Friday, June 26, 2009

မိုက်ကယ်ကို နှုတ်ဆက်ခြင်း


တလက်လက်ရောင်စဉ်
တောက်ပြောင်လို့မှ မဆုံးသေး
အရှုံးပေး ဆုတ်ခွါခဲ့ပြီလား မိုက်ကယ်။

လောကကို အနိုင်လု
သောကကို အပြိုင်မမှုတဲ့ မင်းတစ်ယောက်
အခုတော
လောကက ထွက်ခွါ
တစ်သက်တာကျန်ရစ်မည့် သောကနဲ့အတူ
လောကအလယ်မှာ
ငါတို့ကို ထားခဲ့ပြီပေါ့။

ဂီတကို မြတ်နိုး
ဂီတကို တွယ်တာ
ဂီတကိုသာ ဘ၀ရဲ့အဖေါ်ကောင်းလို့
မှတ်ယူခဲ့တဲ့ မင်းတစ်ယောက်
အခုတော့
မင်းချစ်တဲ့ဂီတနဲ့
မင်းကိုချစ်တဲ့ ဂီတပရိတ်သတ်တွေကို
နှုတ်ဆက်ဖို့တောင် အချိန်မပေး
အဝေးသို့ ပြေးထွက်
ဒီတစ်သက်တော့ ငါတို့ ရေစက်ကုန်ပြီပေါ့။

မင်းက ငါတို့ကို
နှုတ်ဆက်ဖို့ ဆွံ့အခဲ့ပေမဲ့
ငါတို့ကတော့
မင်းမမြင်နိုင်တော့တဲ့ ဟန်တွေနဲ့
လက်ပြနှုတ်ဆက်
မင်းအတွက် တောင်းဆုချွေလျက်ပါပဲ။

မင်းမရှိတော့ပေမဲ့
ကျန်ရစ်တဲ့ မင်းရဲ့သီချင်းတွေဟာ
ငါတို့အတွက်တော့
မင်းကို သတိရမိတဲ့အခါတိုင်း
အသက်ဆက်ဖို့ ခွန်အားတွေပဲပေါ့။

အပျော်အပါးကို ဂုဏ်ထင်
အဖေါ်အများကို ခုံမင်ပြီး
ဂီတစင်ပေါ် မင်းကို စတွေ့တဲ့အချိန်မှာ
ငါ့ဘ၀ရဲ့ သက်တမ်းဟာ
အတက်လမ်းကိုလုယူ
အခက်ပန်းကို ဆုခြူနေရတဲ့အချိန်ပေါ့။

ငါနားမလည်တဲ့ ဘာသာစကားတွေနဲ့
သီဆိုထားတဲ့ မင်းရဲ့ဂီတသံစဉ်တွေဟာ
ငါ့ရဲ့သောတ ငါ့ဟဒယမှာ
ပျားရည်စက်လို ချိုမြ
“ဟာ”
ငါလိုနေတာ ဒါပဲဆိုတာ သိခဲ့ရတယ်
ငါလဲ ဂီတချစ်သူ တစ်ယောက်ရယ်လေ။

အခုတော့ ငါ့ကုတင်နဘေးရှိ ဆက်တီပေါ်က
မင်းရဲ့သီချင်းတွေပါတဲ့ စီဒီပြားလေးတွေဟာ
မင်းမရှိတော့ပေမဲ့
မင်းကိုယ်စား အမှတ်တရ
ငါ သိမ်းထားမှာပါ မိုက်ကယ်။

နှုတ်ဆက်ခွင့်ကို အသာထား
လက်ပြခွင့်တောင် မလုံလောက်တဲ့အချိန်ကလေးတွင်းမှာ
မင်းဟာ တို့ဘ၀ရဲ့ အခြားတစ်ဘက်ကို ကူးသွားခဲ့ပြီ။

တကယ်လို့ အဲဒီဘက်မှာ
ငါတို့လိုပဲ မင်းကို အားပေးမည့် ပရိတ်သတ်တွေ ရှိနေဦးမယ်ဆိုရင်
မင်းတစ်ယောက်
နေရာအသစ်မှာ
သီချင်းအသစ်တွေ သီဆိုရင်း
ပျော်ရွှင်နိုင်ပါစေလို့
ငါဆုတောင်းနေပါတယ် မိုက်ကယ်။
“ဘိုင့်ဘိုင်”



အလွမ်းပြေ နားထောင်လိုက်ကြစို့

သေပြီးသည်နောက်


ကောင်းကင်ယံထက်၊ ၀ဲပျံငှက်လဲ
သေမည့်ရက်ကြုံ၊ သေခဲ့တုံ၏။

တောင်စဉ်ဂူကြား၊ ပုန်းသူများလဲ

လွတ်ငြားမရှိ၊ သေတုံဘိ၏။

သမုဒ်ပင်လယ်၊ ပုန်းကာကွယ်လဲ

လွတ်ဘွယ်မရှိ၊ သေရ၏ရှင့်။

ဆေးဝါးဓာတ်စာ၊ ကောင်းစားပါလဲ

သေရွာလွန်မြောက်၊ ဘယ်သူရောက်လိမ့်။


သေမင်းနဲ့ဆုံ၊ သေနေ့ကြုံသော်

ဘယ်ဘုံဌာန၊ ဘယ်ဘ၀ပင်

နေရတုံဘိ၊ လွတ်မရှိကြောင့်

အသက်ရှင်စဉ်၊ ခဏတွင်ဝယ်

များပင်ကောင်းမှု၊ ကြိုးစားပြုလော့။

လူ့ရွာပွါးတိုး၊ လူ့အကျိုးလဲ

မခိုးမ၀ှက်၊ သင်ဆောင်ရွက်လေ။


ဓနဥစ္စာ၊ ဂုဏ်သိက္ခာတို့

သေရွာရောက်လင့်၊ ကျိုးမဖြစ်ဘူး

ဆိုးညစ်ဆန္ဒ၊ မှန်သမျှဖြင့်

ဓနဂုဏ်ဝါ၊ စည်းဥစ္စာကို

များစွာရရေး၊ လေးမပေးနှင့်။

သင်သေသွားသော်၊ သင့်အဖေါ်ကား

သင်ခေါ်ရာနောက်၊ တကောက်ကောက်လိုက်

သင့်နောက်မြဲပါ၊ ကုသလာတည်း။

ထို့ကြောင့်လူ့ရွာ၊ နေသောခါဝယ်

များစွာကောင်းမှု၊ စုဆောင်းပြုသော်

ခုရောနောင်ပါ၊ သံသရာ၌

မှန်စွာတွေ့ရ၊ ဘုံဘ၀သည်

သုခချမ်းသာ၊ စစ်စစ်တည်း။


(မနေ့ညက သန်းခေါင်ကျော် ၂း၂၆ မိနစ်အချိန်တွင် ဆုံးသွားရှာသော အသက် ငါးဆယ်အရွယ်ရှိ ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင်အား ရည်စူး၍ ဤသံဝေဂကဗျာကို ရေးသားစပ်ဆိုပါသည်။






Tuesday, June 23, 2009

တမ်းတခြင်းများ


အတွေး...အတွေ့တွေနဲ့
တစ်ရေး...ရိပ်မြင်ယောင်
အဆွေး...စိတ်ဘ၀င်မှာခို
ရင်မှာပို အမြဲ။

ဘာလိုလိုနဲ့
ငါ တစ်ယောက်
မွေးမြေနဲ့ ဝေး
အတွေးတွေနဲ့ ဆွေးခဲ့တာ
အခုဆို
တစ်နှစ်တောင် ကျော်လို့
နှစ်နှစ်ထဲ ရောက်လုပေါ့။

နောက်တစ်ခု
ငါ့ချစ်သူ တစ်ယောက်
ဘယ်သူ ဘယ်ဝါ
ဘယ်မှာ ဘယ်က
ငါကိုယ်တိုင်တောင် အသေအချာမသိ
ဒါပေမဲ့
ရင်ထဲမှာတော့ အမြဲရှိ
ခွဲမိမှ ပိုလွမ်းသလိုလို
ငိုတမ်းကဗျာတွေလဲ ရေးခဲ့
အပျိုလွမ်းစာတွေလဲ ပေးခဲ့
သို့ပေမဲ့
အဆွေး...အဆွေးကယ်မပြေ
တစ်ရေး...တစ်ရေးရယ်နဲ့
တစ်မှေး...တစ်မှေးလောက်စိတ်ချော်လို့
အိပ်ပျော်တဲ့ အခါမှာတောင်
ရင်ခွင်ဘောင် ကျော်နင်း
သူယောင်အသွင် ဖန်ဆင်းလို့
အိပ်မက်အတွင်း ဇွတ်ဝင်
“ချစ်ချင်လို့ပါ အကိုရယ်” တဲ့။

ကဲ---ကြည့်စမ်း
အချစ်စခန်း...ဆိုတာမျိုးက
အဖြစ်ဆန်း...အလွန်ကျယ်
ပစိဖန်း(Pacific)...ပင်လယ်လို
တကယ်ကို မရပ်တမ်း
ဖြတ်သန်းရ အလွန်ခက်
ကျော်လွှားရ မလွယ်ကူ
အဘယ်သူမို့
ငါက မေ့နိုင်မှာတဲ့ လဲ
အမြဲပဲလွမ်း...လွမ်းသလေပေါ့
အသဲပဲကျွမ်း...ကျွမ်းပစေတော့
အကဲပဲစမ်း...စမ်းလေတော့
ချစ်သူရယ်။


သတိနှင့် အသိ



စက္ခုနှစ်ဖြာ၊ ပွင့်နေပါလဲ၊
မြင်အောင်မကြည့်၊ မမြင်ဘိသို့၊

သောတအင်္ဂါ၊ မချို့ပါလဲ၊

အာရုံမမိ၊ မကြား၏သို့၊

သတိကိုယ်မှာ၊ မကပ်ပါမူ၊
မြင်ရာကြားရာ၊ အာရုံဖြာသည်၊
ဘယ်မှာ ကိုယ်သို့ရောက်အံနည်း?

အသိကိုယ်မှာ၊ ပျောက်နေပါမူ၊
စက္ခုသောတာ၊ ထိုနှစ်ဖြာသည်၊
ဘယ်မှာ အလုပ်လုပ်အံ့နည်း?

မရှိကိုသာ၊ တောင်းတပါမူ၊
လိုချင်လောဘ၊ စိတ်ဆန္ဒသည်၊
ဘယ်မှာ လိုသို့ပြည့်အံနည်း?

သတိ အသိ၊ ထင်အောင်ကြည့်၊
မရှိကိုလဲ မစွဲနှင့်။

သတိ အသိ၊ ၀င်အောင်ထည့်၊
အရှိကိုလဲ မလွဲနှင့်။

မရှိကိုစွဲ၊ အရှိလွဲ၊
ဆင်းရဲသံသာ၊ မြဲလိမ့်မည်။

သတိမမြဲ၊ အသိနည်း၊
ငရဲခန္ဓာ၊ စွဲလိမ့်မည်။



Saturday, June 20, 2009

ရွာလွမ်းတယ်


တစ်နေထွက် တစ်နေ၀င်
မပျော်ရွှင် စိတ်ထွေပြားပါငဲ့
အိမ်ပြန်ချင် ဇောငယ်တင်းပါလို့
ပြောမပြချင်။

ဒေါသတောင် ၀င်
မပျော်တဲ့ အထဲ
ဝေးရပ်မှာ ငါခိုလို့
မြန်မာပြည် သက်ကုန်လွမ်းတယ်
ကျွမ်းပေါ့ အသဲ။

Thursday, June 18, 2009

အမေ့ဂုဏ်ပြုမော်ကွန်း



တိုက်ပွဲ
မိုက်မဲသူတို့၏ အလုပ်မဟုတ်၊
ရဲဝံ့စွန့်စား စွန့်လွှတ်ထားကြသော
သူရဲကောင်းတို့၏ အလုပ်ဖြစ်သည်။
အမေသည်
ဤတိုက်ပွဲကို နှစ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်သည်။

ခေါင်းဆောင်
သူရဲဘောကြောင် ခေါင်းရှောင်ချင်သူတို့၏ ရာထူးမဟုတ်၊
အနစ်နာခံ အသာမစံပဲ
အပင်ပန်းခံ လမ်းမှန်ကိုပြနိုင်သူတို့၏ ရာထူးဖြစ်သည်။
အမေသည်
ဤရာထူးနှင့် အထိုက်တန်ဆုံး လူသားတစ်ဦးဖြစ်သည်။

စိန်ခေါ်မှု
အင်အားကြီးမား နိုင်ရာစားတို့၏ သတ္တိမျိုးမဟုတ်၊
အရှုံးကို မြင်သော်လဲ မဖြုံ မဆုတ်
အမုန်းကို မြင်သော်လဲ မတုန် မလှုပ်ပဲ
အသက်ကိုပင် ပေးဆပ်နိုင်သူတို့၏ သတ္တိမျိုးဖြစ်သည်။
အမေသည်
ဤသတ္တိမျိုးနှင့် ပြည့်စုံသူဖြစ်သည်။

ခက်ခဲကြမ်းတမ်းလှသော တိုက်ပွဲကို ဆင်နွဲနေသောအမေ
အားငယ်နေသူတို့ဘက်မှ ခေါင်းဆောင်နေသောအမေ
အင်အားကြီးမားလှသော ရန်သူများကို စိန်ခေါ်ထားသောအမေ

