မောင်နှံနှစ်ဖေါ်
အတူပျော်ကြည်နူးလို့
ဟစ်ကြူးတဲ့ တေးသံကို
အဓိပ္ပါယ်မဖေါ်တတ်တဲ့ နားလည်မှုမျိုးနဲ့ ခံစားခဲ့နေရစဉ်မှာ
ပတ်ဝန်းကျင်ဆိုတာ
ကျေးဇူးတင်စရာကြီးပါလားဆိုတဲ့အတွေးမျိုး
ငါ့ရင်မှာ ကိန်းခဲ့ဖူးတယ်။

ဒီလိုနဲ့ ငါ့ဘဝ
ပင်အမြင့်မှာနေခဲ့ရစဉ်တုန်းက
ခံတစ်ခါ စံတစ်လှဲ့နဲ့
သံသရာဆိုတဲ့အဓိပ္ပါယ်ကို
အရိပ်သဘွယ် နားလည်ခဲ့ရတယ်။

အခုတော့ ငါ့ဘဝ
နုရာမှ ရင့်
ရင့်ရာမှ ယော်
ယော်ရာမှ နွမ်း
မလန်းဆန်းနိုင်တော့တာမို့
ပင်အမြင့်မှာနေခွင့်မသာ
ရွက်နုကိုနေရာပေး
ပင်နဲ့ဝေးရာသို့ ရှောင်ပြေးခဲ့ရပြီ။

နေရာအသစ်ရောက်ပြန်တော့
ပတ်ဝန်းကျင်အသစ်မှာ
ငါ့ကို ကြည်ဖြူသူမရှိ
ဟိုကြည့် ဒီကြည့်နဲ့
လေကြမ်းကြမ်း တစ်ချက်အဝှေ့မှာ
အလိုက်သင့်လေး လိုက်ပါရင်း
အားကိုးရာ အဖြစ်
ချောင်တစ်ခုဆီ လွင့်ခဲ့ရတယ်။

ဒါပေမဲ့
ခြုံပုတ်တွေ အကြားက
ငါ့အလျှင်ရောက်နေတဲ့
ရွက်ကြွေအိုတို့ရဲ့ ပြူးကျယ်တဲ့ မျက်လုံးတွေကြောင့်
အားငယ်နေတဲ့ ငါ့နှလုံးသား
ငါ့ထံပါးက ထွက်သွားလေသလားတောင် ထင်မိတယ်
သူတို့တွေ အားလုံး
အပြုံးမဲ့မျက်နှာကိုယ်စီနဲ့ ကြည့်ကြချိန်မှာ
အိုပြီဆိုတဲ့ အသိတစ်ခု
ငါ့မှတ်စုမှာ နေရာယူလာတယ်။

နောက်တစ်ခါ လန်းဆန်းခွင့်မရှိတော့တဲ့ ငါ့ဘဝ
ရွက်အိုကြီးများနဲ့အတူ ချောင်ခိုရင်း
နောင်ပျိုခွင့်မရှိတော့တဲ့ ငါ့အတွက်
အားငယ်စိတ်ကို ဖယ်ထုတ်ဖို့ ကျိုးစားနေစဉ်မှာ
အသံသဲ့သဲ့တစ်ခု ကြားလိုက်တယ်။

“အမောင် ရွက်ကြွေ၊ မကြောက်လေနဲ့၊
ခုနေကြွေချောက်၊ မြေသို့ရောက်လဲ၊
နောက်ပေါက်သစ်ပင်၊ ကိုင်းခက်စဉ်မှာ၊
တစ်နေရာတည့်၊ သင့်တွက်ရှိသား၊
သင့်ကိုယ်ကျေလစ်၊ မြေစာဖြစ်သော်၊
အားသစ်တစ်ခု၊ မြေတွင်စုကြောင့်၊
ကောင်းမှုပြု၏၊ သင်မှတ်ဘိလော့”

အဲဒီအသံရဲ့အဆုံးမှာ
အသိဉာဏ်တစ်ခု
ငါ့ဦးဏှောက်မှာ လင်းလက်သွားတယ်ခဲ့တယ်
သေရမှာ ငါမကြောက်တော့
ငါ့ခန္ဓာ မြေစာဖြစ်စေ
ငါ့မြေစာရဲ့ ခွန်အားကြောင့်
သစ်ပင်ကြီးငယ်တို့ ရှင်သန်ကြစေတော့---လို့။

ငါ့အတွေး အဆုံးမှာ
အသံကြမ်းကြမ်းတစ်ခု ထပ်ကြားလိုက်ရတယ်
လှည့်ကြည့်လိုက်တဲ့အခါ
အမှိုက်ရှင်းတဲ့ လူတစ်ယောက်
တံမျက်စည်းတစ်ချောင်းနဲ့ အလုပ်ရှုပ်ရင်း
တဖြေးဖြေး ငါနဲ့နီးလာချိန်မှာ
ငါ့ရင် ပေါ့ပါးစွာနဲ့
သူ့တံမျက်စည်းထိပ်မှာ ခိုစီးလိုက်ပါသွားခဲ့တယ်။

Monday, November 9, 2009

အပြုံးဋီကာ


“ဟားဟားဟားဟား---------------”
ရယ်လိုက်တာပါ။ ရယ်ချင်လို့။ အဲဒီလို ဘာမှ အကြောင်းမရှိပဲ အခြောက်တိုက်ရယ်လိုက်တဲ့ လူမျိုးကို အရူးလို့ ခေါ်ကောင်းခေါ်မှာပေါ့။ ဟုတ်တယ်။ တွေ့ဖူးတဲ့ အရူးတွေ တစ်ယောက်တည်း ပြုံးပြုံးပြုံးပြုံးနဲ့ ပါးစပ်ကလဲ ပွစိပွစိ လုပ်နေတတ်ကြတယ်။ ဘေးက လူကောင်းလို့ (အရူးမဟုတ်ဘူးလို့) ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ လူတွေက အဲဒီလို လုပ်နေတာကို မြင်ရတဲ့အခါ “ဟိုအရူး တစ်ယောက်တည်း ဘာပြုံးနေလဲ မသိဘူး” လို့ပြောမှာပေါ့။ တစ်ခါတလေ တစ်ယောက်တည်းနေပြီး ပြုံးနေမိတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်တယ် “ငါ ရူးများ နေပြီလား” ဆိုပြီးတော့။ ဒါပေမဲ့ ဘာကြောင့် ပြုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသာ အသိဆုံးပါ။

အဲဒီတော့ ပြုံးရယ်ခြင်းကို
(၁) လူကောင်းတွေ ပြုံးရယ်ခြင်းနဲ့
(၂) လူရူးတွေ ပြုံးရယ်ခြင်းလို့ အကြမ်းဖျဉ်း နှစ်မျိုးသတ်မှတ်နိုင်တယ်ပေါ့။
ကိုယ့်ကိုယ်ကို အခုအချိန်ထိ အရူးလို့ အသိအမှတ်မပြုသေးတဲ့အတွက် တစ်နည်းတော့လဲ အရူးမဖြစ်ဖူးသေးလို့ (အရူးသာ မဖြစ်ဖူးသေးတာ၊ ရူးတော့ရူးဖူးသဗျာ့) “အရူးတွေ ဘာကြောင့် ပြုံးရယ်ကြသလဲ” ဆိုတဲ့ မေးခွန်းကို မဖြေနိုင်သေးပါ။ “ဖြေနိုင်သူများကို ကြိုဆိုပါသည်”။ ကျုပ်ကတော့ အရူးတွေဟာ ပြုံးချင်လို့ ပြုံးတာလို့ပဲ အောင့်မေ့မိသဗျား။ ဒါကြောင့် ဒီနေရာမှာ လူကောင်းတွေ ပြုံးရယ်ခြင်းနဲ့ ပတ်သက်ပြီးတော့ပဲ ဆွေးနွေးပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ လူရူးတွေက ပြုံးချင်လို့ဆိုတဲ့ အကြောင်းတစ်ခုကိုပဲ အခြေခံပြီး ပြုံးကြတာ။ လူကောင်းဆိုသူတွေကတော့ ပြုံးရခြင်းအကြောင်း ကုဋေကဋာကို အခြေခံပြီး ပြုံးကြပေသကိုး။ စာကြီးပေကျယ်တွေမှာ လာတဲ့ ပြုံးရယ်ခြင်း (၆)ပါးတို့၊ စိန္တကျော်သူ ဦးသြရေးတဲ့ ရယ်ခြင်းကြီး (၃)ပါးတို့ ဆိုတာတွေကိုတော့ သက်ဆိုင်ရာ စာအုပ်တွေမှာပဲ ရှာဖတ်ကြပေတော့။ ဒီနေရာမှာတော့ ကျုပ်နဲ့ ကျုပ်အပေါင်းအသင်းတွေ ဘာကြောင့် ပြုံးရယ်ကြသလဲဆိုတာကိုပဲ ပြောပြချင်သဗျား။ (“ကျုပ်” လို့ သုံးနှုံးတာကိုတော့ ခွင့်လွှတ်ကြပါဗျာ၊ ဆရာကြီးလေသံနဲ့ သုံးတာမဟုတ်ပါဘူး၊ ဒီလိုမှ မသုံးရင် မဖြစ်တဲ့ အခြေအနေမို့ သုံးလိုက်ရတာပါ။ မေးမြန်းခြင်းသည်းခံပါ။)

