Tuesday, September 29, 2009

ဇင်ဘာဗွေနှင့် မြန်မာငွေ

“မေမေ သား ကျောင်းသွားတော့မယ်”
ကျနော် ဒီလိုပြောလိုက်ရင် အမေသိလိုက်တယ်၊ သူ့သားလေး မုန့်ဖိုး တောင်းနေပြီဆိုတာ။ ကျနော့်အမေက အဲသလောက် ပညာရှိတာကိုးဗျာ့။ အဲလိုပြောလိုက်တိုင်း အမေက သူကျစ်ကျစ်ပါအောင် သိမ်းထားတဲ့ ရှိစုမဲ့စုပိုက်ဆံတွေထဲက ငါးကျပ်လောက်တော့ အမြဲပေးလေ့ရှိတယ်။ ဆင်းရဲရှာတာကိုး။ သားသမီး (၇) ယောက်ထဲက ကျနော်က အလတ်ကောင်။ ပေါက်စလေးတွေဖြစ်တဲ့ ညီမလေးသုံးယောက်နဲ့ ညီလေးတစ်ယောက်၊ အကိုတစ်ယောက်၊ အမတစ်ယောက်။ အလယ်က ကျနော်။ ဒါတောင် တစ်ယောက်က မွေးပြီးသိပ်မကြာခင်မှာပဲ ဆုံးသွားသတဲ့။ ကျနော်မတွေ့ မမြင်လိုက်ရတဲ့ ကိစ္စ။ ကျနော့်အရင် ဖြစ်ခဲ့တာ။ ဆုံးသွားတဲ့ကလေးက ကျနော့် အထက်ကြပ်ကြပ်။ အဖေရော အမေရော မျိုးကောင်းကြတယ်ထင်ရဲ့။ မွေးလိုက်တာလဲ လွန်ပါရော။ ဒီခေတ်ကြီး ဒီလောက်မွေးတာ ဆင်းရဲ့တဲ့ မိသားစုအတွက် သက်သာတဲ့ ကိစ္စတော့မဟုတ်။ အဖေရှာနိုင်လို့သာ ကျနော်တို့ ညီအကို မောင်နှမတွေ အသက်ရှင်ခွင့်ရကြတယ်လို့ ဆိုရမယ်။

အမေပေးလိုက်တဲ့ ပိုက်ဆံငါးကျပ်ထဲက တစ်နေ့စာအတွက် မုန့်ဖိုးလဲလောက်တယ်၊ ကြက်ပေါင်ကွင်းတွေလဲ ငါးမူးဖိုးလောက်ဝယ်ပြီး တစ်နေကုန်အောင် ကောင်းကောင်းဆော့နိုင်တယ်။ တစ်နေ့တစ်နေ့ အနည်းဆုံးတစ်ကျပ်လောက်လဲ အပိုအလျှံထွက်သေးတယ်။ သိမ်းထားတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ အမေ့လက်ထဲ ဘိုင်ပြတ်နေတဲ့အခါနဲ့ ကြုံရင် သိမ်းထားတာလေး ထုတ်ထုတ်သုံးရတယ်။ ဒါတောင် အဘိုးသိရင် အပြောခံရသေးတယ်။ “မင်းတို့လက်ထက်ပဲ ကြားဖူးတယ်ကွာ။ တစ်နေ့တစ်နေ့ မုန့်ဖိုး ငါးကျပ်ကြီးများတောင် ပေးရတယ်လို့။ ငါတို့ ငယ်ငယ်တုန်းကတော့ တစ်နေ့ တစ်ကျပ်လောက်ဆိုရင်ပဲ စားလို့သောက်လို့ မကုန်နိုင်ဘူး။ ကောက်ညင်းပေါင်း တစ်မတ်ဖိုးဆို နှစ်ယောက်လောက် ကောင်းကောင်းဝတယ်ဟေ့။ မင်းတို့ခေတ်ကြီးကိုက တော်တော် ဆိုးလာပြီကွ” တဲ့။

မသိလိုက်၊ မမီလိုက်တဲ့ခေတ်က အဖြစ်အပျက်ကို ကိုယ်စားပြုတဲ့ အဘိုးစကားကို ကျနော် မကြာခဏကြားနေရပေမဲ့ မယုံနိုင်အောင် ဖြစ်ခဲ့ရတာ အမှန်ပါပဲ။ ဘယ်နှယ်ဗျာ၊ ကောက်ညှင်းပေါင်း တစ်မတ်ဖိုး နှစ်ယောက်စားမကုန်နိုင်ဘူးရယ်လို့။ အခုတော့ ယုံပါပြီ အဘိုးရယ်။ အဲဒီတုန်းက (ကျနော်ကလေးပေါက်စဘ၀) မြန်မာပြည်မှာ တစ်ရာတန်ဆိုတာ ဆင်းရဲသားအတော်များများတောင် မမြင်ဖူးတဲ့ ငွေကျေးရယ်ပါ။ မှတ်မိသေးတယ်။ ကျနော့်အဖေက ပဲ့နင်း၊ အများသိအောင်ပြောရရင်တော့ ကက်ပတိန်ပေါ့။ အဖေကငါးဖမ်းစက်လှေကြီးတစ်စီးနဲ့ ပင်လယ်ထဲ တစ်ခါထွက်ရင် အနည်းဆုံးတစ်လလောက်ကြာမှ ကမ်းပြန်ရောက်တယ်။ အဖေရောက်ရင်တော့ အမေလက်ထဲ ငွေရွှင်တယ်ပေါ့။
သားသမီးတွေအားလုံး ဖေါဖေါသီသီစားနိုင်သောက်နိုင်၊ သုံးနိုင်ဖြုန်းနိုင်ကြလေရဲ့။ ကျောင်းသွားတဲ့လူတွေကိုလဲ ငါးကျပ်မက ပေးနိုင်တယ်။ အဖေ ပြန်လာတာနောက်ကျရင်တော့ ကျောင်းသားတွေရော အမေရော မသက်သာဘူး။

အကြပ်အတည်းဖြစ်တဲ့ တစ်နေ့ပေါ့။ အဖေလဲ ပင်လယ်ထဲ နှစ်လလောက်ကြာသွားတယ်။ အိမ်မှာ ကျန်ရစ်တဲ့ မိသားစုကလဲ အဖေ့လစာတွေနဲ့ မလောက်မငဖြစ်နေပြီ။ အမေ ကြံရာမရဖြစ်ပြီး ဘာလုပ်လဲဆိုတော့ အိမ်က ဗီဒိုကြီးထဲမှာ သိမ်းထားတဲ့ ငါးဆင့်စတီးဆွဲချိုင့်ကြီးတစ်လုံးထုတ်လာတယ်။ ပြီးတော့ အနားမှာရှိတဲ့ ကျနော့်ကို ပြောတယ် “မင့်အဖွါးလေးဆီသွား၊ ဟောဒီစတီးချိုင့်ကြီးကို တစ်ရာနဲ့ပေါင်ခဲ့” တဲ့။ ကျနော်လဲ ကလေးပဲဟာ၊ ဘာမှသိဘူးလေ။ အမေပြောသလို အမေ့အဒေါ် (အမေ့ အဖေရဲ့ ညီမ) ဖြစ်တဲ့ ကျနော်အဖွါးလေးဆီသွားပြီး အမေပြောတဲ့အတိုင်းပြောတော့ အဖွါးလေးက လျှောလျှောလျှူလျှူပဲ၊ ငွေတစ်ရာပေးလိုက်တယ်။ အဲဒီပိုက်ဆံတစ်ရာရတော့ အမေပျော်လိုက်တာ မပြောနဲ့တော့။ စတီးချိုင့်ကြီးလဲ အမေဆုံးတဲ့အထိ ပြန်ရွေးလိုက်တယ်လို့ တစ်ခါမှ မကြားမိဘူး။ ပြောချင်တာက အဲဒီတုန်းက ပိုက်ဆံတစ်ရာဆိုတာ အဲလောက်ကို တန်ဖိုးရှိတာ။ အဖေပင်လယ်က ပြန်လာတဲ့အထိ အဲဒီပိုက်ဆံနဲ့ဝယ်ထားတဲ့ ဆံ၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေ မီးဖိုထဲ မကုန်နိုင်ဘူး။

အခုတော့ဗျာ။ ပိုက်ဆံတစ်ရာဆိုတာကို အလကားပေးရင်တောင် ယူမည့်လူ ခပ်ရှားရှား။ လမ်းမှာတောင်းစားနေတဲ့ သူတောင်းစားတောင် တစ်ရာလောက်ပေးရင် မကျေနပ်ချင်ဘူး။ ဒီဘက်နအဖခေတ် ရောက်လာတော့ တစ်ရာတန်ကနေ နှစ်ရာတန်၊ ငါးရာတန်၊ တစ်ထောင်တန် အထိ ထုတ်လာပြီ။ ပြဿနာကဘာလဲဆိုရင် ငွေကြေးဖေါင်းပွလာတာနဲ့အမျှ ပစ္စည်းတွေလဲ ဈေးတက်လာတယ်။ အရင်က တစ်ကျပ်တန်ဟာ တစ်ဆယ်ဖြစ်လာတယ်။ တစ်ဆယ်တန်ဟာ တစ်ရာဖြစ်လာတယ်။ တစ်ရာတန်ဟာ တစ်ထောင်ဖြစ်လာတယ်။ ဘာဘောဂဘေဒပညာမှသိနေစရာမလိုဘူး။ လက်တွေ့မှာ ဒီလိုဖြစ်နေတာ။ ပိုက်ဆံစက္ကူပေါ်မှာ ဂဏန်းလုံးကြီးလေလေ ပစ္စည်းတွေရဲ့တန်ဖိုးဟာလဲ မြင့်တက်လေလေပါပဲ။

ဇင်ဘာဗွေနိုင်ငံကို ကြည့်ပါ။ အမြင့်ဆုံးစာရွက်ပေါ်က ဂဏန်းကို ကြည့်လိုက်။ (၂၅၀ ၀၀၀ ၀၀၀) တဲ့။ ဂဏန်းကိုးလုံးရှိတာတွေ့မှာပေါ့။ နှစ်ဆယ့်ငါးကုဋေ တဲ့ဗျား။ “တိုင်းပြည်စီးပွါးရေးကို မြှင့်တင်ဖို့အရေး စာရွက်ပေါ်မှာ ဂဏန်းကြီးကြီးရေး ဒို့အရေး” လို့များ ကြွေးကြော်နေသလား မသိဘူး။ ဇင်ဘာဗွေက သူတောင်းစားတွေ လက်ထဲမှာ ပိုက်ဆံတစ်ကုဋေလောက်ရှိနေရင်တော့ အဲဒီနေ့မှာ ထမင်းငတ်ပြီသာအောင့်မေ့။ ကုဋေကြွယ်သူတောင်းစားဆိုတာ ဒီခေတ်မှာ တကယ်ရှိနေပြီ။ မယုံမရှိနဲ့။ ခရမ်းချင်သီးတစ်ပိဿာတောင် ကုဋေပေါင်းများစွာပေးဝယ်နေရတဲ့ တိုင်းပြည်။ အဲဒီအဖြစ်ဆိုးကြီးကို ကြည့်ပြီး ကျနော်စဉ်းစားမိတယ်။ ငါတို့နိုင်က လူကြီးတွေလဲ ဇင်ဘာဗွေကို အတုခိုးရင် ဒုက္ခပဲလို့။ ကျနော့်ဆန္ဒမပြည့်ဝပါဘူးဗျာ။ အခု ငါးထောင်တန်ထုတ်နေပြီ-တဲ့။

“စည်းပွါးရေးပြုပြင်ပြောင်းလဲရေး”ဆိုတဲ့ ကြွေးကျော်သံအောက်မှာ ဒီလို ပိုက်ဆံစက္ကူပေါ်မှာ ဂဏန်းလုံးရေကြီးကြီးရေးရတာကို စီးပွါးရေးပြုပြင်ပြောင်းလဲမှုလို့ ယူဆရင်တော့ ကျနော်တို့နိုင်ငံရဲ့ စီးပွါးရေးဟာ ဘယ်တော့မှ အဖတ်ဆယ်လို့ ရမှုာမဟုတ်တော့တဲ့ စီးပွါးရေးလို့ပဲ မှတ်ယူပေတော့။ ကမ္ဘာပေါ်မှာ ငွေကြေးအမြင့်ဆုံးဆိုတဲ့ ဗြိတိရှတိုင်းပြည်တွေမှာ ငါးဆယ်တန်ဆိုတာ အကြီးဆုံးပဲ။ တော်ရုံလူတွေတောင် ငါးဆယ်တန် မြင်ဖူးကြတာမဟုတ်ဘူး။ အဲဒီငါးဆယ်တန်ဟာ ဒေါ်လာတစ်ရာနဲ့ ညီမျှတဲ့ ငွေကြေးပါ။ မြန်မာငွေ တစ်သိန်းကျော်ပါတယ်။ ကျနော် အင်္ဂလန်ရောက်ခါစ (၂၀၀၇)ခုနှစ်က လေဆိပ်မှာ ဒေါ်လာတစ်ထောင်လဲတာ ပေါင် (၄၉၀) ပဲရတယ်။ အခုတော့ ပေါင်ဈေးနည်းနည်းကျနေတာပေါ့လေ။ အဲဒီပေါင်အောက်က ယူရိုငွေ။ သူကတော့ နိုင်ငံတကာသုံးမို့ထားတော့။ အမေရိကန်ဒေါ်လာ။ တစ်ရာတန်ဆိုတာ အများမြင်ဖူးနေတဲ့ ငွေကြေးယူနစ်တစ်ခုပါ။ အဲဒီနိုင်ငံကြီးတွေမှာလဲ စီးပွါးရေး ကျတဲ့ အချိန်တွေ မကြာခဏကြုံနေရတာပါပဲ။ ပြီးခဲ့တဲ့ ခုနှစ်လ၊ ရှစ်လလောက်က တစ်ကမ္ဘာလုံးစီးပွါးကျတော့ ဗြိတိရှတွေရော၊ အမေရိကန်တွေရော ခံလိုက်ရတာမပြောနဲ့တော့။ သူတို့ဖြေရှင်းနိုင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ငွေကြေးပေါ်မှာ ဂဏန်းလုံးကြီးကြီးရေးပြီး ဖြေရှင်းခဲ့တာမဟုတ်ဘူးဆိုတာတော့ တစ်ကမ္ဘာလုံးသိပါတယ်။

မြန်မာပြည်မှာ စီးပွါးရေးကျတာ ဘယ်တုန်းကစတာလဲ ကျနော်တိတိကျကျမသိဘူး။ ဘောဂဗေဒပညာရှင်တွေတော့ သိကောင်းသိမှာပါ။ ကျနော်သိတာကတော့ စက္ကူပေါ်မှာ ဂဏန်းများလာတိုင်း ပစ္စည်းတွေရဲ့ ဈေးနှုံးဟာ ပိုပိုကြီးကြီးလာတယ်။ ပြီးတော့ ပြည်သူတွေ အကြပ်အတည်းပိုတွေ့လာတယ်။ နိုင်ငံတကာငွေကြေးနဲ့ လဲလှယ်တဲ့အခါ များစွာများစွာအောက်ကျတယ် ဆိုတာပါပဲ။ ဒီတော့ ဒီနည်းဟာ စီးပွါးရေးအကြပ်အတည်းကို တကယ့်တကယ်ပြေလည်စေတဲ့ နည်းမဟုတ်နိုင်ဘူးဆိုတာလောက်တော့ ဘောဂဗေဒပညာကို ကကြီးရေးကတောင် မသိတဲ့ ကျနော့်လို လူတစ်ယောက်က ပြောရဲပါတယ်။ အခု ငါးထောင်တန်ထုတ်နေပြီ။ တိုင်းပြည်စီးပွါးရေး ဘာဖြစ်ဦးမလဲ? ပြောရဲပါတယ်။ ပိုထိုးကျသွားမှာပါ။ နိုင်ငံတကာငွေကြေးဈေးကွက်မှာ မျက်နှာမရဖြစ်နေဦးမှာပါ။ နဂိုက ဒေါ်လာတစ်ရာ မြန်မာကျပ်ငွေတစ်သိန်းဆိုရင် အဲဒီငါးထောင်တန်တွေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ တစ်သိန်းနဲ့ ဘယ်သူမှ မလဲတော့မှာတော့ သေချာပါတယ်။ နောက်ထပ် တစ်သောင်းတန်၊ ငါးသောင်းတန်၊ တစ်သိန်းတန်တွေအထိ ထုတ်လာရင်တော့ ပြည်သူတို့ရေ့-----ခင်ဗျားတို့နေတဲ့ လက်ရှိနေရာက အမြန်ခွါဖို့သာ ကြိုးစားကြပေတော့ဗျို့။

တိုင်းပြည်ထဲက နအဖကို အကြံပေးနေကြတဲ့ စီးပွါးရေးပညာရှိကြီးများခင်ဗျား၊ ကြည့်ကျက်လဲ လုပ်ကြပါဦးဗျို့။ နိုင်ငံတကာနဲ့လဲ နှိုင်းယှဉ်ပြီး စဉ်းစားပေးကြပါဦး။ ပြောရင်းပြောရင်း စိတ်တိုလာပြီ။ တော်ပြီဗျာ။ ခင်ဗျားတို့လဲ တတ်နိုင်တဲ့ဖက်က အော်ကြဦး။

Monday, September 28, 2009

ခေတ်ပေါ်သိကြားနှင့် ဟစ်တလာဦးခေါင်းခွံငြင်းပွဲ

ဒီနေ့ စက်တင်ဘာ (၂၈) နေ့ဟာ ဟောဒီအလင်းတန်းဆိုတဲ့ ကျနော့်သားလေးရဲ့ တစ်နှစ်တိတိပြည့်တဲ့ မွေးနေ့လေးပါ။ ဒီမွေးနေ့မှာ သားလေးကို လက်ဆောင် နှစ်ခုပေးမယ်လို့ မှန်းထားပါတယ်။ တစ်ခုက အချစ်သတင်း။ နောက်တစ်ခုကတော့ စစ်သတင်း။

ပထမဖြစ်တဲ့ ချစ်သတင်းကို စပြောရရင်တော့ ဒီလိုပါတဲ့။

“ဒီလို စုပေါင်းပြီး လက်ထပ်ပွဲကျင်းပလိုက်တော့
ပိုက်ဆံကုန်သက်သာသွားတာပေါ့ဗျာ” လို့ ပြောလိုက်သူကတော့ တောင်အာဖရိကနိုင်ငံက အသက် (၄၄)နှစ်ရှိ Mbhele ဆိုသူပဲ ဖြစ်ပါတယ်။

သူ့နာမည်အပြည့်အစုံကတော့ Milton Mbhele ပါ။ မင်လ်တန်ဟာ မင်္ဂလာပွဲတက်ရောက်လာတဲ့ တစ်ရာကျော်ကျော်ရှိတဲ့ ဧည့်ပရိသတ်တွေရှေ့မှာ သတင်းထောက်တွေကို အထက်ပါအတိုင်း ပြောလိုက်တာ ဖြစ်ပါတယ်။

Polygamy ခေါ် ဗဟုဘရိယ၀ါဒ (သို့မဟုတ်) မယားအများစံနစ်ကို လက်ခံကျင့်သုံးနေတာ နိုင်ငံတိုင်းမှာတင်မက ဘာသာတိုင်းမှာလဲ ရှိနေတာပါပဲ။ မြန်မာလူမျိုးတွေထဲမှာလဲ တစ်လင်တစ်မယားစံနစ်ကို စံအနေနဲ့ အများက လက်ခံထားပေမဲ့ တစ်ပင်မလဲခင် တစ်ပင်ကဲချင်နေတဲ့ လူတွေ၊ ကဲနေတဲ့လူတွေ (အထီး/အမ) အများကြီးပါ။ ဒါတွေကတော့ ဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီခေတ်မှာမဆန်းသလို သမိုင်းနဲ့ချီပြီးလဲ မဆန်းခဲ့ပါဘူး။

ဒါပေမဲ့ မင်လ်တန်လိုလူကတော့ တော်တော်ရှားတယ် လို့ပြောနိုင်ပါတယ်။ မယားအများကြီး ရှိတယ်ဆိုတဲ့လူတွေကို ကြည့်လိုက်ရင် တစ်ယောက်ပြီးတစ်ယောက် ယူတာပဲ များပါတယ်။ တစ်ပြိုင်နက်တည်း အများကြီးယူတာမျိုးမဟုတ်ပါဘူး။ ဘုရားစာပေထဲက ဘိုးသိကြားတောင် သုစိတ္တာ၊ သုမာလာ၊ သုနန္ဒာနဲ့ သုဇာဆိုတဲ့ မယားချောလေးယောက်ရှိပေမဲ့ (နောက်ပိုင်းမှာ ရောဟိဏီလဲ ပါတယ်၊ သူပါရင် ငါးယောက်၊ တရားဝင်) တစ်ယောက်ပြီး တစ်ယောက် ကြိုးစားပန်းစား တော်ကောက်ရ ရှာတာပါ။ ဒါကြောင့် မင်လ်တန်ကို ချီးကျူးရမယ်ဆိုရင်တော့ သိကြားထက် သာတဲ့လူလို့ ချီးကြူးရမလိုပါပဲ။ တတ်လဲ တတ်နိုင်တဲ့ လူပေပဲဗျာ။

နောက်တစ်ခုကတော့ စစ်သတင်းပါ။

ဒါပေမဲ့ စစ်ဖြစ်နေတဲ့ သတင်းတော့ မဟုတ်ပါဘူး။ ဖြစ်ပြီးတဲ့ သတင်းလေးပေါ့။ ဒုတိယကမ္ဘာစစ်မီးကို စတင်ရှို့ခဲ့တဲ့ ဂငယ်နှစ်လုံးဖြစ်တဲ့ ဂျပန်နဲ့ ဂျာမန်စစ်ဘီးလူကြီးနှစ်ယောက်ထဲက ဒုတိယဂငယ်ဖြစ်တဲ့ ဂျာမန်တို့ရဲ့ခေါင်းဆောင်ကြီး Adolf Hitler ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး အခုထိ အငြင်းပွါးနေရဆဲပါ။ စစ်ဘုရင်ကြီးဟစ်တလာဟာ ၁၉၄၅-ခု၊ ဧပြီလ၊ (၃၀)ရက်မှာ သေတယ်-လို့ မှတ်တမ်းတွေက ဆိုထားပါတယ်။ သမိုင်းပညာရှင်အချိ့ကတော့ ဟစ်တလာဟာ သူ့ကိုယ်သူ သတ်သေတယ်လို့ ဆိုပေမဲ့ အချို့က ဒီအဆိုကို လက်မခံခဲ့ကြပါဘူး။ သူတို့ခမျှာ ခိုင်မာတဲ့ အထောက်အထားမပြနိုင်ကြလို့ မသိမသာနေလိုက်ကြရတာပါ။