ဤ အမေသည်
ဒီမိုကရေစီလမ်းကြောင်းပေါ်မှ
ကမ်းကိုလည်းမမြင်နိုင်
လမ်းကိုလည်းမထွင်နိုင်သဖြင့်
ဘ၀ကမ်းပျောက် လမ်းမှားရောက်လုဖြစ်နေသော သားတို့၏
လမ်းပြ အစစ်တည်း။

ဤအမေသည်
လွတ်မြောက်မှုကိုရှာရင်း
အနှောင်ဖွဲ့ကျ ရှုံးနိပ်ခဲ့ရပြီး
ဘ၀အင်းအား ဆုတ်ပါးသွားခဲ့ရသော သမီးတို့၏
အင်အားအစစ်တည်း။

ဤအမေသည်
စစ်ဝါဒီတို့၏ အတ္တဆန်စွာ
ယုတ်မာရက်စက် ပိတ်လှောင်ခဲ့သဖြင့်
သတင်းကမ္ဘာမှာ
အလင်း မှုံပြာပြာလေးမျှဖြင့်
အမှားကိုအမှန်ထင်၊ အမှန်ကို အမှားမှတ်
ကိုယ်ပိုင်ဉာဏ်သုံး၊ ဆုံးဖြတ်ခွင့်မရရှာပဲ
ဘ၀မျက်လုံး ပျက်သုံးလုဖြစ်နေသော ပြည်သူတို့၏
မျက်လုံး အစစ်တည်း။


(၂၀၀၉-ခု၊ ဂျွန်လ၊ ၁၉-ရက်တွင် ကျရောက်သော ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်မြောက်မွေးနေ့အား ဤကဗျာဖြင့် ဦးတိုက်ဂုဏ်ပြုပါ၏)



Tuesday, June 16, 2009

သူငယ်ချင်းသို့ (၁၄)


သူငယ်ချင်း၊ ကိုယ့်လူကြီးဆီ စာမရေးဖြစ်တာတောင် ကြာပေါ့။ နေကောင်းတယ်နော်။ ကိုယ်လဲ အခုတစ်လော ဟိုလုပ်ဒီလုပ်နဲ့ သိပ်တော့ မအားလှဘူး။ ၀ါသနာအရဖန်တီးထားခဲ့တဲ့ ကိုယ့်အချစ်တော် ဘလော့ဂ်လေးမှာတောင် ပို့စ်တွေ ပုံမှန်မတင်နိုင်တော့ဘူး။ ဒါတောင် တက္ကသိုလ် သွားမတက်ရသေးဘူး။ တက္ကသိုလ်သွားတက်ရပြီဆိုရင်တော့ ကျောင်းစာတွေနဲ့ နပန်းလုံးနေရတာနဲ့တင် ဘာပို့စ်မှ ရေးဖြစ်မယ်မထင်တော့ဘူး။ ဒါပေမဲ့ စိတ်တော့ ကူးထားပါတယ်။ ကျောင်းမသွားရတဲ့၊ Assignment မလုပ်ရတဲ့နေ့လေးတွေမှာ စိတ်ကူးပေါက်တာလေးတွေ ရေးမလားလို့။ သက်သက်တော့ အချိန်ပေးပြီး မရေးနိုင်တော့မှာ သေချာတယ်။

မနေ့ကပဲ မြို့လယ်ခေါင် Russell Square မှာရှိတဲ့ လန်ဒန်ယူနီဗာဒီတီ ရောက်ခဲ့သေးတယ်။ ပိုက်ဆံသွားသွင်းရတာ။ Postgraduate Course မတက်ခင် လိုအပ်နေသေးတဲ့ အင်္ဂလိပ်စာပြည့်မီရေးအတွက် နှစ်လသင်တန်းတက်ရဦးမှာတဲ့။ အဲဒီအတွက်ပေးလိုက်ရတဲ့ ပိုက်ဆံက စတာလင်ပေါင် (၂၃၈၀)၊ လက်ရှိအမေရိကန်ဒေါ်လာပေါက်ဈေးနဲ့တွက်ရင် (၃၉၀၆) ဒေါ်လာဖိုး။ အဲဒါ နှစ်လစာဖိုးပဲ ရှိသေးတယ်။ ကိုယ်တို့ကျောင်းတက်ဖက် သူငယ်ချင်းသုံးယောက်သား အတူသွားသွင်းခဲ့ကြတာ။ ဘာတွေသင်ပေးမှာမို့ ဒီလောက်များတဲ့ ပိုက်ဆံပေးရလဲတော့ မသိဘူး။ နစ်နေတာပဲဗျို့။ ပိုက်ဆံလက်ခံတဲ့ အင်္ဂလိပ်စာဌာနက ဌာနမှုး Ms Susan Yates ကိုတောင် ပြောမိသေးတယ်။ “ကျနော့်လက်တွေ တုန်တုန်ရီရီဖြစ်နေတယ်-လို့ ခံစားရတယ်ဗျာ” လို့။ သူက တဟဲဟဲနဲ့ ရယ်နေသေးတယ်။

သူများနိုင်ငံလာပြီး ပညာသင်ရတာလဲ အတော်မလွယ်တဲ့ကိစ္စပဲ သူငယ်ချင်းရေ့။ ဒါတွေ ကိုယ့်လူကြီးလဲ သိပြီးသားပါ။ ကိုယ့်လူက ကိုယ့်ထက်တောင် ပိုသိသေးတယ်မို့လား။ အင်ဒိယမှာ Ph.D လုပ်နေတုန်းက Supervisor က ခဏခဏပိုက်ဆံလာလာချေးလို့ စိတ်ညစ်နေရတဲ့ ကိုယ့်လူမျက်ခွက်ကြီးကို မြင်ယောင်နေမိသေးတော့တယ်။ အင်္ဂလန်မှာကတော့ အင်ဒိယနဲ့ မတူဘူးဗျို့။ ပေးစရာရှိတာ အကုန် ပေးပြီးမှကို ကျောင်းတက်ရတာဆိုတော့ ကိုယ့်လူလို စူပါဗိုင်ဆာ နှိပ်စက်တဲ့ ဒဏ်တော့ ခံရလိမ့်မယ် မထင်တော့ဘူး။ ဒါပေမဲ့ သေတော့ မသေချာဘူးနော်။ ကိုယ့်အထင်ပြောတာပါ။ စူပါဗိုင်ဆာ ကောင်းကောင်းနဲ့တွေ့ဖို့ဆိုတာလဲ ကိုယ့်ကံပေါ်မူတည်သေးတယ်နဲ့ တူပါရဲ့။ အချို့လဲ စူပါဗိုင်ဆာကောင်းကောင်းရပြီး လျှောလျှောရှူရှူပြီးသွားတဲ့ သူငယ်ချင်းတွေ တွေ့ဖူးတယ်။ ဒါပေမဲ့ ပိုက်ဆံတော့ ပေးရတာချည်းပါပဲ။ "Money makes everything" ဆိုတာကို ဧကန်ယုံရမလိုတောင် ဖြစ်နေပြီ။ လောလောဆယ်တော့ သူမရှိရင် မဖြစ်ဘူးဗျို့။

မနေ့ညနေကလဲ ထိုင်းမှာကျောင်းတက်နေတဲ့ ညီမလေးဆီက သူစကောလားရှစ်ရတယ် ကြားရလို့ ကိုယ်လဲ ရမလားမဆိုပြီး လှမ်းစုံစမ်းလိုက်သေးတယ်။ အဲဒီအဖွဲ့ရဲ့ Deadline က March 31 မှာကုန်ပြီးသားဆိုတော့ ဘယ်ရလိမ့်။ နောက်နှစ်မှ ပြန်လျှောက်ပါတဲ့။ တော်သေးတယ်၊ ကိုယ်စုံစမ်းတာကို အရေးတယူဖြန်ဖြေဖေါ်ရပေသေးလို့။ နိုင်ငံခြားရောက်ပြီး တကဲ့ကို အစဉ်အလာကြီးမားတဲ့ အောက်စဖိုဒ်၊ ကင်းဘရစ်ခ်ျ၊ လန်ဒန်တို့လို တက္ကသိုလ်ကြီးတွေမှာ ကျောင်းတက်နေရတဲ့ ကျောင်းသူကျောင်းသားမှန်သမျှဟာ စကောလားရှစ်မရလို့ကတော့ “သေပြီဆရာ” ပဲ။ မိဘက ငွေတွင်းပေါ်တက်ထိုင်နေနိုင်မှပဲ ကျောင်းတက်နိုင်မယ်။ မဟုတ်လို့ကတော့ “ပျင်းတောင်ပျင်းသေးတယ်” လို့ အလှောင်ခံရမည့်ကိန်း။

ကိုယ်လဲ ကိုယ့်လူသိတဲ့အတိုင်းပဲလေ။ ဒီမှာကျောင်းလာတက်နိုင်တာ စကောလားရှစ်ရခဲ့လို့ဆိုတာ။ ဒါပေမဲ့ ဒီမရောက်ခင်တုန်းကတော့ ကိုယ်ရတဲ့ စကောလားရှစ်က အတော်များတယ်လို့ ထင်ခဲ့တာ။ အား လားလား--၊ ဘယ်များလိမ့်မတုန်း သူငယ်ချင်း။ လိုတာ လိုတာ၊ မပြောချင်ဘူး။ နှစ်နှစ်စာအတွက် ရတဲ့ စကောလားရှစ်က ကျောင်းတစ်နှစ်စာဖိုး ပေးလိုက်ရတာနဲ့တင် ကုန်ပါရောလား။ ဟိုကောင်မလေး မသိစေနဲ့နော်၊ တော်ကြာ သနားပြီး ပိုက်ဆံလှမ်းပို့ပေးရမလား မေးနေဦးမယ်။ သူ့ဆီကတော့ တစ်ပြားမှ မယူချင်ဘူး။ ညစ်စရာရှိရင် ကိုယ့်လူဆီကပဲ ညစ်မှာ။ အဟဲ--ကြုံလို့ပြောတာပါကွာ၊ ကိုယ့်လူဆီကလဲ မညစ်ပါဘူး။ ကိုယ့်လူအိမ်ကြီးပဲ အရင်ပြီးအောင်ဆောက်လိုက်ဦး။ လက်ရှိရထားတဲ့ စကောလားရှစ်နဲ့ မလောက်လဲ ကိစ္စမရှိဘူး။ ပိုက်ဆံရအောင် ဘယ်လို ကြံရဖန်ရမလဲဆိုတဲ့ လမ်းကြောင်းလေးတွေ တွေ့ထားတယ်။ ဟားဟား---တစ်မျိုးတော့ မတွေးနဲ့နော်။ ရိုးရိုးလမ်းကြောင်းလေးတွေပါ။

ပြီးတော့ အခုတစ်လော လန်ဒန်နွေရာသီအကြောင်းလေး နည်းနည်းပြောမယ်ဗျို့။ အေးသဗျာ၊ ပူသဗျာ။ ဒါပဲ။ အေးပြီး ပူတာ။ ကိုယ်တို့မြန်မာပြည်ကတော့ နွေရာသီဆို နေထွက်ထွက်/မထွက်ထွက် အိုက်စပ်စပ်နဲ့ ပူတာချည်းပဲ။ ဒီမှာတော့ နွေရာသီမို့ နေတော့ ထွက်ပါရဲ့။ ထွက်တာမှ မယုံမရှိနဲ့၊ မနက်ငါးနာရီဆို မိုးလင်းနေပြီ၊ ခြောက်နာရီဆို နေထွက်နေပြီ၊ အဲဒါ ညဆယ်ရီလောက်ရောက်မှပဲ မှောင်တော့တာကလား။ ရှည်လျားလိုက်တဲ့ နေ့တာဗျား။ နေထွက်တော့ နေလို့ထိုင်လို့ကောင်းပါ့။ အဲ---နေများမထွက်လို့ကတော့ ချက်ချင်းကို ဆောင်းတွင်းပြန်ရောက်သွားသလား အောင့်မေ့ရတယ်။ အခုနွေရာသီဆိုတော့ နေ့လည် ၁၂-လောက်ကနေ ညနေ-၃ နာရီလောက်အထိတော့ အတော့်ကို ပူသဗျို့။ ကျန်တဲ့အချိန်တော့ အတော်နေလို့ကောင်းပါတယ်။ ဒီရာသီကတော့ ကိုယ်တို့လို အပူနိုင်ငံကလာတဲ့ လူတွေအတွက် အကောင်းဆုံးပေါ့။ ပန်းတွေလဲ အကုန်ပွင့်တယ်။ လမ်းတွေလဲ အကုန်ဖွင့်တယ်။ အလွမ်းတွေလဲ အကုန်သင့်တယ် ဆိုပါတော့။

ကဲ---ကိုယ့်ဆရာရေ့ ဒီလောက်ပဲနော်။ နောက် အဆင်သင့်တဲ့အခါ ထပ်ရေးမယ်ဗျာ။ ကိုယ့်လူဆီပြောပြစရာတွေ အများကြီးရှိတယ်နော်။ ရေးစရာတွေလဲ အများကြီးပဲ။ အဲတစ်ခုပြောဖို့ မေ့သွားတယ်။ ပြီးခဲ့တဲ့လက ကိုယ့်ကျမ်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ့်လူမေးတာ သတိရသေးတယ်။ အားလုံးအဆင်ပြေပါတယ်။ တစ်ခုပဲ။ ထမင်းများများစားမိတဲ့နေ့တွေဆို ဗိုက်နည်းနည်းတင်းချင်တယ်။ နောက်ပြီး ဟင်းမကောင်းတဲ့နေ့တွေဆိုလဲ ထမင်းစားလို့မကောင်းဘူး။ အဲဒါ ကိုယ့်လူနဲ့ နီးစပ်တဲ့ ဆရာဝန်တွေ ဘာတွေရှိရင် မေးပေးစမ်းပါဦး။ အဲဒါ ရောဂါတစ်မျိုးလား လို့။ အခုလောလောဆယ်တော့ ကိုယ့်ခမျှာ အဲလိုဖြစ်နေလေရဲ့ဗျား။

