Sunday, November 23, 2008

ကုရာနတ္ထိ ဆေးမရှိ


Selfishness must always be forgiven you know, because there is no hope of a cure.

Jane Austen (1775-1817)

အတ္တဆန်မှုဆိုတာ အမြဲတစေ့ခွင့်လွှတ်ရမည့် အရာပဲ၊ ဘာ့ကြောင့်လဲဆိုတော့ ကုရာနတ္ထိ ဆေးမရှိဘူးလေ။

(ဂျိန်းအော်စတင်)


လူတစ်ယောက်ကို အတ္တဆန်တယ်လို့ပြောတဲ့အခါ ကျနော်တို့စိတ်ထဲမှာ အဲဒီလူနဲ့ပတ်သက်ပြီး ကြိုတင်တွေးထား၊ မြင်ထားတာတွေရှိပါတယ်။ ကြိုတင်တွေးတောထားခြင်းမရှိပဲ ဘယ်သောအခါမှ တစ်ဘက်သားကို အတ္တဆန်တယ်လို့ မပြောကြပါဘူး။ အဲဒါက ဘာလဲဆိုရင်--ဒီလူဟာ ကိုယ်ကျိုးအတွက်ပဲ အလုပ်လုပ်တယ်။ ကိုယ်ကျိုးသမား။ သူများကို မငဲ့ကွက်တဲ့လူ။ သူ့ကိုယ်ကျိုးအတွက်ဆိုရင် ဘနဖူးပင် သိုက်တူးဖို့ ၀န်မလေးသူ၊ စသည်စသည်အားဖြင့် ကျနော်တို့ ကြိုတင်တွေးထားတတ်ကြပါတယ်။

ကျနော့်အထင်ပြောရရင်တော့ အတ္တဆန်တယ်လို့ အပြောမခံရတဲ့လူရယ်လို့ သိပ်ရှိမယ်မထင်ဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ လူတိုင်းဟာ အနည်းနဲ့အများဆိုသလို အတ္တဆန်နေတတ်ကြလို့ပါပဲ။ အတ္တမဆန်တဲ့လူ တစ်စုံတစ်ယောက်ကို စာဖတ်သူတွေ့ဖူးပါသလား။ စာဖတ်သူကိုယ်တိုင်ရော အတ္တမဆန်တဲ့လူဖြစ်ကြောင်း ၀န်ခံရဲပါသလား။ ခက်မယ်ထင်ပါတယ်။ ကျနော်ကတော့ ၀န်ခံပါတယ်ဗျာ။ ကျနော်ဟာ အတ္တဆန်ပေ့ဆိုတဲ့ လူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။

ဒီလို လူတိုင်းလောက်နီးပါး အတ္တဆန်နေကြပါလျှက်နဲ့ ဘာ့ကြောင့်များ ကျနော်တို့ဟာ တစ်ဘက်သားကို အတ္တဆန်တယ်လို့ ပြောချင်ဆိုချင်ကြပါသလဲ။ ဘယ်လိုလူမျိုးတွေဟာ အဓိကအားဖြင့် အတ္တဆန်ကြပါသလဲ။ အတ္တဆန်တဲ့ရောဂါဟာ တကယ့်ကို ကုရာနတ္ထိ ဆေးမရှိ ဆိုရလောက်တဲ့ရောဂါကြီးဖြစ်ပါသလား။ ကျနော်တို့ ဒီပြဿနာတွေကို ခန့်ကျဉ်းကျဉ်းဆွေးနွေးကြရအောင်ပါ။