တောင်သမန်အင်းစောင်းက သမီးချောချောလေး နှစ်ယောက် (ထွန်းအိန္ဒြာဗိုရဲ့ တူမအရင်းများ) မွေးထားတဲ့ အမျိုးသမီးကြီးတစ်ယောက်က ကျုပ်ကိုတွေ့တိုင်း “မောင်ပြုံးချို” လို့ခေါ်လေ့ရှိတယ်။ ကျုပ်က အမြဲပြုံးနေလို့ ဆိုပဲ။ သူပြောမှပဲ ကိုယ့်ကိုယ်ကို “ပြုံး” နေမှန်းသိရတော့တယ်။ ဒါပေမဲ့ မောင်းမကန်ရွာက ပိုက်ဆံအတော်ချမ်းသာတဲ့ အမကြီးတစ်ယောက်ကတော့ သူ့ညီမနဲ့ ညိတိတိဖြစ်နေတဲ့ ကျုပ်ကို “မျက်နှာ အပိုးကို မသေးဘူး၊ အမြဲတမ်း စပ်ဖြဲဖြဲနဲ့” တဲ့။ သူပြောမှပဲ ကိုယ့်ကိုယ်ကို “ဖြဲ”မှန်း သိရတော့တယ်။ အဲဒီမှာတင် ကျုပ်မျက်နှာပေါ်က သဘာဝအလျောက်ပြုံးနေတဲ့ အပြုံးဟာ အဓိပ္ပါယ် နှစ်မျိုးနှစ်စား ကွဲပြားသွားသဗျာ။ တစ်ဦးယောက်က “ပြုံး” တယ်လို့သတ်မှတ်တယ်။ အခြားတစ်ယောက်က “ဖြဲ”တယ်လို့ ယူဆပြန်တယ်။

ပြန်စဉ်းစားကြည့်တော့လဲ သူ့အဓိပ္ပါယ်နဲ့သူ ရှိနေပြန်ရော့ဗျို့။ တောင်သမန်ဘွားတော်က သမီးနှစ်ယောက်နဲ့ စားသောက်ဆိုင်ဖွင့်ထားလေတော့ ပုံမှန်လာအားပေးတဲ့ ကျုပ်ကို ဖေါက်သည်အထာနဲ့ ပြုံးတယ်လို့ မြင်တယ်။ မောင်းမကန်က အမကြီးကတော့ သူ့ညီမနဲ့ သဘောမတူလို့ (မျက်နှာလိုမျက်နှာရပြုံးပြရရှာတဲ့) ကျုပ်ကို ဖြဲတယ်လို့ မြင်တယ်။ တကယ်တော့ ကျုပ်တစ်ယောက်တည်းပါဗျာ။ ကြည့်သူတွေ အမြင်မတူလို့ ကျုပ်ခမျှာ အရှင်လတ်လတ်နဲ့ ပြုံးတစ်လှဲ့၊ ဖြဲတစ်ခါ ဖြစ်နေရရှာတာ။ တကယ်တော့ အမြဲတမ်းပြုံးနေတာလဲ သိပ်တော့ မကောင်းလှဘူး ထင်တယ်။ အဲလို အမြဲတမ်းပြုံးပြုံးပြီးနေတတ်လို့ ကျုပ်ကို မြင်သူတွေ အဓိပ္ပါယ်အမျိုးမျိုးကောက်ပြီး အယူလွဲနေကြတာ။ တကယ်တော့ ကျုပ်ပြုံးတာ ရိုးရိုးလေး။ ပြုံးချင်လို့ ပြုံးတာ။ အရူးပြုံးလေးပေါ့။

ကျုပ်အသိတွေ အများကြီးရှိတဲ့အထဲက သတိထားမိသလောက် အချို့လူတွေက ရိုးရိုးသားသားပြုံးကြတယ်။ အချို့အချို့ရဲ့ အပြုံးကိုတော့ မရိုးသားဘူးလို့ မြင်မိတယ်။ ဆိုလိုတာက အပြုံးနောက်ကွယ်မှာ အဓိပ္ပါယ်တစ်မျိုးမျိုးရှိနေတတ်တယ်။ အဲဒီအဓိပ္ပါယ်ကို ဖေါ်မိရင် သူတို့ပြုံးတဲ့ အပြုံးဟာ တော်တော် နာချင်စရာကောင်းတယ်။ ကျုပ်လဲ တစ်ခါတလေ အဲလို အဓိပ္ပါယ်ပါတဲ့ အပြုံးမျိုး သတိလက်လွတ် ပြုံးမိတာတွေ ရှိတယ်။ အဲဒီလိုအခါမျိုးမှာ သတိထားပြီး မျက်နှာအနေအထားကို ချက်ချင်းပြန်ပြင်ယူရတယ်။ ကိုယ့်အပြုံးကြောင့် တစ်ဖက်သား နာကျင်သွားမှာစိုးလို့။ ဒီလို အပြုံးမျိုးကို “လှောင်ပြုံး” လို့ သတ်မှတ်နိုင်တယ်။ လှောင်ပြုံး အပြုံးခံရတဲ့သူဟာ အဲဒီနောက်ကွယ်မှာရှိတဲ့ ဇာတ်လမ်းအကြီးအသေးလိုက် နာကျင်မှု ဖြစ်ရတတ်တယ်။

အချို့ကျတော့ ဘာမှန်းမသိဘူး။ သူများတွေ ပြုံးကြရယ်ကြတာတွေ့ပြီး ဘုမသိဘမသိနဲ့ ရောယောင်ပြီး ပြုံးလိုက်ရရှာတယ်။ ဒါမျိုးအပြုံးကိုတော့ ကျုပ်က နာမည်တစ်ခုပေးချင်တယ် “ယောင်ပြုံး” လို့။ ဟုတ်တယ်လေ။ တစ်ခါတစ်ခါ ကြုံဖူးကြမှာပါ။ ကျုပ်လဲ မကြာခဏကြုံဖူးတယ်။ ကိုယ်ကိုယ်တိုင် ဘာအဓိပ္ပါယ်မှန်းလဲမသိလိုက်ပဲနဲ့ သူများတွေကြည့်ပြီး ရောယောင်ပြုံးလိုက်ရတာ။ နောက်မှ ဘေးကလူကို မေးရတယ်။ ဘာလို့ ရယ်ကြတာလဲလို့။ အခုဆို ပိုဆိုးသေး။ အတန်းထဲမှာ စာသင်တဲ့ဆရာက တစ်ခါတစ်လေ ရယ်စရာထည့်ပြောလိုက်ရင် အင်္ဂလိပ်တွေနဲ့ အင်္ဂလိပ်ကောင်းကောင်းနားလည်တဲ့ လူတွေက တဟားဟားနဲ့ ရယ်နေကြတဲ့အချိန် ကိုယ်က တစ်ခါတစ်ခါ ဘာပြောလိုက်မှန်းမသိဘူး။ ဒါပေမဲ့ မင်သေသေလုပ်ပြီး သူများလိုပဲ တဟားဟား လုပ်လိုက်ရတယ်။ (ကိုယ့်အကြောင်းကိုယ်ပြောရတာ ရှက်မိသေးတော့၏)။

အချို့ကျပြန်တော့ အရှုံးတစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ရင်ထဲစိတ်ပျက်အားငယ်နေပေမဲ့ ကိုယ့်အားငယ်စိတ်ကို ဖုံးဖိတဲ့အနေနဲ့ သူ့ပတ်ဝန်းကျင်ကို ပြုံးပြရရှာတယ်။ ဒီအပြုံးမျိုးကိုတော့ လူတွေက “မချည့်ပြုံး” ခေါ်ကြလေရဲ့။ မချည့်မဆန့်ခံလိုက်ရတဲ့ထဲက ကျိုးစားပြီး ပြုံးလိုက်ရတဲ့ အပြုံးမျိုး။ ကျုပ်လဲ ဒီအပြုံးမျိုး ခဏခဏ ပြုံးခဲ့ရဖူးတယ်။ နောင်လဲ ပြုံးနေရဦးမှာပါပဲ။ ရုန်းကန်လှုပ်ရှာနေရတဲ့ ဘ၀ဒွန္နယာထဲမှာ ရှုံးနိပ်မှုဆိုတာ ရင်ဆိုင်ရမြဲပဲ မဟုတ်လား။ ဒီတော့ အားယူပြီး ပြုံးနေရမှာပဲ။ နောက်ကွယ်မှာတော့ ငိုချင်ငိုမှာပေါ့။ ဒီအပြုံးမျိုးဟာ လိုအပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို လိုလားတဲ့လူ၊ မလိုလားတဲ့ လူရယ်လို့ နှစ်မျိုးရှိတဲ့ အထဲမှာ ကိုယ်ရှုံးနှိပ်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ လိုလားတဲ့သူက သနားမယ်။ မလိုလားတဲ့သူက ၀မ်းသာမယ်။ အဲဒီနှစ်မျိုးလုံးကို ကာကွယ်နိုင်ဖို့အတွက် ရှိစုမဲ့စု အင်အားတွေ စုပြီး ပြုံးကို ပြုံးရမယ်။ ဒါကတော့ ကျုပ်ဝါဒပဲ။