Sunday, June 14, 2009

အဘိုးပြောတဲ့ အသက်ရှည်ကြောင်းများ


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က England နိုင်ငံအမျိုးသားအသင်းနဲ့ Andorra နိုင်ငံအမျိုးသားအသင်းတို့ တောင်အာဖရိကမှာ ကျင်းပမည့် ၂၀၁၀-ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လန်ဒန်ရှိ ၀င်ဘာလေကွင်းကြီးထဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အများသိပြီးဖြစ်တဲ့အတိုင်း Andorra နိုင်ငံအသင်းက ဂိုးတွေအများကြီးလှူလိုက်ရတယ်။ အစကတည်းက မျှော်လင့်ထားခဲ့တဲ့အတိုင်း ၆-၀ နဲ့ အင်္ဂလန်သားတွေ အနိုင်ရလိုက်ပါတယ်။ ဗမာအသင်းနဲ့ ကန်ရင်တောင် ရှုံးမလား မသိဘူးနော်။

ကျနော်တို့ရွှေမြန်မာနိုင်ငံတော်ကြီးဟာ တရုတ်နဲ့ အင်ဒိယဆိုတဲ့ နိုင်ငံကြီးနှစ်ခုအကြားမှာရှိသလို အန်ဒိုရာနိုင်ငံလေးဟာလဲ ပြင်သစ်နဲ့ စပိန်ဆိုတဲ့ နိုင်ငံကြီးနှစ်ခုအကြားမှာတည်ရှိပါတယ်။ ခရီးသွားလုပ်ငန်းကို အဓိကထားပြီး တိုင်းပြည်ရဲ့စီးပွါးကို ရပ်တည်စေရတယ်လို့ သိရပါတယ်။ တစ်ခုထူးခြားတာက အန်ဒိုရာနိုင်ငံသားတွေဟာ တောင်စဉ်တောင်တန်းကြီးတွေရဲ့ အကြားမှာတည်ရှိပြီး လေကောင်းလေသန့်ရလို့ ထင်ပါရဲ့၊ အတော်အသက်ရှည်တဲ့လူမျိုးတွေလို့ ဆိုပါတယ်။ ပျန်းမျှအားဖြင့် လူအတော်များများဟာ (၈၅)နှစ်လောက်အထိ အသက်ရှည်ကြပါသတဲ့။ ယနေ့ခေတ်မှာတော့ အသက်ရှည်တဲ့လူမျိုးစုတွေထဲမှာ သူတို့ကို ထိပ်ဆုံးက စံချိန်တင်ထားရပါတယ်။

ဒါပေမဲ့ ကျနော် စဉ်းစားကြည့်တယ်။ သူတို့ဘယ်လောက်အသက်ရှည်တယ်ပြောပြော၊ ကျနော့် အမျိုးတွေလောက်တော့ မရှည်ကြဘူး လို့။ ကျနော့်အမျိုးတွေက အတော်အသက်ရှည်ကြတာ ကလား။ အထူးသဖြင့် ကျနော့် အဖေဘက်က အမျိုးတွေက ပိုမိုအသက်ရှည်ကြတယ်ဗျာ့။ ကျနော့်ဘေးဆိုရင် (၉၅)နှစ်ရောက်မှ လူကြီးရောဂါနဲ့ ဆုံးသွားတယ်။ သက်တမ်းကုန်လို့ ဆုံးသွားတယ်လို့လဲ ပြောနိုင်တယ်။ အခု ကျနော့်ဘေးက မွေးတဲ့ သားသုံးယောက်ရှိတယ်။ အဲဒီသုံးယောက်လုံးဟာလဲ အသက်အတော်ရှည်တယ်။ ကျနော့်အဘိုးတွေပေါ့။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကမှ အဲဒီသုံးယောက်ထဲက အငယ်ဆုံးဖြစ်တဲ့ ကျနော့်ဘိုးလေး ဆုံးသွားတယ်။ သူဆုံးတော့ အသက်က (၉၁)နှစ်ရှိနေပြီ။ သူ့အကိုနှစ်ယောက်က အခုထိ ကျမ်းကျမ်းမာမာရှိကြတုန်း။ ရွာမှာပေါ့။ ကျနော်တို့ မောင်းမကန်ရွာမှာပဲ နေကြတာ။

နောက်နှစ်ယောက်ကတော့ အလတ်ဖြစ်တဲ့ကျနော့်အဘိုးအရင်း အခုအသက် (၉၆)နှစ်၊ အကြီးဆုံးဖြစ်တဲ့ ကျနော့်အဘိုးကြီး အခုအသက် (၉၈)နှစ်။ ကျနော် မောင်းမကန်ပြန်ရင် သူတို့ကို ကျနော်သွားကန်တော့နေကျ။ လူကြီးတွေနဲ့ လိုက်ဖက်မည့် လုံချည်တို့ ဘာတို့ ၀ယ်သွားပြီး သွားသွားကန်တော့တယ်။ မုန့်ဖိုးတွေ ဘာတွေလဲ ပါရင် ပါသလို ကန်တော့လိုက်တယ်။ အဲလို ကန်တော့တိုင်း ပေးတဲ့ဆုက “ငါ့မြေးလေး ကျမ်းကျမ်းမာမာနဲ့ အသက်ရှည်ပါစေကွယ်” တဲ့။ နှစ်ယောက်စလုံး အဲဒီအတိုင်းပဲ ဆုပေးကြတယ်။ ကျနော် စဉ်းစားကြည့်တယ်။ သူတို့အသက်ရှည်လို့များ ဒီဆုကို ပေးကြတာလို့။ နောက်ပြီး ဟိုအကြောင်း ဒီအကြောင်းတွေ ပြောရင်းဆိုရင်း မေးရင်း မြန်းရင်းက အသက်ရှည်ကြောင်းတွေလဲ ပြောလေ့ပြောထရှိတယ်။

ကျနော့်အဘိုး အကြီးဆုံးက ဦးစီလင်း တဲ့။ အခုအသက် (၉၈)နှစ်ရှိပြီ။ ကျမ်းမာလိုက်သမှ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းကြီး မိုက်တိုင်စံတို့ ဟိုလီဖီးတို့နဲ့တောင် လက်ဝှေ့အပြိုင် ထိုးနိုင်လောက်တယ်။ ကျမ်းမာရုံတင်လားဆိုတော့ ဘယ်ကမလဲ။ မျက်လုံးလဲကောင်း၊ နားလဲကောင်း။ အဲ---သွားတော့ နည်းနည်းပဲ ကျန်တော့တယ်။ ရှိတဲ့ သွားလေးတွေနဲ့ ၀ါးလို့ရသမျှ ၀ါးတုန်းပဲ။ အထူးသဖြင့် သူ့ရဲ့ အကြားအာရုံတွေဟာ အရင်ထက်တောင် ပိုကောင်းလာသလိုဖြစ်နေကြောင်း ပြောတတ်သေးတယ်။ ဟုတ်ချင်လဲ ဟုတ်မှာပေါ့။ သူပဲ သိတဲ့ကိစ္စကိုး။ သူဘာကြောင့် ဒီလောက် ကျမ်းမာရေးကောင်းရသလဲ ဆိုရင် တဲ့၊ လေကောင်းလေသန့်ရတဲ့ နေရာတွေသွားပြီး လမ်းများများလျှောက်တာ အဓိကပဲတဲ့။

လမ်းက ဘယ်လောက်တောင်လျှောက်လဲဆိုရင် သူ့အိပ်နဲ့ လေသာကျောင်းသစ်လို့ခေါ်တဲ့ ရွာဦးကျောင်းတိုက်နဲ့ က တစ်မိုင်သာသာလောက်ဝေးတယ်။ မနက်မိုးလင်းတိုင်း ရွာဦးကျောင်းကို သွားတယ်။ ရွာဦးကျောင်းက တောင်ချေမှာရှိပြီးတော့ ကျောင်းထိုင်ဆရာတော်ဘုရားက သူ့ကျောင်းအထက်က တောင်ပေါ်မှာ စေတီငယ်လေးတစ်ဆူတည်ထားတယ်။ အဲဒီစေတီငယ်ဆီအရောက်တက်ဖို့ရာ လှေခါးထစ် (၂၀၀)ကျော်ကျော်လောက် တက်ရသေးတယ်။ ဟိုးအပေါ်ရောက်ရင်တော့ မောလာသမျှ အကုန်ပြေတာပဲ။ ကျနော်လဲ ရွာရောက်ရင် တက်နေကျပဲကိုး။ ဘာလို့လဲဆိုတော့ အဲဒီနေရာကနေ ကြည့်လိုက်ရင် အိမ်ချေထောင့်ငါးရာလောက်ရှိတဲ့ မောင်းမကန်ရွာကြီးနဲ့ ရွာနောက်မှာကပ်လျှက်ရှိတဲ့ ပင်လယ်ပြင်ပြာပြာကြီးကို အတိုင်းသားမြင်နေရတယ်။ အလွန့်အလွန်ကို လှပလွန်းတဲ့ မြင်ကွင်းမျိုး၊ ရှုခင်းမျိုးပေါ့ဗျား။

တောင်ထိတ်ရောက်တဲ့အခါ လေကောင်းလေသန့်ကလဲ သိပ်ရတဲ့အတွက် မောလာသမျှပြေသွားတာချည်းပဲ။ ချစ်သူနဲ့ အတူတွဲတက်ရင် ပိုတောင်ကောင်းသေးတယ်။ ကုသိုလ်လဲရ ၀မ်းလဲဝ ဆိုသလိုပေါ့။ အဟား--။ ကျနော့်အဘိုးကြီးက အခုလက်ရှိအသက်အရွယ်နဲ့တောင် အဲဒီတောင်ပေါ်ရှိ ဘုရားအရောက် မနက်တိုင်း တက်သဗျား။ အဲလောက် ကျမ်းမာရေးကောင်းတာ။ သူပြောလေ့ရှိတယ် “လမ်းလျှောက်တာလောက် ကောင်းတဲ့ အသက်ရှည်နည်းက ဘာမှ မရှိဘူး” တဲ့။ ဘာဆေးမှလဲ စားစရာမလိုဘူး။ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို သင့်တင့်အောင်စား၊ လမ်းများများလျှောက်-တဲ့။ အသက်မရှည်ပဲ ခံနိုင်ရိုးလား။ သူ့ညီဖြစ်တဲ့ ကျနော့်အဘိုးအရင်းကျတော့ ကျမ်းမာရေးက သူ့လောက်တော့မကောင်းလှဘူး။ ဒါပေမဲ့ အသက်ကတော့ သူလဲ သိပ်ရှည်ဦးမှာပဲ။ သူက တောင်ပေါ်တော့ မတက်နိုင်တော့ဘူး။ လူက နည်းနည်းဝလို့ မြေပြန့်မှာပဲ လမ်းကောင်းကောင်းသွားနိုင်တယ်။

သူကျတော့ တောင်ပေါ်တက်မရတဲ့အတွက် ဘယ်သွားလဲဆိုတော့ မောင်းမကန်ကမ်းခြေဘက် အမြဲသွားလေ့ရှိတယ်။ သူ့အိမ် (ကျနော်တို့အိမ်)နဲ့ဆို မောင်းမကန်ကမ်းခြေက ကိုးဖာလုံလောက်ပဲ ဝေးတယ်။ အဲဒီခရီးကို နေ့တိုင်းမဟုတ်တောင် တစ်ပတ် သုံးလေးရက်တော့ ပုံမှန်သွားလေ့ရှိတယ်။ ကမ်းခြေမှာက များပြားလှတဲ့ သူ့မြေးတွေထဲက မြေးတစ်ချို့စားသောက်ဆိုင်ဖွင့်ထားကြတော့ အဲဒီသွားရင်း လမ်းလျှောက်တာ။ ကမ်းခြေရောက်ပြီဆိုတာနဲ့ ဖိနပ်ချွတ်ပြီး ပင်လယ်ရေအကျမှာ မာကျစ်ပြီးကျန်ရစ်တဲ့ သဲခုံပေါ်လမ်းလျှောက်တော့တာပဲ။ ဆားငံရနံ့လေးသင်းသင်းနဲ့ ပင်လယ်ပြင်ကို ဝေ့ဖြတ်တိုက်လာတဲ့လေကို ရှုရှိုက်ခွင့်ရခြင်းဟာလဲ ဘ၀မှာ ရတောင့်ရခဲဆုလာဘ်တစ်ပါးလို့ ကျနော်ဆိုချင်ရဲ့။ ပင်လယ်အနားနေတဲ့ လူတွေပဲ ရကြတာမို့လား။ ဒါပေမဲ့ နာဂစ်တော့ ကြောက်ရသဗျား။ တော်သေးတယ်။ နာဂစ်တုန်းက မောင်းမကန်ပါမသွားလို့။ မဟုတ်ရင်တော့ အခုလောက်ဆို ကျနော့်ခမျှာ ဆွေမဲ့မျိုးမဲ့ ဖြစ်ရှာပေါ့။