Self-Priority လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ဦးစားပေးမှုဟာ လူတွေမှာရော၊ တိရစ္ဆာန်တွေမှာပါ အတူတူပါပဲ။ ဘာဖြစ်လို့တူရသလဲ ဆိုရင် ဒါဟာ သဘာဝတရားတစ်ခုဖြစ်နေလို့ပါ။ သဘာဝတရားဖြစ်တဲ့အတွက် လူမှာရှိတဲ့ ကိုယ့်ကိုယ်ကို ဦးစားပေးမှုနဲ့ တိရစ္ဆာန်မှာရှိတဲ့ ကိုယ့်ကိုယ်ကို ဦးစားပေးမှုဟာ အများကြီးကွာခြားတယ်လို့ဆိုရင် မှားပါတယ်။ လူဟာ တိရစ္ဆာန်ထက် အသိဉာဏ်သာပါတယ်။ အဲဒီအသိဉာဏ်ကြောင့် ကိုယ့်ကိုယ်ကို ဦးစားပေးမှုဟာ ထင်းရှားမလာတာပါ။ အသိဉာဏ်ပျောက်သွားတဲ့အခါမှာတော့ အလိုလိုပေါ်လာတတ်ပါတယ်။ တိရစ္ဆာန်တွေမှာလဲ ကိုယ့်ကိုယ်ကို ဦးစားပေးမှုကို ကာကွယ်စေတဲ့သဘာဝတရားတစ်မျိုးရှိပါတယ်။ အဲဒါကတော့ မိခင်မေတ္တာပါပဲ။ တိရစ္ဆာန်ဟာ လူတွေလို အသိဉာဏ်မရှိပေမဲ့ အဲဒီမေတ္တာကြောင့် ကိုယ့်အသက်စွန့်ပြီး သူ့ကလေးတွေကို ကာကွယ်တတ်ပါတယ်။

ဒါပေမဲ့ အမြဲတမ်းတော့လဲ မဟုတ်ပါဘူး။ ကျနော်တို့မြန်မာစကားမှာ ကမ္ဘာမီးလောင်၊ သားကောင်ချနင်း ဆိုတဲ့စကားပုံကြားဖူးကြမှာပါ။ ဒီစကားပုံဟာ ကိုယ့်ကိုယ်ကိုဦးစားပေးမှုရဲ့အဆုံးစွန့်ပြယုဂ်တစ်ခုကို ဖေါ်ပြနေပါတယ်။ ကမ္ဘာပျက်ခါနီး မြေပြင်ကြီးတစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေတဲ့အချိန် လက်ထဲကလေးငယ်ချီပြီး ဟိုပြေးဒီပြေးလုပ်နေရတဲ့ မိခင်တစ်ယောက်ဟာ မြေကြီးပေါ်မရပ်တည်နိုင်လောက်အောင်ကို ပူလွန်းလို့ လူသားရဲ့အသိဉာဏ်နဲ့ မိခင်ရဲ့မေတ္တာပါပျောက်ပြီး နောက်ဆုံးတော့ လက်ထဲချီထားတဲ့ ရင်သွေးငယ်ကို မြေချပြီး အပူသက်သာလိုသက်သာငြား တက်နင်းရတဲ့ အဖြစ်ကို ပုံဆောင်ထားပါတယ်။

စာပေမှာလာတဲ့ သာဓကလေးတစ်ခုကိုလဲ ပြောပြချင်ပါတယ်။ ရှေးအခါက လင်မယားနှစ်ယောက်ဟာ မွေးကင်းစကလေးငယ်တစ်ယောက်ကို ချီပြီး တခြားတိုင်းပြည်တစ်ပြည်သွားဖို့ ခရီးရှည်ထွက်လာခဲ့ကြတယ်။ ခရီးက ကန္တာရကြီးတစ်ခုကို ဖြတ်ကျော်သွားရမယ့် ခရီးဖြစ်လေတော့ ရေအပါအ၀င် လမ်းစာရိက္ခာတွေလဲ နိုင်သလောက်သယ်ယူခဲ့ကြတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မရောက်ခင်မှာပဲ စားစရာနဲ့ ရေတွေဟာ ကုန်သွားပါတယ်။ ပါလာတဲ့ကလေးငယ်ကို အမေတစ်ခါ၊ အဖေတစ်လှည့်ချီပိုးရင်း အားတင်းပြီး ဆာဆာနဲ့ ခရီးဆက်ခဲ့ကြတယ်။

မရှိတာကိုမှ ပိုတောင်းတတတ်၊ ပိုတန်ဖိုးထားတတ်တဲ့ လူသားတွေရဲ့စိတ်သဘောအရ အစာရေစာကုန်သွားကတည်းက နောက်ထပ်မရနိုင်တော့လို့ ပူပင်နေရတဲ့သူတို့စိတ်ဟာ ပင်ပန်းမှု၊ ဆာလောင်မွတ်သိပ်မှုဒဏ်တွေကြောင့် ချိနဲ့သထက် ချိနဲ့လာပါတယ်။ နောက်ထပ်အစားအစာတစ်ခုခုမှ မရရင် ဒီကန္တာရထဲမှာပဲ အားလုံးအသက်ဆုံးရှုံးကြတော့မယ်ဆိုတဲ့ ကြောက်စိတ်ကြောင့် အသိဉာဏ်နဲ့ မေတ္တာဆိုတဲ့ လူ့သားအရည်အချင်းတွေဟာ အလိုလိုပျောက်သွားပါတယ်။ ဒီလိုနဲ့ ပါလာတဲ့ ကလေးငယ်ကို လင်မယားနှစ်ယောက် နှစ်ချမ်းခွဲပြီး မိမိတို့အသက်ရှင်ရေးအတွက် ရင်ဆို့ဆို့နဲ့ စားပစ်လိုက်ရတယ်။