အဲဒါအပြင် ဟစ်တလာကို ခြေမှုန်းခဲ့တဲ့ မဟာမိတ်တွေထဲက ဆိုဗီယက်တွေရဲ့ သတင်းထုတ်ပြန်ချက်ကြောင့် ဟစ်တလာရဲ့ သေဆုံးမှုကို သူတို့ပြောသလိုပဲ အများစုက လက်ခံထားလိုက်ကြရပါတယ်။ ဟစ်တလာဟာ သူ့ဇနီးနဲ့အတူ ဘန်ကာထဲမှာ ကိုယ့်ကိုယ်ကို သတ်သေလိုက်ပြီ။ အဲဒီသတင်းကို အဲဒီတုန်းက ထုတ်ဝေတဲ့ အမေရိကန်သတင်းစာတွေကလဲ အကျယ်အကျယ် ရေးသားခဲ့ကြပါတယ်။ သက်သေအနေနဲ့ ဆိုဗီယက်စစ်တပ်တွေ ယူဆောင်လာတဲ့ ခေါင်းမှာ ကျီဆန်ပေါက်တွေပါတဲ့ ဦးခေါင်းခွံကို ထုတ်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ သိပံ္ပနဲ့ နည်းပညာတွေ တရှိန်ထိုးထွန်းကားလာတဲ့ ဒီဘက်ပိုင်းရောက်လာတဲ့အခါကျတော့ ဟစ်တလာသေဆုံးမှုနဲ့ပတ်သက်ပြီးငြိမ်နေတဲ့ အငြင်းပွါးစရာသမိုင်းဟာ ပြန်လည်ရှင်သန်လာခဲ့ပြန်ပါတယ်။ ပေါရာဏိကဗေဒ (ရှေးဟောင်းပစ္စည်းကိုလေ့လာသောပညာရပ်)နဲ့ အဋ္ဌိဗေဒ (အရိုးကိုလေ့လာသောပညာရပ်) ပါရဂူ အမေရိကန်လူမျိုး Nick Bellantoni ရဲ့ စစ်ဆေးချက်အရတော့ အဲဒီအရိုးခေါင်းခွံဟာ ဟစ်တလာဦးခေါင်း လုံးဝမဟုတ်ဘူးလို့ သိရပြန်ပါတယ်။

ဟစ်တလာရဲ့အသက်ဟာ သေဆုံးတယ်လို့ ယူဆရတဲ့အချိန်မှာ (၅၆) နှစ်ရှိနေပါပြီတဲ့။ အခု ဦးခေါင်းခွံပိုင်ရှင် အမျိုးသ္မီးကတော့ အသက် (၄၀) အောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ နောက်ပြီး သူနဲ့အတူသေပွဲဝင်ပါတယ်ဆိုတဲ့ သူ့ဇနီးအသစ်စက်စက်လေး Braun ရဲ့ဦးခေါင်းခွံလဲ မဟုတ်ပြန်ဘူး-တဲ့။ ဘာလို့လဲဆိုတော့ နှစ်ရက်အကြာလက်ထပ်ပြီးခါစ ဖြစ်တဲ့ဇနီးချောလေးဟာလဲ Cyanide ခေါ် အလွန်ပြင်းတဲ့အဆိပ်တစ်မျိုးကို သောက်ပြီး သေတယ်-လို့ ယူဆလို့ပါပဲ။ လက်ရှိဦးခေါင်းခွံမှာက ကျည်ဆန်ပေါက်တွေပါနေပါတယ်။

ဒီတွေ့ရှိချက်အရ ဟစ်တလာမသေဘူး-ဆိုတဲ့အဖြေထွက်လာပါတယ်။ အဲဒီအဖြေအတွက်ပေးခဲ့တဲ့ အကြောင်းပြချက်ကတော့ ဒီလိုပါတဲ့။ နာဇီခေါင်းဆောင်ဟစ်တလာဟာ ၁၉၄၃-ခုနှစ်ကတည်းက ဂျာမဏီကနေ တောင်အမေရိကကို ထွက်ခွါဖို့ အစီအစဉ်လုပ်ထားပါတယ်-တဲ့။ ဒါကြောင့် ဟစ်တလာနဲ့ ထိတ်တန်းခေါင်းဆောင်တစ်ချို့ အဲဒီဘက်လစ်ထွက်သွားနိုင်တယ်-လို့ ကောက်ချက်ဆွဲပါတယ်။

ဒါဖြင့်ရင် ဘာဖြစ်လို့ ဟစ်တလာသေတယ်လို့ သတင်းလွှင့်ခဲ့ကြသလဲ? သမိုင်းပညာရှင်လဲဖြစ်၊ သတင်းစာဆရာလဲဖြစ်တဲ့ Gerrard Williams ကတော့ ဒီလို အဖြေထုတ်ပါတယ်။ “ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ လူတိုင်းရဲ့ဆန္ဒက ဟစ်တလာသေဖို့ပါပဲ၊ ဒါကြောင့် ဟစ်တလာသေပြီဆိုတဲ့ သတင်းဟာ လူတိုင်းရင်ကို ပေါ့ပါးစေပါတယ်၊ ဒါကြောင့် ဒီလိုဖန်တီးခဲ့တာ ဖြစ်နိုင်ပါတယ်” တဲ့။

ကဲ ကျနော့်သားလေး အလင်းတန်းမွေးနေ့မှာ ဟောဒီသတင်းထူးလေးနှစ်ပုဒ်ကို လက်ဆောင်ပေးပါတယ်ဗျား။

Sunday, September 27, 2009

တစ်နှစ်ပြည့် ချစ်သားလေးအတွက်

အလင်းတန်းလေးရေ့---အင်း-----ငါလဲ ဘာလိုလိုနဲ့ မင်းကိုလုပ်စားလာတာ--အဲလေ--ယောင်လို့--ရေးလာတာ အခုဆို တစ်နှစ်တင်းတင်းတောင်ပြည့်ပေါ့။ တစ်နှစ်အတွင်း ရေးလာတာတွေ ပြန်ကြည့်လိုက်တော့ ငါ့ဖာသာငါ ကြိုက်တာလဲရှိရဲ့၊ မကြိုက်တာလဲရှိရဲ့။ (မကြိုက်တာက များပါတယ် ကလေးရယ်။) သူများတွေ ကောင်းတယ်လို့ အပြောခံရတဲ့ ပို့စ်လေးတွေလဲ အနည်းအကျဉ်းပါလေရဲ့။ မင်းပိုသိမှာပေါ့၊ သူများတွေ ချည်းကျူးရင် မင်းပျော်နေတာပဲ မဟုတ်လား။ ငါ့မှာတော့ ရေးလိုက်ရတာ ဖတ်ဖတ်ကို မောဆို့။ တစ်ခါတလေ ရေးချင်စိတ်ရှိလို့ ရေးလိုက်တာ၊ အကြောင်းအရာက ဘာမှန်းမသိဘူး။ တစ်ခါ တစ်ခါ ကျတော့ အကြောင်းအရာကို သိတယ်၊ ရေးရမှာ ပျင်းတာနဲ့ အကြောင်းအရာလောက်ပဲ တင်ပြနိုင်တယ်။ ဖွယ်ဖွယ်ရာရာ မဖြစ်ခဲ့ဘူး။ အကြောင်းအရာလဲသိ၊ ရေးချင်စိတ်လဲ ပေါက်နေတဲ့အချိန် ရေးခဲ့ရတဲ့ ပို့စ်တွေကိုတော့ ငါကိုယ်တိုင်တောင် မကြာခဏပြန်ဖတ်မိတယ်။ ဒါတွေကို မင်းတော့ ဘယ်သိပါ့မလဲ ကလေးရာ--။ မင်းအသက်က သိပ်ငယ်သေးတာကိုး။

စာရေးတယ်-ဆိုတာလဲ အပြောလွယ်သလောက် လက်တွေ့မှာတော့ အခက်သား ကလေးရေ့။ ကိုယ့်ဖာသာဖတ်ဖို့ရေးထားတာ ရေးချင်သလို ရေးမှာပဲ-လို့လဲ မိုက်လုံးကြီးလို့ မဖြစ်ပြန်ဘူးမို့လား။ ကိုယ့်ဖာသာဖတ်ဖို့တော့ ဘာလို့ရေးနေမှာလဲ။ တစ်ခုတော့ ရှိတာပေါ့လေ--နောက်တစ်ခါ အကြောင်းရှိရင် မှတ်မိအောင် မှတ်တမ်းသဘောမျိုးရေးထားရင်တော့လဲ တစ်မျိုးပေါ့။ ဒါပေမဲ့ မင်းကို အခုလိုမွေးစားပြီးတော့ မရေးပါဘူး။ ရေးချင်ရင် ငါ စာအုပ်ထဲပဲ ရေးမှာပေါ့ကလေးရ။ အများစုကတော့ စာရေးတဲ့အခါ ကိုယ့်အသိကို သူများကို ပေးဝေဘို့ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ပဲ ရေးကြတာများမှာပါပဲ။ ငါလဲ ဒီလိုပဲလေ။ ငါသိဖူးတာလေး၊ သိထားတာလေး သူများလဲ သိပါစေ ဆိုတဲ့ အတွေးနဲ့ပါ။ ၀ါသနာလဲ အရင်းခံပြီး မင်းကို ငါမွေးစားခဲ့တာပေါ့ကွာ။ စာရေးပြီး ကြွားနေလို့ကလဲ ထမင်းစားရမည့် အလုပ်မဟုတ်ပြန်တော့ ငတ်ရုံပဲ အဖတ်တင်မှာမို့ ကြွားစရာလဲ မဟုတ်ပြန်ဘူး။ မင်းက လုပ်စားလို့ ရတဲ့ အကောင်မှ မဟုတ်ပဲကွာ့။ ( “သားသားဘလော့ဂ်ထဲ ကြော်ငြာထည့်ပေါ့ အဖေရ”။ “ဟေ့ကောင် ပေါက်စလေး၊ ပေါက်ကရ မပြောနဲ့ကွာ့၊ အလည်လာ (ဖတ်) မယ့်လူတောင် ရှိတော့မှာမဟုတ်ဘူး။ အခုတောင် မင်းဆီသူများလာချင်အောင် ငါလဲ သူများဆီသွားသွားပေးနေရတာ မင်းမသိဘူးလား။)

ကိုယ့်မွေးစားသားလေးကို မငေါက်ချင်ဘဲ ငေါက်ရပြန်ပြီ။ ဆက်ပြောမယ်၊ နားထောင်။ အဲဒီတော့ ငါ့ရည်ရွယ်ချက်က---စာရေးတဲ့ ငါ့ရည်ရွယ်ချက်က ကြွားဖို့မဟုတ်ဘူးကွာ့။ (အမှန်ပြောရရင် ငါဆိုတဲ့အကောင်က အကြွားသန်တဲ့ လူတစ်ယောက်ဆိုတာတော့ ငါ့ကိုယ်ငါ လက်ခံထားတာ ကြာပါပြီ သားလေးရ။) ဘလော့ဂင်းလောကထဲ ၀င်ရောက်လာတဲ့ အချိန်ကစပြီး စာတစ်မျက်နှာချင်း လှန်ဖတ်ရတဲ့ စာအုပ်တွေနဲ့တောင် ခပ်ဝေးဝေးဖြစ်နေပြီ။ ဘယ်သူတွေ ဘယ်စာအုပ်ထုတ်နေလဲ ဆိုတာတောင် သူများပြောမှ ကြားရတဲ့ဘ၀ရောက်နေပြီ။ အဲဒါ မင်းကို ချစ်လွန်းလို့ဖြစ်သွားရတာ။ အစကတော့ တတ်သလောက်မှတ်သလောက် အင်္ဂလိပ်လိုရေးမလား အောင့်မေ့ခဲ့တာပါ။ ခက်နေတာက ငါကိုယ်တိုင်ပဲကလေးရ။ ငါ့အင်္ဂလိပ်ကိုက ချာတူးလံရဲ့ ဘိုးအေကြီးဖြစ်နေရှာသေးတော့ စာဖတ်သူတွေ စိတ်လေရှာမှာပဲဆိုပြီး အသာနောက်ဆုတ်၊ မြန်မာလိုပဲ ခပ်ကုတ်ကုတ်ရေးနေရရှာတယ်။ အဲဒီတော့လဲ မင်းက မြန်မာစာနဲ့ပဲ ဆက်လက်အသက်ဝင်နေတာပေါ့လကွာ။

မင်းအသက်က အခုဆိုတစ်နှစ်တိတိရှိလာပြီဆိုတော့ မင်းအပေါ် ငါလဲသံယောဇဉ် ဖြစ်နေရှာပါပြီ။ မင်းနဲ့ ငါ စတွေ့တဲ့အချိန်ကစပြီး ဒီနေ့အထိ ကွန်ပျူတာ ပျက်နေတဲ့ အချိန်၊ အင်တာနက်ပျက်နေအချိန်နဲ့ ခရီးထွက်နေတဲ့အချိန်က လွဲရင် မင်းမျက်ခွက်လေးကို တစ်နေ့ အကြိမ်တစ်ရာလောက်မှ ကြည့်မနေရရင် ငါ့ခမျှာ အိပ်လို့မပျော်ဘူးကွာ့။ မင်းကိုငါ အဲလောက်ချစ်တာ မင်းတော့ ဘယ်သိမလဲ။ တစ်ခါများဆို သတိရလွန်းလို့ ညသန်းခေါင်ကြီး၊ သူများတွေတောင် အိပ်ပျော်နေကြပြီ။ မင်းကို ငါထကြည့်ရသေးတယ်။ မင်းကို မွေးစားခဲ့တဲ့အချိန်ကစပြီး မင်းအမေနဲ့လဲ ရန်ဖြစ်ရတာ ခဏခဏ။ မင်းဘယ်သိမလဲ။ ”တော့်မွေးစားသားနဲ့ပဲ အချိန်ကုန်နေ၊ ကျမတော့ မေ့နေပြီပေါ့”ဘာညာနဲ့ ဆူတာလဲ နားကို ညီးနေတာပဲ သားလေးရ။ မင်းကြီးလာရင်တော့ သိမှာပေါ့ကွာ။ တစ်ခါများဆို မင်းအမေ ငါ့ ဘာပြောမှတ်လဲ၊ “တော် ဒီလိုသာ ကျမအတွက် အချိန်မပေးနိုင်ရင် ကျမကို ဖြတ်ပစ်လိုက်တော့” တဲ့။ ငါလဲ မင်းကို ချစ်လွန်းလို့ မင်းအမေကို ဖြတ်လိုက်ပြီကွာ့။ မင်းအမေကတော့ ကံကောင်းပါတယ်၊ အခု ဆားဗီးယားဆိုလား၊ ဆလားဗီးယားဆိုလား ( ဆလားဗီးယားက ငါးပါ အဖေရ) သံအမတ်သားနဲ့ လက်ထပ်တော့မှာတဲ့၊ နောက်လ (၁၆)ရက်နေကျရင်။ ငါကတော့ အဆွေးပေါ့ ကလေးရာ။

ပြောရဦးမယ်၊ မနက်ဖန်ကျရင် ငါ တက္ကသိုလ်စတက်ရတော့မယ်။ မင်းနဲ့ ဝေးပြီပေါ့ကွာ။ ဒီစကားကို ငါမပြောချင်ဘူးကလေး။ ဒါပေမဲ့ မပြောမဖြစ်တဲ့ စကားပါ။ မင်းဆီ အဖေ လာတော့ လည်ပါ့မယ်။ ဒါပေမဲ့ အရင်လိုတော့ မင်းအတွက် အဖေအချိန်ပေးနိုင်တော့မှာမဟုတ်ဘူးကွာ့။ ကျောင်းစာတွေနဲ့ အလုပ်များတော့မှာဆိုတော့ မင်းလဲ အွန်လိုင်းပေါ်မှာ မင်းကို ချစ်တဲ့ ကောင်မလေးတွေနဲ့ သွားဆော့ပေါ့ကွာ့။ မင်းနဲ့ ဆော့မယ့်သူမရှိတော့လဲ အဖေ ကျောင်းက ပြန်လာရင် တွေ့ကြတာပေါ့။ ခဏတဖြုတ်ပဲ ဖြစ်ဖြစ်၊ အဖေလာခဲ့ပါ့မယ်။ များများလဲ ပြောချင်စိတ်မရှိတော့ပါဘူး။ မင်းလဲ ကျမ်းမာရေးတော့ ဂရုစိုက်ပါ၊ တော်ကြာ ဗိုင်းရတ်စ်အကိုက်ခံနေရဦးမယ်။ ငါမွေးထားတဲ့မင်းကို ဂူဂဲလ်ကပါ မွေးစားလိုက်တော့ မင်းဘ၀ကလေး သိပ်ပျက်စီးစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ငါတစ်ခု စိတ်ပူတာက မင်းကို သိမ့်တဲ့ ပုခက်လေးက သိပ်မကောင်းတော့ဘူးကွာ့။ ပုခက်အသစ်လဲပေးချင်တယ်။ အဖေ့မှာလဲ ကျောင်းစရိတ်နဲ့ မသက်မသာဖြစ်နေတော့ နောက်မှပေါ့ ကလေးရာ။ ကဲ အိပ်တော့ကွာ---၊ အဖေလဲ အိပ်တော့မယ်။

ချစ်သော ဖေဖေ
မင်းထက်

ဘလော့ဂ်လားမြောက်တဲ့နေ့


ဘလော့ဂ်တွေ အပြိုင်ပြု
ခေတ်စုထဲ ၀င်ရောက်လာ
ဘလော့ဂါဖြစ်ချင်စမ်း
ရူးနှမ်းတဲ့ ငါ။

ဘလော့ဂ်ဝင် ဘလော့ဂ်ထွက်
လည်ပတ်ခဲ့ အတုယူကာ
ဘလော့ဂ်ငယ် တစ်ခုလုပ်
ဖန်တည်းခဲ့ တာ။

ဘလော့ဂ်ပေါ် စာတွေရေး
အတွေးနဲ့ ဆွေးကဗျာ
သတင်းတွေ စုကာချဲ့
သူ့အကြောင်းလဲ ပါ။

ဒီလိုနဲ့ ဘလော့ဂ်သက်
တစ်ရက်ထက် တစ်ရက်သာ
ဘလော့ဂ်ရွာ လူကျယ်လုပ်
ကြီးပျင်းလို့ လာ။

စက်တင်ဘာ-၂၀၀၈
၂၈- ဒီရက်မှာ
ဘလော့ဂါ ငါ့အတွေး
မွေးဖွါးခဲ့ တာ။

အခုဆို ဘလော့ဂင်း
တစ်နှစ်တင်း ပြည့်လို့လာ
နက်ပေါ်မှာ သားလေးတစ်ယောက်
ဘလော့ဂ်လားမြောက် ပါ။


Saturday, September 26, 2009

လှေကားထစ်သီဝရီ


လှေကားတစ်ထစ်
တက်နင်းလိုက်တယ်
ညာခြေတစ်ဘက်
ကြမ်းနဲ့ လွတ်သွား
သတိထားမိတော့
ငါ အထက်နားကို
နည်းနည်းရောက်လာပြီ။

နောက်တစ်ထစ်နင်းဖို့
ဘယ်ခြေကိုကြွ
ကြမ်းကခွါမိ
ငါသိလိုက်တယ်
ကြမ်းပြင်နဲ့ လုံးဝလွတ်သွားပြီ။

ဒီလိုနဲ့ တစ်ထစ်ချင်း
နင်းရင်းနဲ့ တက်
တက်ရင်းနဲ့ နင်း
တက်နင်းခြင်းသဘော
အမှန်ပြောတဲ့ သီဝရီကတော့
အောက်မှအထက်
တစ်ဆင့်ထက်မြင့်
ရောက်သင့်နေရာ
ရောက်ဖို့ပါပဲ။

ဒါပေမဲ့
အထက်ရောက်တော့
နောက်ကို တစ်ချက်
ငါပြန်လှည့်ကြည့်
အသိတစ်ခုဝင်လာ
အာ---
ငါ ပြန်ဆင်းရဦးမှာပါလား။

G-talk ပေါ်မှ ရင်ဖွင့်သံများ (၅)


အွန်လိုင်းပေါ်ရှိ G-talk အဖွဲ့သားတွေရဲ့ ရင်ဖွင့်သံမဟုတ်တဲ့ ရင်ပွင့်သံတွေကတော့ မရပ်မစဲ တသဲသဲပဲ ဆရာတို့ရေ့။ ရေးရတာ လက်တောင် ညောင်းလာပြီ။ ဒါပေမဲ့ တစ်ဝက်သာလောက်လောက်တော့ ကုန်အောင်ရေးမယ်လို့ မှန်းထားတယ်ဗျာ။ အများကြီး ကျန်သေးတယ်။ အထူးသဖြင့် ကျနော့်နဲ့ တိုက်ရိုက်သိတဲ့ ညီလေး/ညီမလေးတွေရဲ့ ခံစားချက်ကို ရေးတာပါ။ မသိတဲ့လူရဲ့ ခံစားချက်တွေဆို မကျေနပ်ရင် လာအော်နေမှာ စိုးရသေးတယ်။ ညီမလေးတွေရဲ့ရင်ပွင့်သံတွေကိုတောင်မှ ရေးပြီးရင် ဒီလိုရေးထားတဲ့ အကြောင်း ပြရသေးတယ်။ သူတို့က ကျေနပ်တယ်ဆိုမှ ကျနော်က ဘလော့ပေါ်တင်တာပါဗျာ့။ သူတို့က ဆယ်ကျော်သက်လေးတွေမို့လား။ ပွင့်လာတဲ့ အသံတွေကလဲ သမုဒယနဲ့ အနုအရွလေးတွေက ခပ်များများ။ အခုလဲကြည့်။

သူလေးကတော့ သူ့ကိုယ်သူမိုးစက်ပွင့်လေးလို့ခေါ်တဲ့ ပိပိလေးပါ။ အသက်က ၁၈-နှစ်။ တက္ကသိုလ်တက်နေပါပြီ။ ဒီတော့လဲ ပင်လယ်ထဲကူးတော့ ငါးကြီးဖြစ် ဆိုသလို ပုဇွန်ဆိတ်ပေမဲ့ ပင်လယ်ထဲရောက်တော့ ငါးကြီးစိတ်ဝင်တာပေါ့။ ရည်းစားလေးနဲ့ တတွဲတွဲ၊ ဟိုနားဒီနား အမြဲပဲ။ တစ်ခါတလေ အော်ရသေးတယ်။ ဟေ့ ပိလေး စာလဲ ကျက်ဦး။ ဘဲဘဲနဲ့ချည်း လျှောက်လည်မနေနဲ့-လို့။ အဲလိုပြောတိုင်း “စာလဲ ကျက်ပါတယ် ကိုကိုရ၊ စာအတွက်ကတော့ ညီမလေးကို စိတ်ချပါ” လို့ အော်ပြန်သဗျား။ စကားပြောရင် ဘယ်တော့မှ စဉ်းစားမနေဘူး။ ပြန်ပြောစရာစကားလဲ အမြဲရှိနေတဲ့ ကောင်မလေးပေါ့။ အမြဲရှိဆို သူက ကျပန်းစကားပြောပြိုင်ပွဲမှာ ပထမစွဲထားသေးတာကိုးဗျာ့။ စာတော်ပြီး စကားများတဲ့ ညီမလေးလဲ ပင်လယ်ထဲကူးတဲ့ ပုဇွန်ဆိတ်ကလေးတစ်ကောင်ဖြစ်နေပါပြီ။ ဒါကြောင့် သူ့ G-talkမှာ ဒီလို ရင်ဖွင့်ထားလေရဲ့။
“ဖြူစင်သန့်ရှင်းတဲ့ အချစ်တွေကို ရိုးသားမှုနဲ့ အနားကွပ်ထားတယ်”