ကျနော်ပြောချင်တာက အသက်ရှည်တယ်ဆိုတာ မျိုးရိုးဗီဇနဲ့လဲ သက်ဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အသက်ရှည်တဲ့ ကျနော့်ဘိုးဘွားဘီဘင်တွေက သက်ဆင်းလာတဲ့ အဘိုး အဘေးတွေဟာလဲ အသက်ရှည်ကြတယ်။ ဒါပေမဲ့ အချို့အသက်တော့ ရှည်တယ်။ ကျမ်းမာရေးမကောင်းဘူး။ မျိုးရိုးဗီဇအရ အသက်ရှည်ကြပေမဲ့ ကျမ်းမာရေးမလိုက်စားလို့ ကျမ်းမာရေးမကောင်းကြတာတွေ အများကြီးတွေ့ဖူးတယ်။ ကျနော့် အဘိုးလတ်နဲ့ အဘိုးကြီးနှစ်ယောက်စလုံးကတော့ အသက်လဲရှည်ကြတယ်။ ကျမ်းမာရေးလဲ သူတို့နိုင်တဲ့ဘက်က လိုက်စားနေကြတုန်းပဲ။ နောက်တစ်ခုပြောသေးတယ်။ “အသက်ရှည်ချင်ရင် ငါးပါးသီလမြဲရတယ်ကွ” တဲ့။ ကျနော်က သူတို့နဲ့ အတူနေတာမဟုတ်လို့ သူတို့ငါးပါးသီလဘယ်လောက်မြဲလဲဆိုတာတော့ မသိဘူး။ ဒီစကားကို သေသွားပြီဖြစ်တဲ့ သူတို့အဖေ၊ ကျနော့်အဘေးကြီးလဲ မကြခဏပြောခဲ့ဖူးတာ ကျနော်မှတ်မိနေသေးတယ်။ ကျနော့်အဘေးကြီးရှိတုန်းကဆို ကျနော်က ပေါက်စလေးရှိသေးတယ်။ သီတင်းကျွတ်လို့ မြေးမြစ်တွေ စုပေါင်းသွားကန်တော့တဲ့အခါ “အသက်ရှည်ချင်ရင် ငါးပါးသီလစောင့်ထိန်းရတယ်ကွ”လို့ ပြောလေ့ရှိတယ်။ သူတို့အသက်ရှည်တဲ့အကြောင်းတွေကို ပြောရင် အဲဒါလဲ ထည့်ထည့်ပြောကြတယ်။ ဒါလဲ ဖြစ်နိုင်တာပဲ။ ငါးပါးသီလထဲပါတဲ့ အကျင့်တရားအားလုံးဟာ အသက်ရှည်ကြောင်းတွေချည်းပဲ မို့လား။

အဲဒီတော့ အသက်ကြီးလာလို့ ကျမ်းကျမ်းမာမာနဲ့ အသက်ရှည်ချင်တဲ့လူတွေ ကျနော့်အဘေးနဲ့အဘိုးတွေလို
(၁) အစာကို အာဟာရဖြစ်အောင် သင့်တင့်ရုံစား၊
(၂) လမ်းများများလျှောက်၊
(၃) လေကောင်းလေသန့် ၀၀ရှု၊
(၄) ငါးပါးသီလစောင့်ထိန်း။
ဒါဆို အသက်ရှည်ရုံတင်မကဘူး။ အသက်လဲ ရှည်မယ်။ ကျမ်းမာရေးလဲ ကောင်းမယ်။ တရားဓမ္မလဲ ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ်။ အမရပူရမဟာဂန္ဓာရုံဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) အမိန့်ရှိတဲ့စကားတစ်ခွန်းရှိတယ်။ “ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ ပြိတ္တာရှိတယ်၊ အသူရကာယ်ရှိတယ်၊ သေရဦးမယ်၊ သတိထား” တဲ့။

မုသားနဲ့သစ္စာ


A lie can travel half way around the world while the truth is putting on its shoes.
(Mark Twain)

သစ္စာတရားက ခရီးထွက်ဖို့ ပြင်ဆင်နေချိန်မှာ မုသားက ခရီးတစ်ဝက်ရောက်နှင့်နေပြီ။
(မာ့ခ်တွိန်း)

Saturday, June 13, 2009

အာလမ္ဗရစည်တော်



မဗေဒါနဲ့တွေ့မှပဲ ကျနော်လဲ စာတွေဘာတွေတောင် အတော်လေးရှာလိုက်ရသဗျား။ ကသစ်ပန်း သီချင်းစာသားထဲက “နတ်စည်ငယ်လေ ပုဇွန်လက်ရိုး အာလမ္ဗရာ”ဆိုတဲ့အပိုဒ်မှာ အာလမ္ဗရ-ဆိုတဲ့ပုဒ်နဲ့ပတ်သက်လို့ ကျနော်ခပ်တည်တည်လုပ်ပြီး “အာလမ္ဗ-ဆိုတာ ဆွဲကိုင်၍ လို့ အဓိပ္ပါယ်ရကြောင်း” ရှင်းပြခဲ့ပါတယ်။ တကယ်တော့ ကျနော်လဲ ၀ါးတားတားပါပဲဗျာ။ အဟဲ---ကိုယ့်ကိုယ်ကို ၀ါးတားတားဖြစ်ကြောင်းပြောရတာ တစ်မျိုးကြီးပဲ။ ပြောပြီးမှ မသေချာလို့ ဖတ်ဖူးမှတ်ဖူးတဲ့ စာတွေဟိုဟိုဒီဒီ လှန်လှောကြည့်ရှု ရှာဖွေသမှုပြုလိုက်ရတာ အမောပါပဲဗျာ။ အဘိဓာန်စာအုပ်ကြီးတွေရဲ့ ကျေးဇူးကြောင့် ဒီစကားလုံးဟာ ဘယ်မှာရှိတယ်ဆိုတာ အခုမှပဲ သေသေချာချာသိရတော့သဗျို့။ ကျေးဇူးပါ အဘိဓာန်ဆရာကြီးတို့ရယ်။

ဇာတ်လမ်းကိုတော့ ထုံးစံအတိုင်း “ပြည်မသိ ဗာရဏသီ၊ မင်းမသိ ဗြဟ္မဒတ်” နဲ့ စလိုက်ကြစို့ရဲ့။ ဟိုးရှေးရှေးတုန်းက ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးစိုးစံအုပ်ချုပ် မင်းလုပ်နေတဲ့ကာလ ဟိမ၀န္တာတောနက်ကြီးတစ်နေရာမှာ လွန်စွာကြီးမားတဲ့ ရေအိုင်ကြီးတစ်အိုင်ရှိခဲ့ဖူးတယ်။ အဲဒီရေအိုင်ကြီးထဲမှာ ရွှေရောင်အဆင်းရှိတဲ့ ပုဇွန်လုံး (ဂဏန်း)ကြီးတစ်ကောင် နေထိုင်ကျက်စားသွားလာလှုပ်ရှားနေတယ်။ အဲဒီပုဇွန်လုံးကြီးကို အကြောင်းပြုပြီး ရေအိုင်ကြီးကိုလဲ “ကုဠီရဒဟ-ပုဇွန်အိုင်”လို့ ခေါ်ဝေါ်ကြပါတယ်။

ပုဇွန်လုံးကြီးဟာ ဘယ်လောက်တောင်ကြီးသလဲဆိုရင် စပါးနယ်ရာတလင်းပြင်လောက်ရှိပြီး ဆင်တွေကိုတောင် ဖမ်းယူစားသောက်နိုင်သတဲ့။ အဲဒီရေအိုင်ကြီးအနားမှာလဲ ရေအိုင်ကြီးကို အမှီပြုပြီး ဆင်အုပ်ကြီးတစ်အုပ်နေပါတယ်။ ပုဇွန်လုံးကြီးဟာ ဆင်တွေ အိုင်ထဲရေကူးဆင်း၊ ဆော့ကစားပြီး ပြန်တက်သွားတဲ့အခါ နောက်ဆုံးကျန်နေတဲ့ကောင်ကို နောက်ကနေ အသာလေး သူ့လက်မကြီး (အဠ) နှစ်ခုနဲ့ ညှပ်ယူဖမ်းဆီးစားသောက်ပစ်လေ့ရှိပါတယ်။ ဒီလိုနဲ့တစ်နေ့တော့ ဆင်ကောင်ရေလျှော့ပါးလာတာကို သတိထားမိတဲ့ ဆင်ခေါင်းဆောင်ကြီးက အခြေအနေကို စုံစမ်းလိုက်တဲ့အခါ ဘာ့ကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို သိသွားရပြီး ဆင်အုပ်ကြီးတစ်အုပ်လုံးလဲ အကြီးအကျယ်တုန်လှုပ်သွားရပါတော့တယ်။ တခြားသွားကျက်စားစရာနေရာလဲ ရှာမရလို့ အဲဒီအနားမှာပဲ ကျီးလန့်စာစားလုပ်ပြီး ကုတ်ကပ်နေကြရရှာတယ်။

တစ်နေ့တော့ အုပ်စုခေါင်းဆောင်ဆင်ကြီးရဲ့ မယားဖြစ်တဲ့ ဆင်မမှာ ကိုယ်ဝန်ရလာပါတယ်။ ဆင်မဟာ “ဒီကလေးကိုတော့ ငါသေသေချာချာကို စောင့်ရှောက်မှ ဖြစ်မယ်”ဆိုတဲ့အတွေးနဲ့ ပုဇွန်လုံးရန်က ကင်းအောင် အိုင်ကြီးနဲ့ ဝေးရာသွားပြီး တစ်ကောင်းတည်းနေရရှာတယ်။ ဒီလိုနဲ့ ရက်လစေ့လို့ ဆင်ကလေးတစ်ကောင် မွေးဖွါးလာခဲ့ပါတယ်။ ဆင်ကလေးဟာ သူ့မိခင်နဲ့အတူနေရင်း တဖြေးဖြေးကြီးပြင်းလာတဲ့အခါ အလွန်ခွန်အားဗလတောင့်တင်းပြီး ဆင်အာဇာနီကြီးတစ်ကောင် အသွင်ဆောင်လာပါတယ်။ တစ်နေ့တော့ ဆင်ကလေးက သူ့အမေဆင်မကြီးကို ဘာ့ကြောင့် အမေတစ်ကောင်တည်း ဒီနေရာမှာ လာနေရသလဲ မေးတော့ ဆင်မကြီးက အကြောင်းစုံကို ပြောပြရှာတယ်။

ဆင်ကလေးလဲ သူ့ဆွေသူ့အမျိုးတွေ ဒီလိုဒုက္ခနဲ့ ကြုံနေရတာကို မခံမရပ်နိုင်ဖြစ်လို့ သူ့ဆွေမျိုးတွေဆီပြန်သွားပြီး အဲဒီပုဇွန်လုံးကြီးကို နှိမ်နှင်းပစ်မယ်လို့ ကြုံးဝါးလိုက်တယ်။ မိခင်ဆင်မကြီးလဲ သူ့သားငယ်ကို ခေါ်ပြီး ဆွေမျိုးတွေရှိရာ ဆင်အုပ်စုကြီးဆီ ပြန်သွားပါတယ်။ ဖခင်ဆင်ခေါင်းဆောင်ကြီးလဲ သူ့ဇနီးနဲ့ သားကလေးကိုတွေ့ရတဲ့အခါ အလွန်တရာဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်။ ဆင်ကလေးက ဒီလောက်ဆိုးသွမ်းနေတဲ့ ပုဇွန်လုံးကြီးကို သူကိုယ်တိုင်နှိမ်နှင်းမယ်လို့ သူ့ဖခင်ကို ပြောလိုက်တယ်။ ဒါပေမဲ့ ဖခင်ဆင်ကြီးက အလွန်အန္တရာယ်များလို့ ခွင့်မပြုဘူး။ ဒီလိုနဲ့ ဆင်ပေါက်လေးလဲ အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။ အဲဒီလိုနေရင်းက သူဟာ ဆင်မလေးတစ်ကောင်နဲ့ ရည်ငံပြီး သမီးရည်းစားဖြစ်သွားတယ်။ ဆင်မလေးက သူဘယ်နားသွားသွား နောက်က တစ်ကောက်ကောက်လိုက်ပြီး အရိပ်တကြည့်ကြည့်နဲ့နေရှာတယ်။ သူတို့နှစ်ကောင်လုံးဟာ သူတို့အမျိုးမှာ ကျရောက်နေတဲ့ အန္တရာယ်ကိုတောင် မေ့နေရလောက်အောင် ပျော်ရွှင်နေကြတယ်။

တစ်နေ့တော့ ဆင်စုံတွဲဟာ ပြေးလွှားဆော့ကစားရင်း ပူလောင်အိုက်စပ်လာလို့ ရေချိုးချင်တာနဲ့ ရေအိုင်ထဲဆင်းပြီး ရေချိုးကြတယ်။ သူတို့စုံတွဲ ရေထဲဆင်းဆော့နေတာမြင်တဲ့အခါ တခြားဆင်ကြီးတွေလဲ စိုးရိမ်ပူပင်စိတ်တွေနဲ့ ကမ်းနဖူးကနေ ရပ်ပြီး ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။ အဲဒီကျမှ ဆင်ပေါက်စုံတွဲလဲ အန္တရာယ်ကို သတိရလာပြီး ကမ်းပေါ် ကမန်းကတမ်းတက်ပြေးဖို့လုပ်တယ်။ ဆင်မလေးက ကမ်းစပ်အနီးမှာမို့ သူအရင်ကမ်းပေါ်ရောက်သွားတယ်။ ဆင်အထီးကလေးကတော့ သူလဲတက်မယ်လုပ်တဲ့အချိန်မှာ နောက်ကျသွားခဲ့ပြီ၊ သူ့ရဲ့နောက်ချေထောက် နှစ်ချောင်းကို ပြုတ်တူကြီးနဲ့ ညှပ်သလို ပုဇွန်လုံးကြီးက သူ့လက်မနှစ်ဖက်နဲ့ ညှပ်ထားလိုက်တယ်။