နောက်တစ်မျိုးက “မဲ့ပြုံး”။ အထက်မှာပြောခဲ့တဲ့ မချည့်ပြုံးနဲ့ တူသယောင်ယောင်ရှိတယ်။ ဒါပေမဲ့ စဉ်းစားကြည့်တော့ အဓိပ္ပါယ်အများကြီးကွဲပြားမှုရှိတာတွေ့ရတယ်။ အပြုံးများစွာထဲမှာ ဒီ “မဲ့ပြုံး”ဟာ အဓိပ္ပါယ် အများဆုံး ပါနိုင်တဲ့ အပြုံးမျိုးပဲလို့ ကျုပ်ကတော့ ယူဆတယ်။ ဒီပြုံးမျိုးဟာ တစ်ဘက်သားကို အန္တရာယ်ပေးတတ်တယ်။ ရန်သူကို လက်တုန့်ပြန်တတ်တယ်။ အငြှိုးအတေးသဘောပါတယ်။ နိုင်ကွက်ကို ရှာတတ်တယ်။ “မင်းတော့လားကွာ၊ တစ်နေ့တွေ့မယ်” ဆိုတဲ့ ဂလဲ့စားချေလိုတဲ့ ဆန္ဒကို အရင်းခံတယ်။ ဒါကြောင့် ဒီအပြုံးမျိုး မပြုံးမိအောင်တော့ သတိထားရလိမ့်မယ်။ အထူးသဖြင့် ရန်သူကို နိုင်လောက်တဲ့ အနေအထားမျိုးမှာဖြစ်စေ၊ နိုင်လိမ့်မယ်လို့ ထင်တဲ့အခါမျိုးမှာဖြစ်စေ ဒီလို အပြုံးမျိုး ဖြစ်ပေါ်တတ်တယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ ကျုပ်တော့ နိုင်ရမည့်ရန်သူတစ်ယောက်မှ မရှိဖူးလို့လား မသိဘူး။ ဒီလိုအပြုံးမျိုး ပြုံးဖူးတယ်လို့ မမှတ်မိဘူး။

ချစ်သူအချင်းချင်းတွေ့တဲ့အခါမှာ ပြုံးတဲ့ အပြုံးက တစ်မျိုးဗျို့။ ဒီအပြုံးက နာမည်ပေးရတာခက်သဗျာ့။ အချစ်ပြုံးလို့ပေးရအောင်ကလဲ မလှသလိုပဲ။ လောလောဆယ်တော့ ဒီလိုပဲ ခေါ်ကြစို့ “အချစ်ပြုံး” ပေါ့။ ချစ်ဖူးသူတိုင်း ကောင်းကောင်းသိကြပေသမို့ ဘာဖြစ်လို့ပြုံးသလဲ ဆိုတာ ရှင်းတော့ပါဘူး။ ဒါပေမဲ့ ကျုပ်ကိုယ်တိုင် ကျုပ်ချစ်သူနဲ့တွေ့တဲ့အခါ ပြုံးဖူးတဲ့ အပြုံးတွေကို ပြန်စဉ်းစားကြည့်ရင် အဓိပ္ပါယ် တစ်ခုနဲ့ တစ်ခု အတော်ကွဲပြားနေတာ တွေ့ရတယ်။ ချစ်သူလဲ ဒီချစ်သူပဲ၊ အပြုံးလဲ ဒီအပြုံးပဲ။ နို့ပေမဲ့ အချိန်ကာလပေါ်မူတည်ပြီး အပြုံးတွေဟာ အဓိပ္ပ္ပါယ်ကွဲနေတာ တွေ့ရတယ်။ ဥပမာဗျား---ချိန်းတဲ့နေရာ ချစ်သူကရောက်မလာဘူး၊ ရင်ထဲမှာ ပူလောင်ပြီးတော့ ဘယ်လိုနေရမှန်းမသိဘူး။ ဗိုက်ထဲရှိတဲ့ အူတွေ ကလီစာတွေ လည်ပင်းလာဆို့နေသလားတောင် အောင့်မေ့ရတယ်။ ဒါပေမဲ့ ချစ်သူရောက်လာတဲ့အခါကျတော့ ဆို့နေတဲ့ အလုံးမှန်သမျှ လျောကျပြီးတော့ သက်ပြင်းရှည်ရှည်ချပြီး မျက်နှာမှာ အပြုံးပေါ်လာတယ်။ “အလုံးကျပြုံး” လို့တောင် နာမည်ပေးရမလိုဖြစ်နေပြီ။

တစ်ခါတလေတော့လဲ လူရှေ့သူရှေ့ ကိုယ့်ချစ်သူလက်ကလေး ကိုင်ပြီး လမ်းလျှောက်နေရတဲ့အပေါ် စိတ်ထဲက အလိုလို ကြည်နူးနေမိတယ်။ ရည်းစားမရှိသေးတဲ့ သူငယ်ချင်းတွေ ရှေ့မှာ တွဲပြရတဲ့အခါမျိုးဆို ပိုတောင် အရသာရှိသေးဗျား။ “မစွံတဲ့ ကောင်တွေ၊ ကြည့်ထား ငါ့ကို” ဆိုတဲ့ ကြွားစိတ်လေးနဲ့ပေါ့။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကို ပြုံးနေမှန်းတောင် သတိမထားမိဘူး။ “ကြွားပြုံး” လေးပေါ့။ ဘေးက သူငယ်ချင်းတစ်ယောက်ယောက် လှမ်းအော်မှ သတိထားမိတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေဆို “ဟေ့ကောင်ကြီး မင့်မျက်ခွက်ကြီး ဘယ်ဆီအိုးထဲ သွားနှစ်ခဲ့တာလဲ” လို့ လှမ်းလှမ်းအော်ကြတယ်။ အဲလိုအခါမှာဆို ကျုပ်က မကြားချင်ယောင်ဆောင်ပြီး ချစ်သူ့မျက်နှာလေးကို ငို့ကြည့်ပြီး ပြုံးပြလိုက်တယ်။ အဲဒီအပြုံးမှာ သူ့အဓိပ္ပါယ်နဲ့သူပဲ။ “ချစ်ချစ်တွေ့လား၊ ဒီကောင်တွေ ကိုကို့ကို မနာလိုဖြစ်နေပြီ” ဆိုပြီး ချစ်သူ့ပုခုံးလေးကို သိမ်းဖက်လိုက်တဲ့အခါ ချစ်သူက “အို ကိုကလဲ၊ လူရှေ့သူရှေ့ ရှက်စရာကြီး” လို့တိုးတိုးလေးညုပြီး ငို့သွားတဲ့ ခေါင်းလေးအောက်က မျက်နှာကို ကြည့်မယ်ဆိုရင် ချစ်သူ့မျက်နှာပေါ်မှာ အပြုံးတစ်မျိုးကို တွေ့ရမှာပေါ့။ အဲဒါတော့ “ရှက်ပြုံး” လို့ ခေါ်စေပေါ့။ ဟုတ်တယ်ဟုတ်။