လှလိုက်တဲ့ စကားလေးဗျာ။ စာရေးနေတဲ့ ကျနော်တောင် ဒီလို တစ်ခါမှ မစဉ်းစားဖူးဘူး။ အဲဒီစကားလုံးတွေမှန်သမျှကို နားလည်ပေမဲ့ အဲဒီစကားလုံးတွေကို စုပြီး ဒီလိုမျိုးဝါကျလှလှလေးရေးတတ်အောင် ကျနော့်ရင်ထဲမှာ ခံစားချက်မရှိခဲ့လေရော့ထင့်။ သူပြောမှပဲ စဉ်းစားမိတယ်။ ဖြူစင်သန့်ရှင်းတဲ့ ဆိုတဲ့ အထူးပြုပုဒ်၊ အချစ်ဆိုတဲ့ နာမ်ပုဒ်၊ ရိုးသားမှုဆိုတဲ့ နာမ်ပုဒ်၊ ပြီးတော့ အနားကွပ်ခြင်းကိရိယာ။ ဒါတွေကို ပေါင်းစပ်လိုက်တော့ အချစ်ကို အလှပဆုံးပုံဖေါ်ပေးတဲ့ ၀ါကျလေး တစ်ကြောင်းဖြစ်လာတော့တာပေါ့။ ဒီလိုဖြစ်လာဖို့အတွက် ရင်ထဲမှာ တကယ်အချစ်ရှိတည်ရှိပြီး ရိုးသားမှုကိုလဲ ပိုင်ဆိုင်ထားမှ ဖြစ်မယ်လို့လဲ တွေးမိသေးရဲ့။ ညီမလေး ပိပိကတော့ အမြဲပြောတယ်။ “ညီမလေးကတော့ သူတစ်ယောက်တည်းကိုပဲ အမြဲချစ်မယ်”တဲ့။ သူတို့နှစ်ယောက် ဘယ်လောက်ချစ်ကြလဲတော့ မသိဘူး။ အီးမေးလ် လိပ်စာကိုတောင် နှစ်ယောက်ပေါင်းမှ တစ်ခုတည်း လုပ်ထားတယ်ဗျား။ ဆယ်ကျော်သက် အချစ်ဆိုတာ ဒါမျိုးပြောတာနဲ့တူပါရဲ့နော်။

နောက်တစ်ယောက်ကတော့ ပိပိလေးအိမ်ကထွက်သွားတိုင်း လိုက်လိုက်ရှာတတ်တဲ့ ပိလေးနဲ့ ဘယ်လိုပုံစံနဲ့ အမျိုးတော်မှန်းမသိတဲ့ အမတစ်ယောက်။ သူက စု။ အပြည့်အစုံပြောရရင်တော့ စုဝင်း။ အွန်လိုင်းတက်လာတိုင်း သူမေးတာက ပိပိလာသွားပြီလား-တဲ့။ သူ့ညီမလေးကို တော်တော်ချစ်ပုံရတယ်။ အမဆိုပေမဲ့ သူ့အသက်ကလဲ အချစ်ကို ပုံပြင်လို ခုံမင်နေရတဲ့ အရွယ်ထဲမှာပဲ ရှိသေးတော့ ရေးလိုက်တဲ့စာမှန်သမျှ ဘေးကလူကြားရင် သနားချင်စိတ်ပေါက်လောက်အောင် ရေးတာ။ အခုလဲ ရေးထားတာ ကြည့်ဦး။
“မျှော်လေတိုင်း လွမ်းလွန်းလို့ လက်ညှိုးညွှန်ရာ မင်းဖြစ်ပါစေနော်” တဲ့။

မနေ့ကတွေ့လို့ လှမ်းနောက်လိုက်ရသေးတယ်။ စုလေးရေ့---မင်းလက်ညှိုးကြီး ငါ့ဘက်တော့ ယောင်လို့များ မထိုးလိုက်နဲ့နော်”လို့။ တော်ကြာ သူ့လက်ညှိုးကြောင့် ကျနော် မင်းဖြစ်သွားရင် နအဖနဲ့ စစ်ဖြစ်နေရဦးမယ်။ အဲလေ မှားလို့၊ သူ့ကောင်လေးဖြစ်သွားရင်---၊ အဟီး။ မစဉ်းစားရဲဘူး။ ကြက်သီးထတယ်။ ပုဂံရာဇ၀င်ဖတ်ရင် ကုလားမင်းသား ပဋိက္ကယားဝင်စားတဲ့ အလောင်းစည်သူမင်းကြီးဟာ ဓာတ်လုံးရှင်ရဲ့တန်းခိုးသတ္တိကြောင့် လက်ညှိုးညွှန်ရာ ရေဖြစ်ပြီး သူ့ဖေါင်တော်ကို သွားချင်တဲ့ဆီ သွားစေနိုင်တယ်လို့ ကြားဖူးတယ်။ အခုတော့ စုလေးက သူ့ရင်ထဲက အချစ်ဆိုတဲ့ ဓာတ်လုံးရှင်ကြောင့်လားတော့ မသိဘူး။ လက်ညှိုးညွှန်ရာ မင်းဖြစ်ပါစေ-တဲ့။ တကယ်လို့များ မင်းဖြစ်ချင်တဲ့ လူရှိရင်တော့ သူ့လက်ညှိုးဦးလှည့်ရာမှာ သွားနေပေတော့ဗျို့။

ကျနော့် G-talk ထဲမှာ နောက်ထပ် စု-တစ်ယောက် ကျန်သေးတယ်။ အဲဒီစုကိုတော့ စုငယ်-လို့ပဲ ကျနော်ခေါ်လေ့ရှိတယ်။ ချစ်သူပစ်သွားလို့ မပဍာမြေလူးကိန်းဆိုက်နေရှာတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ကျနော်လဲ တွေ့တိုင်းမေးဖြစ်တယ်။ စုလေး---အဆင်ပြေလား? လို့။ အဖြေကတော့ စိတ်မချမ်းသာစရာပဲ များတယ်။ ပြေပါဘူး ကိုကြီးရာ။ သူက နောက်တစ်ယောက်နဲ့ တွဲနေပြီ-တဲ့။ ဖြစ်ရလေ စုရယ်။ ဒါပေမဲ့ သူ့စိတ်တော့ မလျှော့သေးဘူး။ မျှော်လင့်နေဆဲပါပဲ။ အသိစိတ်က မုန်းဖို့ မေ့ဖို့ ကျိုးစားနေရင်းနဲ့တောင်မှ မသိစိတ်ကတော “အညာပြန်ချင်တယ်” ဖြစ်နေတုန်း။ ဒါပေမဲ့ သူ့ခမျှာ ကျိုးစား ပန်းစား သက်သာအောင် နေရှာပါတယ်။ သက်သာလို သက်သာညား စာတိုပေစလေးတွေလဲ ဖတ်ဖြစ်ပုံရရဲ့။ အထူးသဖြင့် အပူငြိမ်းစေတဲ့ ဘုရားအဆုံးအမတွေကို ဖတ်ဖြစ်တယ်ထင်ပါ့။ သူ့ G-talkမှာ ရေးထားတာက---
“တဏှာသည် မေတ္တာအယောင်ဆောင်ကာ သတ္တ၀ါတို့ကို လှည့်စားတတ်၏” တဲ့။

မှန်လိုက်တဲ့ စကားဗျာ။ မှန်ဆို ရှေးဋီကာဆရာကြီးတွေရဲ့ အဆိုအမိန့်တွေကိုးဗျာ့။ စုလေးကို မေးကြည့်ရတယ်။ စုလေး--အဲဒီစာ မင်း ဘယ်ကရတာလဲ လို့။ သူ့အဖြေက--သူများဆီက ရထားတာ-တဲ့။ သူ့စိတ်သူ ဆုံးမချင်လို့ တင်ထားတာနဲ့ တူပါရဲ့။ ကျနော်က ပြောရတယ်။ အဲဒီစကားက ဘဘဦးသုခရေးတဲ့ ၀ဉ္စနာဒီပနီ ဆိုတဲ့ စာအုပ်ငယ်လေးထဲ ပါတယ်-လို့။ ကျနော်လဲအဲဒီစာအုပ် ဖတ်ဖူးတာကြာပြီ။ ဘဘဦးသုခက ပါဠိစာပေဖြစ်တဲ့ အဋ္ဌကထာ၊ ဋီကာကျမ်းကြီးတွေထဲက ကောင်းနိုးရာရာတွေ စုပြီး ၀ဉ္စနာဒီပနီ ဆိုတဲ့ နာမည်နဲ့ စာအုပ်သေးသေးတစ်အုပ်ရေးထားတာ ရှိတယ်။ ဒါပေမဲ့ မူရင်း ပါဠိစာအုပ်တွေကတော့ သာမန်စာဖတ်သူတွေနဲ့ ဝေးလွန်းမယ် ထင်ပါရဲ့။ လိုက်ရှာကြည့်တော့ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ ပထမအုပ်ထဲမှာပါတာ သွားတွေ့ရတယ်။ မြန်မာပြည်မှာတောင် ၀ိသုဒ္ဓိမဂ္ဂဋ္ဌကထာ (ပ-ဒု) လောက်ပဲရှိတာ။ မဟာဋီကာ (ပ-ဒု) ကတော့ တော်တော့လူတွေတောင် မတွေ့ဖူးဘူး။ စာအုပ်ရှားတာပြောပါတယ်။ အဲဒီဋီကာထဲမှာ ဋီကာဆရာကြီးက ဒီလိုရေးထားလေရဲ့။
မေတ္တာမုခေန ဟိ ရာဂေါ ၀ဉ္စေတိ၊ ကရုဏာမုခေန သောကော ၀ဉ္စေတိ-ရာဂသည် မေတ္တာအယောင်ဆောင်၍ လှည့်ပတ်တတ်၏၊ သောကသည် သနားမှုအယောင်ဆောင်၍ လှည့်ပတ်တတ်၏ တဲ့။ ကျနော်လဲ စုလေးကို အားပေးတဲ့ အနေနဲ့ ဘဘဦးသုခရဲ့ စာအုပ်ကို ရှာဖတ်ပါ-လို့ ညွှန်းလိုက်ရသေးတယ်။ စိတ်သက်သာယာ ရအောင် ရှာဖတ်မယ်-ဆိုပဲသူက။ တစ်ခါတလေ စိတ်ဓာတ်တွေ ထွေပြားသမို့ ကုစားရခက်နေတဲ့ အခါမျိုးတွေနဲ့လဲ ကြုံရတတ်ပါတယ်။ အဲလို အခါမျိုးမှာ ကိုယ့်နားမှာရှိရမည့် အကောင်းဆုံးမိတ်ဆွေဆိုတာ ကိုယ့်စိတ်ကို သက်သာရာ ရစေတဲ့ စာလာပေလာစကားတွေပါပဲ။ စုလေး တစ်ယောက် စိတ်သက်သာရာ ရပါစေကြောင်း ကျနော်ဆုတောင်းပေးလိုက်ပါတယ်။

ငါးခုမြောက်ဖြစ်တဲ့ ဒီပို့စ်ကိုတော့ ပိပိ၊ စုဝင်းနဲ့ စုငယ်တို့ သုံးယောက်ရဲ့ ရင်ပေါက်သံလေးတွေနဲ့ အဆုံးသတ်လိုက်ပါပြီ။ မပျင်းရင် အွန်းလိုင်းပေါ်က ရင်ပွင့်သံတွေကို ဆက်လက်ကြားရဖို့ ရှိပါသေးတယ်။ ရှုစားကြပါကုန်။

Friday, September 25, 2009

G-talk ပေါ်မှ ရင်ဖွင့်သံများ (၄)


အွန်လိုင်းပေါ်က၊ အထူးသဖြင့် ကျနော့် G-talk ပေါ်က အပေါင်းအသင်းရောင်းရင်းတွေရဲ့ ရင်ဖွင့်သံတွေနဲ့ ရင်ပွင့်သံကဏ္ဍကို ရေးလာတာ အခုဆို ပို့စ်သုံးခုကျော်လို့ လေးခုထဲတောင် ၀င်လာပြီဗျို့။ လူပေါင်းစုံရဲ့ လက်ရှိခံစားချက်ပေါင်းစုံ၊ အမြင်ပေါင်းစုံ၊ ကိုယ်ပိုင်တွေလဲပါသလို ကိုယ့်အကြိုက်နဲ့ ကိုက်ညီတဲ့ ကောင်းနိုးရာရာ ဆောင်ပုဒ်လေးတွေ၊ အဆိုအမိန့်လေးတွေလဲ အများအပြား ပါသဗျား။ အခု ဒီပို့စ်လေးကိုတော့ ကျနော့်ဘ၀မှာ ဘယ်သောအခါမှ မေ့ပျောက်လို့ရမှာမဟုတ်တဲ့ ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်သံလေးနဲ့ စလိုက်ကြပါစို့။

“အကိုလဲ ကျောင်းပြီးလို့ အကို့တိုင်းပြည်ပြန်သွား၊ ကျမလဲ နောက်နှစ်ဆို ကျောင်းပြီးပြီ၊ ကျမတိုင်းပြည် ပြန်ရတော့မယ်။ နောက်ဆို ကျမတို့ဆုံနိုင်ခွင့် ရှိဖို့မလွယ်တော့ဘူးနော်” လို့ အင်ဒိယနိုင်ငံ၊ ဟိုက်ဒရာဘဒ် ရထားဘူတာမှာ ကျနော်နဲ့ လမ်းခွဲခါနီး ၀မ်းနည်းစကားနောက်ဆုံးပြောခဲ့သူလေးကတော့ မွန်ဂိုလိယားနိုင်ငံသူလေး ဂျက်ကီပဲဖြစ်ပါတယ်။ သူ့ကို အများက ဂျက်ကီလို့ခေါ်ပေမဲ့ ကျနော်ကတော့ JJ လို့ပဲခေါ်လေ့ရှိတယ်။ ရိုးသားပြီး စာကျိုးစားတဲ့ ဒဿနိကဗေဒဌာနက ကျောင်းသူလေးပါ။ အခုတော့ သူ့နိုင်ငံထဲက အစိုးရတက္ကသိုလ်ကြီးတစ်ခုမှာ ပြန်ပြီးဆရာမ လုပ်နေလေရဲ့။ Logic နဲ့ Western Philosophy ဘာသာရပ်တွေကို ပြန်လည်ပို့ချပေးနေတာဖြစ်ပါတယ်။ တစ်ခါတစ်လေ သူမရှင်းတာတွေ အွန်လိုင်းပေါ်တွေ့တဲ့အခါ ကျနော့်ပြန်ပြန်မေးလို့ ပြောရသေးတယ်၊ ငါမေ့ကုန်ပြီဟ-လို့။ အဲလိုပြောရင် သူက ရယ်နေတတ်တယ်။ ပြီးတော့ ပြန်ပြောတတ်တယ် “ငါလဲ အဲဒီဒဿနတွေကို မေ့ပစ်ချင်တာပဲ၊ ဒါပေမဲ့ သူများကို ပြန်ဆရာလုပ်နေရတာဆိုတော့ ပြန်ပြန်နွေးနေရသေးတယ်လေ”တဲ့။ ခေါင်းစားတဲ့ အတွေးအခေါ်တွေ၊ ကျနော်တော့ မေ့ပစ်လိုက်ပြီ။ ဒါပေမဲ့ သူကတော့ လက်ကိုင်ထားတုန်း။ ဘယ်လောက်တောင်လက်ကိုင်ထားသေးလဲဆိုရင် သူ့G-talk မှာတောင် ဟောသလို တင်ထားလိုက်သေးတယ်။
"A little shed of rain may think itself too small,
yet somewhere a little flower awaits its fall"

(မိုးစက်လေးတစ်စက်ဟာ သူ့ကိုယ်သူ သေးငယ်လွန်းတယ်လို့ ထင်ကောင်းထင်ပေမဲ့
တစ်နေရာရာမှာတော့ သူ့အလာကို စောင့်စားနေတဲ့ ပန်းပွင့်လေးတစ်ပွင့်တော့ ရှိနေပါသေးတယ်)
တဲ့။

ကဲ ဘယ်လောက်လှတဲ့ ကဗျာလေးလဲ။ သူ့ကိုယ်တိုင်ရေးတဲ့ စကားမဟုတ်ဘူးဆိုတာတော့ ကျနော်နားလည်လိုက်ပါတယ်။ ဒါပေမဲ့ ဒီလှပတဲ့ကဗျာ့စာသားလေးရဲ့ အဓိပ္ပါယ်ဟာ သူ့နှလုံးသားထဲက သွေးစက်လေးတွေကို ဆူပွက်သွားစေတာတော့ အမှန်ပါပဲ။ သူ့ရင်ထဲမှာ သူမြတ်နိုးတဲ့ လူတစ်ယောက်ကို တိတ်တစ်ခိုးလေး မျှော်လင့်နေတဲ့ သဘောပါ။ အဲဒီလူက ဘယ်သူလဲ? ကျနော်များလား? အဟီး၊ မဟုတ်လောက်ပါဘူးဗျာ။ သူ့ချစ်သူဟာ ထင်ရှားတဲ့လူတစ်ယောက်တော့ မဟုတ်ဘူး။ ရာထူးဂုဏ်၊ ဥစ္စာဂုဏ်ကြီးမားတဲ့ လူတစ်ယောက်လဲ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အတွက်တော့ အရေးပါတဲ့ လူတစ်ယောက်ဖြစ်နေပြန်တယ်။ သူက ပန်းပွင့်လေးဆိုရင် သူ့မျှော်လင့်နေတဲ့လူက မိုးစက်လေးပေါ့။ အဲဒီမိုးစက်လေးကို တွေ့ရင် ပြောလိုက်ကြပါဗျာ။ “မင်း အလာကို ညှိုးငယ်စွာနဲ့ စောင့်နေတဲ့ ပန်းပွင့်လေးတစ်ပွင့် မွန်ဂိုမြေပေါ်မှာ ရှိနေပါသေးတယ်”လို့။

နောက်တစ်ယောက်ကတော့ ကျနော့်ညီမလေး။ ညီမလေးတွေကလဲ ပေါသဗျာ့။ သူက အင်္ဂလန်နိုင်ငံနားက Isle of Man ဆိုတဲ့ ကျွန်းငယ်လေးပေါ်မှာ မွေးဖွါးလာတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူနေတဲ့ ကျွန်းလေးပေါ်မှာ လူဦးရေက ခုနှစ်သောင်းလောက်ပဲ ရှိပါတယ်။ သူ့အဖေက မြန်မာလူမျိုးဆရာဝန်ကြီးတစ်ယောက်၊ သူ့အမေကတော့ အင်္ဂလိပ်လူမျိုး သူနာပြုဆရာမကြီး။ အဲဒီတော့ သူက မြန်မာနဲ့ အင်္ဂလိပ်စပ်ထားတဲ့ မြန်မင်္ဂလိပ်မလေးပေါ့။ အရမ်းဖေါ်ရွေပြီး သိပ်ချစ်စရာကောင်းတဲ့ ညီမလေး တစ်ယောက်ပါ။ မြန်မာစကားလဲ နည်းနည်းပါးပါးပြောတတ်တယ်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်မှာ မြန်မာနဲ့ ဂျပန်စတဲ့ အရှေ့တိုင်းဘာသာရပ်တွေကို လေ့လာနေတဲ့ ကျောင်းသူလေးပါ။ ကျနော်နဲ့ တက္ကသိုလ်တစ်ခုတည်း ဆိုပါတော့။ ဌာနတော့ မတူပါဘူး။ ကျောင်းသူကျောင်းသားဘ၀ဆိုတာ သိတဲ့အတိုင်းပဲလေ။ ကျောင်းစာတွေနဲ့ လုံးထွေးရစ်ပတ်ပြီး တမောတကော အလွန်နိုင်တဲ့ ဘ၀တွေမို့လား။ အခုလဲ မကြာမီမှာ ကျနော်တို့ လန်ဒန်တက္ကသိုလ်ကြီး ပြန်ဖွင့်ပြန်တော့မယ်။ ကျောင်းသားတွေ အားလုံး ပြေးနေလွှားနေရတဲ့ အချိန်ပေါ့။ အချို့ကျောင်းသားတွေလဲ အခက်အခဲအမျိုးမျိုးနဲ့ မိုးထဲရေထဲ ရောက်နေကြတာ တွေ့ရလေရဲ့။ ဒါပေမဲ့ သူကတော့ မိုးထဲရေထဲ မရောက်ဘူး။ ဘယ်ရောက်နေလဲ ကြည့်ရအောင်။
"In the desert" (ကန္တာရ ထဲရောက်နေပြီ) တဲ့ဗျား။

သူများတွေ မိုးထဲရေထဲ ရောက်နေတဲ့ အချိန် သူက ကန္တာရထဲ ရောက်နေတာဆိုတော့ အဆန်းသားကလား။ ကန္တာရထဲ ရောက်နေတယ်သာပြောတာ သူတင်ထားတဲ့ ဓာတ်ပုံက သူကိုယ်တိုင် ပင်လယ်ထဲ လှေလှော်နေတဲ့ ပုံကြီး။ ကျနော်ကတော့ သဘောပေါက်ပါတယ်။ ဘာကြောင့်လဲဆိုတာ။ ဒီနှစ်အင်္ဂလိပ်ရာသီဥတုက ထူးထူးခြားခြားပူပြင်းသဗျား။ တကယ်ဆို အခုချိန်ဆောင်းတွင်းရောက်နေပြီ။ ဒါပေမဲ့ အပူချိန်ဒီဂရီက သိပ်မကျချင်သေးဘူး။ မနေ့ကပဲ တက္ကသိုလ်သွားပြီး ဖီးကြေးတွေ သွားသွင်းခဲ့ရသေးတယ်။ ပူလိုက်သည်ဖြစ်ခြင်းဗျား။ မနှစ်ကဆို ဒီအချိန် အေးလွန်းလို့ မုန့်ဖက်ထုတ်ဖြစ်နေပြီ။ ဒီနှစ်တော့ ရှည်လိုက်တဲ့ နွေရာသီ။ ပူလိုက်တဲ့ နေရောင်ချည်။ ဒါကြောင့် တစ်သက်လုံး အေးချမ်းလွန်းတဲ့ ရာသီထဲ ကြီးပျင်းခဲ့ရရှာတဲ့ မြန်မင်္ဂလိပ်မလေး Rose Cho က ညည်းနေရှာတယ်။ “ကန္တာရထဲ ရောက်နေပြီ” တဲ့။

နောက်တစ်ယောက်ကတော့ ကျနော်ကိုယ်တိုင် အင်္ဂလိပ်စာသင်ပေးခဲ့ရဖူးတဲ့ ရွှေမန်းက E-Major ကျောင်းသူလေး ကြာကြာ။ ကျနော့်တပည့်မလေးတစ်ယောက်ဆိုပါတော့။ ကိုယ့်တပည့်မို့ပြောမဟုတ်ဘူးဗျို့။ သိပ်တော်တဲ့ ကလေးမလေးပါ။ သူလဲ ရိုစီချိုလိုပဲ၊ ဖေါ်ရွေတယ်။ စာတော်တယ်။ စာဖတ်အားသိပ်ကောင်းတယ်။ အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်။ အွန်လိုင်းမှာတွေ့တိုင်း သူက မြန်မာပြည်ကနေ အင်္ဂလိပ်လိုပဲ ရေးတယ်။ ကျနော်ကတော့ အင်္ဂလိပ်နိုင်ငံကနေပြီး မြန်မာလိုပဲ ရေးတယ်။ တစ်ခါတလေ စဉ်းစားမိတယ်။ သူ့အင်္ဂလိပ်က ငါ့ထက်တောင် ကောင်းနေပါလား လို့။ အဲဒီတော့လဲ ဆရာတစ်ယောက်အနေနဲ့ ၀မ်းမြောက်ရတာပေါ့လေ။ သူက E-Major ကျောင်းသူတစ်ယောက်ဖြစ်ပေမဲ့ စာစုံဖတ်သလို အတွေးအခေါ်တွေလဲ ၀ါသနာပါတယ်။ သူများတွေပြောတဲ့ စကားတွေကိုလဲ အကျကောက်တာတို့၊ အထာကောက်တာတို့ လုပ်လေ့ရှိတယ်။ ကျနော်တောင် ခဏခဏအလုပ်ခံရဖူးတယ်။ အဲဒီအဓိပ္ပါယ်နဲ့ ပြောတာမဟုတ်ဘူး ကလေးရ-လို့ ပြန်ချော့ရတယ်။ ကြာကြာလေးဟာ အသက်ငယ်သေးပေမဲ့ ဘ၀ကို နားလည်တတ်နေပါပြီ။ ဒါပေမဲ့ သူနားလည်တဲ့ ဘ၀မျိုး ကျနော်တောင် နားမလည်သေးဘူး။ အမှန်တိုင်းပြောတာပါ။ စာဖတ်သူတို့လဲ ဘယ်လိုနားလည်ကြလဲတော့ မသိဘူး။ သူ့ G-talk မှာ ရေးထားတာလေးက ဟောဒီလိုပါတဲ့။
"Life is made up of time"(ဘ၀ဆိုတာ အချိန်ကာလတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်တယ်။)