ဆင်ပေါက်လေးဟာ ဟန်ကိုယ့်ဖို့လုပ်ပြီး ရုန်းကြည့်တယ်။ ဘယ်လိုမှရုန်းလို့မရဘူး။ တကယ်တော့ ဆင်ပေါက်လေးဟာ ဆင်အုပ်စုထဲမှာ အင်အားအကြီးဆုံးဆင်တစ်ကောင်ဖြစ်တဲ့အပြင် ဖြစ်လေရာဘ၀မှာ ဘ၀ါဘ၀က ဖြည့်ဆည်းထားခဲ့ဖူးတဲ့ ကောင်းမှုအရှိန်အဟုန်တွေနဲ့ ပြည့်ဝနေတဲ့ ဘုရားအလောင်းဆင်မင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပုဇွန်လုံးကြီးရဲ့အားနဲ့ယှဉ်လိုက်တဲ့အခါ ဘယ်လိုမှ မရုန်းသာအောင်ဖြစ်နေရရှာတယ်။ အဲဒါနဲ့ သေရတော့မယ်ဆိုတဲ့ အသိဝင်လာပြီး တအားအော်ပစ်လိုက်တယ်။ ကမ်းစပ်ရောက်နေတဲ့ ဆင်မလေးလဲ သူ့ချစ်သူ သေတော့မှာတွေးပြီး မျက်ရည်စက်လက်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ဖြစ်နေရှာတယ်။ ခဏနေတော့မှာ ရလိုရငြားဆိုပြီး အိုင်ကမ်းစပ်အနားပြန်ဆင်းလာပြီး အောက်ပါအတိုင်း ပုဇွန်လုံးကြီးကို တောင်းပန်လိုက်တယ်။

“အို--ပုဇွန်လုံးမင်း---၊ ရွှေအဆင်းနဲ့ တင့်တယ်ပြည့်ဝ လှပတော်မူသော အရှင်သည် ယမုနာနှင့် ဂင်္ဂါတို့လို မြစ်ကြီးမြစ်ကျယ်တွေထဲရှိ ပုဇွန်ထောင်သောင်း ဂဏန်းအပေါင်းကို မဆိုထားဘိ၊ သမုဒ္ဒရာလေးစင်းအတွင်းမှာ ကျက်စားသွားလာ နေထိုင်ကြတဲ့ ထောင်သောင်းသိန်းသန်း ကိန်းဂဏန်းအလွန်ရှိတဲ့ ပုဇွန်တွေထဲမှာပင် အင်အားဗလ ရုပ်ဆင်းအရ သာလွန်ပြည့်ဝ တင့်တယ်လှပတော်မူပါတယ်။ အို---ရွှေအဆင်းနှင့် တင့်တယ်ပ၀င်း ပုဇွန်မင်းအရှင်---၊ နှမမျက်ရည် သက်သေတည်စု တောင်းပန်သမှု ပြုလိုပါသည်။ ကျမသက်ထား မောင်တော်ဘုရားကို ကြင်နာသနားသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုတော်မူပါ အရှင်--”

ဆင်မလေးက အဲဒီလို ညုတုတုအသံလေးလုပ်ပြီး မြှောက်ပြောတဲ့ တောင်းပန်အသံကို ကြားလိုက်ရတဲ့အခါ ပုဇွန်လုံးကြီးလဲ “ဘာပါလိမ့်” ဆိုတဲ့အတွေးနဲ့ သတိတစ်ချက်လစ်ပြီး ညှပ်ထားတဲ့ လက်မနှစ်ခုကို နည်းနည်းစီ လျှော့လိုက်မိတယ်။ အဲဒီအချိန် အခွင့်ကောင်းယူပြီး ဘုရားအလောင်းဆင်မင်းလဲ ရုပ်တရက်ရုန်းထွက်လိုက်တယ်။ ပြီးတော့မှ ဂဏန်းကြီးမလှုပ်ရှားမီ လက်ဦးမှုယူ၊ အားကုန်ထည့်ပြီး ပုဇွန်လုံးကြီးရဲ့ ကျောကုန်းပြင်ပေါ် ခုန်တက်လိုက်တယ်။ ကျောပြင်ရောက်တာနဲ့ ရှိသမျှအင်အားတွေ အကုန်စုပြီး ချေထောင့်နှစ်ဘက်နဲ့ တအားဆောင့်နင်းပစ်လိုက်တဲ့အခါ ပုဇွန်လုံးရဲ့ ကျောပြင်ကြီးဟာ မြေအိုးကို ဒုတ်နဲ့ရိုက်ခွဲလိုက်သလို ထက်ခြမ်းကွဲသွားပြီး အသက်ထွက်သွားရရှာတယ်။

အဲဒီအခါကျမှ ကမ်းပေါ်က ရင်တမမနဲ့ စောင့်ကြည့်နေကြတဲ့ ဆင်တွေဟာလဲ စုပြုံဆင်းလာ၊ ပုဇွန်လုံးကြီးကို ကမ်းပေါ်ဝိုင်းဆွဲတင်ပြီး စိတ်နာနာနဲ့ အသကုန်ဝိုင်းနင်းလိုက်ကြတာ ပုဇွန်လုံးကြီးလဲ မှုန့်မှုန့်ညက်ညက်ကို ကျေသွားတော့တာပါပဲ။ ဒါပေမဲ့ ဆင်တွေ သတိမထားမိလိုက်တဲ့အချက်က ပုဇွန်လုံးရဲ့ လက်မကြီးနှစ်ဘက်ဟာ သူတို့ဒေါနဲ့မောနဲ့ ၀ိုင်းနင်းလိုက်တဲ့အခါ ဘေးလွင့်ထွက်သွားပြီး တစ်နေရာစီမှာ ကျသွားပါတယ်။ အချို့ဆင်တွေ မြင်ကောင်းမြင်နိုင်ပေမဲ့ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကျေမွသွားပြီဆိုတော့ ဘာမှအန္တရာယ်မပြုနိုင်တော့လို့ ဂရုမစိုက်တော့တာလဲ ဖြစ်နိုင်ပါတယ်။ အဲလိုနဲ့ လက်မကြီးနှစ်ဘက်ဟာ အဲဒီကျသွားတဲ့နေရာတွေမှာ အတော်ကြာကြာအထိ တည်ရှိနေကြပြီး လက်မတစ်ဘက်ကို တောကစားထွက်လာကြတဲ့ မင်းသားညီနောင်(၁၀)ယောက်တို့တွေ့ပြီး သူတို့နိုင်ငံသယ်သွားကြတယ်။ အဲဒီလက်မကြီးကို “အာဠိင်္ဂ” အမည်ပေးပြီး စည်တော်ကြီးတစ်ခုအဖြစ် အသုံးပြုလိုက်ကြတယ်။

နောက်လက်မကြီးတစ်ခုကတော့ ရေအိုင်ကြီးအနီးအနာမှာပဲ ပြန်ကျတဲ့အတွက် သမုဒ္ဒရာထဲက ၀င်လာတဲ့ရေတွေနဲ့အတူ ရေအကျမှာ သမုဒ္ဒရာထဲ ပါသွားတဲ့အခါ အသုရာနတ်တွေက တွေ့လို့ “အာလမ္ဗရ” အမည်ပေးပြီး နတ်စည်တော်ကြီးတစ်ခုအဖြစ် အသုံးပြုကြတယ်။ နောက်ပိုင်းမှာ သိကြားစစ်တပ်နဲ့ စစ်တိုက်တဲ့အခါ အသုရာနတ်တွေ စစ်ရှုံးပြီး ချေဦးတည်ရာပြေးရင်းလွှားရင်းက အသူရာနတ်စစ်သားတွေလက်ထဲက ပြုတ်ကျကျန်ရစ်လို့ သိကြားစစ်တပ်ကကောက်ယူပြီး သိကြားမင်းထံ ဆက်သလိုက်တယ်။ “အာလမ္ဗရ” ခေါ်တဲ့ ပုဇွန်လက်မစည်တော်ကြီးဟာ အသူရာနိုင်ငံပိုင်ပစ္စည်းကနေ သိကြားနိုင်ငံပိုင်ပစ္စည်းဖြစ်သွားပြန်တယ်။ ကဲ---ဗေဒါမလေးရေ့၊ ဇာတ်လမ်းလေးကတော့ ဒါပါပဲ ဗျာ။

မှတ်ချက်။ ။ဇာတကအဋ္ဌကထာ၊ ဒုတိယတွဲ၊ တိကနိပါတ၊ ပဒုမ၀ဂ္ဂ၊ ကက္ကဋဇာတ် (ဇာတ်နံပါတ်-၂၆၇) တွင် အသေးစိမ့်ဖတ်ရှုနိုင်ပါသည်။ “သုတပြည့်ဝ၊ နှလုံးလှ၊ ကောင်းကြသူတော်စင်”။

Friday, June 12, 2009

ယနေ့ဒို့ပြည်


“ဘုရားရေလောင်း၊ တရားရောင်း၍၊
ထုထောင်းသံဃာ၊ ဒို့ပြည်ရွာဝယ်၊
သုံးဖြာဓာတ်ပျက်၊ ခုလက်ထက်ကား၊
အပျက်တကာ၊ ခေတ်များစွာ၌၊
ဆိုးလာခေါင်ချုပ်၊ ကလိယုဂ်တည်း”။

ကျနော်ငယ်စဉ်က ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းသစ်တွင်နေထိုင်ခဲ့ရာ ရွှေတိဂုံဘုရားနှင့်အလွန်နီးကပ်သဖြင့် စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင် ညနေဘက် ဘုရားပေါ်သို့တက်၍ ပန်းဆီမီးစသည်ဖြင့် ပူဇော်လျှက် ရှိခိုးကန်တော့လေ့ရှိ၏။ ကျနော့်နည်းတူ များစွာများစွာသော ရန်ကုန်သူ ရန်ကုန်သားတို့သည်လည်း ဘုရားပေါ်သို့တက်ရောက်ကာ မိမိတို့ရင်တွင်းသောကပူလောင်မှုများကို ငြိမ်းအေးစေရန်အလို့ငှါ ရသမျှဘုရားစာများကို ရွတ်ဖတ်သရဇ္ဈာယ်လျှက် ရှိခိုးကန်တော့ခြင်းများ၊ ဆုတောင်းခြင်းများကို ပြုကြကုန်၏။ ဘုရားကို တစ်ကျပ်တန် ပန်းတစ်စီးခန့်လှူ၍ မိမိလိုချင်သော ဆုများကို အတိုင်းအတာမရှိ အားမနာတမ်း တောင်းကြကုန်၏။

အချို့အချို့သော လူများမှာမူ မည်သည့်လှူဘွယ်ဝတ္ထုမျိုးကိုမှာ လှူဒါန်းသမှုမပြုကြပဲ ဘုရားကို သုံးကြိမ်သုံးခါမျှ ကန်တော့ပြီးနောက် “ဤသို့ကန်တော့ရသော ကောင်းမှုကြောင့် ယခုပစ္စုပ္ပန်ဘ၀တွင် အလိုရှိအပ်၊ တောင်းတအပ်သော ဆုထူးဆုမြတ်နှင့်တစ်လုံးတစ်ဝတည်းပြည့်စုံပြီးလျှင် ဖြစ်လေရာဘ၀တို့၌ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပ္ပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ မိစ္ဆာဒိဋ္ဌိတရား (၆၂)တို့မှ အခါခပ်သိမ်းကင်းလွတ်ြငိမ်း၍ အဆုံးဘ၀နောင်ကာလ၀ယ် မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား” ဟု လွန်စွာရှည်လျား၍ လွန်စွာများပြားသော ဆုများကို တောင်းကြကုန်၏။

ထို့ပြင် အချို့သောလူတို့သည် ရွှေတိဂုံဘုရားကြီး၏ ဒေါင့်ရှစ်ခုဖြစ်သော တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာနှင့် စနေဒေါင့်တို့တွင် တည်ရှိသော ဂြိုဟ်ပြေနံပြေခေါ် ဘုရားဆင်းထု ကျောက်နုရုပ်ပွါးတော်များကို မိမိတို့၏ ရောက်ဆဲအသက်ထက် တစ်ခွက်ပို၍ ဘုရားဆင်းတု၏ ဦးခေါင်းတော်ပေါ်မှ အဆက်မပြတ်လောင်းချလျှက် ရေသပ္ပါယ်ကြကုန်၏။ ဘုရားရုပ်တုတော်များမှာ မနက်မိုးလင်းသည်မှ ညကိုးနာရီလောက်အထိ တစ်နေကုန်နီးပါး ရေလောင်းခြင်း (သူတို့အဆိုအရ ရေသပ္ပါယ်ခြင်း)ကို ခံရကာ ရေညှိများပင် တက်လျှက်ရှိကုန်၏။ ထိုသူတို့၏စိတ်၌ ဘုရားကို ယင်းသို့ရေလောင်းပူဇော်ခြင်းမျိုးကို ပြုလျှင် အေးချမ်းခြင်းတည်းဟူသော အကျိုးတရားကို ရလိမ့်မည်ဟု မျှော်လင့်ကြပုံရ၏။ ထိုသူတို့ကို ထိုင်စေ၍ ငါးနာရီခန့် မနားတမ်း သူတို့၏ဦးခေါင်းပေါ်မှ ရေးလောင်းချခံရပါမူ မည်သို့ပြောမည်မသိ။ ဘုရားကို ကိုယ်ချင်းမစာသော သူများပေတည်း။