ဒီလိုနဲ့ လူကောင်းဆိုသူတွေရဲ့ အပြုံးကို လိုက်ကြည့်လိုက်မယ်ဆိုရင် ရေတွက်လို့တောင် ကုန်နိုင်မှာမဟုတ်ဘူး။ အဓိပ္ပါယ်တစ်မျိုးပါတဲ့ အပြုံးကို တစ်ခုလို့ရေတွက်ပြီး နာမည်တပ်မယ်ဆိုရင်တော့ အပြုံးအဓိပ္ပါယ်ကို ဖွင့်ဆိုတဲ့ ကျမ်းစာပေါင်း အတွဲတော်တော် ရေးရလိမ့်မယ်ထင်ပါရဲ့။ အပြုံးဆိုတာ တစ်ယောက်တည်းရှိတဲ့အခါလဲ ပြုံးတာပဲ။ အများနဲ့နေတဲ့အခါလဲ ပြုံးတာပဲ။ ကျုပ်ကတော့ အဲဒီနှစ်မျိုးထဲက တစ်ယောက်တည်းရှိတဲ့အခါ ပြုံးတဲ့အပြုံးက ကိုယ်နဲ့ပဲ တိုက်ရိုက်သက်ဆိုင်တယ်၊ သူများနဲ့နေတဲ့အခါ ပြုံးတဲ့အပြုံးကျတော့ အများနဲ့ပါဆိုင်သွားပြီ လို့ယူဆတယ်။ ဒါကြောင့် အများနဲ့နေတဲ့အခါ ကိုယ့်အပြုံးကြောင့် တစ်ဘက်သား စိတ်အနှောက်အယှက်မဖြစ်အောင်တော့ သတိထားပြီး ပြုံးရလိမ့်မယ်။ အထူးသဖြင့် အားငယ်နေတဲ့ သူရှေ့မှာ အထင်သေးတဲ့ အပြုံးမျိုးဟာ တစ်ဘက်သားကို လုံးဝနာကျင်စေတတ်လို့ အဲဒီအပြုံးမျိုးမဖြစ်အောင်တော့ အတော့်ကို သတိထားပြီး ရှောင်ရှားဖို့လိုတယ်။ မေတ္တာအခြေခံတဲ့ အပြုံးမျိုးကိုသာ လှိုင်လှိုင်ကြီး ပြုံးနိုင်ကြပါစေလို့ ဆန္ဒပြုပါကြောင်း။

Sunday, November 8, 2009

ပြည်တော်တမ်းချင်း


ချမ်းမြရာသီ----ခုခါသည်ကား၊
နေချည်မမြင်၊ မိုးကောင်းကင်ဝယ်၊
တိမ်စဉ်ထူပြွမ်း၊ လေသရမ်းကြောင့်၊
အေးချမ်းမလုံ၊ ခိုက်ခိုက်တုန်ကာ၊
စောင်ခြုံလဲအေး၊ သိပ်မနွေးဘူး၊
ရေနွေးဆူကျက်၊ ကော်ဖီထည့်၍၊
သောက်ခဲ့ပါလဲ၊ အေးချမ်းမြဲမို့၊
ကိုယ်ထဲစိမ့်စိမ့်၊ တဖိတ်ဖိတ်နှင့်၊
ချမ်းရိပ်ချမ်းယောင်၊ ချမ်းမပြောင်ရှင့်၊
နေရောင်ကိုမျှော်၊ စိတ်ရည်ရော်လဲ၊
မြင်သော်ခဏ၊ ကွယ်ပျောက်ရမို့၊
ချမ်းလှရာသီ၊ မသတီပါ၊
မပီစိတ်ဝမ်း၊ ဒီအချမ်းနှင့်၊
ပင်ပန်းနွမ်းရည်၊ ငါ့ကိုယ်ထည်သည်၊
နေချည်ထွေးမှ နွေးတော့မည်။

လွမ်းလှပါပြီ----နေရပ်ဆီသို့၊
ငါသည်ခွဲခွါ၊ ထွက်ခဲ့ရာမူ၊
ခုခါပြန်ငဲ့၊ ချိုးရေတွက်သော်၊
နှစ်နှစ်လွန်ရောက်၊ သုံးနှစ်မြောက်တည်း၊
လာရောက်ခါစ၊ သမယမှာ၊
လှပမျိုးစုံ၊ ကောင်းအာရုံကြောင့်၊
ရင်တုန်တမျှ၊ ကြည့်မ၀ဘူး၊
မြင်ရကြားရ၊ ဆိုသမျှလဲ၊
ထူးလှဆန်းကျယ်၊ နတ်ဘုံနှယ်ထင့်၊
သို့ကွယ် ဆန်းပြား၊ စခန်းများလဲ၊
နေသားတကျ၊ နှစ်ရည်ဝသော်၊
ရင်ကနှလုံး၊ တမ်းတဆုံးမှာ၊
အပြုံးပန်းဝေ၊ မိတ်ဟောင်းဆွေနှင့်၊
ဌာနေမြန်မာ၊ ဒို့ပြည်ရွာသာ၊
ပညာပြည့်စုံ၊ ဗီဇာကုန်လျှင်၊
အဟုန်မနှေး၊ ငါပြန်ပြေးအံ့၊
အတွေးပုံထည်၊ စိတ်ကရည်သည်၊
ရွှေပြည်ဝေးမှ ဆွေးတော့သည်။

မှန်းဆကာရည်----မြန်တိုင်းပြည်က၊
စေတီပုထိုး၊ အမျိုးမျိုးနှင့်၊
တန်းခိုးကြီးလတ်၊ ဘုရားမြတ်တို့၊
ကိန်းဝပ်စံပျော်၊ စံကျောင်းတော်ဝယ်၊
နေတော်မူပုံ၊ စိတ်အာရုံတွင်၊
ကြည်ညိုသဒ္ဓါ၊ ထက်သန်စွာနှင့်၊
ပဏာရိုကျိုး၊ လက်စုံမိုး၍၊
ရှိခိုးဦးတင်၊ ကန်တော့ချင်လဲ၊
ငါလျှင်လန်ဒန်၊ အင်္ဂလန်မှာ၊
ခရစ်ယန်ချာ့ကျောင်း၊ ဗလီပေါင်းနှင့်၊
ဆစ်ကျောင်းဆောက်အုံ၊ ဟိန္ဒူရုံသာ၊
အစုံမြင်ရ၊ ရွှင်မပြခဲ့၊
ရင်ဝမှာဆူ၊ သောကပူကို၊
မြင်သူတကာ၊ ပြောပြပါလဲ၊
သူ့မှာကိုယ့်ထက်၊ သောကတက်ကြောင့်၊
သူ့ခက်ကိုခွါ၊ မကူသာပြန်၊
ရင်မှာစူးနစ်၊ အပူမြစ်ကို၊
ဖယ်ပစ်ရန်ရည်၊ နှလုံးချီသည်၊
စေတီဖေးမှ အေးတော့မည်။

တမ်းချင်းရတု


တွေးမိပါသည်----ဟိုတိတ်ဆီက၊
မြစ်ရည်ဝန်းကျယ်၊ ကျွန်းပင်လယ်မှာ၊
လှေငယ်ခတ်လှော်၊ မြစ်ကိုကျော်၍၊
တောင်ပေါ်တက်ဆင်း၊ အပေါင်းသင်းတို့၊
သီချင်းကြော်ကြော်၊ တပျော်ပျော်နှင့်၊
ဟိုအော်ဒီဟစ်၊ ငှက်လဲပစ်သေး၊
တောချစ်တောင်ပျော်၊ အပေါင်းဖေါ်တို့၊
ခုသော်ဘယ်ဆီ၊ ရောက်ကြမည်ကို၊
တွေးရီစိတ်ဝမ်း၊ ရင်မှာတမ်းသည်၊
ငယ်စဉ်ကာလ မြူးသောကြောင့်။

ဆွေးမိပါသည်
----ငယ်ပေါင်းဆီသို့၊
ချစ်ကြည်ညွတ်နူး၊ လတခူးမှာ၊
ရွှင်မြူးအားကျယ်၊ သင်္ကြံလည်၍၊
ဆုရွယ်နောင်ရေး၊ အကြောင်းတွေးကာ၊
မြတ်လေးသခင်၊ ဘုရားရှင်ထံ၊
လိုချင်သမျှ၊ စိတ်တိုင်းကျအောင်၊
ရင်မှဖြစ်တည်၊ တောင်းဆုသီခဲ့၊
တူညီဆန္ဒ၊ နှစ်ဖြာလှဖို့၊
ဘ၀ပုံဖေါ်၊ ချစ်သဲကျော်လဲ၊
ခုသော်ဘယ်ဆီ၊ ရောက်နေပြီတည့်၊
ရာသီစက်ဟောင်း၊ ခါခါပြောင်းလင့်၊
မပြောင်းရင်မှာ၊ လွမ်းလှပါသည်၊
ရွယ်တင်ကာစ ရူးသောကြောင့်။

ရေးမိပါသည်----ကဗျာစီ၍၊
ဌာနီချစ်ဟောင်း၊ ငယ်အပေါင်းသို့၊
လွမ်းကြောင်းမှန်ရော်၊ ဤစာချွန်သည်၊
အကျွန်နှလုံး၊ သည်ဖြစ်ထုံးကို၊
ချစ်ဆုံးထံမှောက်၊ အမြန်ရောက်အောင်၊
ပို့ဆောင်တင်သ၊ အ၀င်ခစေ၊
မြင်ရကြားရ၊ သူသိရလျှင်၊
သူမရင်ခွင်၊ ချစ်မ၀င်လဲ၊
ငါလျှင်အသဲ၊ ရင်နုထဲမှာ၊
အမြဲရှိကြောင်း၊ သူသိကောင်းစေ၊
ဆုတောင်းချွေပြု၊ သပြေနုနှင့်၊
ငွေခရုစင်၊ နှလုံးတင်သည်၊
ကယ်တင်ပါမှ ထူးသောကြောင့်။