သူကိုယ်တိုင်ရဲ့စကားတော့ မဟုတ်ပါဘူး။ အိုင်းရစ်ရှ် ၀တ္ထုစာရေးဆရာမလေး Cecelia Ahern ရဲ့ Love, Rosie ဆိုတဲ့ ၀တ္ထုထဲက နာမည်ကျော်စာသားလေးပါ။ သူ့စကားအပြည့်အစုံက ဒီလိုပါ။ "Our life is made up of time; our days are measured in hours, our pay measured by those hours, our knowledge is measured by years". ဘာသာပြန်မခက်ပါဘူးနော်။ ဆရာမလေးက သူ့စာတွေကို ဖတ်ရခက်အောင် မရေးပါဘူး။ အထူးသဖြင့် သူကိုယ်တိုင် ငယ်ရွယ်သူမို့ သူ့အတွေးအခေါ်တွေကို လူငယ်တွေဆီ လွယ်ကူတဲ့ရေးဟန်တွေနဲ့ ပို့ပေးလေ့ရှိပါတယ်။ အင်္ဂလိပ်စာသင်ကာစ အာရှသားတွေနဲ့ အလွန်ကိုက်တဲ့ ရေးဟန်တွေပေါ့ဗျာ။ ကြာကြာလေးလဲ အိုင်းရစ်ရှ်ဆရာမလေးရဲ့ သီအိုရီတွေ ခေါင်းထဲ ရောက်နေဟန်တူပါရဲ့။ “ဘ၀ဆိုတာ အချိန်နဲ့ ဖွဲ့စည်းတာဖြစ်တယ်”လို့ သူ့ G-talk မှာ တပ်လှန့်သံပေးထားတယ်။ သံဝေဂစကားဆိုလဲ ဟုတ်တယ်။ ဒဿနစကားဆိုလဲ မှန်တယ်။ ကျနော်တို့ဘုရားစာတွေ ဖတ်တဲ့အခါလဲ အချိန်နဲ့ ပတ်သက်ပြီး ဘုရားမြတ်စွာ ဟောခဲ့တာ၊ သတိပေးခဲ့တာတွေ အများကြီးပဲ မို့လား။ “ကာလော ဃသတိ ဘူတာနိ-အချိန်သည် သတ္တ၀ါတို့ကို စားပစ်၏”၊ “မောဃကာလံ န ခေပယေ-အလဟဿ အချိန်မဖြုန်းသင့်” ဆိုတဲ့ ဘုရားစကားတော်တွေဟာ ကျနော်တို့ လူသားတွေကို အမှတ်တမဲ့ မနေအောင် သတိပေးနေတဲ့ စကားတွေပေါ့။ ကျနော့်တပည့်မ ကြာကြာလေးလဲ အချိန်နဲ့ပတ်သက်ပြီး တော်တော်နားလည်တတ်ပြီလို့ နားလည်လိုက်ရတဲ့ အခါ----။

ကဲဗျို့---ဒီပို့စ်အတွက်တော့ ဒီလောက်ဆို တော်ပြီ။ ရှည်ရှည်ရေးရင် စာဖတ်သူ ပျင်းသွားမှာ စိုးရတယ်။ အွန်လိုင်းပေါ်က အတွေးအခေါ်ပါတဲ့ ရင်ဖွင့်သံလေးတွေ ဆက်လက် နားသောတ ဆင်ကြပါစို့။

Thursday, September 24, 2009

G-talk ပေါ်မှ ရင်ဖွင့်သံများ (၃)


“မခေါ်ပဲရောက်လာ၊ မမြင်ပဲ ခင်ခဲ့၊ အွန်လိုင်းဆိုတဲ့ Chat အတွင်းက ရုပ်လဲမမြင်၊ အသံလဲမကြား၊ လေလှိုင်းကြားမှ သူငယ်ချင်း ခင်မင်မှုဆိုတာ ရိုးသားပွင့်လင်းမှသာလျှင် ရေရှည်တည်တန့်နိုင်ပါ၏
လို့ G-talk မှာ ကြေညာထားသူလေးကတော့ ညီမလေး မြတ်သီရိပါ။ ဒီပို့စ်လေးကို ညီမလေးရဲ့ ကြေညာနဲ့ပဲ စလိုက်ပါပြီဗျာ။ အင်း---ညီမလေးရဲ့ ကြေညာစာတမ်းကို ဖတ်မိတော့ သူတစ်ခါတုန်းက မေးဖူးတဲ့ စကားတစ်ခွန်း ပြေးသတိရမိတယ်။ “အကိုကြီး (အမယ် သူက ကျနော့်ကို အကိုကြီးတဲ့၊ အသက်က မတိမ်းမယိမ်းကို၊ အကိုဆို တော်ရော့ပေါ့)၊ ညီမလေးကို ဗေဒင်တွက်ပေးပါဦး” တဲ့။ ဟိုက်ရှားပါး။ ကျနော့်ကို ဗေဒင်ဆရာများမှတ်နေလား သိဘူးဗျို့။ ဒါပေမဲ့ ကျနော်ကလဲ ဟိုစပ်စပ် ဒီစပ်စပ်ကောင်ဆိုတော့ ( ဘဲကြီး ပို့စ်ကို ဖတ်ပါလေ) မဟာဘုတ်တို့၊ တားရော့တို့လောက်တော့ ဖြစ်သေးသဗျာ။ ဒါနဲ့ မေးလိုက်မိတယ်၊ ဘာကိစ္စအတွက် တွက်ပေးရမှာလဲ ညီမလေးရ-လို့။ “ဟို--ညီမလေးအခု ချစ်သူနဲ့ အိမ်ထောင်ကျကိန်းရှိလား” တဲ့။ ဗျာ---။ ခက်ဘူးလား။

“ဟ---နေစမ်းပါဦး၊ အခုချစ်သူက ဘယ်လိုပုံစံမျိုးနဲ့ ရထားတဲ့ ချစ်သူလဲ၊ ငယ်ချစ်လား? ဘာလား?” မေးတော့ ဘာပြောမှတ်လဲ? အွန်လိုင်းမှာတွေ့တာ-တဲ့။ ဂလု။ ခက်ရချည့်ဗျာ။ ဒါနဲ့ ကျနော်ကလဲ ဆက်ပြောလိုက်တယ်၊ “ဒါဆို ငါ့ညီမလေး ဗေဒင်မေးမနေနဲ့၊ လုံးဝမညားဘူး” လို့။ သူက လက်မလျှော့ဘူး။ ညားချင်တာကိုး။ (မိန်းကလေးများ ညားချင်ပီဆို ဇွတ်။) တွက်သာတွက်ပေးစမ်းပါ ကိုကြီးရာ တဲ့၊ ပူဆာသဗျား။ ကျနော်လဲ ပြေရာပြေကြောင်း သူ့မွေးသက္ကရာဇ်တွေ ဘာတွေမေးပြီး ခပ်တည်တည်နဲ့ ဟိုခြစ် ဒီခြစ် ခြစ်တွက်လိုက်တော့ အမယ်---ညားကိန်းမမြင်ဘူးဗျား။ ဒါနဲ့ ပြောရသေးတယ်။ ညီမလေးရေ့ ဗေဒင်အရတော့ ညားကိန်းမမြင်ပါဘူးကွယ်-လို့။ ဒါပေမဲ့ ညီမလေးရာ၊ စိတ်မလျှော့ပါနဲ့၊ ဆက်ကျိုးစားပါ-လို့ အားပေးလိုက်ရသေးတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က တွေ့တော့ ဘာပြောမှတ်လဲ? “အနားရှိလို့ကတော့ ကိုကြီးကို ထိုင်ကန်တော့တယ် သိလား” တဲ့။ ဟ---ဘာဖြစ်လို့တုန်း၊ အရင်းမရှိ၊ အဖျားမရှိ ကန်တော့ ချင်ရတာလဲ? ဆိုတော့ “ဟိုလူ---သူ့ကောင်မလေးနဲ့ လက်ထပ်သွားပြီ၊ ကိုကြီးပြောတာ မှန်လိုက်တာ” ဆိုပဲ။ ကျနော် ရမ်းတုတ်လိုက်တာ မှန်သွားတယ်။ အဲဒီလိုနဲ့ သူလဲ အွန်လိုင်းပေါ်မှာ ခဏခဏအညာခံရတော့ သူ့ရင်ထဲက ခံစားချက်လေးကို သူများသိစေချင်လို့ထင်ပါရဲ့၊ အထက်ပါအတိုင်း သူ့G-talk ထဲ ကြေညာထားလေရဲ့ဗျား။

နောက်တစ်ယောက်လာပြီ။ သူကလဲ သီရိနဲ့ အတူတူနေတာ။ သူ့နာမည်လေးက မင်းထက်ငယ်-တဲ့။ ကျနော့်ညီမလေးပါပဲ။ ကျနော်က မင်းထက်ကြီးဆိုတော့ သူက မင်းထက်ငယ်ပေါ့။ သူ့ကို သူ့သူငယ်ချင်းတွေရော၊ သူ့မိသားစုဝင်တွေရော အားလုံးက ချစ်စနိုးနဲ့ ငယ်လေး ငယ်လေး-လို့ပဲ ခေါ်ကြတာ။ ကျနော်နဲ့တွေ့မှ မင်းထက်ငယ်ဖြစ်သွားတာ။ ဟုတ်တယ်လေ။ ငယ်ဆိုတဲ့ ကောင်မလေးက မင်းထက်နဲ့ တွေ့တော့ မင်းထက်ငယ် ဖြစ်သွားတာပေါ့။ မဆန်းပါဘူး နော်။ ဒါပေမဲ့ နာမည်ကသာ ငယ် တာ။ သူ့ကိုယ်လုံးကတော့ဖြင့် ကျနော့် နှစ်ကိုယ်စာလောက်ကြီး ရှိသဗျား။ အိပ်လိုက်ရင်လဲ တုံးကနဲ၊ စားလိုက်ရင်လဲ ၀ုန်းကနဲ ဆိုသလို စားလို့ဝင် အိပ်လို့ပျော်တတ်တဲ့အပြင် တဟီးဟီးတဟားဟားနဲ့ အမြဲပျော်ပျော်နေတတ်တဲ့ အကျင့်ကလဲ ရှိသေးတယ်။ မ၀ပဲ ခံနိုင်ရိုးလား။ စိတ်ချမ်းသာအောင် သိပ်နေတတ်တဲ့ ညီမလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ အထင်မသေးနဲ့၊ သူလဲ အချစ်နဲ့ပတ်သက်လို့တော့ ခံစားချက်ပြင်းသဗျာ့။ သူရေးထားတာလေးလဲ ကြည့်ဦး။
“ချစ်သူတို့၏ အခန်းနားဆုံးသောအရာသည် မြတ်နိုးဂုဏ်ယူဘွယ်ကောင်းသော သစ္စာသာလျှင်ဖြစ်သည်” တဲ့။

မကောင်းဘူးလား၊ သူ့ရင်ထဲက စကားလား၊ သူများဆီက ရထားတာလားတော့ ကျနော်လဲ မပြောတတ်ဘူး။ သေချာတာကတော့ အချစ်နဲ့ ပတ်သက်ပြီး တန်ဖိုးထားတတ်တာ အမှန်ပဲ။ သူ့ချစ်သူက သူနဲ့ ကျောင်းနေဖက်။ အခုဆို ချစ်လာကြတာ ကျနော်သိရသလောက် ခြောက်နှစ်ကျော်ကျော်လောက်တောင် ရှိပြီ။ အမြဲပြောတယ်၊ သူမှ သူဆိုပဲ။ အဲဒီလို သူ့ရင်ထဲမှာ အချစ်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ခံယူချက်လေးရှိနေတာကြောင့် အထက်ပါ စာတမ်းလေးကို သူ့ G-talk မှာ ဘယ်တော့မှ မဖြုတ်ပဲ အမြဲလိုလို တင်ထားတတ်တယ်။ ကျနော်လဲ အဲဒီစာမြင်တိုင်း ၀တုတ်တုတ်ကောင်မလေး တစ်ယောက်နဲ့ ပိန်ပိန်သွယ်သွယ်ကောင်လေးတစ်ယောက် မန္တလေးက မဟာမြတ်မုနိစောင်းတမ်းမှာ လက်တွဲလမ်းလျှောက်နေတာကို မနောမျက်လုံးထဲ မြင်ယောင်လာမိသေးချေတော့ဗျား။ ဘာလို့လဲ ဆိုတော့ သူ့ကောင်လေးက မန္တလေးက။ ဒါကြောင့် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ သူ့မြို့ကနေ မန္တလေးကို ခဏခဏကူးချည် သန်းချည်လုပ်နေတာ။ မေးလိုက်တိုင်း ဘာပြောမှတ်လဲ? အဒေါ်နေမကောင်းလို့ ဆေးခန်းသွားပြတာ-တဲ့။ သူပြောပုံအရဆို သူ့အဒေါ် နာတာရှည်ရောဂါ ရနေတဲ့ ပုံပဲ။

နောက်တစ်ယောက်ကတော့ ညီမလေး ၀ါဝါ။ ည သန်းခေါင်သလွဲ မအိပ်မနေ အသက်ရှည်၊ ဟုတ်ပါဘူး၊ မှားလို့၊ ချက်တင်ထိုင်တဲ့ ကောင်မလေးပေါ့။ ဟေ့ ၀ါလေး မအိပ်သေးဘူးလားလို့ မေးလိုက်တိုင်း “ကိုကြီး ညီမလေး သူနဲ့စကားပြောနေတယ်၊ ပြီးရင် အိပ်တော့မယ်” လို့ ပြန်ဖြေလေ့ရှိတယ်။ သူ့ဘဲဘဲကလဲ သူနဲ့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးတဲ့ တခြားနိုင်ငံမှာ သွားနေနေရတဲ့ လူတစ်ယောက်။ ညီမလေး သီရိလိုပဲ၊ အွန်လိုင်းမှာ စွံတဲ့ အတွဲလေးပေါ့ဗျား။ ဒါပေမဲ့ ညီမလေး သီရိအတွက်တော့ ကံကုန်ပြီထင့်။ သူမှန်းထားတဲ့ ပစ္စည်းလေး သူများလက်ထဲပါသွားလို့ အပျိုကြီးပဲ လုပ်တော့မယ်ဆိုပဲ။ အားလျော့တတ်ရန်ကော ညီမလေးရယ်။ ဒါပေမဲ့ ၀ါလေးတော့ အခုထိ ဆက်နေတုန်းပဲဗျို့။ ကျနော်လဲ တွေ့တိုင်း အားပေးနေရတယ်။ ၀ါလေး အိုကေလား-လို့။ အိုကေတယ် ကိုကြီး-ဆိုမှ ကျနော်လဲ လုပ်စရာရှိတာ ဆက်လုပ်ရသကိုးဗျာ့။ မဟုတ်ရင် သိပ်နားပူနားဆာနိုင်တဲ့ အမျိုးလေးတွေ မို့လား။ သူ့အခြေအနေက သူ့အမ သီရိနဲ့ မတူပဲ အိုကေ စိုပြေနေပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ဝေးကွာနေရတဲ့အခါကျတော့ သူလဲ သူ့ခံစားချက်တွေ လူမြင်ကွင်း တင်ထားလေရဲ့။
“သံယောဇဉ်-တဲ့၊ စကားလေးက သုံးလုံးတည်းရယ်၊ ဘယ်လောက်ထူတဲ့ တံတိုင်းဖြစ်ဖြစ်၊ ဘယ်လောက်ဝေးတဲ့ မိုင်ဖြစ်ဖြစ်၊ သူရစ်ပတ်ချင်ရင် ရှင်သန်ခြင်းရဲ့ အခြားတစ်ဘက်အထိ ခိုင်မြဲလွန်းပါတယ်

သီချင်းစာသား ဘာလား? ကျနော်လဲ သိဘူးဗျို့။ တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းပေါ်မှာ ကြူရင်း အူရင်းနဲ့ ကြာတော့လဲ သူပြောသလို သံယောဇဉ်ဖြစ် ဆိုကိုးဗျာ့။ ဒေါ်မာမာအေးရဲ့ သံယောဇဉ် သီချင်းစာသားလေးနဲ့တော့ ခပ်ဆင်ဆင်တူသဗျား။ ဒါပေမဲ့ သူတို့အနေအထားက မခိုင်ဆိုတဲ့ သီချင်းထဲကလို မိုင်ပေါင်း--ကုဋေ ဖြစ်နေရှာသေးတယ်။ သူကတော့ သူ့အမအဖြစ်ကို ကြည့်ပြီး အခုထိ ကျနော့်ဆီမှာ ဗေဒင်မမေးရဲသေးဘူး။ သူမေးရင်လဲ ကျနော်ကတော့ ခပ်တည်တည်နဲ့ ရွှီးရဦးမှာပဲ။ တခြားကိစ္စအတွက်တော့ မကြာခဏမေးလေ့ရှိတယ်။ စာမေးပွဲ အောင်မှာလား၊ အလုပ်အကိုင် အဆင်ပြေမှာလား၊ စသည် စသည်။ အရင်တုန်းကပေါ့။ သူ့အမ မစွံတာကြည့်ပြီးနောက်ပိုင်း မေးတာ မတွေ့တော့ဘူး။ လွဲသွားမှာ စိုးလို့ထင်ပါရဲ့။ ကျနော်ကလဲ တစ်မျိုး။ “အားငယ်သူ အားပေးပါ” ဆောင်ပုဒ်ကို လက်ကိုင်ပြုထားတော့ သူတို့အတွက်ဆို ကူညီဖို့ အဆင်သင့်။ သွားမပြောနဲ့နော်။ တော်ကြာ---ကိုကြီး တွက်ပေးဦး-လုပ်နေဦးမယ်။
(ဗေဒင်မေးခြင်း သည်းခံပါ)

ကိုင်း ဒီပို့စ်လေးတော့ ညီမလေး သုံးယောက်တို့ရဲ့ ရင်ဖွင့်သံနဲ့ပဲ ပြီးဆုံးသွားပါပြီ။ နောက်ပို့စ်တွေအတွက် ဆက်လက်မျှဝေဖို့ရှိပါသေးတယ်။ ခံစားကြဦးစို့၊ ဘယ်သူတွေ ဘာပြောသေးလဲ ကြည့်ကြရအောင်ဗျာ။

G-talk ပေါ်မှ ရင်ဖွင့်သံများ (၂)


အွန်လိုင်းပေါ်က G-talk အဖွဲ့သားတွေဖြစ်ကြတဲ့ ကျနော့်ရဲ့ အကို/ညီတွေနဲ့ လွန်စွာချစ်ရပါသော အမ/ညီမလေးများရဲ့ ရင်ဖွင့်သံတွေကို ဆက်ကြဦးစို့။ ဒီနေ့အတွက် ပထမဆုံး ၀င်လာသူကတော့ ကျနော့်ညီငယ်တစ်ယောက်ဖြစ်တဲ့ ကိုဝင်းနိုင်။ သူ့ G-talk မှာ ဂျပန်ရုပ်ပွါးတော် ထိုင်တော်မူဘုရားပုံတော်ကို တင်ထားတယ်။ ဘုရားကြည်ညိုပုံရတယ်။ အေးချမ်းမှုရဲ့ သင်္ကေတတစ်ခုပေါ့။ ဟုတ်တယ်။ ကျနော်တို့ ပုထုဇဉ်လူသားတွေဟာ ပူလောင်မှုတွေနဲ့ မိတ်ဖွဲ့နေကြရရှာတာကလား။ အဲဒီတော့ နည်းနည်းပဲ သက်သာ သက်သာ၊ အေးမြမှုသဘော၊ ငြိမ်းချမ်းမှုသင်္ကေတကို ဆောင်တဲ့ ဘုရားရှင်ရဲ့ ရုပ်ပုံလေးတွေဟာ ဖူးမျှော်သူရဲ့ရင်ကို တဒင်္ဂဖြစ်ဖြစ် အပူကင်းစေတာအမှန်ပါပဲ။ အဲဒီဘုရားပုံလေးနဲ့အတူ သူရေးထားတဲ့ စာသားလေးက
“ထွက်ပေါက်ကို ရှာမရရင် ဖေါက်ထွက်နိုင်အောင် ကျိုးစားရမယ်” တဲ့။

အင်း သူပြောမှ သတိရတယ်။ ကိုယ်လဲ ထွက်ပေါက်ပိတ်နေတာ ကြာပြီ။ အဲလိုပြောလို့ ၀မ်းချုပ်နေတယ်လို့များ အတွေးမလွဲကြေးနော်။ ကျေးဇူးပဲ ညီလေးရေ့၊ ညီလေးသတိပေးစကားလေးက အကို့အတွက် သိပ်အဖိုးတန်သွားပြီ။ ဖေါက်ထွက်ဖို့ နည်းလမ်းလေး ဆက်ရှာလိုက်ဦးမယ်။ ညီလေး အရင်ရရင်လဲ လက်တို့လိုက်ဦးနော်။ စာဖတ်သူများအားလုံးလဲ ကျနော့်ညီငယ်ရဲ့ ဆောင်ပုဒ်လေးကို လက်ကိုင်ပြုကြဗျို့။ ထွက်ပေါက် ရှာမရလို့ကတော့ ဖေါက်ထွက်ဖို့ ကြံကြပေတော့။

နောက်တစ်ယောက်ကတော့ ညီလေးဝင်းနိုင်နဲ့ ပြောင်းပြန်ဖြစ်နေလေရဲ့ဗျာ။ တခြားလူတော့မဟုတ်ပါဘူး။ ဘန်ကောက် Asian institute of technology မှာ ကျောင်းတက်နေတဲ့ ကျနော့်ညီမလေး ဇင်လင်းထက်။ သူ့ကို ချစ်စနိုးလေးနဲ့ ကျနော်က အရူးမလေးလို့ပဲ ခေါ်လေ့ရှိတယ်။ တစ်ခုခုကိစ္စပေါ်လာတိုင်း ကိုကိုကြီးရေ့လုပ်ပါဦး၊ ညီမလေး ဒီမှာ ဘာညာနဲ့ နားကြားကပ်အောင် ပူဆာလေ့ရှိတယ်။ သူ့ G-talk မှာတင်ထားတဲ့ပုံကတော့ ကျနော်မပြောလိုက်ချင်ဘူး။ အမြင်ကပ်လို့။ ဒါပေမဲ့ ပြောဦးမယ်။ သူ့ကောင်လေးနဲ့ တွဲပြီးရိုက်ထားတဲ့ ဓာတ်ပုံတင်ထားတယ်။ အဲဒီပုံကြည့်ပြီးတော့ ကိုကိုင်ဇာနဲ့ မေဆွိတို့ စုံတွဲဆိုထားတဲ့ သီချင်းစာသားလေး ပြေးသတိရမိတယ်။ “နေပါစေ---လူတွေ သိလေ--ပိုကောင်းလေ” ဆိုတာလေ။ လူသိအောင် ကြော်ငြာထားတာလား၊ အရင်ဘဲဟောင်းကို ရွဲ့ပြီးတင်ထားလားတော့ သိဘူးဗျို့။ ဒါပေမဲ့ သူရေးထားတဲ့ စာသားလေးကတော့ သနားစရာ။
"No Water, no electricity. That is AIT life" တဲ့။