ဝက်လက်နယ်သား ကျနော့်သူငယ်ချင်း တစ်ယောက်ပြောဖူးသော အဖြစ်အပျက်တစ်ခုကို သတိရမိ၏။ သူတို့နယ်တွင် ချမ်းသာကြီးဘုရားခေါ် ရုပ်ပွါးတော်ကြီးတစ်ဆူရှိသည်။ ထို့ပြင် ချမ်းသာကြီးဟုခေါ်သော လူပေလူတေ ထန်းရေသမား တစ်ဦးလဲရှိသည်။ ထန်းရေသမား ချမ်းသာကြီးသည် ထန်းရေဖိုး ပိုက်ဆံပြတ်သောအခါ သောက်ဖေါ်သောက်ဖက် သူ့သူငယ်ချင်းကိုခေါ်၍ စစ်ကိုင်း မန္တလေး စသည်ဘက်မှ ရွှေဘို၊ ၀က်လက်နယ်သို့ဆင်းလာသော ခရီးသည်တင်မော်တော်ယာဉ်များဆီမှ “ချမ်းသာကြီးအတွက် အလှူခံပါတယ် ခင်ဗျား” ဟုအော်ဟစ်လျှက် အလှူခံလေ့ရှိသည်။ ရသောပိုက်ဆံများကို နှစ်ယောက်သား ထန်းတောသွားလျှက် မူးကြရူးကြသည်။ တစ်နေ့တွင် အကြောင်းသိလူများနှင့်တွေ့၍ ရပ်ရွာဥက္ကဋ္ဌနှင့် သံဃာနာယကဆရာတော်များကို တိုင်ကြားသဖြင့် ခေါ်ယူစစ်ဆေးရာ “ချမ်းသာကြီးဘုရားအတွက် အလှူခံသည်မဟုတ်၊ ချမ်းသာကြီးအတွက်သာ အလှူခံခြင်းဖြစ်သည်” ဟု လျှောက်လဲရာ မည်သို့မျှ အရေးမယူနိုင်ပဲဖြစ်ရတော့သည်။ ထို့ကြောင့် နောင်အခါ ဒီလို လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီး အလှူမခံဖို့ရာ ချော့မော့ပြောဆို၍ ပြန်လွှတ်လိုက်ရသော ဟူ၏။

ယနေ့စစ်အစိုးရလက်ထက်တွင် ပြည်မြန်မာတစ်ဝှန်း ခေတ်စားလာသော ပွဲစဉ်ကြီးတစ်ခု ရှိသည်။ ယင်းမှာ တရားပွဲစဉ်ကြီးပင်တည်း။ နိုင်ငံအနှံအပြား ဘယ်နေရာသွားသွား တွေ့ရမည့် အရာများမှာ ဓမ္မကထိကဆရာတော်များ၏ ဓာတ်ပုံနှင့်တကွသော တရားပွဲကြော်ငြာများပင်ဖြစ်သည်။ ဘာသာရေးရှုထောင့်က ကြည့်လျှင် ဗုဒ္ဓသာသနာအတွက် အားရစရာကောင်းသည် ဟုထင်စရာရှိသော်လဲ အချို့အချို့ ကြားရ သိရသော သတင်းများမှာ နားမချမ်းသာစရာကောင်းလှချေ၏။

တရားဟောဆရာတော်အများစုမှာ ဒကာ ဒကာမတို့က ပင့်ဖိတ်မှ သွားရောက်ဟောကြားတော်မူကြရသည်ဖြစ်ရာ ထိုပင့်ဖိတ်သော လူတို့၏ နောက်ကွယ်စီးပွါးရေးကွက်ကို မြင်သိကြဟန်မတူ။ (အချို့လည်း သိကြမည်ထင်၏)။ တရားပွဲစီစဉ်သူတို့သည် ကုသိုလ်ပြုလိုသောစိတ်၊ ခေတ်ကာလအရ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေကြရှာသော တိုင်းသူပြည်သားအများစု၏ စိတ်ကို နှစ်သိမ့်ပေးလို့သောစေတနာ၊ ဘုရားသာသနာတော်ကို ကြီးပွါးတို့တက်စေလို့သော သမ္မာဆန္ဒများနှင့် ဆောင်ရွက်ကြပါမူ ထိုသူတို့၏ လုပ်ရပ်သည် လွန်စွာသာဓုခေါ်ထိုက်သော လုပ်ရပ်ဖြစ်ကြောင်း ပြောစရာမလိုပေ။ သို့သော် အချို့အချို့သော တရားပွဲစီစဉ်သူများမှာ အလှူ့ရှင်တို့က လှူဒါန်းသော ငွေများကို သက်ဆိုင်ရာ တရားဟောဆရာတော်ကို အချိုးကျလှူပြီးလျှင် ကျန်ငွေများကို သူတို့အိပ်ထဲထည့်ကြောင်း မကြာခဏကြားသိနေရရာ ထို့သူတို့၏ နောင်ရေးမှာ များစွာရင်လေးစရာပင်ဖြစ်ချေတော့၏။

တရုတ်ပြေးမင်း၊ သို့မဟုတ် မင်းခွေးချေး သို့မဟုတ် နရသီပတေ့ခေါ် မင်းဆိုးမင်းညစ်လက်ထက်မှစတင်ကာ သံဃာတော်တို့သည် ပြည်သူအတွက်၊ သာသနာတော်အတွက် ရပ်တည်လျှက် တိုင်းပြည်အုပ်ချုပ်သော မင်းတို့၏ မတရားမှုများကို ဆန့်ကြင်လာခဲ့ရာ ယနေ့အထိပင်ဖြစ်ချေ၏။ ကျနော်တို့ခေတ်တွင် (၈)လေးလုံး အရေးတော်ပုံကြီးနှင့် ၂၀၀၇-ခု၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးခေါ် သံဃာ့အရေးအခင်းတို့သည် ကြီးမားသော ပြယုဂ်များဖြစ်ခဲ့သည်။ ရှေးမင်းဆိုးတို့ သံဃာတော်များကို မည်သို့ထုထောင်းနှိပ်စက်ကြသည်ကို သေချာကျန မသိရသော်လဲ ယနေ့စစ်အစိုးရ၏ နှိပ်စက်မှုမှာ အောချလောက်အောင် ဆိုးရွားလှလေ၏။ အဆိုးရွားဆုံးမှာ သာသနာအတွင်းနေပါလျှက် သာသနာအလုပ်လဲတစ်စက်မျှမလုပ်၊ အများအကျိုးပြုလုပ်ငန်းများလဲ နည်းနည်းမှမလုပ်ပဲ ချဲရောင်း ထီရောင်းစသည်ဖြင့် စီးပွါးဖြောင့်အောင်လုပ်နေသူများကို အရေးယူခြင်း အလျှင်းမပြုပဲ သူတို့အာဏာကို ထိပါးလာသည်ဟု အထင်ခံရသူများကိုမူ အများအကျိုးကို မည်မျှပင်ဆောင်ရွက်နေသူဖြစ်ပါစေ မျက်စောင်းတခဲခဲထားလျှက် အရေးယူရန် ကြံစည်ကာ အပေါက်အကြားရှာလျှက်ရှိ၏။

သို့သော် ထိုကဲ့သို့သော ဆရာတော်၊ သမားတော်ကြီးများကိုမူ ပြည်သူလူထုက များစွာကြည်ညိုလေးစား အားကိုးအားထားပြုလျှက်ရှိရာ တော်ရုံကိစ္စဖြင့် ဖမ်းခြင်း၊ ဆီးခြင်းများ မပြုလုပ်ပဲ ထိုဆရာတော်များအနီးအပါး၌ အပြစ်ရှာရန်အတွက် ထောက်လှမ်းရေးများ ချထားကာ အခြေအနေကို အစဉ်မပြတ်စောင့်ကြည့်စေလေတော့၏။ စစ်အစိုးရ၏ လုပ်ရပ်မှာ မိတ်ဆွေကို ရန်သူထင်၊ ရန်သူကို မိတ်ဆွေဟု မှတ်ယူကာ အမှားများကို တစ်ခုပြီးတစ်ခုပြုလုပ်ခြင်းဖြင့် တိုင်းပြည်နှင့် သာသနာကို အသရေဆိုးသွမ်း၊ ဂုဏ်ညှိုးနွမ်းအောင် ပြုလုပ်လျှက်ရှိရာ ယနေ့ခေတ်ကာလသည် ကလိယုဂ်ခေါ် ဆုတ်ကပ်၏ အထွဋ်အထိပ်ပေလောဟု ကျနော့်စိတ်ထဲ တွေးတောနေမိချေတော့သတည်း။

Monday, June 8, 2009

၂၄-ပစ္စည်း တိုကျဉ်းလိုရင်းမြန်မာပြန်


(၁) ဟေတုပစ္စယော-အကြောင်းတရားအနေအားဖြင့် ကျေးဇူးပြုတတ်သောတရားသည်၎င်း၊


(၂) အာရမ္မဏပစ္စယော-အာရုံအနေအားဖြင့်---


(၃) အဓိပတိပစ္စယော-အကြီးအကဲအနေအားဖြင့်---


(၄) အနန္တရပစ္စယော-အခြားအကွယ်မရှိသောအားဖြင့်---


(၅) သမနန္တရပစ္စယော-အကြားကာလမရှိသောအားဖြင့်---


(၆) သဟဇာတပစ္စယော-အတူတကွဖြစ်ပေါ်(စေ)သောအားဖြင့်---


(၇) အညမညပစ္စယော-အချင်းချင်းဖြစ်(စေ)ခြင်း၊ ထောက်ပံ့ခြင်းအားဖြင့်---


(၈) နိဿယပစ္စယော-တည်ရာမှီရာအနေအားဖြင့်---


(၉) ဥပနိဿယပစ္စယော-အားကြီးသော တည်ရာမှီရာအနေအားဖြင့်---


(၁၀) ပုရေဇာတပစ္စယော-ရှေးဦးစွာဖြစ်၍ ဖြစ်ပေါ်မည့်အနေအားဖြင့်---


(၁၁) ပစ္ဆာဇာတပစ္စယော-ရှေးဦးစွာဖြစ်သောရုပ်တရားများကို ထောက်ပံ့သောအားဖြင့်---


(၁၂) အာသေ၀နပစ္စယော-ထပ်ခါတလဲလဲအားထုတ်၍ အားကြီးအောင်ပြုသောအားဖြင့်---


(၁၃) ကမ္မပစ္စယော-စိတ်၏အားထုတ်မှုတည်းဟူသော အမူအရာအားဖြင့်---


(၁၄) ၀ိပါကပစ္စယော-အားထုတ်မှုကင်း ငြိမ်သက်ခြင်းကြောင့် အားထုတ်မှုကင်း ငြိမ်သက်ခြင်းရှိအောင်ပြုသောအားဖြင့်---


(၁၅) အာဟာရပစ္စယော-ရုပ်နာမ်တို့ကို ထောက်ပံ့သောအားဖြင့်---


(၁၆) ဣနြ္ဒိယပစ္စယော-အစိုးတရပြုသောအားဖြင့်---


(၁၇) ဈာနပစ္စယော-ဆန့်ကျင်ဘက်တို့ကို လောင်မြိုက်စေသောအားဖြင့်---


(၁၈) မဂ္ဂပစ္စယော-ထိုထိုဂတိနှင့်ကုသိုလ်အကုသိုလ်တို့မှ ထွက်မြောက်စေသောအားဖြင့်---


(၁၉) သမ္ပယုတ္တပစ္စယော-မှီရာ အာရုံ အဖြစ် အချုပ်တူညီမှုတည်းဟူသော အတူတကွဖြစ်ခြင်းအားဖြင့်---


(၂၀) ၀ိပ္ပယုတ္တပစ္စယော-မှီရာ အာရုံ အဖြစ် အချုပ်ကွဲပြားမှုတည်းဟူသော တကွဲတပြားဖြစ်ခြင်းအားဖြင့်---


(၂၁) အတ္ထိပစ္စယော-မိမိကိုယ်တိုင် ပစ္စုပ္ပန်တည့်တည့်သဘောရှိသည်ဖြစ်၍ ယင်းသဘောရှိသောတရားတို့ကို


ထောက်ပံ့သောအားဖြင့်---


(၂၂) နတ္ထိပစ္စယော-မိမိ၏အခြားမဲ့၌ဖြစ်ပေါ်လာမည့်နာမ်တရားတို့ကို ဖြစ်ခွင့်ပေးသောအားဖြင့်---


(၂၃) ၀ိဂတပစ္စယော-မိမိ၏အခြားမဲ့၌ ဖြစ်ပေါ်လာမည့်နာမ်တရားတို့ကို နေရာပေးသောအားဖြင့်---


(၂၄) အ၀ိဂတပစ္စယော-မိမိကိုယ်တိုင်ပစ္စုပ္ပန်တည့်တည့်သဘောရှိသည်ဖြစ်၍ ယင်းသဘောရှိသောတရားတို့ကို


မပျောက်ပျက်စေသောအားဖြင့် ကျေးဇူးပြုတတ်သောတရားသည်၎င်း၊ အတ္ထိ-စင်စစ်မသွေ ရှိပါပေ၏။ ဣတိ-ဤသို့၊