Saturday, November 7, 2009

တူသော အကျိုး



ယာဒိသံ ၀ပတေ ဗီဇံ၊
တာဒိသံ ဟရတေ ဖလံ။
ကလျဏကာရီ ကလျာဏံ၊
ပါပကာရီ စ ပါပကံ။
(သ၊သံ၊၂၅၆)

စိုက်ပျိုးယာမြေ့၊ ထုံးဓလေ့မှာ၊
မျိုးစေ့တူသာ၊ သီးပွင့်ရာသို့၊
ကောင်းတာပြုမှ၊ ကောင်းကျိုးရ၏၊
မကောင်းမှုမျိုး၊ မကောင်းကျိုးတည်း။

(သူတော်စင်ရသေ့များ)



ယူကေရှိ မြန်မာကျောင်းသားများဘ၀ တစေ့တစောင်း


“ကိုမင်းထက်ရယ် ကျမရှေ့ဆက် ဘယ်လို စခန်းသွားရမှန်းတောင် မသိတော့ပါဘူးရှင်၊ ဗီဇာတိုးတော့လဲ သုံးလပဲပေးတယ်၊ သုံးလပြည့်တိုင်း ထပ်ထပ်တိုးနေရတယ်၊ တစ်ခါတိုးရင် (၃၇၅) ပေါင်၊ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ဖတ်ဖတ်ကို မောနေတာပဲ”
စောစောစီးစီး ဖုန်းဆက်ပြီး သူ့အခက်အခဲကို ငြီးပြနေရှာတဲ့ သူငယ်ချင်းရဲ့ စကားသံကြောင့် ရင်ထဲမှာ ဆို့ဆို့နစ်နစ်ကြီး ခံစားလိုက်မိတယ်။ အင်္ဂလန်ကို ကျောင်းတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ ရောက်လာကြတဲ့ မြန်မာပြည်က ကျောင်းသူကျောင်းသားတွေရဲ့ ဒုက္ခအဖုံဖုံထဲက ပြယုဂ်တစ်ခုပါ။ ရောက်စတုန်းက ကျောင်းသားဗီဇာနဲ့ ရောက်လာကြတဲ့ ကျောင်းသားတွေခမျှာ တစ်နှစ်ကုန်တိုင်း၊ ဒါမှမဟုတ် သက်ဆိုင်ရာ ကျောင်းကပေးတဲ့ ဗီဇာသက်တမ်းကုန်တိုင်း Home Office မှာ ဗီဇာထပ်ထပ်တိုးရတဲ့ ပြဿနာက တော်တော်ကြီးပါတယ်။

အထူးသဖြင့် ဒီ ၂၀၀၉ အ၀င်ကစပြီး ပိုပိုကြပ်လာပါတယ်။ ဘာလို့လဲဆိုတော့ လာမည့် ၂၀၁၂-မှာ ကျင်းပမည့် လန်ဒန်အိုလံပစ်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်နေတဲ့ စီမံကိန်းများစွာများစွာထဲက လုံခြုံရေးစီမံကိန်းအရ တင်းကြပ်မှုတွေ ပိုလုပ်လာတယ်လို့ သိရပါတယ်။ အဲဒီလို တင်းကြပ်မှုတွေ လုပ်တဲ့အထဲမှာ ပြည်ပက ကျောင်းတက်ဖို့ရောက်လာကြတဲ့ကျောင်းသားတွေက အလကားနေရင် ကြားထဲက ခါးနာကြရှာတယ်။ ကျောင်းတက်ဖို့ ရောက်လာတဲ့ ကျောင်းသားတွေကလဲ အမျိုးမျိုးပါပဲ။ ဘာလို့လဲဆိုတော့ ယူကေမှာက ကျောင်းကလဲ အမျိုးမျိုးပေကိုး။
(၁) တက္ကသိုလ်အဆင့် (ဥရောပအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံခြားကျောင်းသားများ တစ်နှစ်စာ ကျောင်းစရိတ်သက်သက် ပေါင် တစ်သောင်း နှစ်ထောင်အထက်ပေးရပါတယ်)
(၂) တက္ကသိုလ်လက်အောက်ခံ ကောလိပ်အဆင့် (တစ်နှစ်စာအတွက် ကျောင်းစရိတ်သက်သက် ပေါင်ရှစ်ထောင်ဝန်းကျင်)
(၃) အစိုးရအသိအမှတ်ပြု စာတကယ်သင်ပေးတဲ့ ပြင်ပကျောင်းများ ( Term အလိုက် ပေးရပါတယ်၊ ဥပမာ- သုံးလ Term တစ်ခု သတ်မှတ်ရင် အဲဒီ Term တစ်ခုအတွက် ပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါး ပေးရပါတယ်၊ ကျောင်းအလိုက် ကျောင်းစရိတ်ကွဲပြားမှု ရှိပါတယ်)
(၄) အစိုးရ အသိအမှတ်ပြု စာမသင်ပေးတဲ့ ပြင်ပလုပ်စားကျောင်းများ (အထက်က ကျောင်းလိုပဲ ကျောင်းစရိတ် စသည်ပေးရပါတယ်)

သိရသလောက် ဖေါ်ပြပေးလိုက်တာပါ။ တခြားပုံစံမျိုးနဲ့ Run နေတဲ့ ကျောင်းတွေ ကောလိပ်တွေလဲ ရှိဦးမယ် ထင်ပါရဲ့။ မြန်မာပြည်က ကျောင်းတယ်မယ်ဆိုပြီး ရောက်လာကြတဲ့ ကျောင်းသားအများစု (၇၀% ရာခိုင်နှုံး) ကတော့ အမှတ် (၃) နဲ့ (၄) ကျောင်းမျိုးတွေမှာပဲ တက်ကြတာပါ။ ဒီလိုတက်ရတာကလဲ အကြောင်းအမျိုးမျိုးပါပဲ။ ကျောင်းသားအများစုဟာ မြန်မာပြည်မှာ (ကျုပ်ကလွဲရင်) ချမ်းသာတဲ့မိသားစုဝင်က လာတာများမှာပါ။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ငွေကြေးဟာ ဒီရောက်တော့ ထင်သလောက်မပေါက်တော့တဲ့အတွက် ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက် မဖြစ်မနေ လုပ်ကြရတော့တာပါပဲ။ ကျောင်းသားဗီဇာကိုင်ထားတဲ့ ကျောင်းသားတိုင်း တစ်ပတ်မှာ နာရီ (၂၀) အလုပ်လုပ်ခွင့် ရှိပါတယ်။

တစ်နာရီမှာ ပျန်းမျှ (၅) ပေါင်ရတဲ့ အလုပ်တစ်ခုကို နာရီ (၂၀) နဲ့တွက်ကြည့်ရင် တစ်ပတ်မှာ ပေါင် (၁၀၀) လောက်ပဲ ရကြပါတယ်။ တစ်လဆိုရင်တော့ ပေါင် (၄၀၀) ပေါ့။ ဒေါ်လာ (၆၀၀) ကျော်၊ မြန်မာကျပ်ငွေ လက်ရှိပေါက်ဈေးနဲ့ ခြောက်သိန်းကျော်လောက် ရမယ်ထင်ပါရဲ့။ အဲဒီတော့ တစ်လမှာ ကျပ်ခြောက်သိန်းကျော် ၀င်ငွေရှိတဲ့ ကျောင်းသားတစ်ယောက်ဆိုပါတော့။ အလုပ်ရလို့ တစ်လ ပေါင် (၄၀၀) ၀င်ငွေရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အသုံးစရိပ်ကို ကြည့်ရအောင်။
(၁) ကျောင်းစရိတ် (တက်တဲ့တက္ကသိုလ်စသည်အလိုက် အနည်းအများ အလွန်ကွဲပြားမှုရှိပါတယ်၊ ဒါပေမဲ့ တစ်လ ပေါင် (၁၀၀) နဲ့ပဲ တွက်ကြစို့၊
(၂) အိမ်လခ (ငှါးတဲ့ အိမ်အနေအထားလိုက် ကွဲပြားမှုရှိပါတယ်။ နောက်ပြီး ခွဲနေခြင်း၊ တွဲနေခြင်း စသည်အလိုက် ကွဲပြားမှုလဲ ရှိပြန်ပါတယ်။ ဒါကြောင့် တစ်လ ပေါင် (၁၀၀)နဲ့ ပဲတွက်မယ်)
(၃) စားစရိတ် (လူတစ်ယောက်အကြိုက်တစ်မျိုးမို့ ကွဲပြားမှုရှိပါတယ်၊ ဒါကြောင့် ပျန်းမျှ တစ်လ(၂၀၀)ပဲထား။
(၄) မီးဖိုးရေဖိုး၊ (သုံးသလောက်ကုန်တတ်ပါတယ်၊ ဒါကြောင့် တစ်လ (၃၀) ပဲထား။)
(၅) ကားရထားခ (တစ်ရက် ပျန်းမျှ ငါးပေါင်နဲ့ပဲတွက်ဦး၊ တစ်လ (၁၅၀)လောက်ကျမယ်။ ဒါပေမဲ့ (၁၀၀) ပဲထားမယ်။)
(၆) ဖုန်းဖိုး ( Contract နဲ့ Pay-Go အလိုက်ကွာခြားမှုရှိပါတယ်။ ဒါကြောင့် တစ်လ (၂၀) ပဲထား။)
(၇) အထွေထွေဝယ်ခြမ်း (၀ယ်သလောက်ကုန်မှာပါ။ ဒါကြောင့် (၅၀) နဲ့ပဲတွက်ကြည့်။)