အခုလက်ရှိ သူတက်နေတဲ့ အာစီယံနည်းပညာအင်စတီကျူးမှာ ရေမလာ၊ မီးမလာဆိုပဲ။ ဘန်ကောက်မှာနော်။ တစ်ခါတလေ ကြုံရတတ်တာလေးတွေ နေမှာပါ။ ကျောင်းသူ ကျောင်းသားဘ၀မို့လား။ ကျနော်လဲ ကျောင်းတက်နေရဆဲ ကျောင်းသားတစ်ယောက်ဆိုတော့ ကိုယ်ချင်းစာမိတယ်ဗျာ။ အဆောင်မှာ ရေမီးမလာလို့ကတော့ အဲဒီနေ့ အနေခက်ပြီသာမှတ်။ ဓာတ်ကြီးလေးပါထဲမှာ မြေနဲ့လေက အလကားရပေမဲ့ (အဟဲ--အချို့နေရာမှာတော့ ၀ယ်ရသေးသဗျာ့) မီးနဲ့ရေကတော့ အလကားမရချင်ဘူးမို့လား။ တော်သေးတယ်။ ဓာတ်ကြီးက လေးပါးတည်းမို့။ ဆယ်ပါးလောက်များရှိရင်တော့ အရူးမလေး တော်တော် ဒုက္ခရောက်မှာ မြင်ယောင်မိသေးတယ်။

ညီလေးနဲ့ ညီမလေးတွေ ရေးထားတဲ့ ရင်ဖွင့်သံတွေကို လွှင့်ထုတ်ပြီးနောက်မှာတော့ ကျနော့်ချစ်မမကြီး ဒေါ်စပယ်ရဲ့ တရားသံလေးကို နားထောင်လိုက်ကြဦးစို့ရဲ့။ ပြောရဦးမယ်၊ အမအကြောင်း။ ကြော်ငြာပေးမလို့။ ကျေးဇူးပြန်ဆပ်တဲ့ သဘောနဲ့ပါ။ ဘာလို့လဲ ဆိုတော့ သူ့ G-talk မှာ ကျနော့်ဘလော့ဂ်ကို တင်ပေးထားတယ်။ ဒါကြောင့် ဘလော့ဂ်မှာ အလည်လာသူဦးရေ (ဖတ်သူမပါ) တိုးပွါးလာရတာ။ အဲဒီကျေးဇူးကြီးကို ဆပ်တဲ့အနေနဲ့ ပြောပြရဦးမယ်။ ကျနော့်အမက ကျနော့်ထက် ကြီးတယ်။ အဟား မှန်လိုက်တာ။ မှန်တာပြောတာ ဒီတစ်ခါ ပထမဆုံးပဲ လို့ဆိုရမလိုတောင် ဖြစ်နေပြီ။ သူက ဘုရားတရားသိပ်ဝါသနာပါတယ်။ တရားအမြဲနာတယ်။ အထူးသဖြင့် ရန်ကုန်မှာ သီတဂူဆရာတော်ဘုရားကြီး ဟောတဲ့တရားပွဲဆို ကျနော့်အမက ရှေ့ဆုံးက။ ဒါကြောင့် ဆရာတော်ကြီးရဲ့ တရားဆောင်ပုဒ်လေးတွေ အလွတ်နီးပါးတောင် ရနေပြီ။ အခုလဲ သူ့ G-talk မှာဆရာတော်ကြီးရဲ့ ဆောင်ပုဒ်လေးတစ်ပုဒ်ကို ရေးထားတယ်။
သီတဂူစန်းလပမာ၊ ချမ်းမြသာယာ၊ ရှိပါစေ” တဲ့။

ကြည့်စမ်း၊ ဘယ်လောက်ကောင်းတဲ့ မေတ္တာစိတ်လဲ။ သူနဲ့ပတ်သက်သူရော၊ မပတ်သက်သူရော အေးချမ်းစေချင်တာ သူ့စရိုက်ပဲ။ အဲဒီစရိုက်လေးကြောင့် အေးမြမှုပါတဲ့ စာသားလေးတွေဆို အမက သိပ်သဘောကျတာ။ ဒါကြောင့်လဲ သူက သူ့G-talk မှာ အဲလိုသဘောပါတဲ့ ဆောင်ပုဒ်လေးတွေ ရေးထားလေ့ရှိတယ်။ တစ်ခါတလေ ကျနော်မသိတာများရှိရင် သူ့ပဲ မေးရသေးတယ်။ အမက နာမည်နဲ့လိုက်အောင် စပယ်ကို ချစ်တယ်။ မြတ်နိုးတယ်။ ဒါကြောင့် သူ့G-talk မှာလဲ စပယ်ပန်းပုံလေး တင်ထားတယ်။ ရနံ့မွှေးခြင်း၊ သန့်ရှင်းခြင်း၊ လှပခြင်း ဆိုတဲ့ ရိုးရိုးဂုဏ်တွေအပြင် အဖြူရောင်ပွင့်ဖတ်လေးတွေမို့ ရိုးသားခြင်းဆိုတဲ့ ဂုဏ်သင်္ကေတကိုပါ ဆောင်တာကိုး။ ဒါကြောင့် အမက အဲဒီစပယ်ပွင့်လေးလိုပဲ လှတယ်။ ရိုးသားတယ်။ နောက်တစ်ခုပြောရဦးမယ်။ အခုထိ အိမ်ထောင်မပြုသေးဘူး။ ဘော်ဒါဆောင်လဲ ဖွင့်ထားတယ်။ ကြော်ငြာပေးတာ။

ဒီပို့စ်လေးကိုတော့ ညီလေး ၀င်းနိုင်၊ ညီမလေး ဇင်လင်းထက်နဲ့ အမ စပယ်တို့ရဲ့ ရင်ဖွင့်သံလေးတွေနဲ့ အဆုံးသတ်ပါပြီ။ နောက်ပို့စ်များမှာလဲ ကျနော့် G-talk ပေါ်က အပေါင်းအသင်း၊ ရောင်းရင်းတွေရဲ့ ရင်ခုန်သံတွေကို ဆက်လက်ရှုစားကြပါကုန်။

Wednesday, September 23, 2009

G-talk ပေါ်မှ ရင်ဖွင့်သံများ (၁)


ဒီပို့စ်လေးကို ရေးချင်နေတာ ကြာပြီဗျာ။ ဒါပေမဲ့ စဉ်းစားနေရင်းနဲ့ ဒီလောက်ကြာသွားတာ။ စဉ်းစားတယ် ဆိုတာကလဲ သူများအကြောင်း၊ အထူးသဖြင့် သူများခံစားချက်တွေ၊ ဖွင့်ဟချက်တွေကို ရေးမှာဆိုတော့ ရေးရင် သူတို့ဘာပြောမလဲ? ဆဲများဆဲမလား? ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ပြန်ပြန်မေးမိနေလို့ပါ။ ဒါပေမဲ့ဗျာ၊ ဆဲချင်လဲ ဆဲကြပလေ့စေ၊ ရေးချင်တဲ့ဟာကို ရေးကိုရေးတော့မယ်။ လက်ယားနေပြီ။ အဟဲ၊ ဒါပေမဲ့ ကျနော် သိပါတယ်။ ဆဲကြမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်က သူတို့ခံစားချက်တွေကို ကြော်ညာပေးတာကိုး။ ကြော်ပြီးတော့ ညာရောင်းတာ။ ဒီပို့စ်လေးရေးဖို့အတွက် ကျနော့် G-talk ထဲမှာရှိတဲ့ မိတ်ဆွေများအားလုံးကို ခွင့်တောင်းပါကြောင်း အသိပေးပါတယ်ဗျာ။

ကျနော်ရေးမှာက အွန်လိုင်းပေါ်က မိတ်ဆွေတွေရဲ့ သူတို့ G-talk မှာတင်ထားတဲ့ စာသားလေးတွေ၊ အတွေးအခေါ်လေးတွေပါ။ အဲဒါတွေဟာ သူတို့ကိုယ်ပိုင်ခံစားချက်တွေလဲပါသလို ကိုယ်ပိုင်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့အတွက် ကြိုက်လို့ တင်ထားတာတွေလဲ ရှိပါတယ်။ ဘာပဲပြောပြော၊ အနည်းဆုံးတော့ ကျနော့်အထင်ပြောရရင် တစ်ဦးချင်းစီမှာရှိတဲ့ နှလုံးသွေးစက်လေးတွေနဲ့ ရေးထားတဲ့ ပန်းချီကားတစ်ချပ်လို့တော့ ဆိုချင်တယ်ဗျာ။ သွေးစက်နဲ့ ရေးထားပေမဲ့ အနီရောင်ချည်းတော့လဲ မဟုတ်ပါဘူး။ ရောင်စုံပန်းချီကားလေးပေါ့။ ဘာလို့လဲ ဆိုတော့ သူများခံစားချက်ကို ပုံတူကူးထားတာတွေလဲ အများကြီးပဲကိုး။ သဘောချင်းတိုက်ဆိုင်မှုပဲလို့ ဆိုရမှာပေါ့။ ဟုတ်စ။

ပထမဆုံး ဒီမှတ်တမ်းလေးထဲမှာ နေရာယူမည့်သူကတော့ အွန်လိုင်းပေါ်က အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ နဒီရဲ့ ဖွင့်ဟချက်။ သူ့ G-talk မှာတင်ထားတဲ့ စာသားလေးက ဒီလိုပါတဲ့။
“အကောင်းဆုံးပစ္စည်းဆိုတာ ကြော်ငြာတွေထဲမှာပဲ ရှိတယ်၊ အချစ်စစ်အချစ်မှန်ဆိုတာ ၀တ္ထုတွေထဲမှာပဲ ရှိတယ်၊ အလှပဆုံးသောဘ၀ဆိုတာ အိမ်မက်တွေထဲမှာပဲ ရှိတယ်”

အင်း---သူငယ်ချင်း တစ်ယောက် လောကကြီးရဲ့ တကယ့်အရှိတရားတွေကို သိရှိနားလည်တတ်နေပြီလို့ အသိအမှတ်ပြုရတော့မလိုပါပဲ။ သူကိုယ်တိုင်ရဲ့ စာသားလေးတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ အဲဒီထဲမှာ သူ့ရင်ခွင်ကို လာမှန်တဲ့ မျှားတစ်စင်းတော့ ပါမှာပေါ့။ “အချစ်စစ်အချစ်မှန်ဆိုတာ ၀တ္ထုတွေထဲမှာပဲ ရှိတယ်” ဆိုတဲ့ စကားဟာ သူ့ရင်ကို ထိရှာသွားတဲ့ မျှားလေးတစ်စင်း ဖြစ်ခဲ့ရင် လက်ရှိသူ့နှလုံးသားထဲမှာ နေရာယူထားတဲ့ လူတစ်ယောက်ဟာ သူ့ကို ဘယ်လိုပုံစံမျိုးနဲ့ ချစ်ပြနေသလဲ? လို့ ကျနော်တွေးမိတယ်။ သူငယ်ချင်းလေး အချစ်စစ်အချစ်မှန်နဲ့တွေ့ပြီး ကြော်ငြာစရာမလိုအောင် ကောင်းတဲ့ ပစ္စည်းတွေနဲ့ အိမ်မက်အပြင်ဘက်က အကောင်းဆုံးသောဘ၀ကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

အွန်လိုင်းပေါ်က နောက်တစ်ယောက်ကတော့ ကျနော့်ရဲ့ ချစ်ဆုံးညီလေး မောင်သုခ (စစ်ကိုင်း)။ သူ့ G-talk ပေါ်မှာ သူကိုယ်တိုင် ရေကန်ပေါင်ပေါ် ခြေကားယားထိုင်ပြီး တစ်စုံတစ်ယောက်ကို စောင့်မျှော်နေတဲ့ ပုံကြီး တင်ထားလေရဲ့။ ပြီးတော့ အော်ထားသေးတယ်။
အာဒမ်ဟာ အခုထိ စောင့်မျှော်နေဆဲပါ---” တဲ့။
ကြည့်ရတာကတော့ သုခ (စစ်ကိုင်း) ဟာ သမုဒယ ရစ်ဝိုင်းနေတဲ့ပုံပါပဲ။ သူက အာဒမ်ဆိုတော့ သူမျှော်နေတဲ့သူက ဧ၀ ပဲဖြစ်ရတော့မှာပေါ့။ ဒါပေမဲ့ တစ်ခါက သူ့ကို ပြောမိသေးတယ်။ ကိုအာဒမ်ရေ့---ဧ၀ချည်းမျှော်မနေနဲ့၊ ဧပိန်လဲ ရှာဦးလို့။ ဟုတ်တယ်လေ၊ ဧ၀ ကဘယ်ဆီရောက်လို့ ဘယ်ပျောက်နေမှန်းမသိဘူး။ တော်ကြာ သူမျှော်နေတဲ့ ဧ၀က တခြားအာဒမ်တစ်ယောက်နဲ့ နှစ်ပါးသွားနေရင် ကျနော့်ညီလေး သုခခေါ် အာဒမ်ကြီးတော့ ဒုက္ခ။ ဒါကြောင့် အကြံကောင်းလေးဘာလေး ပေးလိုက်ရသေးတယ်။ ဧပိန်ကိုလဲ စဉ်းစားဦးလို့လေ။

လာပြီ နောက်တစ်ယောက်။ သူက ကျနော့်ချစ်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ပါ။ ကောင်းတူဆိုးဘက် ဆိုပါတော့။ သူ့အကြောင်း ကိုယ်သိ၊ ကိုယ့်အကြောင်းသူသိ ဆိုတော့ ပြောရဦးမယ် အတင်း။ သူ့နာမည်က ကိုကိုသစ် တဲ့။ ကျနော်ကိုယ်တိုင် ပေးထားခဲ့တဲ့ နာမည်လေးပါ။ တကယ်က ကိုသစ်နိုင်။ သူ့ကောင်မလေးရှေ့မှာ စရင်းနောက်ရင်းနဲ့ ကျနော်က ကိုကိုသစ် ကိုကိုသစ်လို့ ခေါ်ရာကနေ သူကိုယ်တိုင် အဲဒီနာမည်ကို သဘောကျပြီး သူ့ G-talk ကို ကိုကိုသစ်ဆိုတဲ့ နာမည်နဲ့ လုပ်ထားတယ်။ ပြီးတော့ တင်ထားတဲ့ စာသားလဲ ကြည့်ဦး။
အိမ်မက်ထဲအထိ ခေါ်သွားမယ်” တဲ့။
ကြမ်းပုံများဖြစ်တော့၊ လန့်တောင် လန့်တယ်ဗျာ။ တော်ရော့ပေါ့၊ အပြင်လောက်ဆို။ အခုဟာကြီးက လူကြားမကောင်းအောင်။ အိမ်မက်ထဲ အထိခေါ်သွားမယ် ဆိုပဲ။ တစ်မျိုးတော့လဲ မတွေးကြပါနဲ့ဗျာ။ သူ ဘာအဓိပ္ပါယ်နဲ့ပြောပြော။ ကျနော်နားလည်တာကတော့ သူ့အချစ်တွေက အိမ်မက်ထဲမှာတောင် ဆက်လက်ရှင်သန်နေမယ် လို့ ဆိုလိုပုံရပါတယ်။ တော်တော် အချစ်ကြီးတဲ့ လူကြီးဗျာ။

အဟမ်း--အဟမ်း--၊ နောက်တစ်ယောက်အကြောင်း ပြောရဦးမယ်။ သူကလဲ ကျနော့်လိုပဲ ဘလော့ဂါတစ်ယောက်ပါ။ ဒီဇင်ဘာ တဲ့။ ကျနော်ကတော့ ချစ်စနိုးနဲ့ ဒီဇင်လို့ပဲ ခေါ်လေ့ရှိပါတယ်။ သူက သူ့ G-talk မှာ နှလုံးသားခံစားချက်တွေ သိပ်ရေးလေ့မရှိဘူး။ လက်တွေ့ကျတဲ့ စာသားလေးတွေ၊ တစ်ခါတစ်လေ သူကြိုက်တဲ့ သီချင်းပိုဒ်လေးတွေ တင်ထားတတ်တယ်။ ကျနော်ထင်ပါတယ်၊ များသောအားဖြင့်တော့ သူ့ဘ၀ကို၊ အထူးသဖြင့် လက်ရှိသူနေထိုင်နေရတဲ့ ဘ၀ရုန်းကန်မှုတွေကို ပုံဖေါ်ပေးတဲ့ စာသားတွေမျိုး ရေးထားလေ့ရှိတယ်။ ဥပမာ၊ အလုပ်အားရက်တွေဆို---“သန့်ရှင်းရေးနေ့” လို့ရေးပြီး တံမျက်လှဲနေတဲ့ ကာတွန်းပုံလေး တင်ထားတတ်တယ်။ တစ်ခါတလေကျ---“ထမင်းသွားစားပါသည်” ဆိုပြီးတော့ အော်ထားခဲ့သေးတယ်။ အခုလဲ သူကြိုက်တဲ့ သီချင်းစာသားလေးတစ်ပိုဒ် တင်ထားတာတွေ့ရတယ်။။ ဆောင်းဦးလှိုင်ရဲ့ သီချင်းစာသားလေးပါ။ ဒါပေမဲ့ သူ့ကို ထိရှမှုတွေနဲ့ ရောထွေးနေတယ်ဆိုတာ ကျနော်ခံစားမိပါတယ်။
တစ်ချို့တစ်ချို့အတွက် လွယ်ပေမဲ့ ငါဟာ ရုန်းကန်လာခဲ့ဘူးတယ်၊ ကျိုးစားခဲ့သမျှ အချီးနှီးပဲ၊ ဘ၀ဟာ ဒီလိုပဲ” တဲ့။
သူ့စာဖတ်ပြီး ငါ သူ့အတွက် ဘာကူအညီပေးရင်ကောင်းမလဲ လို့တောင် တွေးမိသဗျာ၊ တကယ်ပါ။ ကျနော်သိနေတယ်လေ။ သူတကယ်ရုန်းကန်နေရတယ် ဆိုတာကို။ ဘာလို့လဲဆိုတော့ သူရော ကျနော်ရောက သူများနိုင်ငံမှာ နေနေရတာချင်း အတူတူပဲကိုး။ သူ့စာသားထဲမှာ လက်ရှိအနေအထားကို နာကျည်းနေတဲ့ အရိပ်အယောင်လေးတွေ တွေ့မြင်နိုင်မှာပါ။ ဒါပေမဲ့ သူများဆီက အကူအညီတစ်ခုခုကို မျှော်လင့်လို့ ရေးထားတာမဟုတ်ဘူးဆိုတာတော့ လုံးဝယုံပါ။ သူက သိပ်ကျိုးစားတဲ့ မိန်းကလေးတစ်ယောက်၊ သူ့ဘ၀ကို ဘယ်လို ရုန်းကန်ရမလဲဆိုတာ သူသိတယ်။ ဒါဖြင့် ဘာလို့ ရေးသလဲ? ကျနော်ပြောခဲ့ပြီလေ၊ သူ့နှလုံးသားထဲက ထွက်ကျလာတဲ့ သွေးစက်လေးတွေနဲ့ သူ့ဘ၀ကို ယာယီပန်းချီကားလေးတစ်ချပ် ရေးခြစ်လိုက်ခြင်းမျှပဲ ဖြစ်ပါတယ်။ ဒီထက်တော့ မပိုပါဘူး။

ကဲ ဒီနေ့တော့ ဒီလောက်ပဲဗျို့။ ဆက်ရဦးမယ်။ သူများအကြောင်း ဒီနေရာကနေ တ၀တပြဲပြောပစ်မယ်။ အဟဲ၊ ကြော်ငြာပေးမလို့ပါ။ G-talk ပေါ်က ကျနော့်သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေ။

ငါနဲ့ အိပ်မပျော်သော ညများ




မတွေ့ မမြင်ရပေမဲ့
စိတ်အစဉ်က သူ့ဆီမှာ
အရိပ်လို ရစ်ဝဲ
ချစ်ပဲ ချစ်တတ်လွန်းတယ်ထင့်။

အပြစ်ပဲ ပြောလေမလား
အသစ်လဲ ထပ်မရှာလိုတော့
တစ်ချစ်ထဲပဲ ချစ်မယ်
ဒါပေမဲ့
တစ်ရစ်ထဲပတ်မယ့်နွယ်လို့တော့ မမှတ်ပါနဲ့
အစစ်အသည်းနဲ့ အတူ
အချစ်မြဲမယ့် သူရယ်ပါ။

မူကြွယ်ကာ ဟန်မလုပ်တတ်သူမို့
အပူသည် ငါတစ်ယောက်ကိုဖြင့်
တစ်ခါလောက်တော့ ကြည့်လှည့်ပါ
အသိခက်တာမှ ဟုတ်ပဲ။

အတိတ်ရဲ့ လွှမ်းမိုးမှုတွေကြောင့်
အအိပ်ပျက်ညများနဲ့ ငါ
မိတ်ဖွဲ့ရပေါင်းလဲ များခဲ့ပြီ။

မှားခဲ့သည်လား?
အသေချာ စဉ်းစားကြည့်တော့
မရေရာခြင်း တရားတွေနဲ့
အဖြေမှာ မသဲကွဲ
အလွဲလွဲ အချော်ချော်
ဒီတစ်ညလဲ အိပ်ပျော်မှာ မဟုတ်ပြန်ဘူး ချစ်သူရယ်။

Tuesday, September 15, 2009

မအိုသောအရာ


ရုပ်သည် အိုတတ်သော သဘောရှိ၏။ အသက်သည် ရက်မှလ၊ လမှနှစ်သို့ တဖြေးဖြေးချင်းကူးပြောင်းကာ ကြီးလာတတ်၏။ ရုပ်အိုခြင်းနှင့် အသက်ကြီးခြင်းနှစ်မျိုးသည် နောက်ပြန်မလှည့်သော သဘောတရားများပေတည်း။ ရုပ်အိုခြင်းနှင့် အသက်ကြီးခြင်းနှစ်မျိုးကို ဇရာ-ဟု ဘာသာရေးစာပေများက ဆို၏။ ထို့ကြောင့် ဇရာဟူသည် လူတို့မလွန်မြောက်နိုင်သော၊ ထို့ထက်ဆိုရပါမူ သတ္တ၀ါတိုင်း မလွန်ဆန်နိုင်သော လွှမ်းမိုးမှုကြီးတစ်မျိုးဖြစ်ပေတော့၏။ သို့သော် ရုပ်နှင့် အသက်ကဲ့သို့ အိုခြင်း၊ ကြီးခြင်းမရှိသော သဘောတစ်မျိုးကား သတ္တ၀ါတို့သန္တာန်မှာ ရှိပြန်၏။ ထိုသဘောကြောင့် လူအပါအ၀င် သတ္တ၀ါမှန်သမျှတို့သည် ဘ၀ကို မက်မော၏၊ တွယ်တာ၏။ ထိုတွယ်တာ မက်မောမှုတို့ဖြစ်သည်နှင့်အမျှ ဘ၀အဆုံးသို့ ရောက်မည့်နေ့ကိုတွေးကာ ကြောက်ကြ၏။ ထို့ကြောင့် ယင်းသဘောတရားသည် မက်မောမှု၏ အရင်းမြစ်လည်းဖြစ်၏။ တွယ်တာမှု၏ ရေသောက်မြစ်လည်းဖြစ်၏။ ကြောက်ရွံ့မှု၏ အချက်အချာလည်းဖြစ်၏။ ထိုအရာကား ချစ်ခြင်းပင်တည်း။