ဗောဓေနံ္တ-သိတော်မူသောမြတ်စွာဘုရားကို၊ ၀န္ဒာမိ-ဦးနှိပ်ရိုကျိုး၊ လက်စိုမိုးကာ ရှိခိုးကန်တော့ပါ၏ဘုရား။




မှတ်ချက်။ ။ပဋ္ဌာန်း (၂၄) ပစ္စည်းကို ပါဠိ+မြန်မာနှစ်ဘာသာဖြင့် ရွတ်ဖတ်ပူဇော်လိုကြသော ဗုဒ္ဓဘာသာဝင်အပေါင်း


သူတော်ကောင်းတို့အတွက် မူရင်းပဋ္ဌာန်းအဋ္ဌကတာကြီးမှ တိုက်ရိုက်ဘာသာပြန်၍ တိုတိုကျဉ်းကျဉ်း


ဖေါ်ပြပေးလိုက်ပါသည်။

Saturday, June 6, 2009

၂၄-ပစ္စည်း မူရင်းအနက်အဓိပ္ပါယ်


ပဋ္ဌာန်း (၂၄) ပစ္စည်းပါဠိ၏ အနက်အဓိပ္ပါယ်ကို မူရင်းပဉ္စပကရဏအဋ္ဌကထာနှင့် ပရမတ္ထ၀ိဘာဝိနီဋီကာခေါ် ဋီကာကျော်ပါဠိစာအုပ်မှ ရှာဖွေထုတ်နှုတ်၍ အနက်မြန်မာပြန်ဆိုဖေါ်ပြပေးလိုက်ပါသည်။

(၁) ဟေတုပစ္စယော-သစ်ပင်၏ရေသောက်မြစ်ကဲ့သို့ ဟိတ်ခြောက်ပါးတို့၏ အကြောင်းတရားအနေအားဖြင့် အတူဖြစ်ဘက်ရုပ်နာမ်တရားတို့ကို ကျေးဇူးပြုခြင်း၊
(၂) အာရမ္မဏပစ္စယော-အားနည်းသူဆွဲမှီရာတောင်ဝှေးစသည်ကဲ့သို့ အာရုံခြောက်ပါးတို့၏ အာရုံအပြုခံသဘောအားဖြင့် စိတ်စေတသိက်တရားတို့ကို ကျေးဇူးပြုခြင်း၊
(၃) အဓိပတိပစ္စယော-ဆန္ဒ၊ ၀ီရိယ၊ စိတ်၊ ၀ီမံသ (ပညာ) တည်းဟူသော တရားလေးပါးတို့၏ မိမိနှင့်စပ်၍ဖြစ်ဘက်တရားတို့ကို အကြီးအမှုးပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၄) အနန္တရပစ္စယော-စိတ်ဖြစ်စဉ်တစ်ခုအတွင်း စိတ်စေတသိက်တို့ကို ရှေ့နောက်အကြားမရှိအောင်ပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၅) သမနန္တရပစ္စယော-ပုံသဏ္ဌာန်မရှိသဖြင့် စိတ်ဖြစ်စဉ်တစ်ခုအတွင်း စိတ်စေတသိက်တို့ကို အကြားကာလမရှိစေဘဲ ကောင်းစွာကျေးဇူးပြုခြင်း၊
(၆) သဟဇာတပစ္စယော-ဆီမီး၏ အလင်းရောင်ကဲ့သို့ အတူဖြစ်ဘက် ရုပ်နာမ်တရားတို့ကို အတူဖြစ်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၇) အညမညပစ္စယော-အချင်းချင်းထောက်မထားသော ဒုတ်သုံးချောင်းကဲ့သို့ မိမိအားကျေးဇူးပြုတတ်သော ရုပ်နာမ်တရားတို့ကို ပြန်လည်ထောက်မသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၈) နိဿယပစ္စယော-အ၀တ်၊ စက္ကူစသည်သည် ပန်းချီ၏မှီရာဖြစ်သကဲ့သို့၎င်း၊ မြေကြီးသည် သစ်ပင်တောတောင်စသည်တို့၏ မှီရာဖြစ်သကဲ့သို့၎င်း အတူဖြစ်ဘက်ရုပ်နာမ်တရားတို့ကို မှီရာအနေအားဖြင့် ကျေးဇူးပြုခြင်း၊
(၉) ဥပနိဿယပစ္စယော-အတူဖြစ်ဘက်ရုပ်နာမ်တို့ကို အားကြီးသောမှီရာအနေအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၀) ပုရေဇာတပစ္စယော-မှီရာခြောက်ပါးနှင့် အာရုံခြောက်ပါးတို့၏ အကျိုးတရားမဖြစ်မီရှေးဦးစွာ ဖြစ်ပေါ်သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၁) ပစ္ဆာဇာတပစ္စယော-လင်းတငှက်ငယ်တို့၏ အစာရနိုးမျှော်ကိုးရင်း အသက်ရှင်ရခြင်းကဲ့သို့ နောက်နောက်ဖြစ်ပေါ်သော စိတ်စေတသိက်တရားတို့၏ မျှော်လင့်ချက်ကင်းမဲ့နေသော ကိုယ်ကို ထောက်ပံ့ (မျှော်လင့်ချက်ပေး) သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၂) အာသေ၀နပစ္စယော-ကျမ်းစာကို အဖန်တလဲလဲ လေ့လာဆည်းပူးရခြင်းကဲ့သို့ ကုသိုလ်/အကုသိုလ်တရားများကို အဖန်တလဲလဲ အားကောင်းအောင်ပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၃) ကမ္မပစ္စယော- စေတနာ၏ အတူတကွဖြစ်ဖေါ်ဖြစ်ဘက်အကျိုး (၀ိပါက်)တရားများနှင့် (ကမ္မဇ)ရုပ်တရားများကို လှုပ်ဆော်သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၄) ၀ိပါကပစ္စယော-မိမိတို့ကိုယ်တိုင် လုံ့လမပြု ငြိမ်သက်မှုရှိသော အကျိုးဝိပါက်စိတ်စေတသိက်တရားတို့၏ တကွဖြစ်ဘက် ရုပ်နာမ်တရားများကို မိမိတို့နည်းတူ လုံ့လမပြုငြိမ်သက်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၅) အာဟာရပစ္စယော-အာဟာရလေးပါးတို့၏ ရုပ်နာမ်တရားများကို ထောက်ပံကူညီသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၆) ဣန္ဒြိယပစ္စယော-ထိုထိုကိစ္စတို့၌ အကျိုး (ပစ္စယုပ္ပန်) တရားတို့ကို မိမိအလိုသို့ လိုက်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၇) ဈာနပစ္စယော-အာရုံကို ကြံစည်တတ်သော ၀ိတက် စသည်တို့၏ ဆိုင်ရာအာရုံကို ကပ်၍ရှုမှတ်ခြင်း၊ လက္ခဏာကိုကပ်၍ ရှုကြည့်ခြင်းအားဖြင့် ကပ်ရောက်၍ ကျေးဇူးပြုခြင်း၊
(၁၈) မဂ္ဂပစ္စယော-သမ္မာဒိဋ္ဌိ (အမြင်မှန်မှု) စသည်တို့၏ သုဂတိ/ဒုဂ္ဂတိနှင့် ကောင်းမှု/မကောင်းမှုတို့မှ ထွက်မြောက်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၉) သမ္ပယုတ္တပစ္စယော-နာမ်တရားတို့၏ ပရမတ္ထ (အရှိသဘော) အားဖြင့် ကွဲပြားသော်လဲ တစ်မျိုးတည်း၊ တစ်ခုတည်းကဲ့သို့ ဖြစ်ရလေအောင် အတူဖြစ်ခြင်းစသောယှဉ်ဘက်သဘောလက္ခဏာအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၀) ၀ိပ္ပယုတ္တပစ္စယော-မှီရာရုပ်တရားများနှင့် စိတ်စေတသိက်တို့၏ အချင်းချင်းဆက်စပ်ယှဉ်တွဲနေသော်လဲ ကွဲပြားစေလျှက် မရောနှောအောင်ပြုခြင်း၊ တစ်ခုစီ၊ တစ်မျိုးစီဖြစ်စေခြင်းအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၁) အတ္ထိပစ္စယော-အတူဖြစ်ဘက်တရားများနှင့် ကြိုတင်ဖြစ်ပေါ်သောတရားများ၏ လက်ရှိပစ္စုပ္ပန်အရှိသဘောဖြင့် ယင်းသို့ သဘောရှိသောတရားများကို ထောက်ပံ့ကူညီသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၂) နတ္ထိပစ္စယော-အခြားမဲ့၌ ချုပ်ပြီးချုပ်ပြီးကုန်သော စိတ်စေတသိက်တရားတို့၏ နောက်ထပ်ဖြစ်ပေါ်မည့်စိတ်စေတသိက်တရားတို့ကို ဖြစ်ခွင့်ပေးခြင်း (နေရာပေးခြင်း)အားဖြင့် ကျေးဇူးပြုခြင်း၊
(၂၃) ၀ိဂတပစ္စယော-မိမိတို့သဘောဘဘာဝနှင့် မကင်းသဖြင့် ဖြစ်ပေါ်ခွင့်မရသော စိတ်စေတသိက်တို့ကို သဘောသဘာဝကင်းအောင်ပြုခြင်းဖြင့် ကျေးဇူးပြုခြင်း၊
(၂၄) အ၀ိဂတပစ္စယော-အတူဖြစ်ဘက်တရား၊ ကြိုတင်ဖြစ်ပေါ်သောတရားတည်းဟူသော အရှိတရားတို့ကို မချုပ်မပျောက်အောင်ပြုသောအားဖြင့် ကျေးဇူးပြုခြင်းသည်၊
အတ္ထိ-မုချမသွေ ရှိပါပေ၏၊ ဣတိ-ဤသို့၊ ဗောဓေနံ္တ-ကောင်းစွာထိုးထွင်း သိမြင်ခြင်းရှိတော်မူသော မြတ်စွာဘုရားကို၊ ၀န္ဒာမိ-သဒ္ဓါရိုကျိုး၊ လက်စုံမိုးကာ ရှိခိုးကန်တော့ပါ၏ဘုရား။

မှတ်ချက်။ ဘလော့ဂါ ဒေါက်တာကိကိသို့ အထူးရည်ညွှန်းပါသည်။ ပဋ္ဌာန်းအကြောင်းကို အတန်အသင့်နားလည်လို၊ သိလိုကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် အမရပူရမဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ “အခြေပြုပဋ္ဌာန်းတရား” စာအုပ်ကို ရှာဖွေဖတ်ရှုကြပါကုန်။ အွန်လိုင်းစာဖတ်ပရိတ်သတ်များအတွက် ဆရာတော်၏ စာအုပ်ကို ဝေမျှလိုက်ပါသည်။ တိုက်ရိုက်ဖွင့်မရပါက အောက်ပါ Link ကို Click ပြီးလျှင် ပေါ်လာသော Web-page မှ PDF file ကို Click ၍ Download လုပ်ပြီး ဖတ်ပါ။ (အားတော့နာသဗျာ၊ လောလောဆယ် Copyright အရ ဒီလိုပဲလုပ်လို့ရလို့ ဒီနည်းကိုပဲ ညွှန်းလိုက်ရတာပါ၊ တိုက်ရိုက်တင်လို့ရတဲ့အခါ တိုက်ရိုက်ဖတ်လို့ရအောင် တင်ပေးပါ့မယ်။)

အခြေပြုပဋ္ဌာန်းတရားတော်
ဗုဒ္ဓစာပေ၏ လေးနက်ပြည့်ဝမှုကို နားလည်ခံစားကြည်ညိုနိုင်ကြပါစေသော်။



Wednesday, June 3, 2009

အလွဲသစ္စာ


A lie told often enough becomes the truth.