ဒါတွေ အားလုံးဟာ Minimum Calculation ပါ။ ဒါတောင် တစ်လ ပေါင် (၆၀၀) လောက်ကုန်နေပါပြီ။ တစ်လ (၄၀၀) လောက်ပဲ ၀င်ငွေရှိတဲ့ ကျောင်းသားတစ်ယောက်အတွက် ဘယ်နည်းနဲ့မှ မလောက်နိုင်ပါဘူး။ ဒီတော့ ဘာလုပ်ရသလဲဆိုရင် ကျောင်းတက်တဲ့ ကျောင်းသားတစ်ယောက်ဟာ နာရီ (၂၀) ထက်ပိုပြီး အလုပ်လုပ်ဖို့ ဖြစ်လာရပါတယ်။ အဲလို လုပ်လို့ Home Officeနဲ့ မိရင်တော့ လုံးဝသက်သာမယ် မထင်လိုက်နဲ့။ ဒဏ်ငွေလား၊ ပြန်စေလား တစ်ခုခုပါပဲ။

အဲဒီတော့ ရောက်လာတဲ့ ကျောင်းသားတွေဟာ ကျောင်းတက်ဖို့ရည်ရွယ်ရင်း ရှိကြပေမဲ့ အခြေအနေအရ ကျောင်းမတက်နိုင်ကြတာ များပါတယ်။ ကျောင်းသားဗီဇာကိုင်ထားပြီးတော့ အောက်ဆုံးအဆင့်ဖြစ်တဲ့ လုပ်စားကျောင်းတွေမှာ ကျောင်းအပ်ပြီး အလုပ်လုပ်ကြရရှာပါတယ်။ ကျောင်းတက်စရာမလိုပဲ နာရီ (၂၀) ထက်ပိုအောင် ခိုးလုပ်ကြရပါတယ်။ များသောအားဖြင့် In-Cash ခေါ် လက်ငင်းပိုက်ဆံရတဲ့အလုပ်တွေကို ရှာလုပ်ကြရပါတယ်။ ပေးထားတဲ့ နာရီ (၂၀) ကိုတော့ ဘဏ်စာရင်းပြပြီး ကျန်တဲ့နာရီတွေကိုတော့ ဘဏ်ထဲမ၀င်စေပဲ လက်ငင်းပေးတဲ့ အလုပ်မျိုးကို လုပ်ရကြပါတယ်။

လုပ်စားကျောင်းတွေကလဲ အဲလိုလုပ်မှန်းသိတော့ ပိုရစ်တတ်ကြပြန်ပါတယ်။ ကျောင်းသူကျောင်းသားတွေခမျှာ ပြေးပေါက်လဲရှိ ပေးပေါက်လဲမရှိနဲ့ အတော်ဂွကျပါတယ်။ ဒီတော့ ရှိတဲ့လူတွေဆီက ချေးငှါးရတာတွေပါ ဖြစ်လာပြန်ရော။ မဟုတ်ရင်လဲ မြန်မာပြည်က မိဘတွေဆီ ပြန်ပြီး အပူကပ်ကြရပြန်ရော။ စုမိဆောင်းမိဖို့ မပြောနဲ့ အကြွေးသံသရာ မလည်အောင် မနည်းကျိုးစားကြရပါတယ်။ ပညာဆိုတာကတော့ ဝေလာဝေးပါပဲ။ လာရင်းရည်ရွယ်ချက်ပျောက်ပြီး ယူကေမှာ ဆက်လက်နေထိုင်နိုင်ဖို့အရေး ငွေနောက်ပဲ လိုက်နေကြရတဲ့ ဘ၀ရောက်သွားကြပြန်ပါတယ်။

ဒီလိုပြောလို့ ယူကေရောက်ရင် ဘာမှ အဆင်မပြေဘူး လို့ ဆိုတာတော့ မဟုတ်ပါဘူး။ အဆင်ပြေနေတဲ့လူတွေလဲ တစ်ပုံကြီးပါပဲ။ ဘယ်လိုလူတွေ အဆင်ပြေလဲ မေးရင်တော့ Asylum ခံတဲ့လူတွေလို့ ပြောရမယ်ထင်ပါရဲ့။ အဲဒီအတွက်တော့ ကျယ်ကျယ်မရေးချင်ပါဘူး။ ကိုယ်လဲ အဲဒါမျိုးတော့ မလုပ်ဘူးလို့ စိတ်ကူးထားလို့ပါ။ ကိုယ့်နိုင်ငံကို ပြန်ချင်တဲ့စိတ်ကတော့ အမြဲရှိနေတဲ့အတွက် ကျောင်းပြီးတဲ့အခါ အဆင်ပြေပြေပြန်နိုင်အောင် Asylum ခံဖို့တော့ ဘယ်သူ့မှ မပြောလိုပါဘူး။ လုပ်တဲ့လူတွေလဲ အခြေအနေအရ လုပ်လိုက်ကြရပေမဲ့ အိမ်လွမ်းနေကြရတာတော့ အမှန်ပါပဲ။

မိန်းကလေးတွေကိုတော့ သတိပေးချင်ပါတယ်။ ယူကေရောက်လာတဲ့ အချို့မိန်းကလေးတွေဟာ လာတုန်းကတော့ ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ရောက်လာကြပေမဲ့ အထက်မှာ ကျောင်းသားအများစု ကြုံရတဲ့ ပြဿနာမျိုးတွေနဲ့ ကြုံလာတဲ့အခါ ကယ်သူကို ရှာရင်းနဲ့ ဘ၀လမ်းပျောက်ပြီး ဟိုမရောက်ဒီမရောက်ဖြစ်နေတာတွေလဲ အတော်များများတွေ့ရလေရဲ့။ အိမ်လခ လုံလောက်အောင် မပေးနိုင်တဲ့အတွက် အခြားလူတွေနဲ့ စုပေါင်းပြီး အိမ်ငှါးနေကြရာက ညိကြရင်း ကြာတော့ Living Together ဘ၀နဲ့ UK Standard ၀င်သွားကြပါလေရော။ ကိုယ့်မြန်မာ အချင်းချင်းဆို တော်သေးရဲ့။ အချို့က ကိုယ့်လူမျိုးမဟုတ်တဲ့ ကပ္ပလီကောင်မျိုးတွေနဲ့တောင် အဲဒီလိုနေတယ်လို့ ကြားနေ သိနေရပါတယ်။ ပြဿနာက ကပ္ပလီနဲ့ အိပ်ပြီးရင် ကိုယ့်မြန်မာတွေကို လူမထင်တတ်တော့တာ အဆိုးဆုံး။ ဒီနေရာမှာတော့ ဗမာဖြစ်ရတာ နာသကွာ လို့သာ အော်လိုက်ချင်ရဲ့။