သူမဘ၀မှာ အိမ်ထောင်ဆက်ပေါင်း များခဲ့ပါပြီ။ အချို့ယောက်ျားများကို ရှင်ကွဲကွဲကာ လွဲခဲ့ရသည်။ အချို့ကိုကား သေကွဲကွဲကာ လွဲခဲ့ဖူးလေသည်။ ထို့ကြောင့် သူမ၏ ဘ၀သည် အထီးကျန်ဆန်မှုများနှင့် မကြခဏဆိုသလို တွေ့ကြုံနေခဲ့ရသည်။ ကြာလာသောအခါ အထီးကျန်ဆန်မှုသည် သူမမနှစ်မြို့ဆုံးသော မုန်းတီးဆုံးသော အရာတစ်ခုဖြစ်လာခဲ့ရတော့သည်။ သူမအနားမှာ တစ်ယောက်ယောက် အမြဲရှိနေစေချင်သော ဆန္ဒသည် သူမ၏ အကြီးမားဆုံးသော ဆန္ဒတစ်ခုဖြစ်သည်။ ယင်းဆန္ဒ၏ စေ့ဆော်မှုကြောင့် တစ်စုံတစ်ယောက်သောသူနှင့် ရှင်ကွဲကွဲရသည်ဖြစ်စေ၊ သေကွဲကွဲရသည်ဖြစ်စေ နောက်တစ်ယောက်ကို ရှာတတ်သော အကျင့်သည် သူမ၏ ကြီးရင့်လာသော အသက်နှင့် ထပ်တူဖြစ်နေခဲ့တော့သည်။ ကိုယ့်ကိုယ်ကို ချစ်ခြင်းလား? သူများကို ချစ်ခြင်းလား? သူမ တစ်ခါမှ မစဉ်းစားခဲ့။ အချစ်မရှိလျှင် သူမမနေတတ်သည်ကတော့ အမှန်။ သူမကား အခြားမဟုတ်၊ အသက် (၁၀၇)နှစ် အရွယ်ရောက်နေပြီဖြစ်သော Wook Kundor အမည်ရှိ မလေးရှားနိုင်ငံသူ အဘွားအိုတစ်ယောက်ပါတည်း။

အဘွားအို ကွန်ဒါမှာ သူမ၏ အသက် (၁၀၇) နှစ်ဟူသော အချိန်ကာလအတွင်း အိမ်ထောင်ဆက်ပေါင်း (၂၂) ကြိမ်တိတိရှိခဲ့ပေပြီ။ အခုလက်ရှိအမျိုးသားမှာ လွန်ခဲ့သော လေးနှစ်ကမှ လက်ထပ်ထားခဲ့သော Muhammad Noor Che Musa ဆိုသူဖြစ်သည်။ သူမထက် အသက် (၇၀) တိတိ ငယ်သည်။ မူးယစ်ဆေးဝါးစွဲနေသူ တစ်ယောက်ဖြစ်သည်။ သူမနှင့်လက်ထပ်စဉ်က သူပြောခဲ့သော စကားတစ်ခွန်းမှာ ဘုရားသခင်၏ အလိုတော်အတိုင်းပါပဲ-ဟူ၏။ သူ့စကားအဓိပ္ပါယ်ကို သူကိုယ်တိုင်သာ ကောင်းစွာနားလည်ပေလိမ့်မည်။ သို့သော် မစ္စတာမူဆာမှာ အခုလောလောဆယ် သူမအနားတွင်မရှိ။ မြို့တော်ကွာလာလမ်ပူသို့သွားကာ မူးယစ်ဆေးဝါးဖြတ်ဖို့အတွက် ဆေးရုံတက်နေရသည်။ သူမရင်ထဲမှာ အထီးကျန်ဆန်ခဲ့ရပြန်ချေပြီ။ “ယောက်ျားဖြစ်သူ ကိုမူဆာတစ်ယောက် မူးယစ်ဆေးဝါးပြတ်သွားခဲ့လျှင်----”၊ သူမ ဆက်မတွေးရဲ။ မူးယစ်ဆေးဝါးစွဲနေစဉ်က သူမကဲ့သို့ ဆံဖြူ၊ သွားကျိုး၊ အသရေမတိုးတော့တဲ့ အဘွားအိုတစ်ယောက်အပေါ် ပေးခဲ့သော ကိုမူဆာ၏ အချစ်သည် မူးယစ်ဆေးဝါး ပြတ်သွားသောအခါ အရင်လို ပေးနိုင်ပါဦးမည်လော? သူမတစ်ယောက်တည်း အိပ်ယာထဲဝယ် နဖူးပေါ်လက်တင် စဉ်းစားရင်း အိပ်မပျော်သော ညများနှင့်လည်း အလီလီ ကြုံနေရပေပြီ။

ထို့ကြောင့် သူမဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သည်။ နောက်တစ်ယောက်ကို ရှာတော့မည်။ ယင်းနောက်တစ်ယောက်သည် သူမ၏ (၂၃) ယောက်မြောက် ဘ၀ကြင်ဖေါ်ဖြစ်လာမည်သူတည်း။ ၂၃ ယောက်မြောက်ကြင်ဖေါ်ကို ရှာတဲ့နေရာမှာ သူမသည် ဆင်ခြေတစ်ခုကို ပေးခဲ့သည်။ "My intention to remarry is to fill my forlornness and nothing more than that," “နောက်တစ်ယောက်ကို ထပ်ရှာတဲ့ ရည်ရွယ်ချက်ကတော့ အဘွားရဲ့ အထီးကျန်ဆန်မှုကို ဖြည့်ဆည်းပေးဖို့ပါပဲ၊ ဒိထက်တော့ မပိုပါဘူးကွယ်” တဲ့။ လာမည့်သတင်းပတ်ထဲတွင် Eid al-Fitr ခေါ် မူစလင်ပွဲတော်တစ်ခု ကျင်းပဖို့ရှိသည်။ ယင်းပွဲတော်ရာသီအတွင်း သူမအပါးမှာ သူမချစ်ရသူတစ်ယောက်ရှိနေစေချင်သောဆန္ဒသည် သူမ၏ ကြီးမားသောဆန္ဒတစ်ခုပင် ဖြစ်ပေသည်။ သို့သော် သူမဆန္ဒ တကယ်ပြည့်ဝပါမည်လော? အဘယ်သို့သော ယောက်ျားမျိုးသည် သူမအချစ်ကို လက်ခံပါလိမ့်မလဲ? ဟူသော အမေးလဲဟုတ်၊ အတွေးလဲဟုတ်သော ၀ါကျတစ်ခုသည် မလေးရှားသားတို့ ရင်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာကာ အဖြေကို စောင့်မျှော်လျက်ရှိကြလေတော့သတည်း။

Monday, September 14, 2009

အလွမ်းထု


လေယာဉ်ပျံတစ်စီး
ဝီးကနဲ မြည်အော်
ခေါင်းပေါ်က ဖြတ်သန်းတိုင်း
အိပ်ပြန်မယ်မှန်း
အလွမ်းတစ်ခု
ရင်မှာစုလာ။

သုံးမိနစ် နှစ်စီး
ခရီးထွက်လမ်း
ပျံသန်းတဲ့ လေယာဉ်ကြောင့်
မြေပြင်က ငါ့အလွမ်း
မရပ်တန်းခဲ့။

ယူကေမှာ နှစ်နှစ်
အိမ်နှင့် ခွဲခွါ
နေလာတဲ့ တစ်လျှောက်
အလွမ်းဘယ်လောက် များမလဲ?

အလွမ်းပုံစု
မြင်းမိုရ်ထုသို့
ရင်နုအထဲ များခဲ့ပြီ။


ကြောက်အားပို


အမှတ်တမဲ့မို့
အလန့်ထညက်ဖြစ်ပါပေ့
အရိပ်မည်းမည်း
စိတ်ကပဲ စွဲနေသလား?
အသံဖျောက်ဖျောက်
နားကပဲ ခြောက်နေသလား?
ကြောက်ကြောက်နဲ့ ရှေ့တိုး
အသေချာ ခိုးကြည့်တော့
မပိရိတဲ့ ပုံသဏ္ဌာန်
မူမမှန်တဲ့ လှုပ်ရှားချက်
လှဲ့စားတဲ့ တံလျှပ်
အာ----ရှေ့မှာ
ကိုယ်လုံးပေါ်မှန်တစ်ချပ်ပါလား။

Friday, September 11, 2009

ရွှေဈေးထက်ကြီးတဲ့ ခွေးဈေး


ဆင်းရဲတဲ့လူတွေအတွက် ကုန်းကောက်စရာမရှိလောက်အောင် မွဲနေရတဲ့ ဟောဒီခေတ်ကြီးမှာ ထားစရာမရှိလောက်အောင် ချမ်းသာနေတဲ့လူတွေကလဲ တပုံတပင်။ ပြီးခဲ့တဲ့နှစ်ဦးပိုင်းက တစ်ကမ္ဘာလုံးစီးပွါးရေးကပ်ဆိုက်ပြီး ကုမ္ပဏီကြီးတွေအတော်များများနဲ့ ဘဏ်တစ်ချို့ဒေ၀ါလီခံလိုက်ရပေမဲ့ လုပ်ငန်းရှင်ကြီးတွေအတွက် အသက်ရှုပိတ်မသွားခဲ့။ တကယ့်တကယ် အထိအရှခံလိုက်ရသူတွေကတော့ သက်ဆိုင်ရာကုမ္ပဏီဝန်ထမ်းတွေနဲ့ ဘဏ်ဝန်ထမ်းတွေပါပဲ။ အလုပ်ပြုတ်၊ အိမ်ပြန်၊ ထမင်းတစ်နပ်မှန်ဖို့အရေး ရရာအလုပ်ရှာလုပ်။ စီးပွါးရေးအကြပ်အတည်းဖြစ်လဲ တကယ်ခံရတာက လူဆင်းရဲတွေ၊ နိုင်ငံရေးကပ်ဆိုက်လဲ ဆင်းရဲသားတွေပဲ မွဲတွင်းနစ်။ အဖြစ်ကတော့ မနှစ်သက်စရာ။ ဘယ်သူ့ကို အပြစ်တင်ရပါ့။ ဖန်ဆင်းရှင်ကိုလား? ကိုယ့်ကိုယ်ကိုလား?

တရုတ်နိုင်ငံမြောက်ပိုင်း Shaanxi ပြည်နယ်ရဲ့ မြို့တော် Xi'an လေဆိပ်မှာ အနက်ရောင် မာစီဒီးကားအစီး (၃၀)နဲ့ အလံနီတွေ ဝှေ့ရမ်းကြိုဆိုနေကြတဲ့ လူအုပ်ကြီးကြောင့် လေဆိပ်ကြီးတစ်ခုလုံး အုပ်အုပ်ကျက်ကျက် ဖြစ်နေခဲ့ပါတယ်။ ဒီလောက်တန်ဖိုးကြီးမားတဲ့ ကားအစီးပေါင်းသုံးဆယ်နဲ့ ဒီလူတွေ ဘယ်နိုင်ငံက ကြွလာတဲ့ မင်းဧကရာဇ်ကိုများ ကြိုဆိုနေကြပါလိမ့်။ အိုဗားမားလာမှာလား၊ ဂေါ်ဒင်ဘရောင်းလား၊ ဒါမှမဟုတ်၊ တရုတ်သမ္မတကြီးလား။ မဟုတ်ပါ။ ဒီလူတွေ ဒီကားတွေ ကြိုဆိုနေတဲ့သူကတော့ Wang (Surname) လို့ခေါ်တဲ့ တရုတ်သန်းကြွယ်သူဋ္ဌေးမလေးတစ်ယောက်နဲ့ သူမရဲ့ဝယ်ပြီးကာစ အချစ်တော်ခွေးကြီးတစ်ကောင်ပါ။

သူဋ္ဌေးမလေး ၀မ်ဟာ သူ့အိမ်မှာ မွေးဖို့ ခွေးတစ်ကောင်ကို ကာလအတော်ကြာကြာရှာနေခဲ့ပါတယ်။ ခွေးတွေအများကြီးရှိနေပေမဲ့ သူမစိတ်ကြိုက်မတွေ့သေးတဲ့အတွက် မ၀ယ်ဖြစ်ခဲ့ပါဘူး တဲ့။ အခုတော့ သူ့မရင်ထဲ ကြာမြင့်စွာခိုတည်နေတဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိုက်ရလို့ အရမ်းပျော်နေပါတယ်။ သူမလိုချင်တဲ့ခွေးအမျိုးအစားကိုရဖို့အတွက် သူနေတဲ့နေရာနဲ့ အင်မတန်အလှမ်းကွာတဲ့ တရုတ်ပြည်အနောက်မြောက်ပိုင်းက Qinghai ပြည်နယ်အထိသွားခဲ့ရပါတယ်။ အဲဒီပြည်နယ်ဟာ တိဘက်လူမျိုးအများစု နေထိုင်ပြီး တိဘက်ခွေးအမျိုးအစားများစွာကိုလဲ မွေးမြူတယ်လို့ ဆိုပါတယ်။

ကင်ဟိုင်းပြည်နယ်က သူမဘာကို ၀ယ်ခဲ့သလဲ? Mastiff အမျိုးအစား အနက်ရောင် တိဘက်ခွေးကြီးတစ်ကောင်ကို စိတ်ကြိုက်ဈေးပေးပြီးဝယ်ခဲ့ပါတယ်။ တန်ဖိုးကိုလဲ ကြည့်ပါဦး။ တရုတ်ယွမ်ငွေ လေးသန်း တဲ့။ ဒေါ်လာနဲ့တွက်ရင်တောင် ခြောက်သိန်းကျော်ရှိပါတယ်။ ဒီလောက်များပြားလှတဲ့ငွေတွေကို သုံးပြီး ဒီခွေးကိုဝယ်ရတာဟာ ခွေးတန်ဖိုးက ဒီလောက်တောင် ကြီးနေလို့လား လို့မေးစရာရှိပါတယ်။ ကြီးမယ်မထင်ပါ။ အတော်အတန် တန်ကြေးတော့ရှိကောင်းရှိမှာပါ။ တစ်ခုသေချာတာကတော့ အရင်က ဒီလောက်ဈေးမရှိခဲ့တဲ့ ဒီခွေးအမျိုးအစားတွေဟာ သူဋ္ဌေးမ၀မ် ၀ယ်ပြီးနောက်ပိုင်းမှာတော့ ဈေးတက်သွားမှာ ဧကန်ပါပဲ။ ဒါကလဲ စီးပွါးရေးလောကမှာ ဖြစ်မြဲကိုးဗျာ့။ လိုချင်သူပေါရင် ပစ္စည်းဟာ ဈေးကွက်မှာ နေရာရမြဲပဲ မဟုတ်လား။ အခုလဲ တိဘက် Mastiff ခွေးတွေ ဈေးကွက်ထဲ ၀င်လာခဲ့ပါပြီ။ လိုချင်ရင်တော့ ပိုက်ဆံသာများများ ရှာထားပေတော့။

အချို့လူတွေက ငွေကို စားဖို့ သုံးတယ်။ အချို့ကတော့ ကြွားဖို့ သုံးတယ်။ တစ်ချို့ကျတော့ ထားဖို့နေရာမရှိလို့ သုံးပစ်တယ်။ အချို့လူတွေ ကျပြန်တော့ ဆန္ဒတစ်ခုပြည့်ဝရေး အလေးပေးပြီး သုံးစွဲကြတယ်။ ဒေါ်လာခြောက်သိန်းတန်ဖိုးမရှိတဲ့ ခွေးတစ်ကောင်ကို ဒေါ်လာခြောက်သိန်းပေးပြီး ၀ယ်လိုက်တဲ့အပေါ်မှာ သင်ဘယ်လို စဉ်းစားမိသလဲ။ အမြင်ချင်းတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားမှုရှိမှာပါ။ “ရွှေမှာ တန်ဖိုးရှိတယ်၊ ဒီတိဘက်မာစ်တစ်ဖ်ခွေးမှာ ဘာတန်ဖိုးမှမရှိဘူး” လို့ အချို့လူတွေက ဆိုပေမဲ့ သူဋ္ဌေးမလေး ၀မ်အတွက်တော့ သူ့ဆန္ဒတစ်ခုပြည့်ဝရေးအတွက် သူသုံးခဲ့တဲ့ငွေကို သုံးသင့်တဲ့နေရာမှာ သုံးလိုက်တယ်လို့ ယူဆကောင်း ယူဆနေမယ်ထင်ပါရဲ့။ သုံးနိုင်ဖြုန်းနိုင်ပါပေရဲ့ လို့တောင် ချီးကြူးရမလိုလို။ အော် ရှိသူတွေကလဲ ရှိကြပါ့၊ မွဲသူတွေကျပြန်တော့လဲ ဒီလိုခွေးမျိုးကို ဒီဈေးပေးပြီး ၀ယ်ဖို့မပြောနဲ့ အိမ်က ကလေးဆော့ဖို့ ပလပ်စတင့်ခွေးရုပ်တောင် အနိုင်နိုင်။ အော် လောက--လောက။ သြချလောက်ပါပေရဲ့ဗျား။

Thursday, September 10, 2009

တစ်ခါက သူ့စကား


မမြင်အောင်ပြု လျှစ်လျူရှုရက်ပေမဲ့
ရင်မှာစု ချစ်တာသမုဒယအခဲတွေနဲ့
အသည်းမှာစွဲနေမိပြီမို့
အမြဲပဲချစ်နေချင်တယ် ကိုရယ်။

ကို့နှလုံးသား အထက်မှာ
အမုန်းတရားဖက်ကာ စွဲနေရော့သလား
အရှုံးသမားမေ့ကို လှည့်မကြည့်ပေမဲ့
အမျက်မရှိတဲ့ အသည်းမှာတော့
စွဲလာတဲ့ ဝေဒနာများရယ်ကြောင့်
အစဉ်လွမ်းလို့သာ ထင်ယောင်
မမြင်အောင် ကွယ်ဟန်ပြုပေမဲ့
မကြဉ်ပေါင် ဆယ်ပြန်မှုပါဘု
ခုလိုပဲ ချစ်နေမယ်။

အပြစ်တွေ ရှိနေသေးရင်လဲ
အချစ်မွေ ကတိတွေထားစဉ်က
နားဝင်တဲ့ အမှန်စကား
ပြန်ကြားပါ ကိုရယ်။

ခံစားတာ မေ့အတွက် အဆန်းပေမဲ့
အမှန်တရားကိုတော့ သစ္စာပြုချင်ရဲ့
မေတ္တာအတု မဟုတ်ပါ ကို။

သရုပ်ဆောင်အပြုံးတွေနဲ့
အမုန်းဝေတဲ့ ကို့အသည်းရယ်ကြောင့်
ငရဲသို့ မေ့ရင်မှာပူ
ကြင်နာသူ မသိရော့သလား။

သတိတော့ ထားပါ ကို
အသိလျှော့ ပေါ့မသွားလိုက်ပါနဲ့
မပြတ်သားတဲ့ သံယောဇဉ်ရယ်ကြောင့်
အမှန်ပဲ ပြောပါရစေနော်
“ကိုကိုသာ စိမ်းမာန်ချလေမှ
ဝေဒနာ ဖြေရာရလိမ့်မယ်
မာန်စွယ်အစိမ်း
ထိမ်းချုပ်ကာ
သိမ်းရုပ်ပါတော့”။


အပေးအယူ


သူကြင်မှ ကိုယ်ကြင်
ဘလောဂ်ရွာလည်သည့်ပွဲ
ကောင်းတဲ့ဖြစ်အင်
ကိုယ်နားလျှင် သူမလာ
သူနားလျှင် ကိုယ်ကဝေး
ဘလောဂ်ရွာလည်သည့်ထုံး
ပြုံးမိချည်သေး။


Wednesday, September 9, 2009

အဲဒင်ဘရာတောလား (၉)

ထစ်ချုန်းမိုးသံ၊ သောသောညံလဲ၊
မိုးပေါက်သီးများ၊ လွန်ကြီးမားလဲ၊
လေပြင်းလေးကြမ်း၊ ဟော့ဟော့ရမ်းလဲ၊
လာလမ်းသို့ရည်၊ ကားဦးတည်ကာ၊
ဌာနီရောက်ရေး၊ စိတ်ဝယ်တွေးပြီး၊
အပြေးမောင်းကူး၊ လမ်းကြောင်းမြူးသည်၊
ဘီးလူးပူးသို့၊ ရူးရူးတည်း။



မန်ချက်စတာယူနိုက်တက်သို့

အဲဒင်ဘရာမြို့တော်ကို ခွဲခွါကာ လာရာလမ်းသို့ ဦးတည်မောင်းနှင်နေသော ကားကလေးသည် Formula One ကားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေဘိသည့်အလား လမ်းပေါ်မှာ အသော့ပြေးလွှားနေသည်။ မှိုင်းညို့ညို့မိုးကောင်းကင်သည် ဘယ်အချိန်ကတည်းက စုထားသည်ဟု မသိရသော မိုးစက်မိုးပေါက်များကို ဒလဟော ရွာသွန်းနေသည်။ မိုးတစ်စက်၊ လေတစ်ချက်နှုန်းဖြင့် ရွာနေသည်လားမသိ၊ ကြမ်းလည်းကြမ်းသည်။ ရမ်းလည်းရမ်းသည်။ ကားမှန်သို့ လာထိသော မိုးသီးမိုးပေါက်များ၏ ကြမ်းတမ်းမှုကြောင့် အလွန်မာကြောသော Windscreen Wiper ပင် အငိုမစဲ မျက်ဝန်းမှ ထွက်ကျလာသော မျက်ရည်များကို သိမ်းဆည်းနေရရှာတဲ့လက်ပမာ မနိုင်မနင်းဖြစ်နေသည်။ ရေစက်ရေပေါက်များသည် မိုးပေါ်က ကျလာသည်ချည်းမဟုတ်၊ ဟိုက်ဝေးလမ်းမပေါ်တွင် ရုတ်တရက်စီးစရာနေရာရှာမတွေ့သေးသဖြင့် မျက်စိလည်ကာ ခေတ္တအိုင်ဖွဲ့နေသော ရေအိုင်ငယ်လေးများမှလဲ ကားသို့လာမှန်သည်။ ယင်းအိုင်ငယ်လေးများမှ ရေများသည်လည်း တလကြမ်းကားဖြတ်မောင်းသောအခါ ဒေါသတကြီးဖြင့် ကားခေါင်းကိုကျော်ကာ မှန်သို့ မကြာမကြာဆိုသလို လာလာထိသည်။