(Vladimir Ilyich Lenin)


မုသားတစ်ခုဟာ ပြောဖန်များတဲ့အခါ အမှန်ဖြစ်သွားတတ်တယ်။
(လီနင်)

ကွန်မြူနစ်ဝါဒီနိုင်ငံရေးသမားကြီး ရုရှားတော်လှန်ရေးခေါင်းဆောင် လီနင်ရဲ့ အထက်ပါစကားဟာ အသစ်အဆန်းတော့လဲ မဟုတ်ပါဘူး။ ဒီစကားကို ပြောခဲ့ဖူးရုံတင်မက၊ ဒီစကားမှန်ကန်ကြောင်း သက်သေနဲ့တကွပြခဲ့တဲ့ ပညာရှင်တစ်ယောက် (India) အင်ဒီယ ရာဇ၀င်နဲ့ ဂန္ထ၀င်သမိုင်းမှာ ပေါ်ခဲ့ဖူးပါတယ်။ သူ့ကို စာပေလိုက်စားတဲ့ လူတိုင်းသိကြပါတယ်။ မြန်မာစာပေလိုက်စားတဲ့လူတွေ ဦးပေါ်ဦးကို သိကြသလို ကမ္ဘာ့စာပေနဲ့ ရှေးဟောင်းစာပေလိုက်စားတဲ့လူတွေအားလုံး သူ့ကို သိကြပါတယ်။ သူဟာ “ကာလီဒါသ”လို့ခေါ်တဲ့ ဘုရင့်အပါးတော်မြဲ နန်းတွင်းပညာရှိပရောဟိတ်ကြီးတစ်ယောက်ပါ။ “ဦးပေါ်ဦးလျှောက်ထုံး”ဆိုတဲ့ စာပေမိတ်ဆက်နဲ့ ဦးပေါ်ဦးကို မြန်မာလူငယ်လူကြီးတွေ သိထားကြသလို “ကာလီဒါသလျှောက်ထုံး”ဆိုတဲ့ စာပေမိတ်ဆက်နဲ့ ကာလီဒါသကို သိထားကြပါတယ်။

အမတ်ကြီးဦးပေါ်ဦးနဲ့တွဲပြီး သူ့သခင် ဘိုးတော်ဦးဝိုင်းကို သိရသလို အမတ်ကြီးကာလီဒါသအကြောင်းကို ပြောရင် သူနဲ့တွဲပြီး သူ့သခင် ဘောဇဘုရင်ကိုလဲ ချန်ထားလို့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘိုးတော်ဦးဝိုင်းရဲ့ ကပ်သီးကပ်သတ်မေးခွန်းတွေကြောင့် ဦးပေါ်ဦးခေါင်းထဲက ခဲရာခက်ဆစ်အဖြေတွေပေါ်လာရသလို ဘောဇဘုရင်ရဲ့ ဂွတိဂွကျမေးခွန်းတွေကြောင့် ကာလီဒါသခေါင်းထဲက ကပ်တိကပ်ဖဲ့အဖြေတွေ ထွက်လာရတာကြောင့်ပါ။ ဘောဇဘုရင်နဲ့ ကာလီဒါသတို့ရဲ့ အလွန်စိတ်ဝင်စားစရာကောင်းပြီး များပြားလှတဲ့ အမေးအဖြေတွေထဲက အထက်ပါလီနင့်စကားနဲ့ သက်ဆိုင်တဲ့ ကာလီဒါသရဲ့ လျှောက်ထုံးလေးတစ်ခုကို ပြောပြချင်ပါတယ်။

အခါတစ်ပါး အမတ်ကြီးကာလီဒါသနဲ့ ဘောဇဘုရင်မင်းမြတ်တို့ နန်းမဆောင်အတွင်း နှစ်ဦးသားအတူထိုင်ပြီး တိုင်းရေးပြည်ရေးဆွေးနွေးနေရာက အကြောင်းတိုက်ဆိုင်လာလို့ ကာလီဒါက လျှောက်လိုက်တယ်။
“လူအပါအ၀င် ခပ်သိမ်းသောသတ္တ၀ါတွေရဲ့ အမှတ်သညာဟာ ထပ်ခါတလဲလဲဖြစ်တဲ့အရာပေါ်မှာ အာရုံခံစား စွဲထင်သွားတတ်တဲ့သဘောရှိတယ်၊ မုသားစကားတစ်ခုဟာလဲ ထပ်ခါတလဲလဲ ပြောဖန်များလာရင် သတ္တ၀ါတွေရဲ့ စိတ်ထဲမှာအမှန်လိုလို အထင်ရောက်သွားတတ်တယ်”။
ဘုရင်ကြီးက ကာလီဒါသကို ပညာစမ်းချင်တာနဲ့ အဲဒီအဆိုကို သက်သေမပြနိုင်ရင် မယုံနိုင်ဘူးလို့ အမိန့်ရှိလိုက်တယ်။ ကာလီဒါသကလဲ အချက်အလက်မရှိ၊ သက်သေမထူနိုင်တဲ့စကားမျိုးကို ပြောရိုးထုံးစံမရှိတဲ့ ပညာရှိတစ်ယောက်ပီပီ “မှန်လှပါ၊ ဒီအဆိုမှန်ကန်ကြောင်း ကျနော်မျိုး သက်သေထူနိုင်ကြောင်းပါဘုရား”လို့ ဦးတင်လျှောက်ထားလိုက်တယ်။

ဒီလိုနဲ့ နောက်တစ်နေ့မှာ ဘုရင်နဲ့ အမတ်ကြီးတို့နှစ်ယောက်ဟာ သာမန်အရပ်သားအ၀တ်အစားတွေနဲ့ နန်းတော်ထဲက တိတ်တဆိတ်ထွက်လာပြီး မြို့အတွင်းဝင်လာခဲ့ကြတယ်။ အဲဒီလိုလာခဲ့ကြရာက လမ်းမှာသမင်အသေတစ်ကောင်ပုခုံးပေါ်ထမ်းပြီး တောထဲက ပြန်လာတဲ့ မုဆိုးတစ်ယောက်ကို ကံအားလျှော်စွာတွေခဲ့ကြတယ်။ ကာလီဒါသက ၀မ်းသာအားရနဲ့ “ မြို့ထဲအထိ သွားစရာမလိုတော့ဘူး၊ ဒီနေရာမှာပဲ ကျနော့်စကားအတွက် သက်သေပြလို့ရပြီ” လို့ ဘုရင်ကြီးကိုပြောလိုက်တယ်။ ဘုရင်ကြီးလဲ ကာလီဒါသလျှောက်ထားချက်ကို စိတ်ဝင်တစားနားထောင်ပြီး ဘယ်လိုများသက်သေပြမလဲဆိုတာကို သိချင်နေတယ်။

သားကောင်ပုခုံးထမ်းလာတဲ့ မုဆိုးအနားသွားပြီး ကာလီဒါသက “ဟေ့လူ၊ ခင်ဗျားဘာဖြစ်လို့ ခွေးအသေကောင်ကြီး ပုခုံးပေါ်ထမ်းလာရတာလဲ” လို့မေးလိုက်တယ်။ မုဆိုးက စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး “ဒါ ခွေးအသေကောင်မဟုတ်ဘူးဗျာ့၊ သမင်၊ သမင်၊ အခုမှ တောထဲက ပစ်လာတဲ့ လတ်လတ်ဆတ်ဆတ်သမင်ဗျာ့”လို့ ပြန်အော်လိုက်တယ်။ ကာလီဒါသကလဲ “ကျုပ်မျက်စိကတော့ ခွေးအသေကောင်လို့ မြင်တာပဲဗျာ့” ဆိုပြီး ခပ်တည်တည်နဲ့လှိမ့်လိုက်တယ်။ အဲလိုပြောပြီး ဘုရင်ကြီးနဲ့ ကာလီဒါသတို့ဟာ အဲဒီမုဆိုးအရင် သူသွားမည့်လမ်းကြောင်းအတိုင်းသွားပြီး တစ်နေရာမှာ အ၀တ်အစားတွေပြောင်းလဲဝတ်ဆင်၊ ရုပ်ဖျောက်ပြီး မုန့်ဆိုးကို စောင့်နေကြတယ်။ တွေ့တဲ့အခါကျတော့ ကာလီဒါက “ဟေ့မုဆိုးကြီး၊ ခင်ဗျားက ဘာဖြစ်လို့ ဆိတ်ကို သတ်ပြီးထမ်းလာရတာလဲ၊ အဲဒါ ခင်ဗျားပိုင်တဲ့ဆိတ်ကော ဟုတ်ရဲ့လား၊ သူများဟာဆိုရင် တရားအစွဲခံနေရဦးမယ်နော်” လို့ပြောလိုက်တယ်။ မုဆိုးလဲ စိတ်ဆိုးပြီး “ခင်ဗျား ဘာတွေလျှောက်ပြောနေတာလဲ၊ ဒါ ဆိတ်မဟုတ်ဘူးဗျာ့၊ တောထဲက ပစ်လာတဲ့ သမင်၊ သမင်” လို့ပြောလိုက်တယ်။ ကာလီဒါသကလဲ အထက်မှာ သူပြောတဲ့အတိုင်း “ကျုပ်မျက်စိကတော့ ဆိတ်အသေကောင်လို့မြင်တာပဲဗျား” လို့ပြန်ပြောလိုက်ပြန်တယ်။

ဒါပေမဲ့ မုဆိုးစိတ်ထဲမှာတော့ “ခုနားကလမ်းမှာတွေ့ခဲ့တဲ့ လူတစ်ယောက်က ငါထမ်းလာတဲ့ သမင်အသေကို ခွေးအသေကောင်လို့ ပြောတယ်။ အခုဒီလူကျတော့ ဆိတ်အသေလို့ပြောနေပြန်ပြီ၊ ငါထမ်းလာတာ သမင်ကောဟုတ်ရဲ့လား” လို့ သံသယ၀င်သွားတယ်။ ကာလီဒါသနဲ့ ဘုရင်ကြီးလဲ မုဆိုးထက်ဦးအောင် ခပ်သွက်သွက်သွား၊ အ၀တ်အစားလဲ၊ ရုပ်ဖျောက်ပြီး မုဆိုးလာရာလမ်းကြောင်းပေါ်က စောင့်နေလိုက်ကြတယ်။ မုဆိုးကြီးအနားရောက်လာတဲ့အခါကျတော့ မသိယောင်ဆောင်ပြီး “မုဆိုးကြီး၊ ခင်ဗျားပုခုံးပေါ်ထမ်းလာတဲ့ တောဝက်ကြီးက အကြီးကြီးပါလား၊ ပိတ်သာချိန်အတော်များများရမှာပဲနော်” လို့ ပြောလိုက်တယ်။ ဒီတစ်ခါတော့ မုဆိုးကြီးလဲ စိတ်မဆိုးတော့ဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ကြောက်လာတယ်။ သူထမ်းလာတဲ့ သမင်အသေကောင်ကို လမ်းတွေ့တဲ့လူတိုင်းက တစ်ယောက်တစ်မျိုးစီပြောနေကြတဲ့အပေါ်မှာ ယုံကြည်မူတွေဝင်လာပြီး သူထမ်းလာတဲ့အကောင်ဟာ နာနာဘာဝတစ်ကောင်ကောင်က အမျိုးမျိုးဖန်ဆင်းလိုက်လာတယ်လို့ ထင်သွားတယ်။ အဲဒီလိုထင်လိုက်တာနဲ့ ကြက်သီးမွှေးညင်းတွေ ဘာတွေထပြီး ထမ်းထားတဲ့ သမင်အသေကောင်ကို ပစ်ချပြီး သူ့အိမ်ကို တန်းပြေးတော့တာပါပဲ။

ကာလီဒါသလဲ ဘုရင်ကြီးကိုလှည့်ကြည့်လိုက်တယ်။ ဘုရင်ကြီးလဲ ကာလီဒါသရဲ့စကားကို ထောက်ခံပြီး “ထပ်ခါတလဲလဲ ပြောဖန်များတဲ့ မုသားစကားတစ်ခွန်းဟာ လူတွေရဲ့စိတ်ထဲမှာ အမှန်လို့ ထင်ယောင်ထင်မှားဖြစ်တတ်ပါလား” လို့မှတ်ချက်ပြုလိုက်တယ်။

ကာလီဒါသရဲ့ ဒီအဆိုဟာ ယနေ့ခေတ်နိုင်ငံရေးလောကမှာ အလွန်အသုံးဝင်တဲ့ Political Theory တစ်ခုဖြစ်နေပါပြီ။ ဒီသဘောတရားကို ကောင်းစွာနားလည်တဲ့ ရုရှကွန်မြူဝါဒီနိုင်ငံရေးသမားကြီး မစ္စတာလီနင်ကလဲ ဒီအတိုင်းပဲ ပြောခဲ့ပါတယ်။ ဒါကို “သညာဝိပ္ပလ္လာသ=အမှတ်သညာဖေါက်ပြန်မှု” သို့မဟုတ် “Illusion=အမှတ်မှားမှု” လို့ခေါ်ပါတယ်။ ယနေ့ လက်ရှိအုပ်ချုပ်နေသူများအပါအ၀င် နိုင်ငံရေးသမား အတော်များများဟာ ဒီသဘောတရားကို ကောင်းကောင်းနားလည်ကြပုံရပါတယ်။ အထူးသဖြင့် လက်ရှိမြန်မာ့စစ်ခေါင်းဆောင်ကြီးဟာ Psychology ကို ကောင်းကောင်းကျွမ်းကျင်သူပီပီ သူ့လက်အောက်ကလူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် အမျိုးမျိုးလိမ်ညာလှည့်ဖျားပြီး တိုင်းပြည်ကို မုသားဟင်းလေးအိုးထဲ ထည့်မွှေနေသူတစ်ယောက်ဖြစ်ပါတယ်။ ပညာရှိတဲ့ ပြည်သူလူထုဟာ အဲဒီလူကြီးပြောတာတွေကို မယုံကြပေမဲ့ သူ့စကားနားဝင်နေတဲ့ သူ့လူတွေရဲ့နှိက်စက်ညှင်းပန်းမှုဒဏ်ကို မခံနိုင်လို့ အင်အားမမျှစွာနဲ့ ငြိမ်ခံနေကြရခြင်းဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုဟာ လက်ရှိစစ်ခေါင်းဆောင်ကို မဖြုတ်ချနိုင်ပဲဖြစ်နေကြတာပါ။ တကယ်လို့သာ ပညာရှိတဲ့ ပြည်သူတွေဟာ အဲဒီစစ်ခေါင်းဆောင်ကြီးအနားကလူတွေအပါအ၀င် အောက်လက်ငယ်သားတွေကို သူတို့ခေါင်းဆောင်ကြီးစကား နားမယောင်မိစေဖို့ ပြောပြနိုင်ကြမယ်ဆိုရင်၊ စစ်အင်အားစုတွေလဲ ပြည်သူ့စကားနားထောင်လာကြမယ်ဆိုရင် ကျနော်တို့မြန်မာနိုင်တော်ကြီးဟာ သာယာဝပြောပြီး စိတ်ချမ်းသာစရာကောင်းတဲ့ တိုင်းပြည်ကြီးတစ်ခုဖြစ်လာမှာမလွဲကြောင်း တင်ပြလိုက်ရပါတယ်။