ရောက်ခါစအချို့မိန်းကလေးတွေရဲ့အဖြစ်အပျက်တွေက နားမချမ်းသာစရာပါ။ မြန်မာပြည်က အသိတစ်ယောက်ယောက် မိတ်ဆက်ပေးလို့ သိလာခဲ့ရတဲ့ လူတစ်ယောက်ကို အားကိုးပြီးရောက်လာကြတဲ့ သူတွေလဲ ရှိလေရဲ့။ ဒီရောက်တော့ အဲဒီလူနဲ့ပဲ တွဲသွားတွဲလာလုပ်ရင်း အိုးချင်းထိ ကြိုးချင်းညှိ ဂိုးသွင်းမိ ဆိုသလို အဖြစ်အပျက်က မနှစ်သက်စရာ။ ပြဿနာ အဲဒီလူက သူလိုချင်တာရပြီးရင် ပြန်လှည့်မကြည့်ပဲ ပစ်သွားလို့ မိန်းကလေးခမျှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေရတာတွေလဲ အများကြီး။ ဒီတော့ ညီငယ် ညီမငယ်တွေကို အကြံပြုလိုတာက ယူကေလာပြီး တကယ်ပညာသင်ချင်ရင်---
(၁) မိမိတက်မည့် တက္ကသိုလ်/ကောလိပ်/ကျောင်း တွေဟာ တကယ်ရှိရဲ့လား စုံစမ်းပါ။
(၂) ကျောင်းစရိတ်၊ အဆောင်စရိတ်စသည်ကို ကိုယ်နေမည့်နှစ်နဲ့တွက်ပြီး လုံလောက်မှုရှိ/မရှိ စုံစမ်းပါ။
(၃) အပေါင်းအသင်းကောင်းကောင်း ရှာပါ။ တစ်ယောက်ကြောင်း တစ်ယောက်သိနေတဲ့ သူငယ်ချင်းမျိုးမှ စိတ်ချရပါတယ်။
(၄) အရေးကြီးဆုံးကတော့ ကိုယ်ဘာလုပ်မလဲ ဆိုတဲ့ မေးခွန်းကို အခါတစ်ထောင်ပြည့်အောင် ကိုယ့်ကိုယ်ကို ပြန်မေးပါ။
(၅) ဘာပဲလုပ်ရလုပ်ရ အင်္ဂလန်ရောက်ရင် ပြီးတာပဲ ဆိုတဲ့ စိတ်မျိုးမမွေးမိပါစေနဲ့။
(၆) ကိုယ်လဲကျသွားတဲ့အခါ ကိုယ့်ကို ဘယ်သူထူပေးမလဲ ဆိုတာကိုလဲ ကြိုတင်စဉ်းစားထားပါ။
(၇) အင်္ဂလိပ်စာနဲ့ စကားကိုလဲ လိပ်ပတ်လည် ရေးတတ် ပြောတတ်အောင် လေ့ကျင့်ထားပါ။ ကျောင်းတကယ်တက်ဖို့အတွက် ဒုတိယအရေးကြီးဆုံးက သူတို့ဘာသာစကားပါပဲ။
(၈) ဘယ်လိုအနေထားနဲ့ပဲ ကြုံကြုံ၊ နဂိုရည်ရွယ်ချက်တော့ အပျောက်မခံဘူး လို့ ဆုံးဖြတ်ထားပါ။

တွေ့ရကြုံရသလောက်ကို တင်ပြပေးလိုက်တာပါ။ အင်္ဂလန်လာပြီး ပညာသင်ဖို့ ငွေရှာဖို့ ရည်ရွယ်ချက်ရှိကြ အိမ်မက်မက်နေကြတဲ့ ညီငယ် ညီမငယ်တွေ ဒီပို့စ်လေး ဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးအဆင်ပြေပါစေ။

Tuesday, November 3, 2009

အရွယ်သုံးပါး ခွဲခြားချက်


The old believe everything, the middle-aged suspect everything, the young know everything.

Oscar Wilde (1854-1900)

လူအို လူကြီးတွေက အားလုံးကို ယုံကြည်ကြတယ်၊ လူလတ်ပိုင်းတွေက အားလုံးကို သံသယရှိကြတယ်၊ လူငယ်တွေကတော့ အားလုံးကို သိကြသဗျား။

(အော်စကာဝိုင်း)


“ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ” ဆိုတဲ့ ရွှေမြန်မာတို့ရဲ့ ဆိုရိုးစကားနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ အော်စကာဝိုင်းရဲ့ အထက်ပါစကားဟာ တစ်မျိုးလေးပဲလို့ တွေးစရာပါ။ အတူယူချင်သပဆိုရင် အတူပြုနိုင်သလို ကွဲစေချင်သပဆိုလဲ ခွဲခြားလို့ရတဲ့ အဓိပ္ပါယ်မျိုး ပါဝင်တယ်လို့ တွေးယူနိုင်ပါတယ်။ ဒါပေမဲ့ သူတကယ်ပြောချင်တဲ့ အဓိပ္ပါယ်က ကိုယ်လိုသလို ဆွဲယူနိုင်တဲ့ အဓိပ္ပါယ်မျိုး ဟုတ်ကောဟုတ်ရဲ့လား? သူ့စကားက ခေတ်ကို ကိုယ်စားပြုတဲ့ စကားလား? လူကို ကိုယ်စားပြုတဲ့ စကားလား? အရွယ်ကို ကိုယ်စားပြုတဲ့ စကားလား? စဉ်းစားဖို့ရှိပါတယ်။

တစ်ခု စဉ်းစားမိတဲ့အတိုင်းပြောရရင်တော့ လူငယ်တွေကို သရော်တဲ့ စကား၊ အထူးသဖြင့် လူကြီးစကားနားမထောင်ချင်တဲ့ လူငယ်တွေကို သရော်တဲ့ စကားလို့ ရုတ်တရက် အတွေးပေါက်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူကိုယ်တိုင်ပြောခဲ့ဖူးတဲ့ အခြားစကားတစ်ခွန်းက I am not young enough to know everything. “ကျုပ်က အားလုံးကို သိနေရလောက်အောင် ကလေးမဟုတ်ဘူးဗျာ့” တဲ့။ ဒီစကားနဲ့ပတ်သက်ပြီး ကလေးအိုကြီးများ ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု ရေးထားခဲ့ဖူးပါတယ်။ ရုတ်တရက်ကြည့်ရင် လူငယ်တွေကို နှိပ်ကွပ်တဲ့စကားတွေလို့ ထင်စရာရှိပေမဲ့ သေသေချာချာ စဉ်းစားကြည့်တော့ သူ့စကားဟာ အတော်အတန်အဓိပ္ပါယ်ရှိတာ တွေ့ကြရမှာပါ။

အထက်မှာပြောခဲ့တဲ့ သူ့စကားတွေကို ပြန်ဆန်းစစ်ကြည့်ရင်--

(၁) အရာရာကို ယုံကြည်တဲ့လူဟာ လူကြီး

(၂) အရာရာကို မယုံကြည်တဲ့လူဟာ လူရွယ်

(၃) အရာရာကို သိတဲ့လူဟာ လူငယ်

ဆိုပြီးတော့ ယုံကြည်မှုစတာတွေကို အရွယ်သုံးပါးနဲ့ တွဲပြောသွားတာကို ရုတ်တရက်မြင်သာပါတယ်။ ဒါပေမဲ့ သူပြောသလို တိုက်ရိုက်ကြီး သွားမှတ်ရင်တော့ ဒီစကားတွေဟာ အဓိပ္ပါယ် တော်တော်မရှိတဲ့ စကားတွေပဲ ဖြစ်သွားမှာပါ။ တကယ်တော့ Everything=အရာရာကို ဆိုတဲ့ စကားဟာ အခရာကျပါတယ်။ ဒီစကားဟာ Sweeping Statement ခေါ် ၀ါးလုံးသိမ်းပြောတဲ့ စကားတစ်မျိုးပါ။ တစ်နည်းတော့လဲ ကမ်းကုန်အောင်ပြောထားတဲ့ စကားပါ။ လောကမှာ-----

အရာရာကို ယုံကြည်တဲ့လူဆိုတာလဲ မရှိပါဘူး၊

အရာရာကို မယုံကြည်တဲ့လူဆိုတာလဲမရှိပါဘူး၊

မရှိဆုံးကတော့ အရာရာကို သိတဲ့လူပါပဲ။

ဒါပေမဲ့ အချို့လူတွေဟာ ကိုယ့်ကိုယ်ကို အရာရာသိတဲ့လူလို့ ထင်တတ်ကြပါတယ်။ အဲဒီအထင်ကြောင့် တွေ့တဲ့လူကို ဆရာလုပ်ပြီး နေရာတကာလူတွင်ကျယ်လုပ်တဲ့ အကျင့်ရှိသူဖြစ်လာရတာပါ၊ ဒီလူတွေဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အဲဒီအကျင့်ဆိုးကြီးကို မဖျောက်နိုင်တဲ့အတွက် လူတိုင်းနဲ့ အဆင်မပြေတတ်ကြပါဘူး။ ဒီလိုလူမျိုးကို မြင်ရင် “ဆရာကြီးလာပြီဟေ”့ ဆိုပြီး ဝေးဝေးကတောင် ရှောင်ဖယ်တတ်ကြပါတယ်။ အရာရာကို မသိပဲနဲ့ သိတယ်ထင်နေတဲ့ အဲဒီလူမျိုးကို အော်စကာဝိုင်းက ကလေးနဲ့ တင်စားခဲ့ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကလဲ အဲလိုလူမျိုးကို “ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ၀ုစ္စတိ-မသိပဲနဲ့ သိတယ်ထင်တဲ့လူဟာ တကယ့်ကလေးပါပဲ” လို့ မိန့်ကြားတော်မူခဲ့ဖူးပါတယ်။