နောက် ဇာတ်လမ်းတစ်ခုကတော့ ရှေးခေတ်က မဟာဘာရတနိုင်ငံတော်ကြီးဖြစ်ခဲ့ဖူးတဲ့ အခုအင်ဒိယပြည်ကြီးမှာပါ။ ဘောဇဘုရင်မင်းမြတ်လက်ထက်တော်အခါ။ အခါတပါး ဘုရင်မင်းကြီးဟာ မွေးကင်းစသားတော်လေးကို ရင်ခွင်ထဲထည့်ပြီး ညီလာခံကျင်းပနေတယ်။ ညီလာခံကျင်းပပြီးတော့ ဘုရင်ကြီးက ပညာရှိအမတ်အမင်း ကာလီဒါသကို လှမ်းပြောလိုက်တယ်။

“အမတ်မင်း ကာလီဒါသ၊ ဟောဒီငါကိုယ်တော့်ရင်ခွင်ထဲရောက်နေတဲ့ သားတော်လေးထက်ပိုပြီး ချစ်ရမယ့်သူရယ်လို့ မရှိတော့ဘူး ကွဲ့” တဲ့။

ကာလီဒါသကလဲ “မှန်လှပါ၊ ရှိသေးကြောင်းပါဘုရား” လို့ပြန်လည်လျှောက်ထားလိုက်တယ်။ မင်းကြီးကလဲ “ဒါဆိုမောင်မင်း သက်သေပြနိုင်လား။ အဲဒါဘယ်သူလဲ” လို့ထပ်မေးလိုက်တယ်။ အမတ်ကြီးကလဲ “သက်သေပြနိုင်ပါတယ်။ အဲဒါ မင်းကြီးကိုယ်တိုင်ပါပဲ၊ မင်းကြီးဟာ မင်းကြီးကိုယ်တိုင်ထက် သားတော်လေးကို ပိုမချစ်နိုင်ကြောင်းပါ” လို့လျှောက်ထားလိုက်တယ်။ မင်းကြီးက “ဘယ်လိုသက်သေပြမလဲ” မေးတော့၊ ကာလီဒါသကလဲ ဒါဆိုမင်းဥယျာဉ်ထဲသွားပြီး သက်သေပြမည်ဖြစ်ကြောင်း ပြန်လျှောက်ထားတယ်။

ဥယျာဉ်ထဲရောက်တော့ အမတ်ကြီးကာလီဒါသက ရေကန်တော်ထဲက ရေတွေကို အကုန်ထုတ်ပစ်ခိုင်းလိုက်ပြီး ကလေးရှိတဲ့ မျောက်မတစ်ကောင်ကိုဖမ်းပြီး ရေကန်အလယ်ခေါင်မှာ ချထားစေလိုက်တယ်။ ပြီးတော့မှ ရေတွေကို ပြန်သွင်းစေတယ်။ ဘုရင်မင်းကြီးနှင့် မင်းပရိတ်သတ်လဲ ကာလီဒါသလုပ်တာကို စိတ်ဝင်တစားကြည့်ရှုနေကြတယ်။ ရေကန်အလယ်က မျောက်မလဲ ရေတွေဝင်လာတော့ အောက်ချထားတဲ့ သူ့ကလေးငယ်ကို ရေမစိုအောင် ကောက်ချီလိုက်တယ်။ ကြည့်နေတဲ့ မင်းပရိတ်သတ်လဲ မိခင်မေတ္တာကြီးမားကြောင်း ချီးကြူးလိုက်ကြတယ်။