အခြားပြဿနာတစ်ခုမှာ Tom Tom ခေါ် လမ်းပြ Navigator လေး။ လမ်းတမ်းတစ်လျှောက် Forcefully Command ပေးကာ ခိုင်းစေခဲ့သောကြောင့် အူကြောင်ကြောင်ဖြစ်ပြီး ကောင်းစွာလမ်းမပြချင်တော့။ တောင်သို့မောင်းရမည့်နေရာတွင် မြောက်သို့လမ်းညွှန်နေသည်။ ထို့ပြင် အဲဒင်ဘရာမှ မန်ချက်စတာသို့ သွားရာခရီးမိုင်အကွာအဝေးသည် နှစ်နာရီ၊ သုံးနာရီမျှ မောင်းလျှင် ရောက်နိုင်ပါလျှက် တုံတုံက ခြောက်နာရီမောင်းရမည်ဟု ပြနေသည်။ ကားဆရာကိုနေလင်းကလည်း ယခင်နှစ်ခေါက်လောက်ရောက်ဖူးသည်ဆိုငြား ကားကို သူကိုယ်တိုင်မောင်းခဲ့ရသည်ကား မဟုတ်။ ကျနော်တို့ကို လိုက်ပို့သောအခါမှသာ ခရီးရှည်မောင်းဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူလည်းလမ်းမကျွမ်းသေး။ အခါများစွာ စမ်းတ၀ါးဝါးဖြင့် မောင်းနှင်နေရဆဲဖြစ်သည်။ တုံတုံကလည်း လမ်းမှန်မှန်မပြ၊ ဆရာကလည်း လမ်းမကျွမ်း။ ရလာဘ်မှာ ကျနော်တို့ကားလေး လမ်းမကြီးမှခွဲထွက်ကာ တောထဲမောင်းဝင်သွားလေတော့သည်။

အဲဒင်ဘရာမှ မန်ချက်စတာခရီးသည် အပြန်လမ်းဖြစ်သော်လည်း လာရာလမ်းကားမဟုတ်။ အခြားလမ်းတစ်ခုမှ လှည့်ပြန်ကြခြင်းဖြစ်သည်။ ဒီလမ်းနှင့် ဒီခရီးသည် ကားဆရာအတွက်လည်း အသစ်ဖြစ်နေပုံရသည်။ ထို့ကြောင့် ဖြစ်ချင်ရာဖြစ် ဇွတ်မှိတ်ကား တုံတုံလေးကို ကိုးစားလိုက်သည်။ ထိုရောအခါ “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး” ကိန်းနှင့် ကြုံရတော့သည်။ A-7 လမ်းမကြီးသည် အဲဒင်မှသည် မန်ချက်ဆီသို့ ဦးတည်ရာလမ်းကြောင်းတစ်ခုဖြစ်သည်။ ကားလေးသည် ယင်းလမ်းကြီးပေါ် ရောက်လာလိုက်၊ ပြန်ထွက်သွားလိုက်ဖြစ်နေသည်။ တုံတုံလေးသည် သူညွှန်ချင်ရာညွှန်နေတော့သည်။ တစ်နေရာတွင် လမ်းခွဲတစ်ခုကို ညွှန်နေသဖြင့် လိုက်သွားမိသည်။ ရှေ့မှာလည်း အခြားကားတစ်စီးမောင်းနှင်နေသည်။ ယင်းကားသွားရာနောက်သို့ နောက်ယောင်ခံလိုက်ရင်းလိုက်ရင်း ရှေ့ကပြေးနေသောကားလေးမှာ မှောင်မဲသော မိုးပြင်းလေပြင်းထဲ ရုတ်တရက် ပျောက်ထွက်သွားသည်။ ရှေ့မှာ မည်သည့်ကားမျှမရှိတော့။ ကားတစ်စီးမောင်းနှင်နိုင်ရုံ လမ်းကျဉ်းလေးသည် ဘယ်နေရာသို့ဦးတည်နေသည်တော့မသိ။ လမ်းဘေးတွင်လဲ တောင်ကျချောင်းရေများ အလျဉ်ပြင်းပြင်းစီးဆင်းနေသော မြစ်ကျယ်တစ်ခုတွေ့ရသည်။

မိုးသည် သည်းသထက်သည်းနေဆဲ။ ကောင်းကင်တစ်ခုလုံးကို မိုးနတ်မင်းကလွှမ်းမိုးထားသဖြင့် အလင်းရောင်ပျောက်နေသည်။ တစ်ချက်တစ်ချက်ဝှေ့တိုက်လာသော လေပြင်းများကြောင့် လမ်းဘေးဝဲယာမှ သစ်ပင်ကြီးငယ်တို့ ယိမ်းထိုးလှုပ်ရှားနေကြသည်။ ကျနော်တို့ကားလေးမှာ တုံတုံညွှန်ရာနောက်သို့လိုက်ကာ သစ်ပင်ကြီးများ အုပ်ဆိုင်းနေသော လမ်းကျဉ်း၊ လမ်းရှည်တစ်ခုထဲသို့ ဇွတ်တိုးဝင်နေသည်။ နေ့ခင်းကြောင်တောင် ကားရှေ့မီးများကို ထွန်းထားရသည်။ လမ်းကျဉ်းကလေးအတိုင်း လိုက်ရင်းလိုက်ရင်း တဖြေးဖြေးနှင့် ကားလေးမှာ အရှိန်ဖြင့်စီးနေသော မြစ်ချောင်းနှင့် နီးသထက်နီးလာသည်။ နောက်ကားလည်း တစ်စီးမှမပါ၊ ရှေ့ကားလည်း ဘယ်ဆီရောက်သွားသည်မသိ။ ကျနော်တို့ကားတစ်စီးတည်း တောထဲရောက်နေသည်။ တစ်မိုင်သာသာဆက်လက်မောင်းနှင်ပြီးသောအခါ ကားဆရာဆုံးဖြတ်ချက်ချသည်။ ရှေ့ဆက်၍ မဖြစ်တော့၊ ရှေ့ဆက်က ရေထဲရောက်သွားမည်ထင့်၊ ပြန်လှည့်မှဖြစ်တော့မည်။ ရှေ့တိုးနောက်ငင်လုပ်နိုင်မည့် နေရာတစ်ခုဆီအရောက်မောင်းပြီး လှည့်ပြန်ထွက်ခဲ့ကြသည်။

လမ်းဆုံလမ်းဝသို့ ပြန်ရောက်သောအခါ တုံတုံကို အားမကိုးလိုတော့သော ကားဆရာသည် ကားပေါ်တွင် လိုလိုမယ်မယ်သုံးဖို့အသင့်ယူလာသော UK Map ကို အားကိုးရတော့သည်။ လမ်းပြမြေပုံပေါ်တွင် အဲဒင်ဘရာနှင့် မန်ချက်အကြားရှိ A-7 လမ်းမကို ပြန်ရှာရသည်။ A-7 သို့ထွက်သော လမ်းသွယ်ကိုလည်း ရှာရသည်။ မြေပုံအညွှန်းအတိုင်း ပြန်မောင်းသည်။ အတော်ကြာကြာမောင်းနှင်ပြီးသောအခါမှ ကျနော်တို့ကားလေးသည် လမ်းကြောင်းမှန်ကိုတွေ့တော့သည်။ အားလုံး သက်ပြင်းတစ်ချက်စီ ချက်လိုက်ကြသည်။ ဟူး---တော်ပါသေးရဲ့၊ မြေပုံကယ်ပေလို့။ ကားဆရာလည်း အခုမှ ပြုံးနိုင်တော့သည်။ တဖြေးဖြေး မန်ချက်စတာနှင့် နီးသထက်နီးနီးလာသည်။ အငြှိုးကြီးစွာ ရွာသွန်းနေသော အဲဒင်ဘရာမိုးနှင့် ဝေးဝေးလာသည်။ ကျနော်တို့နည်းတူ ဟိုက်ဝေးလမ်းမပေါ်တွင် ဥဒဟိုထိုး သွားလာမောင်းနှင်နေသော ကားအစီးပေါင်း များကိုလည်း တွေ့ရသည်။

ဟိုက်ဝေးပေါ်တွင် မိနစ်သုံးဆယ်ခန့် မောင်းနှင်ပြီးသောအခါ လမ်းခွဲတစ်ခုကိုတွေ့ပြန်သည်။ ကားပေါ်ပါလာသော တုံတုံလေးကလည်း ယင်းဘက်သို့ထွက်ဖို့ရာ လမ်းညွှန်နေသည်။ ကားဆရာစဉ်းစားလိုက်သည်။ အင်း---ဒီတစ်ခါတော့ တုံတုံမှန်ကောင်းပါရဲ့။ ယင်းလမ်းသွယ်ကို ယူလိုက်သည်။ ဟိုက်ဝေးပေါ်တွင် ကားများသလောက် လမ်းသွယ်ဘက်မောင်းသောအခါ ရှေ့နောက် ၀ဲယာ ကားရှင်းသည်။ လမ်းဖြူးသည်။ ဒီတစ်ခါတော့ မှားစရာမရှိပြီ။ ထို့ကြောင့် အချိန်မီမန်ယူရောက်ရေးတွေးကာ မိုင် ၈၀-၉၀ နှုံးတင်မောင်းသည်။ သို့သော်---သို့သော်----။ ငါးမိုင်ကျော်ကျော် ခြောက်မိုင်လောက်မောင်းပြီးသောအခါမှ “ဒီလမ်းကသွားလျှင် ပိုကြာမယ်၊ ဟိုက်ဝေးပေါ်မောင်းတာပဲကောင်းတယ်၊ ပြန်လှည့်မယ်“ဟု ဆိုကာ ပြန်လှည့်ကြပြန်သည်။ ကျနော်တို့ကတော့ ရှေ့ဆက်မောင်းမောင်း၊ ပြန်လှည့်လှည့် မထူး၊ မရောက်ဖူးသောအရပ်သို့ ရောက်ဖူးသည်ဟု တွေးကာ ပျော်နေကြသည်။ “ဖိုးသူတော်ရွာလည်လေ၊ ဆန်ရလေ”ထုံး နှလုံးပိုက်ကာ အေးဆေးစွာထိုင်လိုက်သည်။ တောင်စဉ်တောင်တန်းများ၊ မြက်ခင်းလွင်ပြင်များ၊ စမ်းချောင်းများ၊ ရေအိုင်ကြီးများကိုကြည့်ကာ သဘာဝအလှကို လမ်းမှားရင်း တ၀တပြဲခံစားသည်။ တွံတေးသိန်းတန်၏ စုံနံသာမြိုင်သီချင်းကို သံသေးသံညောင်ဖြင့် သူများနားကြားကပ်လောက်အောင် ဟစ်သည်။ ကျနော်သည် သဘာဝကို ချစ်မြတ်နိုးသူ တစ်ယောက်ပါတည်း။

ဟိုက်ဝေးအတိုင်း လိုက်ရင်းလိုက်ရင်း မန်ချက်စတာမြို့ထဲ ရောက်လာခဲ့ကြသည်။ မြို့ထဲရောက်လာသော်လည်း မန်ယူဘောလုံးကွင်းသို့သွားရာလမ်းကြောင်းကို ချက်ချင်းမတွေ့ရသေး။ ကားဆရာက အဲဒင်ဘရာဟိုတယ်မှာကတည်းက ဘောလုံးကွင်း၏ Post Code နှင့် လိပ်စာကို အင်တာနက်မှာ ရှာခဲ့သည်။ ယင်း Post Code ကို ထည့်မောင်းနေခြင်းဖြစ်သည်။ သို့သော် တုံတုံသည် သူညွှန်ချင်ရာညွှန်နေတုန်း။ လမ်းမှာတွေ့သော ကျောင်းသားအချို့ကို ဘောလုံးကွင်းသို့ သွားရာလမ်းကြောင်းကို မေးသောအခါ တစ်ယောက်တစ်မျိုးစီ ပြောကြသည်။ သူတို့သိသော ဘောလုံးကွင်းနှင့် ကျနော်တို့သွားလိုသော ဘောလုံးကွင်း မတူသည်ထင့်။ သို့မဟုတ် မန်ယူမြို့သည် ကမ္ဘာကျော်ဘောလုံးမြို့တော်ဖြစ်သည့်အလျှောက် Old Trafford Stadium အပြင် အခြားဘောလုံးကွင်းတွေလည်း များစွာပင်ရှိရာ သူတို့ကိုလည်း မသိရလေခြင်း အပြစ်မတင်ရက်။ ယင်းသောအခါ အားကိုးစရာသည် တုံတုံပင် ပြန်ဖြစ်လာခဲ့သည်။ တစ်ခါတစ်လေ တုံတုံညွှန်သည့်အတိုင်းလိုက်ရင်း၊ တစ်ခါတစ်ရံ ကားဆရာသိသလို မှန်းမောင်းရင်းက နောက်ဆုံး ကျနော်ရောက်ချင်လှသော မန်ယူဘောလုံးကွင်းကြီးသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ခဲ့ချေတော့သည်။

အခုတစ်ခေါက်ရောက်ခြင်းသည် ကျနော့်အတွက် ဒုတိယအကြိမ်ရောက်ခြင်းဖြစ်သည်။ အရင်တစ်ခေါက်ရောက်ဖူးသော်လည်း ဘောလုံးကွင်းထဲအထိ အ၀င်ခဲ့။ အရောင်းဆိုင်အထိသာရောက်ခဲ့သည်။ အခုတစ်ခေါက်တွင် သူငယ်ချင်းအားလုံးသဘောတူညီကာ ကွင်းထဲဝင်ဖို့ လက်မှတ်တစ်စောင် (၁၃)ပေါင်းနှုံးပေးပြီး ၀ယ်ခဲ့ကြသည်။ ကျနော်တို့လို ကွင်းသို့လာလည်သူများကို တာဝန်ယူဂိုက်လုပ်ရှင်းပြသူများကိုလည်း ခန့်ထားကြောင်းတွေ့ရသည်။ လက်မှတ်ဝယ်ထားပြီးသော အလည်လာသူ ဧည့်သည်များကို စုစည်းပြီး ဂိုက်က ခေါ်သွားသည်။ တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ပြသည်။ သိသင့်သိထိုက်သည်များကို ရှင်းပြသည်။

ကျနော်သည် ဂိုက်ရှင်းပြသည်များကို ကောင်းကောင်းနားမထောင်ဖြစ်။ မရောက်ဖူးသောနေရာတွင် မမြင်ဖူးသော အရာများကို စိတ်ဝင်တစားကြည့်သည်။ ဓာတ်ပုံရိုက်သည်။ ဘောလုံးသမားများ အ၀တ်အစားလဲခန်း၊ ခေတ္တနားနေခန်း၊ အင်တာဗျုးလုပ်သောနေရာ စသည့် နေရာများစွာတို့ကို လိုက်ပြ၊ ရှင်းပြသည်။ ဘောလုံးကန်သောကွင်းအတွင်း ရောက်သွားသောအခါ ကျောက်စိမ်းရောင်ကမ္ဗလာကော်ဇောခင်းထားသည့်နှယ် လှပလွန်းသော မြက်ခင်းစိမ်းစိမ်းကြီးသည် ကျနော့်မျက်လုံးများကို မခွါနိုင်အောင် ဖမ်းစားလျှက်ရှိတော့သည်။ တီဗွီဖန်သားပြင်ပေါ်မှာသာ အခါများစွာ မြင်ဖူးသော ယင်းမြက်ခင်းကြီးကို အခု မျက်ဝါးထင်ထင် ကိုယ်တိုင်ကိုယ်ကျ တွေ့ခွင့်၊ မြင်ခွင့် ရချေပြီ။ မြက်ခင်းကြီးကို ပိုးမွေးသလို မွေးထားကြောင်းတွေ့ရသည်။ အအေးအပူညီမျှမှုရှိစေရန် အလွန်အေးသောအခါ ဆလိုက်မီးပူများထွန်းထားပေးသည်။

ကျနော်တို့ရောက်သွားသောအချိန်သည် မိုးရွာပြီးကာစဖြစ်သည့်အတွက် မြက်ခင်းများအအေးပတ်ပြီး ပျက်စီးမသွားစေရန် မီးပူများ ထွန်းထားသည်ကို တွေ့ခဲ့ရသည်။ ခြေတစ်လှမ်း ကုဋေတစ်သန်းတန်သော ကမ္ဘာကျော်ဘောလုံးသမားတို့၏ ခြေရာများစွာချန်ထားရာ ယင်းမြက်ခင်းပြင်သည် ကမ္ဘာပေါ်တွင် ရှိရှိသမျှ မြက်တို့တွင် တန်ဖိုးအရှိဆုံး၊ ဈေးအကြီးဆုံးဖြစ်ကြောင်း ကျနော်နားလည်လိုက်သောအခါ စိတ်ထဲမှာ မြက်ခင်းကြီးကို ထိချင်တို့ချင်စိတ်များ တဖွါးဖွါးပေါ်လာတော့သည်။ ထို့ကြောင့် ရှင်းပြနေသော ဂိုက်မမြင်အောင် အသာထိုင်ကာ မြက်ပင်လေးများကို လက်ကလေးဖြင့် ပွတ်သတ်လိုက်မိသည်။

အထိအတွေ့သည် အခြားမြက်များနည်းတူ ဘာမှထူးခြားမှုမရှိ။ သို့သော် ကျနော့်စိတ်ထဲ တစ်ခုခုရလိုက်သလို ခံစားမိသည်။ ဤမြက်ခင်းပေါ်မှာ ခြေချခွင့်ရရေးအတွက် ကမ္ဘာပေါ်တွင် ရှိရှိသမျှလူငယ်လူရွယ်တို့ ကျားကုတ်ကျားခဲကြိုးစားနေကြရသည်။ ယင်းအသိနှင့်အတူ အောင်မြင်မှုအတွက် အလိုအပ်ဆုံးသော Key-သည် ကြိုးစားခြင်းပင်တည်း-ဟု တွေးမိသောအခါ အချိန်ကြာမြင့်စွာက မြုတ်ကွယ်နေသော ၀ီရိယဓာတ်တစ်မျိုးသည် ကျနော့်နှလုံးသားထဲတွင် ပြန်လည်နိုးထလာတော့သည်။ ဤသည်ပင် မန်ယူကွင်းအတွင်း ကျနော်ရောက်ခဲ့စဉ်က ရလိုက်သော အကျိုးအမြတ်ကြီးပေတည်း။ ထို့နောက် ကွင်းအပြင်ဘက် ပြန်ထွက်လာကာ အမှတ်တရ ၀ယ်စရာရှိသည်များကို အနည်းအကျဉ်းဝယ်ပြီး ကားပေါ်တက်၊ မြို့တော်လန်ဒန်ဘက်သို့ ဦးတည်ထွက်ခွါလာခဲ့ကြတော့သည်။

ဤတွင် စက်တင်ဘာ (၁) ရက်နေ့မှ (၄) ရက်နေ့အထိ သွားခဲ့သော ကျနော့်၏ ကျောင်းပိတ်ရက် စကော့တလန်နိုင်ငံ၊ အဲဒင်ဘရာခရီးစဉ်သည် အောင်မြင်စွာပြီးဆုံးခြင်းသို့ ရောက်လေတော့သတည်း။

အားလုံးကျမ်းမာပျော်ရွှင်ကြပါစေ---။

အစဉ်လေးစားလျှက်

မင်းထက်
(09/09/09)

Tuesday, September 8, 2009

အဲဒင်ဘရာတောလား (၈)

အဲဒင်ဘရ၊ မြို့အလှကို၊
လက်ပြနှုတ်ဆက်၊ ရုတ်တရက်မို့၊
စိတ်လက်မကြည်၊ ရင်တွင်းဆီဝယ်၊
မျက်ရည်စုစု၊ မိုးအထုနှင့်၊
ပြိုင်ပြုကျလာ၊ ရင်နစ်ပါလည်း၊
နေရာမတင့်၊ ဆင်မသင့်ကြောင့်၊
လာရစ်လမ်းကြောင်း၊ လှည့်ပြန်မောင်းသည်၊
ဘီလူးညောင်းသို့၊ ဂျောင်းဂျောင်းတည်း။


အဲဒင်ဘရာနှုတ်ဆက်

ကယ်လ်တန်တောင်ကုန်းပေါ်မှာ နာရီဝက်ကျော်ကျော်လောက်လည်ပတ်၊ ရှုခင်းကြည့်၊ ဓာတ်ပုံများရိုက်ပြီးသောအခါ ညနေဘက်ဆည်းဆာရောင် တဖြေးကွယ်ပျောက်၍ အမှောင်သန်းချေပြီ။ မနက်ခင်းကတည်းက စန္ဒားလန်းမှ နယူးကာဆယ်လ်၊ နယူးကာဆယ်လ်မှ အဲဒင်ဘရာ တောက်လျှောက် မနားတမ်းမောင်းနှင်လာခဲ့ရသောကြောင့် ကားဆရာကိုနေလင်းခမျာမှာလည်း ဟိုတယ်ပြန် အနားယူချင်နေရှာပြီဖြစ်သည်။ ထို့ကြောင့် ဆည်းဆာပျောက်အလင်းရောင်ဝိုးတ၀ါးဖြင့် အဲဒင်ဘရာကို နောက်ဆုံးဓာတ်ပုံတစ်ချက် ရိုက်လိုက်ပြီး တောင်ကုန်းပေါ်မှ ဆင်းသက်ခဲ့ကြတော့သည်။ နေရစ်ပေးဦးတော့ ကယ်လ်တန်ရေ့။ နောင်ဘယ်သောအခါ ပြန်ဆုံရမည်မသိဟူသော အသိတစ်ခုခေါင်းထဲဝင်လာသောအခါ သံယောဇဉ်အမျှင်တန်းသော ကျနော့်မျက်လုံးများသည် တောင်ကုန်းလေးကို နောက်ပြန်တစ်ချက်လှည့်ကြည့်လိုက်မိသည်။

ကားရပ်ထားရာနေရာသို့ ရောက်သောအခါ ကယ်လ်တန်တောင်ကုန်းထက်မြင့်မားသော အခြားတောင်ကုန်းတစ်ခုကိုလဲ လှမ်းမြင်နေရသည်။ လှမ်းမြင်ရသောတောင်ကုန်းကြီးသည် ဖားကြီးတစ်ကောင် အဲဒင်ဘရာမြို့ဘက်ခေါင်းလှည့်ကာ ခုန်အုပ်မည့်ဟန်ဖြင့် ၀တ်လျှက်ရှိသည်။ အဝေးကလှမ်းမြင်ရသလောက် ယင်းတောင်ကုန်းပေါ်တွင် မည်သည့်အဆောက်အဦးမျှ မရှိ။ တောင်ကုန်းထိပ်ပေါ်တွင် လမ်းသလားနေကြသော လူအချို့ကို သေးသေးကွေးကွေးမြင်နေရသည်။ ညနေဘက် တောင်ထိပ်တက်၍ လေညင်းခံနေကြသည်ထင့်။ သူငယ်ချင်းတစ်ယောက်က ပြောပြသဖြင့် ယင်းတောင်ကုန်းပေါ်တွင် ဂျိမ်းစ်ဘော ရုပ်ရှင်ကားများစွာကို ရိုက်ခဲ့ကြောင်းသိရသည်။ သွားခဲ့ချင်သော်လဲ အချိန်ဆင်းရဲရှာသော ကျနော်တို့အဖွဲ့သားအတွက် အခွင့်မသာခဲ့။ ထို့ကြောင့် ကာလ်တန်တောင်ကုန်းနှင့်ပင် ကျေနပ်ကာ နေရပ်သို့ ပြန်လာခဲ့ကြရရှာတော့သည်။