အချို့ကျပြန်တော့ ဟိုလူပြောလဲ ယုံရခက်ခက်၊ ဒီလူပြောလဲ ယုံရခက်ခက်နဲ့ ဘယ်သူ့မှလဲမယုံတဲ့အပြင် ကြာတော့ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုနည်းပါးလာတတ်ကြပါတယ်။ အမြင်တိုင်းမှာ သံသယတွေဝင်ပြီး လူတိုင်းနဲ့ အဆင်ပြေဖို့ ခဲရင်းလှပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်ပေးရတာတွေ ရှိပါတယ်။ ယုံကြည်ပေးတတ်ဖို့လိုပါတယ်။ “ယုံကြည်ပေးတတ်ဖို့” ဆိုတဲ့ စကားဟာ အဓိပ္ပါယ်ရှိပါတယ်။ တစ်ခါတစ်ခါမှာ ကိုယ်က သံသယရှိနေရင်တောင် ယုံကြည်ပေးလိုက်ရတာမျိုးပါ။ တစ်နည်းပြောရင်တော့ ယုံပြလိုက်ရတယ်လို့ ဆိုချင်ပါတယ်။ ဒီလို ယုံပြလိုက်ရတာဟာ ရိုးသားမှုပေတံနဲ့တိုင်းထွာရင် တိုကောင်းတိုနိုင်ပေမဲ့ ဆက်ဆံရေးလမ်းကြောင်းပေါ်မှာ တစ်ခါတစ်ခါ အလုပ်ဖြစ်သွားတာတွေ အများကြီးရှိပါတယ်။ တစ်ဘက်လူက သူ့အပေါ်တကယ်ယုံကြည်နေတဲ့လူတစ်ယောက်အပေါ်မှာ သာမန်အားဖြင့် မရက်စက်တတ်ပါဘူး။ ဒီတော့ သံသယဆိုတာ ရှိသင့်ပေမဲ့ အရာရာတိုင်းမှာရှိလာရင်တော့ သံသယဟာ အားနည်းချက်ကြီး တစ်ခုဖြစ်လာတတ်ပါတယ်။ ဒီလို သံသယကြီးသူတွေကို လူရွယ်လို့ အော်စကားဝိုင်းက သတ်မှတ်ထားပါတယ်။ အသက်တစ်ရာရှိတဲ့လူဖြစ်စေ၊ ခုနှစ်နှစ် ရှစ်နှစ်အရွယ်ကလေးဖြစ်စေ ဒီသဘောတွေ ပါလာရင်တော့ လူရွယ်စာရင်းထဲ ပါမှာ အမှန်ပါပဲ။

နောက်တစ်ယောက်ကတော့ အရာရာကို ယုံကြည်တဲ့လူပါ။ သူ့ကိုတော့ လူကြီးလို့ ဆိုပါတယ်။ ယုံကြည်မှုနဲ့ လက်ခံမှုကို အတူပြုသတ်မှတ်ရင် ဒီလိုလူမျိုးကို အရာရာကို လက်ခံတဲ့လူလို့လဲ သမုတ်နိုင်မှာပါ။ အရာရာကို လက်ခံတတ်တဲ့အတွက် သူဟာ သူ့ပတ်ဝန်းကျင်မှာ နေရာရလာတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ဒီသဘောဟာ အရေးကြီးပါတယ်။ တစ်ထစ်ချလက်ခံထားရမည့် ပေတံတစ်ချောင်းမဟုတ်ပေမဲ့ အရာရာကို သိသူ၊ သံသယရှိသူတွေနဲ့ စာရင်တော့ သူက နည်းနည်းသာပါသေးတယ်။ အရာရာကို ယုံကြည်လိုက်တဲ့အတွက် ဘယ်သူ့နဲ့မှ အငြင်းအခုံလုပ်စရာ မရှိတော့ပါဘူး။ ပြဿနာနည်းပါးချင်ရင်တော့ လူကြီးဖြစ်အောင် နေတတ်ဖို့ပါပဲ။

ဒါပေမဲ့ အထက်ပါ စကားသုံးမျိုးစလုံးဟာ အလွန့်အကျွံပြောထားတဲ့ စကားတွေချည်းပါ။ ဘယ်သူမဆို၊ ဘယ်အရွယ်မဆို ဒီသဘောသုံးမျိုးနဲ့ လွတ်ကင်းအောင် နေတတ်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ယုံကြည်မှု၊ မယုံကြည်မှု၊ သိမှုတွေကို “အားလုံး” ဆိုတဲ့ ပုဒ်နဲ့တွဲပြီး ပြောလိုက်ရင် တစ်ဖက်သတ်ဖြစ်သွားတတ်ပါတယ်။ အားလုံးကို ယုံကြည်တာလဲ မကောင်းပါဘူး။ ဝေဘန်ပိုင်းခြားမှုရှိရမှာပါ။ အားလုံးကို သံသယဖြစ်နေရင်လဲ ရှေ့ဆက်ရမည့်လမ်းကြောင်းကို စဉ်းစားလို့ မရပဲ ဖြစ်သွားတတ်ပါတယ်။ အားလုံးသိနေရင်တော့ သိပ်အန္တရာယ်ကြီးပါတယ်။ ဒါကိုတော့ သတိပြုကြရမှာပါ။ လူဟာ အားလုံးကို မသိပါဘူး။ ကလေးပဲ သိပါတယ်။ ဒါကြောင့် ကလေးမဖြစ်အောင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ အရေးကြီးပါတယ်။ ဒီစကားတွေကို ဆက်လက်တွေးခေါ် စဉ်းစားကြစေလိုပါတယ်။ ကျနော် စဉ်းစားမိသလို ဝေငှလိုက်တာပါ။


Sunday, November 1, 2009

အတ္တဆန်တဲ့အလွမ်းသမား


တစ်နေရာဆီ
ဝေးခဲ့သည်ကြောင့်
သွေဖီဘဝ
တွေ့ခွင့်မရတဲ့ အခါမျိုးမှာ
ရင်ကသစ္စာ
ချစ်မေတ္တာသည်
ပိုလာများလာ
တိုးပွါးလာသတဲ့
မင်းသိရဲ့နော်---

အချစ်သစ္စာ
ချစ်မေတ္တာစု
ဝေးကွာမှုကြောင့်
ရင်မှာ ထုဆစ်
အလွမ်း ဖြစ်မြဲ
မင်းလဲ အသိ---

မင်းရဲ့အချစ်
မေတ္တာနှစ်ကို
လွမ်းဖြစ်အောင်စု
အားမပြုနဲ့
မင်းအတွက် ပင်ပန်းမှာစိုးတယ်---

ဒါပေမဲ့
မင်းကိုချစ်တဲ့
ငါ့ရဲ့မေတ္တာ
ချစ်သစ္စာတို့
လွမ်းပုံ အတိ
မြင့်မိုရ် ရှိစေ
ငါလွမ်းနေမယ်
ငါလေ အလွမ်းအတ္တသမား---


ဘ၀စာမျက်နှာတစ်ခု


ပြူတင်းပေါက်
အလင်းရောက် လာတဲ့အချိန်
အိပ်မက်မှ လန့်နိုး
မြတ်နိုးသူနဲ့ လွဲခဲ့
အိမ်မက်မှာတောင် အစဉ်မချော
ရင်မောတဲ့ ငါ့ဘဝ
အိပ်မက်ညတွေကို တွယ်ဖက်ရင်း
စိတ်ပျက်ရတာလဲ
များခဲ့ပြီ။

သတင်းထောက်
မင်းရောက်လာတဲ့ အချိန်
စိတ်ပျက်ရ တစ်မျိုး
အချစ်ဆုံးက ကွယ်ရာမှာ
“တွယ်တာသူ အသစ်တွေ့
မင့်ကို မေ့နေပြီတဲ့”
အအိပ်ပျက်ညတွေကို ကျော်ဖြတ်ရင်း
အတိတ်နဲ့ဝေးရာလဲ
သွားခဲ့ပြီ။

အလင်းပျောက်
အမှောင်ရောက်တဲ့ အချိန်
ထိတ်ခဲ့ရ နှလုံး
အအိပ်ပျက်တဲ့ ညတွေနဲ့
အိပ်မက်ရဲ့ အစတွေကြောင့်
ရင်တုန် မောဟိုက်လို့
အရင်လို ဇောမလိုက်ချင်တော့
မျက်စိစုံ ကျိတ်ကာမှိတ်
ဇွတ်အိပ်ဖို့ ကျိုးစား
မိုးလင်းသွားတဲ့ အဖြစ်ရောက်
အချစ်ပျောက်တဲ့ ငါ့ဘဝ
အထီးကျန်မှုတွေကို မျိုချရင်း
ချစ်ခဲ့သမျှတွေလဲ
မှားခဲ့ပြီ။