ရေတွေဟာ ခြေသလုံးမှ ဒူးဆစ်၊ ပေါင်၊ ခါး၊ ရင် အထိ တဖြေးဖြေး မြင့်မြင့်တက်လာတော့ မျောက်မကြီးလဲ သူ့ကလေးငယ် ရေမထိအောင်ခေါင်းပေါ်မြှောက်ချီထားလိုက်တယ်။ ကြည့်ရှုနေတဲ့ ပရိတ်သတ်လဲ မိခင်မေတ္တာတရား အလွန်ကြီးကြောင်း ကောင်းချီးပေးလိုက်ကြပြန်တယ်။ ကာလီဒါသကလဲ ဆက်လက်ရှုစားကြရန် မေတ္တာရပ်ခံလိုက်တယ်။ ၀င်လာတဲ့ရေတွေဟာ ရင်မှ မေးဖျား၊ ပါးစပ် အထိတက်လာတယ်။ နှာခေါင်းအနားရောက်တဲ့အခါကျတော့ မျောက်မကြီးဟာ သူ့အသက်ရှင်ရေးအတွက် စတင်ကြိုးပန်းလိုက်တယ်။ ခုန်ဆွခုန်ဆွလုပ်ပြီး အသက်ရှူနေတယ်။ ခဏကြာတော့ ရေတွေဟာ သူ့နှာခေါင်းပေါ်ကျော်တက်လာတဲ့အတွက် ဘယ်လိုမှ အသက်ရှူလို့မရနိုင်တော့ဘူး။ ဒီအချိန်မှာ ဘာလုပ်လိုက်လဲဆိုတော့ ခေါင်းပေါ်မြှောက်ချီထားတဲ့ ကလေးငယ်ကို ရုတ်တရက်ရေအောက် နှစ်ပစ်လိုက်တယ်။ ပြီးမှ အဲဒီကလေးအပေါ်မှာ တက်နင်းပြီး အသက်ရှူလိုက်တယ်။

ဘုရင်ကြီးနဲ့ မင်းပရိတ်သတ်လဲ ဒီအခါမှာ ကောင်းချီးမပေးနိုင်ကြတော့ပဲ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြတယ်။ သူတို့ကို ကာလီဒါသ အမတ်ကြီးက ပြောလိုက်တယ်။ သတ္တ၀ါတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးစားပေးတတ်တဲ့ သဘောရှိကြောင်း၊ တကယ့်တကယ်ဒုက္ခနဲ့ မရင်ဆိုင်ရခင်မှာသာ တစ်ဦးပေါ်တစ်ဦး ကြင်နာနိုင်ကြောင်း တရားနဲ့စပ်ယှဉ်တဲ့  သတိပြုဘွယ်တွေကို ပြောပြတယ်။ ကာလီဒါသရဲ့ သက်သေပြကွက်ကို ကြည့်ပြီး ဘုရင်ကြီးလဲ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဖြစ်ကြောင်း ၀န်ခံလိုက်တယ်။

ဒီဇာတ်လမ်းတွေကို ကြည့်မယ်ဆိုရင် ကျနော်တို့လူသားတွေရော၊ တိရစ္ဆာန်တွေပါ နောက်ဆုံးသေရေးရှင်ရေးနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးတတ်ကြောင်း နားလည်နိုင်ပါတယ်။ ဒါဟာ ဘာ့ကြောင့်ဖြစ်ရသလဲ ဆိုရင် အတ္တဆန်မှုဆိုတဲ့သဘောတရားဟာ ကျနော်တို့ရင်ထဲမှာ ဘ၀သံသရာအဆက်ဆက်က တည်ရှိခဲ့လို့ပါပဲ။ အဲဒီသဘောတရားဟာ အသိဉာဏ်နဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ဆေးကောင်းဝါးကောင်း နှစ်မျိုးကို မသောက်သုံးမိတဲ့အခါ ပိုမိုထင်ရှားလာတတ်ပါတယ်။ အဲဒီလိုထင်ရှားလာပြီဆိုရင် သတိလက်လွတ်ဖြစ်ပြီး လုပ်ချင်တာလုပ်မိတတ်တဲ့အတွက် အတ္တဆန်တတ်တဲ့လူသားအချင်းချင်းကနေ အတ္တဆန်တဲ့လူရယ်လို့ သမုတ်တာကို ခံရတတ်ပါတယ်။ ဒါကြောင့် အတ္တဆန်တဲ့ လူသားအချင်းချင်း အတ္တဆန်တဲ့လူလို့ အခေါ်အဝေါ်၊ အပြောအဆိုမခံရလေအောင် အသိဉာဏ်နဲ့ မေတ္တာဆိုတဲ့ ဆေးကို များများသောက်သုံးနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

1 comment:

The comment given by you is my teacher and treasure.