အဲဒင်ဘရာမိုးသည် တစ်ဖွဲဖွဲကျနေသည်။ မိုးစက်မိုးပေါက်များကို ထိုးဖေါက်ကာ ကားကလေးသည် လာရာလမ်းအတိုင်း တည်းခိုမည့်ဟိုတယ်သို့ ဦးတည်လျှက် တရိပ်ရိပ်ပြေးနေသည်။ အဲဒင်ဘရာမြို့အတွင်း လူသူလေးပါး ဥဒဟိုတိုး သွားလာလှုပ်ရှားလျှက်ရှိသည်။ ဟိုတယ်သို့ ပြန်ရောက်သောအခါ ညရှစ်နာရီကျော်ပေပြီ။ ကျနော်တို့တည်းခိုသည့် ဟိုတယ်သည် မနက်စာနှင့် အိပ်စရာကိုသာပေးနိုင်သည်။ ကားရပ်စရာနေရာကို မပေးနိုင်။ ထို့ကြောင့် ကားရပ်နိုင်မည့်နေရာကို ဟိုတယ်နှင့်မလှမ်းမကမ်းတွင် တစ်လမ်းဝင် တလမ်းထွက် လိုက်ရှာရပြန်သည်။ သို့သော် စိတ်ကျေနပ်စရာကောင်းသော နေရာမျိုး မတွေ့ခဲ့ရ။ တစ်နေရာတွင် တညတာအတွက် ကားကို ထိုးရပ်ပြီး ကားပေါ်ပါလာသော ပစ္စည်းများကို ကိုယ်စီသယ်မကြကာ ဟိုတယ်ရှိရာသို့ မိုးထဲလေထဲ လမ်းလျှောက်ခဲ့ကြရသည်။ တစ်ရံတခါ ဒုက္ခခံရခြင်းသည် ယင်းနှင့်တွဲဖက်လာသော သုခကို ပိုမိုချိုမြိန်စေကြောင်း ကျနော်မှတ်ချက်ချမိသည်။

ဟိုတယ်သို့ရောက်သောအခါ ရေမိုးချိုးပြီး (မိုးကို အပြင်ကချိုးခဲ့သည်၊း)) “ငါ့ဝမ်းပူဆာမနေသာသဖြင့်” ဆာလောင်နေသောဗိုက်များကို ဖြည့်တင်းကာ စောစောအိပ်ရာဝင်ခဲ့ကြတော့သည်။ တစ်နေကုန်ပင်ပန်းလေ၍လားမသိ၊ အလွန်အိပ်ကောင်းသော ညတစ်ညဖြစ်ကြောင်း အသိအမှတ်ပြုမိသည်။ မနက်မိုးလင်းသောအခါ ရေတစ်ခါထပ်ချိုးလိုက်သည်။ လန်းသည်ထက် လန်းသွားသည်။ အ၀တ်အစားလဲပြီး ဟိုတယ်အောက်ထပ်သို့ဆင်းကာ မနက်စာစားဖို့ လုပ်ရသည်။ ဟိုတယ်မနက်စာမှာ နှစ်မျိုးဖြစ်သည်။ တစ်မျိုးက ပိုက်ဆံပေးစရာမလို။ Buffet ပုံစံဖြင့် ခုံရှည်ပေါ်တွင်တင်ပေးထားသော ပေါင်မုန့်၊ အသားပြား၊ ဒိန်ခဲ၊ လိမ်မော်ရည်၊ နွားနို့ လက်ဘက်ရည်၊ ကော်ဖီ စသည်စသည်များကို ကိုယ့်စိတ်ကြိုက် ယူစားနိုင်သည်။ ယင်းအတွက် တစ်ပြားမှ ထပ်မပေးရ။ ဟိုတယ်ခပေးစဉ်က ပေးပြီးဖြစ်သည်။

နောက်တစ်မျိုးမှာ Scottish Breakfast ခေါ် စကော့မနက်စာဖြစ်သည်။ သီးသန့်မှာစားရသည်။ လေးပေါင်လောက်ပေးရသော ယင်းစကော့မနက်စာသည်လည်း အဲဒင်ဘရာသို့ရောက်သူတိုင်း မြည်းကြည့်သင့်သော စားကောင်းသောက်ဖွယ်တစ်မျိုးတည်း။ အင်္ဂလိပ်မနက်စာနှင့် များစွာမထူးခြားလှသော်လဲ စကော့ပဲပြားဝိုင်းကြော်သည် စားသုံးသူများကို အမှတ်တရဖြစ်စေကြောင်းသိရသည်။ အလကားစားရသော Buffet ကို အ၀နီးနီးစားထားသောကြောင့် စကော့မနက်စာရောက်လာသောအခါ ကျနော့်ခမျာ ကောင်းကောင်းမစားနိုင်တော့။ နာမည်ကြီးသော စကော့ပဲပြားကြော်ကို မြည်းကြည့်သည်။ ကျနော့်လျှာနှင့် မတွေ့လှ ခါးသက်သက်နိုင်သည်။ အဘယ်ကြောင့် နာမည်ကြီးသည်ဟု ကျနော်မသိ။ သို့သော် စားဖူးတယ်ရှိအောင် တစ်ဝက်လောက်စားလိုက်သည်။ Buffet ရော၊ Scottish Breakfast ပါ အ၀အပြဲစားလိုက်သောကြောင့် အိပ်ရေးဝနေပြီဖြစ်သော မျက်လုံးများ ပြန်စင်းလာကာ အိပ်ယာထဲသို့ ပြေးအိပ်ချင်စိတ်ပေါက်သွားသည်။ သို့သော် ခရီးဆက်ရပေးဦးမည်။ အပြန်ခရီး။

မနက်စာ စားကြပြီး အခန်းထဲပြန်သွားကာ ပစ္စည်းများသိမ်းဆည်း ယူငင်၍ ပြန်ဆင်းခဲ့ကြသည်။ ဟိုတယ်အပြင်ဘက်တွင် အဲဒင်ဘရာ၏ နံနက်ခင်းသည် နေရောင်ချည်ကင်းပျောက်ကာ မိုးစက်မိုးပေါက်များအောက်တွင် စိုစိုစွတ်စွတ်ဖြစ်နေသည်။ မနေ့ညနေကတည်းက သည်းနေသော မိုးသည် အခုထိ မစဲသေး။ ပိုမိုသည်းနေသည်ဟုပင် ထင်ရသည်။ ကားဆရာကိုနေလင်း ကားထားရာသို့ မိုးထဲရေထဲ တစ်ယောက်တည်းထွက်ခွါသွားသည်။ တော်တော်နှင့် ပြန်မလာ။ ဘာများဖြစ်နေပါလိမ့်။ ကျနော်စိတ်ပူမိသည်။ အတော်လေးကြာမှ ဟိုတယ်ရှေ့သို့ ကားရောက်လာသည်။ ကားကိုမြင်ရမှ ကျနော် ဟင်းကနဲသက်ပျင်းချနိုင်တော့သည်။

သို့သော် ကိုနေလင်းမျက်နှာပျက်လျှက်ရှိသည်။ မေးစရာမလိုပဲ ဖြစ်ကြောင်းကုန်စဉ် ရှင်းပြရှာသည်။ ခေတ္တသွားရပ်ထားသော ကားနေရာသည် သူများပိုင်နက်ထဲဖြစ်တဲ့အတွက် ပိုင်ရှင်ပြန်ရောက်လာပြီး ကျနော်တို့ကားကို ရဲလက်ထဲအပ်လိုက်သည်ဟု သိရသည်။ ဒါတင်မကသေး။ သူရောက်သွားချိန်တွင် ကားကို ကရိန်းဖြင့် ဆွဲမလုလုဖြစ်နေပြီဟုဆိုသည်။ မနည်းတောင်းတောင်းပန်ပန်ပြောပြီး ကားကို ပြန်ယူခဲ့ရကြောင်း ပြောပြသည်။ တော်ပါသေးရဲ့၊ ကားပြန်ပါလာသို့။ သို့သော် ယင်းအတွက် ပေါင်သုံးဆယ်ပေးလိုက်ရသေးသည်။ ကားပါသွားက ပေါင်ငါးရာနှင့်သွားရွေးရသည်ဟု သိရသည်။ မလွယ်သော ကားထားဖို့နေရာ ပြဿနာကြီးပေတည်း။ ကျနော်တို့အားလုံး ကားပေါ်တက်ကာ အဲဒင်ဘရာကို နှုတ်ဆက်လိုက်ကြသည်။ နေရစ်ပေဦးတော့။ ကံမကုန်လျှင် ပြန်ဆုံဖို့ ကျနော်မျှော်လင့်နေဆဲ။ ဟိုတယ်ရှေ့မှ ကားကလေးကို ဝေါကနဲ့မည်အောင် မောင်းထွက်လိုက်သည်။ အဲဒင်ဘရာကောင်းကင်သည် မှောင်မဲလျှက် မိုးသည်ထင်သည်ထက် ပိုပိုသည်းလာသည်။ ခွဲခွါရတော့မှာမို့ အလွမ်းမျက်ရည် သည်းသည်ထင့်။ သို့သော် မနေနိုင်သူကတော့ ဆက်သွားရပေဦးတော့မည်။ ဒီတစ်ခါ ကျနော်တို့၏ ဦးတည်ရာသည် မန်ချက်စတာမြို့ရှိ ကမ္ဘာကျော်အိုးထရက်ဖို့ ဘောလုံးကွင်းသို့။

Monday, September 7, 2009

အဲဒင်ဘရာတောလား (၇)

ဝိသကြိုနတ်၊ ဖန်ဆင်းအပ်သည့်၊
ပြဿာဒ်ဗိမာန်၊ ဘုံသဏ္ဌာန်ပင်၊
အဲဒင်နှင့်ယှဉ်၊ ပြိုင်ပွဲဝင်သော်၊
အဲဒင်အနောက်၊ သူကရောက်လိမ့်၊
ထိုကြောင့်နတ်မင်း၊ ပြိုင်မခင်းပဲ၊
နေရင်းပြည်ကို၊ သူပြေးလိုသည်၊
ဘီလူးငိုသို့၊ ဖြိုင်ဖြိုင်တည်း။


ကယ်လ်တန်တောင်ကုန်း

ကျနော်တို့အဖွဲ့သားများ အဲဒင်ဘရာရဲတိုက်တောင်ကုန်းပေါ်ရောက်နေသည်မှာ တစ်နာရီကျော်ကျော်ရှိပေပြီ။ ညနေ (၆) နာရီထိုးလုပြီဖြစ်သောကြောင့် ခရီးသွားများ အလျှိုအလျှိုတောင်အောက်သို့ ပြန်ဆင်းနေကြပြီဖြစ်သည်။ ကျနော်တို့အဖွဲ့လည်း ရဲတိုက်ဝင်းအတွင်းရှိ ပြတိုက်ပေါ်လှည့်ပတ်ကြည့်ရှု၊ ဓာတ်ပုံများရိုက်ပြီးနောက် အများနည်းတူ တောင်အောက်သို့ ပြန်လည်လမ်းလျှောက်ဆင်းခဲ့ကြသည်။ တစ်နေ့တာ လောကအကျိုး သည်ပိုးပြီးသော နေမင်းရာဇာကား သူ့တာဝန်တစ်ရပ်ပြီးဆုံးပြီမို့ လူသားများကို လက်ပြနှုတ်ဆက်လျှက်ရှိသည်။ ၀င်လုဆဲနေရောင်ချည်၏ ထိုးဟတ်မှုကြောင့် ဆေးရောင်မချယ်သော အဲဒင်ဘရာတိုက်အိုကြီးများသည် နေအဟတ်တွင် တစ်မျိုးထွင်ကာ အလှဆင်လျှက်ရှိပြန်သည်။ ဆည်းဆာရောင်သည် အကျီးတန်သူကိုပင် အလှဆင်ပေးနိုင်သည် မဟုတ်လော။ ကျနော့်လက်ထဲက ကင်မရာလေးမှ မီးရောင်တစ်ချက် လင်းလက်သွားသည်။ ဒီလိုအလှမျိုးကို လက်လွှတ်ခံ၍ မဖြစ်။ မိမိရရ ရိုက်ယူလိုက်သည်။

တောင်ခြေကားရပ်ထားရာ နေရာမှ အောက်ဘက်သို့ ကြည့်လိုက်ပါက National Gallery of Scotland-စကော့တလန်းအမျိုးသားပန်းချီပြတိုက်ကြီးကို ထည်ဝါစွာ လှမ်းမြင်ရသည်။ နေ့တိုင်းဖွင့်သည်ဟုသိရသော်လဲ အချိန်မရသောကြောင့် မ၀င်ဖြစ်ခဲ့။ အဝေးကသာ လှမ်း၍ ဓာတ်ပုံရိုက်ခဲ့ရသည်။ လန်ဒန်မြို့၊ Trafalgar Square ရှိ ပန်းချီပြတိုက်ကြီးကို ပြေးသတိရလိုက်သည်။ ယင်းပြတိုက်အတွင်းရှိပန်းချီကားများ မည်မျှလက်ယာမြောက်သည်ကို ကျနော်တို့မြန်မာပြည်က ပန်းချီဆရာအကြီး/အသေးများကို မြင်စမ်းစေချင်သည်။ ကျွဲခြေရာခွက်ထဲ ကူးခပ်နေရသော ဖားသူငယ်ဘ၀မှ လွတ်မြောက်စေချင်လှသည်။

ကျနော်သည် မြန်မာလူမျိုးတစ်ယောက်ဖြစ်သည့်အလျှောက် မြန်မာ့အနုပညာကို ချစ်လည်းချစ်သလို တန်ဖိုးလည်းထားပါသည်။ သို့သော် ကျနော်တို့ အနုပညာသည် နိုင်ငံတကာနှင့် ဘယ်အဆင့်ထိ ရင်ဘောင်တန်းနိုင်ပါသနည်း? မြန်မာပြည်မှာ နေစဉ်တုန်းက ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရခြင်းအတွက် ဂုဏ်ယူမိသော်လဲ သူများနိုင်ငံတွင် နေရသောအခါ မြန်မာပြည်တွင် ဘယ်အစိတ်အပိုင်းသည် ဂုဏ်ယူစရာဖြစ်သနည်း? ဆိုသည့်မေးခွန်းကို ကျနော်မကြာခဏမေးမိသည်။ အဖြေမတွေ့တိုင်း ဟိုအ၀ှါမသားကြီးကို စိတ်တိုသည်။ ဒီကောင်ကြီး ရှိနေသမျှတော့-ဟု။ အင်း---ဒီကောင်ကြီးမရှိလဲ ဒီကောင်လေး တက်လာဦးမှာတော့ မြင်ယောင်မိသေး၏။ (တောလားရေးရင်းနဲ့ တောင်လားရောက်သွားပြီ၊ ရပ်ထားမှ။)

စကော့အမျိုးသားပန်းချီပြတိုက်ကြီးအတွင်းရှိ ပန်းချီကားများကို စိတ်ကူးနှင့်လှမ်းပုံဖေါ်ကာ ခံစားလိုက်မိသည်။ ဆီဆေး၊ ရေဆေးအစုံနှင့် အဝေး၊ အနီး၊ အလင်းအမှောင် ဟန်ချက်ညီညီရေးဆွဲထားသော ရောင်စုံပန်းချီကားတစ်ချပ်ကို အိမ်မက်မက်ကြည့်လိုက်သည်။ သို့မဟုတ် ကျနော်ကိုယ်တိုင်ပန်းချီဆရာဘ၀ကို ခေတ္တခံယူကာ ကျနော်အချစ်ဆုံးသူတစ်ယောက်၏ပုံကို အလှပဆုံးကိုယ်ဟန်အနေအထားဖြင့် ရေးဆွဲလိုက်သည်။ ထို့နောက် ယင်းပန်းချီကားကို စကော့ပန်းချီတိုက်အတွင်း မည်သူမှမမြင်နိုင်သော နေရာတွင် ကျနော်ကိုယ်တိုင် သိမ်းဆည်းထားခဲ့လိုက်သည်။ ချစ်သူရေ---နေခဲ့ပေတော့။ ကျနော့်စိတ်ကူးပန်းချီကားကို နှုတ်ဆက်ရင်း နောက်တစ်နေရာဆက်ဖို့ရာအတွက် ကားလေးပေါ်တက်လိုက်သည်။ ကားဆရာကိုနေလင်း ခေါ်ရာနောက်သို့ ကျနော်တို့ တိတ်ဆိတ်စွာ စီးနင်းလိုက်ပါလာခဲ့ကြသည်။ အချိန်မှာ ညနေ (၆) နာရီ ခွဲလုလု။ သို့သော် နေ့အလင်းရောင်ကား မကုန်သေး။

၁၅-မိနစ်ခန့် မောင်းနှင်ပြီးသောအခါ ကားလေးကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်သည်။ “ဒီနေရာကို Calton Hill လို့ခေါ်တယ်”ဟု ကိုနေလင်း ရှင်းပြသည်။ ကယ်တန်တောင်ကုန်းပေါ်သို့ ကားတက်လမ်းကြောင်းကို ပိတ်ထားသဖြင့် လမ်းလျှောက်တက်ခဲ့ကြရသည်။ ကျနော်တို့အတွက် ပိုကောင်းသည်။ အညောင်းပြေလမ်းလျှောက်ပြီး ဖြစ်သွားသည်။ တောင်ကုန်းပေါ်အတက်လမ်းတွင် ဓာတ်ပုံရိုက်ကြသည်။ ယင်းအချိန်တွင် မျက်နှာကို မိုးစက်သေးငယ်များ လာမှန်သဖြင့် မိုးရွာမည်လော စိတ်ပူလိုက်ရသေးသည်။ သို့သော် မိုးစက်တို့အားလုံး အဲဒင်ဘရာလေအဝှေ့တွင် အဝေးသို့ပြေးထွက်သွားခဲ့သောကြောင့် တောင်ကုန်းပေါ်တွင် အဆင်တပြေ လမ်းလျှောက်ကာ အဲဒင်ဘရာအလှကို ကောင်းစွာခံစားနိုင်ခဲ့ကြသည်။

ကယ်လ်တန်တောင်ကုန်းလေးသည် ၁၈-ရာစုစောစောပိုင်းက တည်ဆောက်ခဲ့သော National Monument, Nelson's Monument နှင့် Dugald Steward Monument တို့ တည်ရှိရာ ဒေသတစ်ခုဖြစ်ရုံမက မြန်မာနိုင်ငံ၊ ရခိုင် ဓည၀တီက သိမ်းလာသော ၁၅-ရာစုနှစ်ဦး ပေါ်တူဂီလုပ် ကြေးမြောက်ကြီးတစ်လက်ကို သိမ်းဆည်းထားရာ နေရာလဲ ဖြစ်သည်။ အမြောက်ကိုယ်ထည်တွင် မြန်မာစာများရေးထွင်းထားသည်။ ယင်းအမြောက်ကြီးကို တောင်အောက်မှ တောင်ပေါ်သို့တက်လာရာ လမ်းဝတည့်တည့်သို့ ချိန်ထားသည်။ ကြေးအမြောက်ကြီးမှာ မဟာမြတ်မုနိဘုရားဝင်းအတွင်းရှိ ကြေးရုပ်ကြီးများ၏ နှာခေါင်းကဲ့သို့ လာရောက်သူမှန်သမျှ ပွတ်ပွတ်သွားသဖြင့် ၀င်းဝင်းပြောင်လက်လျှက်ရှိခြေသည်။ ကျနော်တို့အဖွဲ့သားများ မြန်မာကွဟု အော်ဟစ်ကာ အမြောက်ကြီးကို ပွေ့ဖက်ကာ ဓာတ်ပုံရိုက်ခဲ့ကြသေးသည်။ သို့သော် ကျနော်ခံစားမိပါသည်။ ကိုယ့်ပစ္စည်းသူတစ်ပါးလက်ထဲ ရောက်နေရခြင်းသည် ကိုယ့်အတွက် ဂုဏ်ယူစရာမဟုတ်။ ကိုယ်အသုံးမကျသောကြောင့်သာ (သို့) အင်းအားနည်းပါးသောကြောင့်သာ ယင်းသို့ဖြစ်ရကြောင်းကို တွေးမိပြန်သောအခါ ကျနော့်ရင်သည် ယင်းအမြောက်ကြီးကို မြန်မာပြည်သို့ ပြန်ထမ်းပြေးချင်စိတ်ပေါက်လောက်အောင် ပူလောင်လာခဲ့သည်။ သို့သော်---သို့သော်---။

ကယ်တန်တောင်ကုန်းဒေသသည် အထက်ပါ မြန်မာ့အမြောက်ကြီးနှင့် Monument သုံးခုတို့၏ တည်ရာသာမဟုတ်။ မြို့တော် အဲဒင်ဘရာ၏ ဗဟိုအချက်အချာလည်း ဖြစ်နေပြန်သည်။ တောင်ကုန်း၏ အောက်ခြေတောင်ဘက်တွင် စကော့တလန်အစိုးရဌာချုပ် (St Andrew's House) အဆောက်အဦးကြီးနှင့် လွှတ်တော်အဆောက်အဦးကြီးအပြင် ၁၁-ရာစုစောစောပိုင်းက တည်ဆောက်ခဲ့သော Holyrood Palace ကဲ့သို့သော နာမည်ကျော် အဆောက်အဦးကြီးများလဲ ၀န်းရံတည်ရှိလျှက်ရှိသည်။ ထို့ပြင် တောင်ကုန်းသည် နှစ်စဉ်နှစ်စဉ် ပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ နေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ အထူးသဖြင့် နှစ်စဉ် ဧပြီ (၃၀) တွင် ကျင်းပသော Beltane Fire Festival ခေါ် ဘဲလ်တိန်းမီးပွဲတော်သည် ရဲတိုက်တောင်ကုန်းတွင်ကျင်းပသော စစ်ရေးပြအခန်းအနားနှင့် မတူကွဲပြား တစ်မျိုးခြားကာ အဲဒင်ဘရာသားတို့၏ စိတ်နှလုံးကို ယူကြုံးသိမ်းထား ဖမ်းစားလျှက်ရှိချေတော့သည်။

ကယ်တန်တောင်ကုန်းပေါ်မှ ကြည့်လျှင် အဲဒင်ဘရာမြို့တော်၏ အလှသည် ရဲတိုက်တောင်ကုန်းပေါ်မှ ကြည့်ရသည်နှင့်မတူပဲ ကျက်သရေတစ်မျိုးဆင့်ကာ ပိုမိုအလှတိုးနေကြောင်း သတိပြုမိသည်။ ရဲတိုက်တောင်ကုန်းပေါ်ကကြည့်လျှင် အပေါ်စီးမှ ကြည့်ရသောကြောင့် အဆောက်အဦးတို့၏အလှသည် မပေါ်လွင်၊ ချောမောလှပသော မိန်းကလေးတစ်ယောက်ကို ခေါင်းပေါ်မှငုံ့ ကြည့်ရသည့်နှယ် များစွာသော အဆောက်အဦးတို့၏ အမိုးကိုသာ မြင်ရသည်။ ကယ်တန်တောင်ကုန်းပေါ်က ကြည့်လျှင်ကား မိန်းကလေးကို ရှေ့တူရှုမှ ကြည့်ရသည်နှယ် အဆောက်အဦးများသည် အလှကြွယ်လျှက်ရှိပေတော့သည်။ ထို့ကြောင့် အဲဒင်ဘရာမြို့တော်အလှဓာတ်ပုံနှင့် ပန်းချီကားအများစုသည် ယင်းကယ်လ်တန်တောင်ကုန်းပေါ်မှ ရိုက်ထား၊ ရေးဆွဲထားသည်ကများကြောင်း သိရပြန်လေသတည်း။